အခန်း ၂၈၃
Vol. 29 Ch. 283
အခန်း (၂၈၃) - ငါ့ရဲ့ ပိုင်နက်ကနေ ကြိုဆိုပါတယ်
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြိုတင်တွေးထင်ထားသည့်အတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရမည့် ခံစားချက်မျိုး မရှိခဲ့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ အပြင်ဘက်မှ သတ်ဖြတ်သံများနှင့် ဆူညံသံတို့သည် မျက်စိဖြင့် မမြင်ရသော နံရံကြီးတစ်ခုက ခြားနားလိုက်သကဲ့သို့ လုံးဝ ပြတ်တောက်သွားသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှေ့က မြင်ကွင်းကြောင့် ခဏတာမျှ ကြက်သေသေသွားခဲ့သည်။
ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီးဟူ၍ မရှိဘဲ အဆုံးမရှိ ရှုပ်ထွေးနေသော ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိသည်။
ပျက်စီးနေသည့် နန်းတော်များ၊ ကျိုးပဲ့နေသော ကျောက်စိမ်းဖြူ လှေကားထစ်များ၊ ပြိုကျနေသည့် အဆောင်များနှင့် မဏ္ဍပ်များသည် အလေးချိန်မဲ့နေသော ကျွန်းများကဲ့သို့ပင် ဤတိတ်ဆိတ်ငြိမ်သက်နေသည့် စကြာဝဠာထဲတွင် ငြိမ်သက်စွာဖြင့် လွင့်မျောနေကြသည်။
ထိုအပျက်အစီးများ၏ အောက်ဘက်တွင်မူ သန့်စင်သော ရွှေရောင်အလင်းတန်းများဖြင့် စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း ရှိပြီး ၊ ၎င်းသည် ကွေ့ကောက်စွာဖြင့် စီးဆင်းနေလေ၏။
ထိုအရာသည် ရေမဟုတ်ဘဲ အရည်အဖြစ် ပုံဖော်ထားသော နဂါးသွေးကြော စွမ်းအင်များဖြစ်ပြီး၊ သာရှမင်းဆက်၏ နှစ်ထောင်ချီ ကံကြမ္မာကို ထိန်းချုပ်ထားသည့် အရင်းအမြစ် ဖြစ်သည်။
ဤနေရာမှာ လူတိုင်းပြောနေကြသည့် 'ကွေ့ရွှီး'ပင်။ ရှောင်တော်ဝင်မျိုးနွယ်တို့ စတင်ပေါက်ဖွားရာနှင့် အဆုံးသတ်ရာ နေရာတစ်ခုဟု ဆိုနိုင်သည်။
ရှောင်ရှန်းသည် ဤနေရာသို့ ခြေချလိုက်သည်နှင့် သူ၏ ရင်ဘက်ထဲမှ အတုလုပ်ထားသော နဂါးတံဆိပ်တုံးသည် အနည်းငယ် ပူနွေးလာပြီး ထူးဆန်းသော ခံစားချက်တစ်ခု ရင်ထဲ၌ ပေါက်ဖွားလာခဲ့သည်။
သူသည် ဤနေရာရှိ အရာတိုင်း၏ အငွေ့အသက် ၊ ထိုရွှေရောင်မြစ်ကြီး၏ သွေးခုန်သံကိုပင် ကြားနေရသည်။
ဤနေရာ၌ သူသည် ဧည့်သည်မဟုတ်၊ ပိုင်ရှင်တစ်ယောက်ပင်။
"ဝုန်း—"
အနောက်ဘက် လေဆင်နှာမောင်းထဲမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ချင်ထျန်း တာအိုသခင် ဦးဆောင်သည့် အမတ မဟာမိတ်အဖွဲ့၏ စစ်သင်္ဘောများသည် နွားရိုင်းအုပ်ကြီးပမာ အတင်းအကျပ် တိုးဝင်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စစ်သင်္ဘောများသည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် အရှိန်အဝါများနှင့်အတူ ကွေ့ရွှီး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းကာ ချီတတ်လာကြသည်။
