← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂) - ငါ အလုပ်ဆင်းတာကို တားဖို့ မစဉ်းစားနဲ့

ယန်ရှင်းနန်းဆောင်မှ နေရောင်ခြည်များ ပျောက်ကွယ်မသွားမီ ၊ ရှောင်ရှန်း၏ ပုံရိပ်သည် နန်းတော်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

နန်းဆောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက်တွင် ၊ လေထုထဲမှ လူ့ပြည်၏ အငွေ့အသက်များသည် တဖြည်းဖြည်း ပါးလျသွားပြီး အရိုးထဲထိ စိမ့်ဝင်သွားစေမည့် တိတ်ဆိတ်မှုတစ်ခုက အစားထိုး ဝင်ရောက်လာလေ၏။

ဤနေရာ၌ လှပသော အဆောက်အဦးများ မရှိသလို သွားလာနေသည့် နန်းတွင်းသူ နန်းတွင်းသားများလည်း မရှိပေ။ သေဆုံးနေသည့် ဥယျာဉ်ကြီး၏ အလယ်တွင် အထီးကျန်စွာ တည်ရှိနေသည့် စွန့်ပစ်ခံ ယဇ်ပလ္လင်တစ်ခုသာ ရှိသည်။

ယဇ်ပလ္လင်ကို အမည်မသိ အမည်းရောင်ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး ကျောက်တုံးမျက်နှာပြင်ပေါ်တွင် ရှေးဟောင်း မှော်အက္ခရာများကို ထွင်းထုထား၏။

အရာအားလုံး သေဆုံးသွားသည့်အလား ထိုနေရာတွင် အထီးကျန်ဆန်သော အငွေ့အသက်များသာလျှင် လွှမ်းမိုးနေသည်။ ဤနေရာသည် သာရှမင်းဆက်၏ တားမြစ်နယ်မြေဖြစ်သလို တော်ဝင်နဂါးသွေးကြော၏ အစပြုရာနေရာ၊ ထို့ပြင် ဝိညာဉ်ဆုတ်ယုတ်ခြင်းကျိန်စာ၏ အရင်းအမြစ်လည်း ဖြစ်သည်။

ဧကရာဇ် ရှောင်ယွမ်သည် ယဇ်ပလ္လင်ဘေးတွင် ရပ်နေသည်။ မူလက မတ်မတ်ရပ်နေသည့် သူ၏ကိုယ်နေဟန်ထားသည် ဤနေရာသို့ ခြေချပြီးနောက်တွင် မမြင်နိုင်သော ကျိန်စာ၏ ဖိနှိပ်မှုကြောင့် အနည်းငယ် ပြန်လည်ကိုင်းညွတ်လာသည်။ သူသည် ယဇ်ပလ္လင်၏ အလယ်ဗဟိုမှ သတိမထားမိနိုင်လောက်သည့် အချိုင့်လေးတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီနေရာပဲ...မင်းရဲ့ သွေးကို လမ်းပြအဖြစ် သုံးပြီး၊ နဂါးတံဆိပ်တုံးကို သော့အဖြစ် သုံးမှသာ ကွေ့ရွှီးရဲ့ တံခါးကို ဖွင့်နိုင်လိမ့်မယ်"

ရှောင်ရှန်း ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရချေ။ ယခု သူ့ခေါင်းထဲတွင် အနားယူပြီးနောက်ပိုင်းရရှိလာမည့် သာယာသော ဘဝကြီး‌အကြောင်း အတွေးများဖြင့် ပြည့်နှက်နေသည်။

အမတ မဟာမိတ်အဖွဲ့၏ ကောင်းကင်အရှင် ၊ လူသားဧကရာဇ်တံဆိပ်တုံး ဆိုသည့် အရာအားလုံးက သူ၏ ငါးဆားနယ်ဘဝ လမ်းကြောင်းပေါ်တွင် နောက်ဆုံးကျန်ရှိနေသည့် ကျောက်ခလုတ်များသာ ဖြစ်သည်။

'စောစောဖယ်ရှားပြီးရင်...စောစောအလုပ်ဆင်းလို့ ရပြီလေ'

ဝန်ထမ်းဘဝ၏ ခံယူချက်ကို စိတ်ထဲတွင် ရေရွတ်ရင်း ၊ သူသည် လက်ချောင်းထိပ်ကို ဓားဖြင့် ရှရာပေးလိုက်သည်။

