← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း (၂၈၄) - လူသားဧကရာဇ် တံဆိပ်တုံး

'နဂါးနှိပ်ကွပ် သံမှို’ စိုက်ဝင်သွားသည့် အလူးအလဲ ခံစားရသော နာကျင်မှုသည် အေးစက်သော သံချွန်တစ်ခုကဲ့သို့ ရှောင်ရှန်းနှင့် ကွေ့ရွှီးကြားရှိ သွေးသားဆက်နွယ်နေသည့် ပဲ့တင်ထပ်မှုကို အတင်းအကျပ် ဆွဲဖြဲပစ်လိုက်လေသည်။

ပတ်ဝန်းကျင်၌ လွင့်မျောနေသော နန်းဆောင်များထံမှ အသနားခံ ညည်းတွားသံများ တသီတတန်းကြီး ထွက်ပေါ်လာပြီး၊ သူ့ခြေအောက်က ကျွန်းငယ်လေးပင် တုန်ယင်စွာဖြင့် မတည်မငြိမ် ဖြစ်လာတော့သည်။

​သူသည် ဝိညာဉ်ဆွဲနုတ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို အံကြိတ်သည်းခံရင်း ကွေ့ရွှီး၏ အနက်ရှိုင်းဆုံးနေရာဆီသို့ မော့ကြည့်လိုက်သည်။ နဂါးသွေးကြောတို့၏ အလင်းရောင်များ မှိန်ဖျော့သွားပြီးနောက်၊ ခမ်းနားထည်ဝါလှသော ထိုလူသားဧကရာဇ် နန်းဆောင်မှာ ပိုမိုထင်ရှားစွာ ပေါ်လွင်လာ၏။

သူ့အတွက် ​အချိန်မရှိတော့ချေ။ ​ဆက်လက် နှောင့်နှေးနေမည်ဆိုပါက အနားယူရန် ထည့်မဆိုခင် ၊ သူ အရင်ဆုံး သေသွားနိုင်သည်။

​ရှောင်ရှန်းသည် အတုအယောင် ‘နဂါးတံဆိပ်တုံး’ ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ လေထဲတွင် ယိုင်နဲ့နေသော ဖယောင်းတိုင်မီးလျှံပမာ ကျန်ရစ်နေသည့် အာရုံခံစားမှုက သူ့အတွက် နောက်ဆုံးသော ဦးတည်ရာကို ညွှန်ပြနေဆဲပင်။

သူသည် ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိသမျှ စွမ်းအားများကို နောက်ဆုံးအကြိမ်အဖြစ် ညှစ်ထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဤလောကကြီးထဲ၌ တစ်ခုတည်း သီးသန့် ရပ်တည်နေသော ရှေးဟောင်း နန်းဆောင်ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

"‘မသွားနဲ့"

​ချင်ထျန်း တာအိုသခင်သည် ရှောင်ရှန်း၏ ရည်ရွယ်ချက်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အနောက်မှနေ၍ အမိအရ လိုက်လံဖမ်းဆီးလေ၏။ နဂါးနှိပ်ကွပ် သံမှိုကြောင့် နဂါးသွေးကြော အူတိုင် ထိခိုက်သွားပြီဖြစ်သည့် ရှောင်ရှန်းမှာ အစွယ်ကျိုးသွားသော ကျားပေါက်လေးတစ်ကောင်သာ ဖြစ်ပြီး၊ အိုးထဲသို့ ကျရောက်သွားတော့မည့် လိပ်တစ်ကောင်ကဲ့သို့ မိမိလက်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်ထားသည်။

​အထပ်ထပ် ကွဲအက်နေသော အာကာသအပိုင်းအစများနှင့် မရေမတွက်နိုင်သော ကြယ်တာရာ အပျက်အစီးများကို ကျော်ဖြတ်၍ ရှောင်ရှန်းတစ်ယောက် ထိုခမ်းနားလှသော နန်းဆောင်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့သည်။