သို့သော် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၊ အမတမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
"ဒါဘယ်လိုဖြစ်တာလဲ...ငါ့ရဲ့ ဝိညာဉ်စွမ်းအင် လည်ပတ်မှုက သုံးဆယ်ရာခိုင်နှုန်းလောက် နှေးကွေးသွားသလိုပဲ"
"ဒီနေရာက ဘာကြီးလဲ... ငါ့ရဲ့ စိတ်ဝိညာဉ်ကို တောင်ကြီးတစ်လုံး ဖိချထားသလိုပဲ"
စစ်သင်္ဘောများ၏ အင်ဂျင်များမှာ ဝန်မခံနိုင်တော့ဘဲ ညည်းညူသံများ ထွက်ပေါ်လာပြီး၊သင်္ဘောကိုယ်ထည်ပေါ်ရှိ အကာအကွယ် အစီအရင်များမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။
ချင်ထျန်း တာအိုသခင်မှာ သင်္ဘောထိပ်တွင် ရပ်နေရင်း မျက်နှာအမူအရာမှာ မည်းမှောင်နေ၏။ ဤပြင်းထန်သော ဖိအားကို သူလည်း သေချာပေါက် ခံစားမိသည်။
ထိပ်တန်းကျင့်ကြံသူ တစ်ယောက်အနေနှင့် သူသည် မည်သူ့ထက်မဆို ပို၍ရှင်းလင်းစွာ သိရှိသည်။ ဤနေရာတွင် သူ၏ ဝိညာဉ်စွမ်းအားများမှာလည်း အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
သူ၏အကြည့်တို့သည် ရှုပ်ထွေးနေသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ၊ အဝေးတစ်နေရာရှိ နန်းတော်ပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
ရှောင်ရှန်းသည် ပျက်စီးနေသော နန်းတော်တစ်ခု၏ ခေါင်မိုးစွန်းတွင် ရပ်နေ၏။ သူ၏ရင်ဘက်ထဲမှ နဂါးတံဆိပ်တုံးလေးသည် နူးညံ့သော အလင်းရောင်များ ထုတ်လွှတ်ကာ တစ်နေရာကို ညွှန်ပြနေသည်။ သူသည် ရန်သူများ ရောက်ရှိလာခြင်းကို သတိပြုမိသော်လည်း ၊ တိုက်ခိုက်ရန် ပြင်ဆင်ခြင်းမရှိဘဲ စိတ်ရှုပ်စွာဖြင့်သာ ခေါင်းကုတ်နေ၏။
'အချိန်ပို ထပ်ဆင်းရပြန်ပြီ...ဒီကောင်တွေ အလုပ်နဲ့ အနားယူချိန်ကို မျှတအောင် မလုပ်တတ်ကြဘူးလား'
သူသည် အောက်ဘက်တွင် ရန်လိုနေသည့် စစ်သင်္ဘောအုပ်ကြီးကို တစ်ချက်၊ ခြေဖဝါးအောက်တွင် ဖြည်းညင်းစွာ စီးဆင်းနေသော ရွှေရောင်နဂါးသွေးကြော မြစ်ကြီးကို တစ်ချက် ကြည့်လိုက်ရင်း ၊ အမြန်ဆုံး အလုပ်သိမ်းရမည့် နည်းလမ်းကို တွေးမိလိုက်သည်။
ချင်ထျန်း တာအိုသခင်၏ အေးစက်လွန်းသော အကြည့်များအောက်တွင် ၊ ရှောင်ရှန်းတစ်ယောက် အပျင်းကြော တစ်ချက်ဆန့်လိုက်သည်။ ထို့နောက် အိပ်မောကျနေသည့် ရွှေရောင်မြစ်ကြီးကို ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ထိုအသံသည် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသည့် ကွေ့ရွှီးထဲတွင် ပဲ့တင်ထပ်သွားသည်။ နောက်တစ်စက္ကန့်မှာပင် ၊ နဂါးသွေးကြော ရွှေရောင်မြစ်ကြီး တစ်စင်းလုံးမှာ ပွက်ပွက်ဆူလာတော့သည်။
"ဝေါင်း—"
စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည့် နဂါးဟောက်သံများက မြစ်ကြမ်းပြင်မှတစ်ဆင့် ပဲ့တင်ထပ်လာသည်။ ရွှေရောင်မြစ်ရေပြင်သည် ရေလှိုင်းကြီးများအဖြစ် ပေါက်ကွဲထွက်လာပြီး ၊ နှစ်ထောင်ချီ အိပ်မောကျနေခဲ့သော နဂါးသွေးကြော ဝိညာဉ်ပေါင်းများစွာ နိုးထလာကြသည်။
၎င်းတို့သည် မြစ်ရေထဲမှ ကောင်းကင်သို့ ဆန်တတ်လျက် အဆုံးတွင် ခန္ဓာကိုယ်ကြီးမားပြီး နတ်ဘုရားတို့ပမာ ခန့်ညားလှသည့် ရွှေရောင်နဂါးကြီးများအဖြစ် ပြောင်းလဲသွားကြသည်။
ဟိန်းဟောက်ရင်း၊ ကိုက်ဖြဲရင်းဖြင့် မာနထောင်လွှားနေကြသော အမတ မဟာမိတ်အဖွဲ့၏ စစ်သင်္ဘောများဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်လေတော့သည်။
"ငါ့ရဲ့ ပိုင်နက်ထဲကနေ ကြိုဆိုပါတယ်"
ရှောင်ရှန်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤခမ်းနားလှသော "ကြိုဆိုပွဲကြီး" အတွက် သူသည် ဇာတ်လိုက်ဆန်ဆန် နောက်ခံစကားလုံးများကို ဖြည့်စွက်ပေးလိုက်ခြင်း ဖြစ်သည်။
ချင်ထျန်း တာအိုသခင်မှာ မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"အစီအရင်ဖွဲ့! ကာကွယ်ကြ"
သူ့အနေဖြင့် အသံကုန် အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အသန့်စင်ဆုံးသော တိုင်းပြည်ကံကြမ္မာနှင့် နဂါးစွမ်းအင်များမှ ပေါက်ဖွားလာသော ဤနဂါးကြီးများသည် ဤနယ်မြေအတွင်း၌ ပြိုင်ဘက်ကင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
စစ်သင်္ဘောများ၏ အကာအကွယ် အစီအရင်များကို လျစ်လျူရှူကာ ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများဖြင့် သင်္ဘောကိုယ်ထည်များကို တိုက်ရိုက် ဖောက်ထွင်း ဝင်ရောက်သွားကြသည်။ တစ်ကြိမ် ဖြတ်သန်းသွားတိုင်း ၊ ကျင့်ကြံသူများ၏ အသက်များကို ယူဆောင်သွားတတ်ပြီး သင်္ဘောတစ်စင်းလုံးကို ဖောက်ကွဲဖျက်ဆီးတတ်သည်။
ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော မီးတောက်များသည် ထာဝရတိတ်ဆိတ်နေသော အာကာသ ဟင်းလင်းပြင်ကြီးကို ချက်ချင်းပင် လင်းထိန်သွားစေသည်။
"ခွေးကောင်...သူ့ကို ရှာ၊ သတ်ပစ်ကြ"
ချင်ထျန်း တာအိုသခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤအဖြစ်အပျက် အားလုံး၏ အဓိကတရားခံမှာ ရှောင်ရှန်းဖြစ်ကြောင်း သူသိလိုက်သည်။
အမတ မဟာမိတ်အဖွဲ့၏ စစ်သင်္ဘောများသည် ချက်ချင်းပင် ဦးတည်ချက်ပြောင်းကာ အမြောက်ပြောင်း အားလုံးကို ရှောင်ရှန်းရှိရာဘက်သို့ ချိန်ရွယ်လိုက်ကြသည်။
သို့သော် ရှောင်ရှန်း၏ ပုံရိပ်မှာ ထိုနေရာတွင် မရှိတော့ပေ။
"သူ ဟိုမှာ"
ကျင့်ကြံသူတစ်ဦးက တစ်ဖက်ရှိ လွင့်မျောနေသော ဥယျာဉ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒိုင်း! ဒိုင်း! ဒိုင်း!"