ထို့နောက် သန့်စင်သော နဂါးစွမ်းအင်များ ပါဝင်နေသည့် သူ၏ ရွှေရောင်သွေးတစ်စက်ကို အချိုင့်ထဲသို့ အစက်ချလိုက်သည်။ သွေးသည် ကျောက်ချိုင့်ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် ၊ ရေအေးထဲသို့ ဆီပူတစ်ခွက် လောင်းထည့်လိုက်သကဲ့သို့ ယဇ်ပလ္လင်တစ်ခုလုံးမှ လေးလံသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် သူသည် အတုပြုလုပ်ထားသော နဂါးပုံစံကျောက်စိမ်းတံဆိပ်တုံးကို တည်ငြိမ်စွာဖြင့် ဖိချလိုက်သည်။

"ဝုန်း... ဒိုင်း..."

မြေကြီးများ စတင်တုန်ခါလာပြီး ၊ ရှေးဟောင်းယဇ်ပလ္လင်ကြီးမှာ အသက်ဝင်လာသကဲ့သို့ ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ ပုံစံများမှာ တစ်ခုပြီးတစ်ခု လင်းလက်လာကာ ရှေးကျသော အငွေ့အသက်များကို ထုတ်လွှတ်လေသည်။

ယဇ်ပလ္လင်အထက်ရှိ ဟင်းလင်းပြင်မှာလည်း စတင် ရွဲ့စောင်းလာပြီး ၊ ကျယ်လောင်ပြင်းထန်သော အသံနှင့်အတူ ဧရာမ အမည်းရောင် လေဆင်နှာမောင်းတစ်ခု ရုတ်ခြည်း ပေါ်ပေါက်လာ၏။

​ထိုလေဆင်နှာမောင်းအတွင်း၌ ၊ လူတို့မျှော်လင့်ထားသည့် လမ်းကြောင်းတစ်ခု သို့မဟုတ် အလင်းတံခါးတစ်ခု မဟုတ်ဘဲ ရှုပ်ထွေးသော ကြယ်တာရာ စကြဝဠာကြီးကို မြင်တွေ့လိုက်ရသည်။

ပြိုကွဲနေသော ကြယ်တာရာများ၊ လွင့်မျောနေသော အပျက်အစီးများ စသော အရာအားလုံးသည် တိတ်ဆိတ်မှုနှင့် အဆုံးမဲ့ ဟာလာဟင်းလင်း ဖြစ်မှုတို့ကြားတွင် နစ်မွန်းနေကြသည်။

ဤနေရာမှာ ဒဏ္ဍာရီထဲက ခပ်သိမ်းသော အရာတို့၏ အဆုံးသတ်ရာ နှင့် အစပြုရာ ‘ကွေ့ရွှီး’ ပင် ဖြစ်သည်။

​သို့သော်လည်း ကွေ့ရွှီး၏တံခါး ပွင့်ဟသွားသည့် ထိုအခိုက်အတန့်မှာပင် မျှော်လင့်မထားသော ကပ်ဘေးတစ်ခု ကျရောက်လာ၏။

​မြို့တော်အထက်ရှိ ကောင်းကင်ယံ၌ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ ကြောက်မက်ဖွယ်ရာ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများ၏ အနောက်ဘက်၌ နက်ရှိုင်းသော အမှောင်ထုကြီးက လွှမ်းခြုံထားလေ၏။

နောက်တစ်စက္ကန့်တွင် ၊ တစ်ကိုယ်လုံး နက်မှောင်ကာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေသည့် ဧရာမ စစ်သင်္ဘောကြီးများသည် ငရဲခန်း၏ အနက်ရှိုင်းဆုံးနေရာမှ တွားသွားတက်လာသည့် သားရဲကြီးများပမာ အက်ကွဲကြောင်းများထဲမှ တိုးထွက်လာကြသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အမတ မဟာမိတ်အဖွဲ့၏ ရာနှင့်ချီသော စစ်သင်္ဘောများသည် ကောင်းကင်ပြင်ကြီး နှင့် နေရောင်ကို ဖုံးကွယ်သွားပြီး၊ နန်းတော်တစ်ခုလုံးနှင့် မြို့တော်ထက်ဝက်ခန့်ကို လွှမ်းခြုံထားလေ၏။

