← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း (၂၈၅) - ငါတို့ သာရှတိုင်းပြည်ကို ကျူးကျော်သူမှန်သမျှ ဘယ်လောက်ဝေးဝေး သတ်ပစ်မယ်

လူသားဧကရာဇ်နန်းဆောင် အပြင်ဘက်ရှိ မြင်ကွင်းသည် အလွန်ပင် တိတ်ဆိတ်လွန်း၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ချင်ထျန်းတာအိုသခင် ခေါ်ဆောင်လာသော ကျင့်ကြံသူများမှာ ရွှေရောင်နိယာမသံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး အသက်မဲ့ရုပ်တုများပမာ ရပ်တန့်နေ၏။

တစ်ချိန်တည်းမှာပင် ၊ မြို့တော်၏ ကောင်းကင်ယံထက်တွင် ငရဲခန်းအသွင်အလား ထင်မှတ်ရသည်။ ပင်မတပ်မကြီး ပျက်စီးသွားသော်လည်း၊ အမတ မဟာမိတ်အဖွဲ့၏ ကျန်ရစ်သော ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားများ နှင့် စစ်သင်္ဘောများ၏ အားသာချက်ကို အသုံးချကာ မြို့တော်၏ အကာအကွယ် အစီအရင်ကို အသည်းအသန် ထိုးစစ်ဆင်နေကြသည်။

အကာအကွယ် အလင်းတန်းများမှာ တဖြည်းဖြည်း ယိမ်းယိုင်လာပြီး၊ မြို့ရိုးပေါ်ရှိ နတ်လေးသည်တော်များမှာလည်း ခွန်အားကုန်ခမ်းကာ အသက်ငင်နေကြပြီ ဖြစ်သည်။ ချင်ချန်း ဦးဆောင်သော သက်တော်စောင့်တပ်သားများသည် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော်လည်း သေခြင်းကို အာခံလျက် ရန်သူ့တပ်များကို သွေးရူးသွေးတန်း ခုခံနေ၏။

ကြယ်ကြည့်လသာဆောင်ပေါ်တွင် ရှောင်နီချန်း၏ ဝတ်ရုံမှာ လေပြင်းကြောင့် တဖျပ်ဖျပ် ခတ်လျက် ရှိသည်။ သူမသည် ပေးနိုင်သမျှအမိန့်၊ သုံးနိုင်သမျှ နောက်ဆုံးအကွက်အထိ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြသ်သည်။ သို့သော်လည်း လက်ရှိ ရန်သူနှင့် ကိုယ့်ဘက်မှ အင်အားကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးပမာ ဝေးကွာလွန်းသည်။

အမတ မဟာမိတ်အဖွဲ့၏ အကြီးအကဲတစ်ယောက်သည် မှော်ပစ္စည်းကို မြှောက်တင်လျက် မြို့တော်၏ ကာကွယ်ရေး အစီအရင်ကို နောက်ဆုံးအနေဖြင့် ချိုးဖျက်ရန်ပြင်ဆင်လိုကိသည်။

ပြည်သူပြည်သားများ၏ မျှော်လင့်ချက်များ ပျက်သုဉ်းကာ စတင် အော်ဟစ်တော့မည့် အသက်ရှူမှားဖွယ်ရာ အခိုက်အတန့်တွင်—

အပြောင်းအလဲကြီးတစ်ခုက ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ကျရောက်လာခဲ့သည်။

ထိုအကြီးအကဲ၏ မျက်နှာပေါ်ရှိ ကောက်ကျစ်သော အပြုံးပင် မပျောက်ကွယ်သွားမီ ၊ သူ့လက်ထဲမှ မှော်ပစ္စည်း၏ အလင်းရောင်မှာ ရုတ်တရက် ငြိမ်းသတ်သွားသည်။

ထိုမှော်ပစ္စည်း၏ ဝိညာဉ်စွမ်းအင်များမှာ လုံးဝကင်းမဲ့သွားပြီး အသုံးမဝင်သော သံတုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များမှာလည်း မမြင်ရသော တွင်းနက်ကြီး တစ်ခုက ဆွဲငင်ယူလိုက်သည့်အလား ပျောက်ကွယ်သွားကာ သူသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

ဤအဖြစ်အပျက်မှာ သူတစ်ဦးတည်းမဟုတ်ပေ။ ကောင်းကင်ယံတွင် ဓားပျံစီးနေသူများ၊ မှော်ပစ္စည်းကို စီးနင်းနေသူများ အပါအဝင် အမတ မဟာမိတ်အဖွဲ့၏ ကျင့်ကြံသူအားလုံး ကြိုးပြတ်သွားသည့်စွန်များပမာ ဖြစ်ကုန်ကြသည်။