​လူသားဧကရာဇ် နန်းဆောင်။

​နန်းဆောင်အတွင်း ခမ်းနားထည်ဝါလှသော်လည်း၊ အလှဆင်ထားခြင်း မရှိချေ။ အချိန်ကာလတို့၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အထီးကျန်ဆန်ခြင်းနှင့် လေးလံမှုတို့သာ လွှမ်းမိုးထားသည်။ ဧရာမ ကျောက်တိုင်ကြီးများက အဆုံးကိုမတွေ့မြင်နိုင်သော မျက်နှာကြက်ကို ထောက်မထားပြီး၊ နံရံများပေါ်တွင်မူ လူသားမျိုးနွယ်တို့၏ သမိုင်းကြောင်းများကို ထွင်းထုထား၏။

ကောင်းကင်ဘုံကို တော်လှန်ခဲ့ပုံ၊ လောကကို အနိုင်ယူခဲ့ပုံ နှင့် လူသားမျိုးနွယ်ပေါင်းစုံတို့ကြားတွင် ရုန်းကန်ခဲ့ရသည့် မော်ကွန်းတင် ရာဇဝင်များမှာ ယခုထိတိုင် အသက်ဝင်နေသယောင် ရှိသည်။

​ထိုဧရာမ နန်းဆောင်၏ အလယ်ဗဟိုတွင် ရာဇပလ္လင်ကြီးတစ်ခု တည်ရှိနေပြီး၊ ထိုပလ္လင်ထက်တွင် ရှေးဟောင်း လေးထောင့်ပုံစံ တံဆိပ်တုံးတစ်ခုသည် တည်ငြိမ်စွာဖြင့် လွင့်မျောနေ၏။

​တံဆိပ်တုံးထံမှ ကောင်းကင်တုန်ဟည်းမတတ် အလင်းရောင်များ ထွက်ပေါ်မနေချေ။ သာမန် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ပင် ရိုးရှင်းလှသည်။ သို့သော် ရှောင်ရှန်း၏ မျက်လုံးများက ထိုတံဆိပ်တုံးကို စိုက်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ၊

တောင်တန်းများ၊ မြစ်ချောင်းများ၊ နေ၊ လ၊ ကြယ်တာရာများနှင့် သက်ရှိသတ္တဝါပေါင်းများစွာတို့၏ စကြဝဠာတစ်ခုလုံးကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။

သူသည် ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ရိုက်ခတ်နေသော အားအင်ကုန်ခမ်းခြင်းကို လျစ်လျူရှုထားပြီး ၊ လှေကားထစ်များပေါ် လူးလှိမ့်ကာ တက်လှမ်းသွားရင်း တုန်ရီနေသော လက်ကို ဆန့်တန်းကာ ထိုတံဆိပ်တုံးကို အမိအရ လှမ်းဖမ်းလိုက်သည်။

​သူ၏ လက်ချောင်းထိပ်များက အဆိုပါ ‘လူသားဧကရာဇ် တံဆိပ်တုံး’ ကို ထိလုဆဲဆဲ အခိုက်အတန့်၌ပင်၊ စကားလုံးတို့ဖြင့် ဖော်ကျူး၍ မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသော စိတ်ဆန္ဒစွမ်းအားတစ်ခုသည် ကျိုးပေါက်သွားသော ဆည်ရေပမာ သူ့စိတ်ထဲသို့ ဝုန်းခနဲ စီးဝင်လာ၏။

​ထိုစိတ်ဆန္ဒစွမ်းအားသည် ခမ်းနားကာ ရှေးကျလှသည်။ ရှေးခေတ်အဆက်ဆက်မှ ပညာရှိအပေါင်းတို့၏ ဉာဏ်ပညာနှင့် စောင့်ကြည့်မှုတို့သည် ဤအခိုက်အတန့်တွင် အသက်ဝင်လာသကဲ့သို့ ခံစားရသည်။