စစ်သင်္ဘောများပေါ်တွင် အမတ မဟာမိတ်အဖွဲ့၏ ‘တိမ်တိုက်ပုံစံ အမှတ်အသား’ ကို ထွင်းထုထားပြီး၊ အဖျက်သဘောဆောင်သော အလင်းများဖြင့် တောက်ပနေကာ အောက်ဘက်ရှိ မြို့တော်ကြီးဆီသို့ ပြိုင်တူ ချိန်ရွယ်ထားကြသည်။

ဝိညာဉ်ဆုတ်ယုတ်ခြင်း ကျိန်စာထက် ပိုမိုဆိုးရွားပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အတိုင်း ပြင်းထန်သော ဖိအားကြီးတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

"လာပြီပဲ"

ဧကရာဇ် ရှောင်ယွမ်သည် အထက်ကောင်းကင်ယံကို ငေးကြည့်ရင်း တိုးတိတ်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးထဲ၌ ကြောက်ရွံ့ခြင်း မရှိဘဲ ဖြစ်လာတော့မည့် အရာကို ကြိုသိထားသည့် လေးနက်မှုသာ ရှိသည်။

ထိုစဉ် ၊ ဦးဆောင်လာသော စစ်သင်္ဘောပေါ်မှ အလွန်အစွမ်းထက်သော ဖိအားတစ်ခု ထွက်ပေါ်လာ၏။ ရွှေဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ကာ လက်တွင် ယပ်တောင် ကိုင်ထားသော ခန့်ညားသည့် သက်လတ်ပိုင်း တာအိုဝါဒီတစ်ဦးသည် လေထဲတွင် လျှောက်လှမ်းလာပြီး နန်းတော်အပေါ်၌ ရပ်တန့်လိုက်သည်။

သူ၏အကြည့်များက ထက်မြက်ပြီး ယဇ်ပလ္လင်ပေါ်ရှိ ရှောင်ရှန်းကို ချက်ချင်း စိုက်ကြည့်လိုက်သည်။ ထို့နောက် မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် ကြွေးကြော်လိုက်သည်။

" သာရှမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား ရှောင်ရှန်း... ငါက အမတ မဟာမိတ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ချင်ထျန်းပဲ၊ ကောင်းကင်အရှင်က အမိန့်ပေးလိုက်တယ်... လူသားဧကရာဇ်ရဲ့ တံဆိပ်တုံးကို ပေးအပ်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"

ရှောင်ရှန်းသည် အကြောင်းစုံကို ချက်ချင်း သဘောပေါက်သွားသည်။ ဝိညာဉ်ဆုတ်ယုတ်ခြင်း ကျိန်စာနှင့် မိစ္ဆာနယ်မြေမှ ပုန်ကန်မှုဆိုသည်မှာ သူ့ကို မျက်စိလှည့်စားထားခြင်းသာ ဖြစ်သည်။

ကောင်းကင်အရှင်၏ တကယ့်ရည်ရွယ်ချက်မှာ ဤနေရာတွင် သူ့ကို စောင့်ဖမ်းရန်ပင် ဖြစ်သည်။ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ့ကို ဤနေရာသို့ ရောက်အောင် တွန်းပို့ပြီး တံခါးကို ကိုယ့်ဆန္ဒအလျောက် ဖွင့်လှစ်စေရန် ဖြစ်သည်။

'ဒါက အကွက်ကျကျ စီစဉ်ထားတာပဲ၊ ဒီလူကြီး တွက်ချက်ထားတာ အမှားအယွင်းမရှိဘူး...'