သူတို့နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင် ဆက်နွယ်မှုမှာ ချက်ချင်းပင် ပြတ်တောက်သွားသည်။ နှစ်ပေါင်းရာချီ၍ ပင်ပန်းကြီးစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ကိုယ်ပိုင်စွမ်းအားတို့သည် ဒီရေကျသကဲ့သို့ မည်သည့်အရိပ်အယောင်မျှမကျန် အလုံးစုံ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ လူတိုင်း မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်ကုန်ကြသည်။

တစ်ချိန်တည်းမှာပင်၊ တဝုန်းဝုန်း မြည်ဟည်းနေသည့် စစ်သင်္ဘောကြီးများမှာလည်း ရုတ်တရက် အသံတိတ်သွားသည်။ အင်ဂျင်များ ရပ်တန့်သွားပြီး သင်္ဘောကိုယ်ထည်ပေါ်ရှိ မှော်သင်္ကေတများ၏ အလင်းရောင်များမှာလည်း မှေးမှိန်ပျောက်ကွယ်သွားကာ မြေပြင်သို့ ပြုတ်ကျလာတော့သည်။

"ဝုန်း! ဒိုင်း!"

"အား..."

အမတ မဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများ၊ စစ်သင်္ဘောအပိုင်းအစများသည် ဖက်ထုပ်များပြုတ်ကျလာသကဲ့သို့ မြို့ထဲသို့ တဝုန်းဝုန်း ပြုတ်ကျလာလေ၏။ တစ်ခဏအတွင်း စစ်မြေပြင်မှာ ရှုပ်ထွေးဆူညံသွားပြီး ဟာသဆန်သော မြင်ကွင်းများဖြင့် ပြည့်နှက်သွားတော့သည်။

မြို့ရိုးပေါ်တွင် အခြေအနေကို ကြောင်ကြည့်နေမိသည့် ချင်ချန်းမှာ ချက်ချင်းပင် သတိပြန်ကပ်လာသည်။ ဤရွှေရောင်အခွင့်အရေးကို သူ လက်လွတ်ခံမည်မဟုတ်။

"စစ်သည်တော်တို့..."

သူသည် ကောင်းကင်တုန်ဟည်းမတတ် ဟိန်းဟောက်လိုက်သည်။

"ရန်သူတွေက အခုဆိုရင် အသုံးမကျတဲ့ အကောင်တွေ ဖြစ်ကုန်ပြီ၊ ငါနဲ့အတူ... ပြန်တိုက်ကြစို့"

"သတ်"

အချိန်အတော်ကြာ အောင့်အည်း သည်းခံခဲ့ရသည့် သာရှစစ်သည်တော်တို့သည် အစွမ်းကုန် ဟစ်ကြွေးလျက် ၊ တိုကိပွဲဝင် စိတ်ဓာတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွားကာ မြို့တံခါးကို တွန်းဖွင့်လိုက်ကြသည်။

စစ်သည်တော်တို့သည် သိုးအုပ်ထဲသို့ ဝင်ရောက်သွားသည့် ကျားများပမာ ကြက်တစ်ကောင်တောင် မသတ်နိုင်တော့သည့် အမတ မဟာမိတ်အဖွဲ့ဝင်များကို ကောက်ညှင်းထုပ်များ ချည်နှောင်သကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူ ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။

တိုင်းပြည်ကို ဝါးမျိုတော့မည့် အန္တရာယ်ကြီးသည် အလွန်ပင် ရယ်စရာကောင်းပြီး မယုံကြည်နိုင်စရာ နည်းလမ်းဖြင့် မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ လူတိုင်း ခေါင်းမော့ကာ ကောင်းကင်ယံကို ဇဝေဇဝါဖြင့် မော့ကြည့်နေကြပြီး ၊ ဘာဖြစ်သွားသည်ကို မည်သူမျှ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ထိုအခိုက်အတန့်တွင် မြို့တော်ကောင်းကင်ယံရှိ တိမ်တိုက်များမှာ မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဖယ်ရှားခြင်းကို ခံလိုက်ရပြီး ၊ ရှင်းလင်းပြတ်သားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

မြင်ကွင်းထဲတွင် ပျက်စီးယိုယွင်းပြီး တိတ်ဆိတ်နေသော ကွေ့ရွှီးကြယ်တာရာကောင်းကင်ကြီးကို တွေ့လိုက်ရသည်။

မည်သူ့ကိုမျှ မျက်စိထဲမထည့်ဘဲ မောက်မာလွန်းသည့် အမတ မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင် ချင်ထျန်းတာအိုသခင် နှင့် လူ့ပြည်ကို တံမြက်စည်းလှဲသကဲ့သို့ ခြေမှုန်းပစ်နိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများမှာ ယခုအခါ ရွှေရောင်သံကြိုးများဖြင့် သနားစရာကောင်းအောင် ချည်နှောင်ခံထားရသည်။