မရေမတွက်နိုင်သော မြင်ကွင်းတို့သည် သူ၏ အသိစိတ်ထဲ၌ ပေါက်ကွဲထွက်လာ၏။ လူသားဧကရာဇ်တစ်ပါးက အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်၍ လူသားမျိုးနွယ်ကို အရိုင်းအစိုင်းဘဝမှနေ၍ ယဉ်ကျေးမှုခေတ်သို့ ပို့ဆောင်ပေးခဲ့ပုံ ၊ ပြည်နယ်ကိုးခုကို ပိုင်းခြားသတ်မှတ်ခဲ့ပုံ၊ ကြယ်တာရာတို့ကို လေ့လာ၍ လောကနိယာမတို့ကို တီထွင်ကာ လူသားတို့၏ ဉာဏ်ပညာကို ဖွင့်လှစ်ပေးခဲ့ပုံ စသည်တို့သည် လျှပ်တစ်ပြက်ပမာ ဖြတ်သန်းသွားသည်။

​ထိုစဉ်၊ ခေတ်ကာလတို့ကို ဖြတ်ကျော်လာပုံရသော အသံတစ်သံသည် ရှောင်ရှန်း၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ ဟိန်းထွက်လာပြီး၊ ဖြေဆိုရန် ခက်ခဲလှသည့် မေးခွန်းတစ်ခုကို မေးမြန်းလာ၏။

​ "ဒီတံဆိပ်တုံးကို အဘယ်ကြောင့် ယူချင်ရတာလဲ"

​ဤမေးခွန်းသည် မည်သူ၏ စိတ်နှလုံးကိုမဆို ဖိနှိပ်ချေမှုန်းနိုင်လောက်အောင် လေးလံလှသည်။ လောကီသားတို့၏ ‌ အေးချမ်းသာယာရေးအတွက်လော။ မျိုးဆက်ပေါင်းများစွာ၏ ငြိမ်းချမ်းရေးအတွက်လော။ သို့မဟုတ် လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေကို ပြန်လည် မြှင့်တင်ရန်အတွက်လော။

​ထိုစိတ်ဆန္ဒစွမ်းအား၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ရှောင်ရှန်း၏ အသိစိတ်တို့မှာ ဝေဝါးသွားပြီး ဦးနှောက်အတွင်း၌ ကစဉ့်ကလျား ဖြစ်ကုန်သည်။ ထိုအခိုက်အတန့်တွင် ဖခမည်းတော်၏ မျှော်လင့်ချက်များ၊ အစ်မတော်နှင့် ပြုလုပ်ထားသော ကတိကဝတ်များ၊ မြို့တော်ကောင်းကင်ယံမှ တိုက်ပွဲမီးတောက်များ၊ ချင်ထျန်း၏ ဒေါသတကြီး ဟိန်းဟောက်သံများ နှင့် စူးဝမ်ချင်းမှ ပေးပို့လိုက်သော ‘ကွေ့ရွှီး’ ဟူသော စာလုံးတို့ကို တစ်ခုမကျန် ပြန်လည် မြင်ယောင်လာမိသည်။

ကြီးမားခမ်းနားသော အကြောင်းပြချက်ပေါင်းစုံတို့သည် သူ၏ အသိစိတ်ထဲ၌ လျှပ်တစ်ပြက် ဖြတ်ပြေးသွားကြသည်။ သို့သော် သူ့အနေဖြင့် တစ်ခုကိုမျှ လက်ဆုပ်လက်ကိုင် ပြုနိုင်စွမ်းမရှိ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် သူ့ရင်ထဲတွင် တကယ်တမ်း လိုလားသော အရာများ မဟုတ်သောကြောင့် ဖြစ်၏။

​နတ်ဘုရားတို့ကိုပင် တုန်လှုပ်ချောက်ချားစေနိုင်သည့် ထိုစိတ်ဆန္ဒစွမ်းအား၏ ရှေ့မှောက်၌ ရှောင်ရှန်း၏ ဟန်ဆောင်မှုများ၊ ဉာဏ်နီဉာဏ်နက်များမှာ အဓိပ္ပာယ်မဲ့လေပြီ။