အဖျက်စွမ်းအား အလင်းတန်းများကို ပစ်ခတ်လိုက်ရာ ထိုဥယျာဉ်ကြီးမှာ စကြာဝဠာဖုန်မှုန့်များအဖြစ် ပေါက်ကွဲပျက်စီးသွားသည်။ သို့သော် သူတို့သည် ရှောင်ရှန်း၏ အင်္ကျီအနားသတ်ကိုပင် မထိမိလိုက်ချေ။
"သူ ဟိုဘက် ရောက်သွားပြန်ပြီ"
"တောက်...သူ ဘယ်လိုလုပ် အဲဒီကျိုးနေတဲ့ တံတားပေါ် ရောက်သွားတာတုန်း"
ရှောင်ရှန်းသည် 'ကွေ့ရွှီး' အပေါ် လုံးဝ ထိန်းချုပ်နိုင်စွမ်းရှိသည်ကို အခွင့်ကောင်းယူကာ တစ္ဆေတစ်ကောင်ကဲ့သို့ ဤရှုပ်ထွေးပြီး အပျက်အစီးများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးထဲတွင် နေရာအနှံ့ ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် လုပ်နေသည်။
သူသည် မလှုပ်ရှားလျှင် နေမည် ၊ သို့သော် လှုပ်ရှားလိုက်ပြီဆိုပါက နဂါးသွေးကြောစွမ်းအင်ကို အသုံးချကာ လွင့်မျောနေသော ကျွန်းတစ်ကျွန်းကို မကာ ရန်သူဘက်က စစ်သင်္ဘောများဆီသို့ ပစ်ပေါက်လိုက်သည်။
သို့မဟုတ် နန်းတော်နှစ်ခုကို "ဆွဲ" ယူလိုက်ပြီး ရန်သူဘက်မှ အမြောက်မီးကို ကာကွယ်လိုက်ကာ ၊ ထိုတိုက်ခိုက်မှုများဖြင့် သူတို့၏ ကိုယ်ပိုင်သင်္ဘောများကို ပြန်ထိသွားအောင် လုပ်တတ်ပြန်သေးသည်။
သူသည် ကလေးဆိုး တစ်ယောက်ကဲ့သို့ ဤကျယ်ပြောသော ကွေ့ရွှီးကမ္ဘာကြီးကို သူ၏ကစားကွင်းအဖြစ် သဘောထားနေပြီး၊ အမတ မဟာမိတ်အဖွဲ့၏ တပ်မကြီးမှာလည်း သူ၏လက်ထဲမှ ကစားစရာအရုပ်များအလား ထင်မှတ်ရသည်။
"အား... ရှောင်ရှန်း ၊ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ မျက်နှာချင်းဆိုင် တိုက်စမ်း"
ချင်ထျန်း တာအိုသခင်မှာ ကစားခံနေရသည့်အဖြစ်ကို မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီး အော်ဟစ်နေပြီး ၊ သူ၏ တာအိုစိတ်နှလုံးမှာပင် မတည်မငြိမ် ဖြစ်လာတော့သည်။
"ခင်ဗျားက ကျွန်တော့်ကို အူတူတူလို့ ထင်နေတာလား"
ရှောင်ရှန်း၏ အသံသည် အရပ်မျက်နှာ အသီးသီးမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ပျင်းရိပျင်းတွဲနှင့် လှောင်ပြောင်လိုသည့် အရိပ်အယောင်တို့ လွှမ်းခြုံနေသည်။
"အေးအေးဆေးဆေး နိုင်နိုင်တဲ့ပွဲကို ဘာလို့ မတ်တပ်ရပ်ပြီး တိုက်ရမှာလဲ...အဲ့တာက ပင်ပန်းရုံပဲ ရှိတယ်"
ရန်သူများကို လှည့်ပတ်ကစားနေရင်းပင် ရှောင်ရှန်း၏ အကြည့်သည် သူ၏လက်ထဲမှ နဂါးတံဆိပ်တုံးလေးဆီမှ တခဏမျှ ခွာမသွားခဲ့ချေ။ တံဆိပ်တုံးမှာ ပိုမိုပူပြင်းသည့် အလင်းရောင်များ ထုတ်လွှတ်နေပြီး ၊ 'ကွေ့ရွှီး' ၏ အနက်ရှိုင်းဆုံးနေရာ၊ ကမ္ဘာလောကကြီးနှင့် သီးခြားခွဲထွက်နေသယောင် ခမ်းနားလှသော 'လူသားဧကရာဇ် နန်းဆောင်' ဆီသို့ တိကျစွာ ညွှန်ပြနေသည်။
နောက်ဆုံးတွင် ချင်ထျန်း တာအိုသခင်သည် အချည်းနှီးဖြစ်နေသည့် လိုက်လံဖမ်းဆီးမှုများကို ရပ်တန့်လိုက်သည်။ သူသည် လေထဲတွင် ရပ်တန့်ကာ ပြင်းထန်စွာ အသက်ရှူနေရပြီး သူ၏မျက်လုံးမှာ နီရဲနေ၏။
ထိုအမျက်ဒေါသတို့သည် နောက်ဆုံးတွင် အေးစက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအတိုင်းသာ ဆက်လက်ရင်ဆိုင်နေပါက ၊ သူ ခေါ်ဆောင်လာသည့် လက်ရွေးစင်တပ်သားများအားလုံး အသက်ဆုံးရှုံးကြရတော့မည်ကို သူ သိလိုက်သည်။
သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရှည်သုံးလက်မခန့်ရှိပြီး တစ်ခုလုံး မည်းနက်ကာ မိစ္ဆာစွမ်းအားများ ပြည့်နှက်နေသည့် သံမှိုတစ်ချောင်းသညိ သူ၏လက်ဖဝါးထဲ၌ ပေါ်ထွက်လာ၏။ ထိုသံမှို ပေါ်ထွက်လာသည်နှင့် တစ်ပြိုက်နက်၊ ပတ်ဝန်းကျင်ရှိ အလင်းရောင်များအားလုံး စုပ်ယူခံလိုက်ရကာ 'ကွေ့ရွှီး' ၏ အငွေ့အသက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အေးစက်စက် နှင့် ရွံရှာဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ပျံ့နှံ့လာခဲ့သည်။
"နဂါးနှိပ်ကွပ် သံမှို..."