သူတို့ရှေ့တွင် ပုံရိပ်တစ်ခုက လက်နောက်ပစ်လျက် ခန့်ညားထည်ဝါစွာ ရပ်နေသည်။ ထိုသူမှာ တစ်ချိန်က အားလုံး၏ အထင်သေးခြင်းကို ခံခဲ့ရသော "အသုံးမကျသည့် ရွှံ့စေး" အိမ်ရှေ့စံမင်းသား ရှောင်ရှန်းပင် ဖြစ်သည်။

မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ သွေးစွန်းနေသော စစ်သည်တော်များ၊ ပြေးလွှားနေသော ပြည်သူများ၊ နန်းတွင်း၌ စိုးရိမ်ပူပန်နေကြသည့် အရာရှိကြီးများအားလုံးတို့သည် နတ်ဘုရားတို့၏ ပြယုဂ်ဟု ပင် ဆိုရမည့် ဤမြင်ကွင်းကို ငေးမောကြည့်ရင်း ကြောင်အမ်းစွာရပ်နေကြသည်။

အမတ်ချုပ်ကြီးမှာ ကြက်ဥတစ်လုံးဝင်နိုင်လောက်အောင်ပင် ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။

"ဒါ... ဒါက... ငါ့မျက်စိများ မှုန်နေတာလား"

ကြယ်ကြည့်လသာဆောင်ပေါ်ရှိ ရှောင်နီချန်း၏ အမြဲတမ်း တည်ငြိမ်နေကျ မျက်ဝန်းများပင် ပထမဆုံးအကြိမ်အဖြစ် လှုပ်ခတ်သွားခဲ့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ၊ နောက်တစ်စက္ကန့်တွင် ကျယ်လောင်သော ကြွေးကြော်သံများက မြို့တော်၏ နေရာတိုင်းမှ ပေါက်ကွဲထွက်လာလေသည်။

"အိမ်ရှေ့စံမင်းသား"

"အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဆင်းသက်လာတာပဲ"

"ငါတို့သာရှတိုင်းပြည်ကြီးတော့ ကယ်တင်ခံလိုက်ရပြီ...ကောင်းကင်ဘုံက သာရှတိုင်းပြည်ကြီးကို စောင့်ရှောက်နေတာပဲ"

လူတိုင်း ဝမ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။ ဤသည်မှာ သူတို့၏ ဘုရင်သစ်သည် နားမလည်နိုင်လောက်အောင် မြင့်မြတ်သော စွမ်းအားများဖြင့် အထက်ဘုံမှ အမတတို့အား ဖိနှိပ်ပစ်လိုက်သည်ကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့လိုက်ရခြင်းပင်။

ကောင်းကင်ယံထက်ရှိ ရှောင်ရှန်းသည် အောက်ခြေမှ ပျော်ရွှင်စွာ အော်ဟစ်နေကြသော ပြည်သူပြည်သားသူများကို အာရုံခံမိပုံရသည်။ သူ၏အကြည့်များက အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းကာ လူတိုင်း၏ အပေါ်သို့ ကျရောက်သွားသည်။

သူသည် ယခင်ကကဲ့သို့ပင် ပျင်းရိပျင်းတွဲ ပုံစံမျိုး ရှိနေသေးသော်လည်း သူ၏ လက်ထဲ၌ ရှေးဟောင်း တံဆိပ်တုံးကြီးတစ်ခုကို တည်ငြိမ်စွာ ကိုင်ဆောင်ထားလေသည်။

သူသည် နိယာမသံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုနှင့် အမုန်းတရားတို့ လွှမ်းခြုံနေသော ချင်ထျန်းတာအိုသခင်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် လူ့ပြည်တစ်ခုလုံးနှင့် အထက်ဘုံရှိ အမတလောကကိုပင် ရည်ရွယ်ကာ တည်ငြိမ်အေးစက်သော လေသံဖြင့် ကြေညာလိုက်သည်။

"ငါတို့ သာရှတိုင်းပြည်ကို ကျူးကျော်သူမှန်သမျှ ဘယ်လောက်ဝေးဝေး ငါသတ်ပစ်မယ်"

စကားသံဆုံးသည်နှင့် သူသည် မလိုအပ်သည့် လှုပ်ရှားမှုများကို ပြုလုပ်မနေတော့ပေ။ ချင်ထျန်းတာအိုသခင်နှင့် အမတ မဟာမိတ်အဖွဲ့မှ လူများကို ချည်နှောင်ထားသည့် နိယာမသံကြိုးများမှာ ရုတ်တရက် တင်းကျပ်သွားပြီး ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာသည်။