သူသည် မိမိ၏ အခြေခံအကျဆုံး၊ အစစ်မှန်ဆုံးသော အတွေးကိုသာ ရွေးချယ်နိုင်တော့သည်။ ထို့ကြောင့် သူသည် နောက်ဆုံးကျန်ရှိနေသည့် ခွန်အားများကို အကုန်အစင်သုံး၍ မိမိ၏ စိတ်ဝိညာဉ်အတွင်းမှ ညည်းတွားသံကဲ့သို့ အဖြေစကားကို ရေရွတ်လိုက်သည်။

"အလုပ်ကို စောစောဆင်းပြီး... အိမ်ပြန်အိပ်နိုင်ဖို့လောက်ပါပဲ"

​ကြီးကျယ်ခမ်းနားသော စကားလုံးများ မပါ၊ တိုင်းပြည်နှင့် လူမျိုးအတွက်ဟူသော ကြီးမားသည့် အကြောင်းပြချက်များလည်း မပါဝင်ချေ။ ဤမျှ အရိုးရှင်းဆုံးနှင့် ရယ်စရာကောင်းလောက်အောင် ယုတ္တိမရှိသော ရင်တွင်းစကားတစ်ခွန်းတည်းသာ ဖြစ်၏။

​ထိုအခိုက်အတန့်တွင် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသော စိတ်ဆန္ဒ စွမ်းအားကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့ကာ လူသားမျိုးနွယ်၏ ခေတ်သစ်ကို ဖွင့်လှစ်ပေးခဲ့သော ထိုရှေးဟောင်း ဧကရာဇ်ကြီးများပင်လျှင် ဤမျှ အသုံးမကျသော မျိုးဆက်သစ်၏ အဖြေစကားကြောင့် ဘာပြောရမှန်းမသိ၊ ဆွံ့အသွားကြဟန်တူသည်။

​အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေဆဲပင်။ ​သို့သော် မိုးကြိုးပမာ ဒေါသအမျက်များ ကျရောက်လာခြင်း မရှိခဲ့ချေ။ ထိုစိတ်ဆန္ဒစွမ်းအားကြီးသည် ဖြည်းဖြည်းချင်း နူးညံ့ပျော့ပျောင်းလာ၏။ ၎င်းသည် ထိုစကားများ၏ နောက်ကွယ်ရှိ အစစ်မှန်ဆုံးသော၊ အသန့်စင်ဆုံးသော အနှစ်သာရကို မြင်တွေ့သွားသည့်အလား။

'အလုပ်ဆင်းချင်သည်' ဆိုသည်မှာ ပဋိပက္ခများ အဆုံးသတ်၍ ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းပေးခြင်းပင်။ ‘အိမ်ပြန်ချင်သည်' ဆိုသည်မှာ လောကသားတို့၏ အိမ်ဂေဟာများကို ပြန်လည် အေးချမ်းသာယာခြင်းပင်။ ‘အိပ်ချင်သည်' ဆိုသည်မှာ ဤလောကတွင် စိုးရိမ်ပူပန်ခြင်းဟူသမျှ ကင်းစင်ပျောက်ကွယ်သွားခြင်းပင် ဖြစ်၏။

​ဘာမျှမလုပ်ချင်ဆုံးသော စိတ်နှလုံးသားဖြင့် အမြင့်မြတ်ဆုံးသော အုပ်ချုပ်မှုကို တောင်းဆိုခြင်း ၊ အလွန်ဆုံးသော ပျင်းရိခြင်းဆန္ဒဖြင့် ထာဝရငြိမ်းချမ်းခြင်းကို တောင်းခံခြင်းပင်။