၎င်းမှာ ကောင်းကင်အရှင်မှ နှစ်ပေါင်းရာချီ အချိန်ယူ၍ ငရဲကိုးထပ်မှ မိစ္ဆာရွှေများနှင့် သက်ရှိပေါင်းများစွာ၏ နာကြည်းချက်များကို ရောနှောကာ ဖန်တီးထားသည့် ပြိုင်ဘက်ကင်း မိစ္ဆာပစ္စည်း ဖြစ်သည်။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တော်ဝင်နဂါးသွေးကြောကို နှိမ်နင်း၍ သံမှိုဖြင့် ရိုက်နှက်ချုပ်လှောင်ရန်သာ ဖြစ်သည်။
ချင်ထျန်း တာအိုသခင်၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု လှစ်ဟသွားလေ၏။
"မင်း ဘယ်လိုပုန်းဦးမလဲ ကြည့်ရသေးတာပေါ့"
သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မိမိ၏ စွမ်းအားများအားလုံးကို ထိုအမည်းရောင် သံမှိုပေါ်သို့ စီးဝင်စေကာ အောက်ဘက်မှ နဂါးသွေးကြော ရွှေရောင်မြစ်ကြီးဆီသို့ ချိန်ရွယ်၍ အားကုန်ပစ်ပေါက်လိုက်သည်။
"ရွှီး—"
နဂါးနှိပ်ကွပ်သံမှိုသည် အမည်းရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အဆုံးမရှိသော မိစ္ဆာအငွေ့အသက်များနှင့်အတူ စီးဆင်းနေသည့် ရွှေရောင်မြစ်ရေထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။
"ဝုန်း—!"
ပြင်းထန်သော တုန်ဟည်းသံနှင့်အတူ ၊ အဆက်မပြတ် စီးဆင်းနေသော နဂါးသွေးကြော ရွှေရောင်မြစ်ကြီး၏ အလင်းရောင်များမှာ မျက်ဝါးထင်ထင် မှေးမှိန်ကာ နောက်ကျိလာသည်။
အမတ မဟာမိတ်အဖွဲ့၏ စစ်သင်္ဘောများနှင့် တိုက်ခိုက်နေသော ရွှေရောင်နဂါးကြီးများမှာလည်း ချက်ချင်းဆိုသလို နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြပြီး၊ ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများမှာလည်း မှေးမှိန်ကာ အဆုံးတွင် ရွှေရောင်အလင်းစက်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
တစ်ချိန်တည်းမှာပင် ၊ လွင့်မျောနေသော အခြားကျွန်းတစ်ကျွန်းပေါ်တွင် ပွဲကြည့်နေသော ရှောင်ရှန်းသည် သူ၏ရင်ဘတ်ထဲ၌ ပြင်းထန်သော နာကျင်မှုကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုသံမှိုကို သူ၏နှလုံးသားထဲသို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရသကဲ့သို့ပင်။
သူသည် ညည်းတွားသံတစ်ချက်ပြုကာ ဒူးတစ်ဖက် ထောက်ကျသွားပြီး မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။
သူသည် ခေါင်းမော့လိုက်ကာ အဝေးတစ်နေရာရှိ ခမ်းနားနေဆဲဖြစ်သော 'လူသားဧကရာဇ် နန်းဆောင်' ကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးနေသည့် ချင်ထျန်း တာအိုသခင်ကို တစ်ချက် ကြည့်လိုက်သည်။
'ကြည့်ရတာ ငါအလုပ်ခိုလို့ရတဲ့ အချိန် ကုန်ဆုံးသွားပြီ ထင်တယ်... မြန်မြန်တိုက်ပြီး မြန်မြန်အဆုံးသတ်မှ ရတော့မယ်'