အော်ဟစ်သံမရှိ၊ ရုန်းကန်သံမရှိ ။ အမတ မဟာမိတ်အဖွဲ့၏ ဒုတိယ ခေါင်းဆောင်နှင့် သူ၏ သံမဏိတပ်ကြီးသည် သနိးနှင့်ချီသော သာရှပြည်သူများနှင့် စစ်သည်တို့၏ အကြည့်အောက်တွင် အသံတိတ်စွာဖြင့် ရွှေရောင်ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ကွေ့ရွှီးကမ္ဘာထဲ၌ မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ဤအရာအားလုံးအတွက် သူ၏ စိတ်ကူးတစ်ချက်ဖြင့် လုံလောက်ပေသည်။

……

အမတလောက၊ ကောင်းကင်အရှင်၏ နန်းဆောင်။

ပလ္လင်တော်၌ တာအိုနိယာမများ ဝန်းရံလျက် စံမြန်းနေသော ကောင်းကင်အရှင်သည် ရုတ်တရက် မျက်စိဖွင့်လိုက်သည်။

သူ့မျက်စိရှေ့က စစ်တုရင်ကစားပွဲ၏ ကြယ်ဇယားတွင် ချင်ထျန်းတာအိုသခင် နှင့် နဂါးနှိပ်ကွပ်သံမှိုတို့ကို ကိုယ်စားပြုသော ကြယ်နှစ်ပွင့်သည် ကြိုတင်အသိပေးခြင်းမရှိ ပျောက်ကွယ်သွားခဲ့သည်။

"ဖူး..."

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်အရှင်၏ ပါးစပ်ထဲမှ သွေးများ ဖူးခနဲ့ အန်ထွက်လာခဲ့သည်။

သူသည် ဝုန်းခနဲ ထရပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"လူသားဧကရာဇ်တံဆိပ်တုံး... သူ့နေရာသူ ပြန်ရောက်သွားပြီလား..."

အံ့ဩတုန်လှုပ်ခြင်းများ ပါဝင်နေသော အသံသည် နန်းဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

သူ့အနေဖြင့် ရာစုနှစ်တစ်ခုစာ ကြိုတင်ကြံစည်ထားခဲ့သည့် အစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့ရသည့် အမျက်ဒေါသနှင့် မယုံကြည်နိုင်မှုတို့သည် ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးခြေလှမ်း၊ အောင်ပွဲခံခါနီးအချိန်ကျမှ သူတစ်ခါမျှ အဖက်မလုပ်ခဲ့သော "အသုံးမကျသည့် စစ်တုရင်" တစ်ရုပ်ကြောင့် ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရလေပြီ။

……

ကွေ့ရွှီးကမ္ဘာအတွင်း။

ရှောင်ရှန်းသည် ရန်သူအားလုံးကို ရှင်းလင်းပစ်လိုက်ပြီဖြစ်ရာ ဤကမ္ဘာကြီးမှာ နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

သူသည် လက်ထဲမှ လူသားဧကရာဇ်တံဆိပ်တုံးကို ငုံ့ကြည့်လိုက်သည်။ ကိုင်ရသည်မှာ အဆင်ပြေသော်လည်း နည်းနည်းတော့ ပူလောင်နေသေးသည်။

အပြင်ဘက်မှ နားကွဲမတတ် ဆူညံသော ဝမ်းသာအော်ဟစ်သံများကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်သလို၊ ခမည်းတော်နှင့် အစ်မတော်တို့၏ ရှုပ်ထွေးနေသော အကြည့်များကိုလည်း သူ ကောင်းကောင်းကြီး ရိပ်မိသည်။

ရှောင်ရှန်းတစ်ယောက် သက်ပြင်းချမိလေသည်။ သူ၏ အနားယူခွင့် လျှောက်တင်လွှာ ခွင့်ပြုချက်ကျရန် အချိန်တန်ပြီ ဖြစ်သော်လည်း ၊ ရာထူးမှ အဖြုတ်မခံရသည့်အပြင် ရာထူးပင် တက်သွားသေးသည်။

ရှောင်ရှန်း တစ်ယောက် ကောင်းကင်ပြင်ကြီးကို မော့ကြည့်မိသည်။ ကိစ္စများက ဤနေရာမှာတင် မပြီးဆုံးသေးကြောင်း သူ ကောင်းကောင်းသိသည်။

ကောင်းကင်အရှင်၏ စီမံကိန်းကြီးမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သော်လည်း ဤအတိုင်း လက်လျှော့သွားမည် မဟုတ်သည်မှာ အသေအချာပင်။

'အိုင်း...ငါ့ရဲ့ အနားယူခွင့် လမ်းကြောင်းက အခုမှ အစရှိသေးတာပဲ'

All Chapters