​ဤသည်မှာ သူတို့ကိုယ်တိုင် သွေးမြေကျတိုက်ခိုက်၍ ရှာဖွေလိုခဲ့ကြသည့် အန္တိမပန်းတိုင်ပင် မဟုတ်လော။ နောင်လာနောက်သား မျိုးဆက်တို့သည် မည်သည့် ပူပင်သောကမှ မရှိဘဲ၊ စိတ်အေးလက်အေးဖြင့် အိမ်ပြန်ကာ အိပ်စက်နိုင်ရန် ဆန္ဒလေးတစ်ခုသာ ရှိသည်။

​ "ခွင့်ပြုလိုက်ပြီ"

​အိုမင်းရင့်ကျက်သော်လည်း နွေးထွေးလှသော အသံတစ်သံသည် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ညင်သာစွာ ပေါ်ထွက်လာသည်။

​ထိုစဉ်၊ စကြဝဠာကို ဖုံးလွှမ်းထားသည့် ကြီးမားလှသော စိတ်ဆန္ဒစွမ်းအားကြီးမှာ ဒီရေကျသွားသကဲ့သို့ နောက်ဆုတ်သွားသည်။ ထို့နောက် နွေးထွေးသော ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ ရှောင်ရှန်း၏ ဝိညာဉ်တစ်ခုလုံးကို နူးညံ့စွာ လွှမ်းခြုံလိုက်၏။

ရာဇပလ္လင်ထက်ရှိ ‘လူသားဧကရာဇ် တံဆိပ်တုံး’ သည် မျက်စိတစ်မှိတ်အတွင်း ယခင်က မည်သည့်အခါမျှ မမြင်ဖူးသည့် ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်တောက်ပလာသည်။ ထို့နောက် တံဆိပ်တုံးမှာ အလိုအလျောက် ပျံတက်လာပြီး ရှောင်ရှန်း၏ နဖူးတည့်တည့်သို့ ညင်သာစွာ ရိုက်နှိပ်ဝင်ရောက်သွားကာ၊ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးစုံ ပျော်ဝင်သွားတော့၏။

"မဖြစ်နိုင်ဘူး——"

​ထိုအခိုက်အတန့်တွင် နန်းဆောင်အပြင်ဘက်မှ ရူးသွပ်နေသည့်အလား ဟိန်းဟောက်သံ တစ်ခု ပဲ့တင်ထပ်သွားသည်။

ချင်ထျန်း တာအိုသခင် နေရာသို့ ရောက်ရှိလာခဲ့လေပြီ။ သို့သော် သူ မြင်လိုက်ရသည့် မြင်ကွင်းမှာ — ‘လူသားဧကရာဇ် တံဆိပ်တုံး’ နှင့် ရှောင်ရှန်း တစ်သားတည်း ပေါင်းစပ်သွားပြီဖြစ်သော မြင်ကွင်းပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများမှာ ပြူးကျယ်သွား၏။ ​သူ၏ တွက်ချက်မှု ၊ ကောင်းကင်အရှင်၏ ရာစုနှစ်ပေါင်းများစွာ စီမံထားသည့် အစီအစဉ်တို့မှာ ထိုတစ်စက္ကန့်အတွင်း၌ပင် ရေမြှုပ်ပမာ ပျောက်ကွယ်သွားခဲ့ရချေပြီ။

"မင်းကို ငါ အခုပဲ အပြီးတိုင် ဖျက်ဆီးပစ်မယ်"

​အဆုံးမရှိသော အမျက်ဒေါသနှင့် မကျေနပ်မှုတို့သည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည်။ ချင်ထျန်းသည် သူ၏ တစ်သက်တာ ကျင့်ကြံစွမ်းအားများကို စုစည်းလိုက်ရာ ၊ သူ၏နောက်တွင် ကောင်းကင်နှင့်မြေကြီးကို ထောက်မထားသည့် ဧရာမ ဓမ္မခန္ဓာကိုယ်ကြီး တစ်ခု ပေါ်ပေါက်လာ၏။