"အရှင့်သားကို အကာအကွယ်ပေးကြ"

ချင်ချန်း၏ ဒေါသတကြီး အော်ဟစ်သံသည် ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ သူသည် စစ်သည်များကို ဦးဆောင်ကာ မြို့တော်ကို အသက်စွန့် ကာကွယ်ရန် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ရွှေရောင်စစ်တပ်၏ ပြင်းထန်သော အရှိန်အဝါများသည် ဟိန်းဟောက်နေသော ကျားရိုင်းကြီးအဖြစ် ပုံဖော်သွားပြီးနောက် ရှေ့ဆုံးမှ စစ်သင်္ဘောတစ်စီးကို အရှိန်ပြင်းစွာ ဝင်တိုက်လိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ စစ်သင်္ဘော၏ အကာအကွယ်မှာ မှိတ်တုတ်မှိတ်တုတ် တောက်ပလျက်၊ ကျားရိုင်းကြီး၏ အငွေ့အသက်မှာလည်း အနည်းငယ် မှေးမှိန်သွားသည်။

"ငါ အမိန့်ပေးတယ်...မြို့စောင့်အစီအရင်ကို ချက်ချင်းဖွင့်.. နတ်လေးသည်တော်တွေအားလုံး ရန်သူ့စစ်သင်္ဘောတွေကို ချိန်ပြီး လွတ်လပ်စွာ ပစ်ခတ်ကြ"

နန်းတော်၏ အမြင့်ဆုံးနေရာဖြစ်သည့် ကြယ်ကြည့်လသာဆောင်ပေါ်တွင် ရှောင်နီချန်းသည် ခမ်းနားထည်ဝါသော ဝတ်ရုံကို ဆင်မြန်းထားလျက် မတ်မတ်ရပ်ကာ အမိန့်ပေးလိုက်သည်။

သူမ၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ အေးစက်ပြတ်သားသည့် အမိန့်များကို ချမှတ်လိုက်သည်နှင့် ၊ မြို့တော်၏ ကာကွယ်ရေးစနစ်မှာ ချက်ချင်းဆိုသလို အသက်ဝင်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ မြို့တော်အထက်တွင် ဝိညာဉ်အလင်းများ၊ အမြောက်မီးများ ရောယှက်သွားပြီး စစ်မြေပြင်တစ်ခုလုံးမှာ တိုက်ပွဲဝင်သံ၊ ဟစ်ကြွေးသံတို့ဖြင့် ဆူညံသွားသည်။ ကျင့်ကြံသူများနှင့် စစ်သားများသည် မိမိတို့၏ အိမ်ကို ကာကွယ်ရန်အတွက် အမတ မဟာမိတ်အဖွဲ့၏ ရှေ့ပြေးတပ်များကို အသက်စွန့် တိုက်ခိုက်နေလေ၏။

ချင်ထျန်း တာအိုသခင်သည် အောက်ခြေတွင် ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ရှောင်ရှန်းနှင့် သူ၏နောက်ကွယ်ရှိ အမြင့်ဆုံးအာဏာသို့ ဦးတည်နေသည့် 'ကွေ့ရွှီး' တံခါးပေါ်တွင်သာ အာရုံစူးစိုက်ထားသည်။

"ခေါင်းမာလိုက်တာ...မင်းတို့ကို အကောင်းပြောလို့ နားမလည်ရင်တော့ ဒီမြို့တော်နဲ့တကွ အားလုံးကို ပြာကျသွားအောင် လုပ်ပစ်မယ်"

သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

ရှောင်ရှန်းသည် ထိုမြင်ကွင်းကို ငေးကြည့်နေမိသည်။ သွေးစွန်းနေသည့်ကြားမှ အသက်စွန့် တိုက်ခိုက်နေသည့် ချင်ချန်း ၊ အဆောက်အအုံပေါ်တွင် အထီးကျန်ဆန်သော်လည်း ခိုင်မာပြတ်သားစွာ ရပ်တည်နေသည့် အစ်မတော် ၊ ထို့နောက် သူ့ရှေ့တွင် ရှိနေသော အဆုံးမဲ့ လွတ်လပ်မှုကို ကိုယ်စားပြုသည့် ရှုပ်ထွေးနက်နဲသော ကြယ်တာရာ ကောင်းကင်ကြီးကို ကြည့်လိုက်မိသည်။

ရှောင်ရှန်း စိတ်ရှုပ်ထွေးသွားသည်။ သူ အလွန်အမင်း စိတ်ရှုပ်ထွေးနေမိသည်။

လုပ်ငန်းစဉ် အဆင့်ဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး အလုပ်ထွက်စာပင် အပြီးသတ်တော့မည့် အချိန် ၊ အိပ်မက်ထဲကအတိုင်း အေးအေးလူလူ အနားယူတော့မည့်အချိန်မျိုးတွင်မှ.. နောက်ဆုံးထွက်ပေါက်ရောက်ခါနီး ဤသေချင်နေသော သကောင့်သားများက အုပ်စုလိုက် ထွက်ပေါ်လာ၏။