သူ၏လက်နှစ်ဖက်ကို ပူးယှက်လိုက်သည်နှင့် ဖျက်ဆီးခြင်းဆိုငိရာ နိယာမတို့ဖြင့် ဖွဲ့စည်းထားသော ဧရာမဓားကြီးတစ်လက် ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာလောကကိုပင် နှစ်ခြမ်းခွဲပစ်နိုင်မည့် ကြောက်ခမမ်းလိလိ စွမ်းအားများဖြင့် ရှောင်ရှန်း၏ ခေါင်းတည့်တည့်ဆီသို့ အပေါ်စီးမှနေ၍ ခုတ်ချလိုက်လေ၏။

​သို့သော် ကောင်းကင်ပြိုမတတ် ကြောက်ခမမ်းလိလိ တိုက်ခိုက်မှုကြီး၏ ရှေ့မှောက်၌ ရှောင်ရှန်းသည် သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

​သူ၏မျက်ဝန်းတို့မှာ အရင်အတိုင်းပင် ပျင်းရိပျင်းတွဲ ပုံစံမျိုး ရှိနေဆဲပင်။ သို့သော် ထိုမျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာ၌ လောကကြီးတစ်ခုလုံးကို အထက်စီးမှ အုပ်စိုးထားသည့်အလား တည်ငြိမ်အေးဆေးမှုတို့ ကိန်းဝပ်နေ၏။

သူ၏ ဟန်ပန်မှာလည်း ပြောင်းလဲသွားခဲ့သည်။ အနားယူခြင်းကိုသာ တောင့်တနေတတ်သည့် မင်းသားတစ်ပါး မဟုတ်တော့ဘဲ၊ နေ့လယ်ခင်း တရေးတမော အိပ်စက်ခြင်းမှ ယခုလေးတင် နိုးထလာသော ဤကမ္ဘာမြေ၏ ပိုင်ရှင်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

​သူသည် မတ်တပ်ပင် မရပ် ၊ ဒူးတစ်ဖက် ထောက်ထားသည့် အနေအထားဖြင့် ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ထို့နောက် လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်၏။

​ကြယ်တာရာတို့ကိုပင် ခုတ်ပိုင်းပစ်နိုင်သည့် ထိုဧရာမဓားကြီးကို သူသည် ပေါ့ပေါ့ပါးပါးပင် လက်ညှိုးတစ်ချောင်းဖြင့် အသာအယာ တို့ထိလိုက်လေသည်။

"ဖောက်"

ရေပူဖောင်းလေး ပေါက်ကွဲသွားသကဲ့သို့ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

​ချင်ထျန်း တာအိုသခင်၏ စွမ်းအားအလုံးအရင်းဖြင့် ဖန်တီးထားသော၊ ဖျက်ဆီးခြင်းဆိုင်ရာ နိယာမတို့၏ အထွတ်အထိပ် ‘ဧရာမဓားကြီး’ မှာ ရှောင်ရှန်း၏ လက်ချောင်းထိပ်နှင့် ထိတွေ့လိုက်သည့် ထိုအခိုက်မှာပင် တစ်လက်မချင်းစီ ပြိုကွဲသွားလေ၏။

ကြောက်မက်ဖွယ်ကောင်းသော ထိုဓားကြီးမှာ ကောင်းကင်အနှံ့ လွင့်ပျံ့သွားသည့် ရောင်စုံအလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ခြေရာလက်ရာမကျန် လွင့်စဉ်ပျောက်သွားတော့သည်။

​အချိန်သည် ဤအခိုက်အတန့်တွင် ရပ်တန့်သွားဟန်ရသည်။ ​ချင်ထျန်း တာအိုသခင်၏ မျက်နှာပေါ်တွင် လွှမ်းခြုံထားသော ရူးသွပ်ခြင်းနှင့် ရက်စက်ခြင်းတို့မှာ ရုတ်ခြည်း အေးခဲသွားပြီး၊ ထိတ်လန့်ခြင်းနှင့် နားလည်နိုင်စွမ်းမရှိသော ကြောက်ရွံ့ခြင်းတို့ဖြင့် အစားထိုးခံလိုက်ရသည်။