ဤသည်မှာ အနားယူခါနီး ဝန်ထမ်းတစ်ယောက်ကို နောက်ဆုံးအချိန်ပို ဆင်းခိုင်းလိုက်သလိုပင်။ ထို့အပြင် ၎င်းမှာ သာမန်အချိန်ပိုဆင်းခြင်း မဟုတ်ဘဲ ညလုံးပေါက် အသက်အန္တရာယ်ပါ စွန့်စားရမည့် အချိန်ပိုဖြစ်နေ၏။

'ဒီလောကမှာ ဒါထက်ပိုပြီး ဒေါသထွက်စရာကောင်းတဲ့ ကိစ္စများ ရှိသေးလို့လား...'

ချင်ထျန်း တာအိုသခင်၏ အောင်ပွဲခံတော့မည့် အကြည့်များ၊ ကောင်းကင်ယံကြီး တစ်ခုလုံး တုန်ခါသွားစေလောက်အောင် ပြင်းထန်သော တိုက်ပွဲသံများကြားတွင် ရှောင်ရှန်းတစ်ယောက် ပြုံးလိုက်လေ၏။

ထိုအပြုံးထဲတွင် သေရမည်ကို ကြောက်သည့်အရိပ်အယောင် မရှိသလို၊ သူရဲကောင်းတစ်ယောက်လို ဟန်ပန်မျိုးလည်း မပါပေ။ အလုပ်ဆင်းချိန်တန်၍ လက်ဗွေနှိပ်ကာ လွတ်လပ်တော့မည့် ဝန်ထမ်းသမားလေး၏ ခံစားချက်မျိုးနှင့် ရန်သူကို စိန်ခေါ်လိုက်သည့် အမူအရာမျိုးသာ အတိုင်းသား ပေါ်လွင်နေသည်။

သူသည် ချင်ထျန်း တာအိုသခင်ကို မော့ကြည့်ပြီး ပျင်းရိတွန့်ဆုတ်စွာနှင့် လက်ညှိုးလေး တစ်ချက် ကွေးပြကာ စိန်ခေါ်လိုက်၏။

"လိုချင်တာလား"

"ဒါဆိုလည်း ကိုယ်တိုင် ဝင်ယူလေ"

စကားဆုံးသည်နှင့် သူသည် အနည်းငယ်မျှ တွန့်ဆုတ်မနေတော့ဘဲ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် နောက်လှည့်လိုက်သည်။ ထို့နောက် သေခြင်းတရား နှင့် မရေရာမှုများ ပြည့်နှက်နေသည့် 'ကွေ့ရွှီး' ကြယ်တာရာ ကောင်းကင်ကြီးထဲသို့ ပြတ်ပြတ်သားသား ဝင်ရောက်သွားခဲ့သည်။

ချင်ထျန်း တာအိုသခင်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။ သူသည် ရှောင်ရှန်းတစ်ယောက် ဒူးထောက်တောင်းပန်လိမ့်မည် သို့မဟုတ် သေလုမျောပါး ခုခံလိမ့်မည်ဟု သူ တွက်ဆထားခဲ့သည်။ သို့သော် ဤကဲ့သို့ တိုက်ရိုက်ခုန်ဝင်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

'ကွေ့ရွှီး' အတွင်းသို့ ရောက်ရှိသွားပါက ၊ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားမည်ဖြစ်ပြီး အပြောင်းအလဲများမှာ ခန့်မှန်းမရပေ။ အကယ်၍ ရှောင်ရှန်းသာ ထိုနေရာတွင် လူသားဧကရာဇ် တံဆိပ်တုံးကို အမြန်ရှာတွေ့သွားပြီး အာဏာအနည်းငယ် ရရှိသွားပါက ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးမှာ တွေးရဲစရာပင် မရှိတော့ပေ။ ကောင်းကင်အရှင်၏ နှစ်ရာချီ စီမံထားသည့် အစီအစဉ်ကြီးတစ်ခုလုံးလည်း ပျက်စီးသွားပေတော့မည်။

"ခွေးကောင်"