​ရှောင်ရှန်းသည် အေးဆေးတည်ငြိမ်စွာပင် မတ်တပ်ရပ်လိုက်ပြီး သူ၏ ဒူးခေါင်းပေါ်ရှိ မရှိသော ဖုန်မှုန့်များကို သာမန်ကာလျှံကာ ခါထုတ်လိုက်သည်။ သူ၏ လက်ဖဝါးကို လှန်လိုက်သည်နှင့် ‘လူသားဧကရာဇ် တံဆိပ်တုံး’ ထွက်ပေါ်လာ၏။

ထိုတံဆိပ်တုံးသည် သူ၏ စိတ်ဆန္ဒအတိုင်း အကောင်အထည် ပေါ်လိုက်၊ ပျောက်ကွယ်သွားလိုက်ဖြင့် လွတ်လပ်စွာ လှုပ်ရှားနေသည်။

​သူသည် နန်းဆောင်အပြင်ဘက်၌ ထိတ်လန့်လွန်း၍ အသက်ရှူပင် မရှုနိုင်တော့သည့် ချင်ထျန်းကို ကြည့်ကာ တည်ငြိမ်စွာ စကားစလိုက်သည်။ သူ၏ အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း၊ ကွေ့ရွှီး၏ ထောင့်တိုင်းဆီသို့ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။

ထိုအသံမှာ လူသားတစ်ယောက်၏ စကားသံမဟုတ်ဘဲ ဤကမ္ဘာမြေ၏ နိယာမတရားများ ကိုယ်တိုင် တီးတိုးရွတ်ဆိုနေသည့်ပမာ ပဲ့တင်ထပ်နေလေသည်။

"ငါကိုယ်တော့်ရဲ့ ပိုင်နက်ထဲမှာ"

"ငါကိုယ်တော်ကပဲ၊ ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ"

သူ့စကားသံ တိတ်ဆိတ်သွားသည်နှင့်တစ်ပြိုင်နက် ကွေ့ရွှီးကမ္ဘာကြီးတစ်ခုလုံး ဝုန်းခနဲ တုံ့ပြန်လာတော့သည်။ ​နဂါးနှိပ်ကွပ် သံမှိုကြောင့် ညစ်ညမ်းခဲ့ရသည့် နဂါးသွေးကြော ရွှေရောင်မြစ်ကြီးမှာ အလင်းရောင်များ ပြန်လည် ဝင်းပလာသည်။

မြစ်ရေတို့မှာ အထက်သို့ ပြောင်းပြန်စီးဆင်းလျက် ၊ အဆုံးမရှိသော ရွှေရောင်နိယာမ သံကြိုးများစွာအဖြစ် အသွင်ပြောင်းလဲသွား၏။ ပျက်စီးယိုယွင်းနေသည့် နန်းဆောင်များမှာလည်း ပြိုင်တူ တုန်ခါလာပြီး အဆုံးမရှိသော ဖိနှိပ်စွမ်းအားများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။

အမတမဟာမိတ်အဖွဲ့ဝင် ကျင့်ကြံသူများ၏ ဝိညာဉ်အလင်းများ၊ မှော်ပစ္စည်းများမှာ ထိုသံကြိုးများရှေ့တွင် တစက်ကလေးမှ အသုံးမဝင်ခဲ့ပေ။

ချင်ထျန်း တာအိုသခင် အပါအဝင် သူခေါ်ဆောင်လာသော ကျင့်ကြံသူများနှင့် စစ်သင်္ဘောကြီးများမှာမူ ထိုသံကြိုးများ၏ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။

ကမ္ဘာမြေတစ်ခုလုံးကို တုန်လှုပ်စေမည့် တိုက်ပွဲများ မရှိတော့သလို အပြန်အလှန် သတ်ဖြတ်ခြင်းဟူ၍လည်း မရှိ။

​အနိုင်အရှုံးဟူသည် သူ၏ စိတ်ကူးတစ်ချက်မျှသာ ဖြစ်၏။​

All Chapters