ချင်ထျန်း တာအိုသခင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး အထက်စီးကနေ တည်ငြိမ်ဟန်ဆောင်နေသည့် ပုံစံကို ဆက်မထိန်းနိုင်တော့ပေ။ သူ အလှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ပျင်းရိပြီး အသုံးမကျ‌သည့်ပုံပေါက်သော ဤအိမ်ရှေ့စံမင်းသားသည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြင့် သူ့ကို အကွက်ရွှေ့သွားခဲ့သည်။

သူ အကျပ်ရိုက်နေပြီ ဖြစ်သည်။ မြို့ကို ဆက်လက်တိုက်ခိုက်ရမည်လော သို့မဟုတ် ရှောင်ရှန်းနောက်သို့ လိုက်ရမည်လော။

အဖြေမှာ ရိုးရှင်းသည်။

"ပင်မတပ်မကြီး၊ ငါ့နောက်လိုက်ခဲ့...ကွေ့ရွှီးထဲကို ဝင်မယ်...လူသားဧကရာဇ် တံဆိပ်တုံးကို ပြန်လုပြီး ဒီကောင်ကို ချက်ချင်းသတ်ပစ်ရမယ်"

ချင်ထျန်း တာအိုသခင်သည် ပုရွက်ဆိတ်တစ်ကောင်၏ လှည့်စားခြင်းကို ခံလိုက်ရသဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကျန်တဲ့သူတွေ မြို့ကို ဆက်တိုက်...ဒီနန်းတော်တစ်ခုလုံးကို ခြေမှုန်းပစ်လိုက်ကြ"

အမိန့်ပေးပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကွေ့ရွှီးတံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ့နောက်တွင်လည်း အမတ မဟာမိတ်အဖွဲ့၏ လက်ရွေးစင် စစ်သင်္ဘောပေါင်း ၇၀ ရာခိုင်နှုန်းကျော်သည် သွေးနံ့ရသည့် ငါးမန်းအုပ်ကြီးများပမာ သင်္ဘောဦးကိုလှည့်ကာ ကြယ်တာရာ ကောင်းကင်ကြီးထဲသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။

မူလက မြို့တော်တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်သည့် စစ်သင်္ဘောကြီးများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဝက်ကျော် လျော့နည်းသွားခဲ့သည်။

ယဇ်ပလ္လင်ဘေးတွင် ဧကရာဇ် ရှောင်ယွမ်သည် သားဖြစ်သူ ပျောက်ကွယ်သွားသည့် အရပ်သို့ ငေးကြည့်နေမိသည်။ ထို့နောက် သူ့နောက်သို့ လိုက်ပါသွားကြသည့် စစ်သင်္ဘောများကို ဆက်ကြည့်လိုက်သည်။ အိုမင်းနေသော သူ၏မျက်နှာထက်တွင် စိုးရိမ်မှု နှင့် ဂုဏ်ယူမှုတို့ ရောယှက်နေပြီး အဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်လေ၏။

ကြယ်ကြည့်လသာဆောင်ပေါ်တွင် ရှောင်နီချန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း တင်းကျပ်စွာ ဆုပ်ထားသည့် လက်သီးကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် မည်သူမှ သတိမထားမိနိုင်လောက်သည့် အပြုံးလေးတစ်ခု လှစ်ဟသွား၏။

" ဒီငတုံးလေးက... တကယ်ကို လုပ်နိုင်ခဲ့တာပဲ"

ဤသည်မှာ အိုးအောက်က ထင်းကို ဆွဲထုတ်လိုက်ခြင်းပင်။

(ရန်သူ့အင်အားစုကို အဓိကနေရာကနေ ဆွဲထုတ်ပြီး အခြေအနေကို ပြောင်းလဲပစ်လိုက်ခြင်း)

အမြဲလိုလို နောက်ပြောင်ဖို့သာ သိသော ဤမောင်ငယ်လေးသည် ယခုလည်း သူ၏ ထူးခြားဆန်းကြယ်ပြီး တွေးရခက်သော နည်းလမ်းများကို သုံးလျက် ၊ ဘေးအန္တရာယ်ထဲသို့ ရောက်ရှိနေခဲ့သည့် မြို့တော်ကြီးကို အသက်ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခုကို ရယူပေးနိုင်ခဲ့ပြန်သည်။

All Chapters