← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) - ကိုယ်တော်၏ အနားယူမည့် အစီအစဉ်စာတမ်း

အရှေ့နန်းတော်၊ ချင်ချန်နန်းဆောင်။

နန်းဆောင်၏ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် အမတ မဟာမိတ်အဖွဲ့၏ မှော်ပစ္စည်းများကြောင့် ပေါက်ကွဲထားသော မီးလောင်ရာ အက်ကွဲကြောင်းများ ကျန်ရှိနေသေးသည်။ နန်းဆောင်တံခါးကို ယာယီအစားထိုး တပ်ဆင်ထားသည်ဖြစ်ရာ အရွယ်အစားမှာ သိပ်မကိုက်ဘဲ အေးစက်စက် လေများ ဝင်ရောက်နေ၏။

သို့သော် ဤအရာများက နန်းဆောင်ထဲရှိ ထူးဆန်းပြီး ပူပြင်းတက်ကြွနေသော လေထုကို အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။ ဤသည်မှာ သာရှတိုင်းပြည်ကြီး တည်ထောင်ကတည်းက အရှုပ်ထွေးဆုံးသော "ထိပ်တန်းအဆင့် အစည်းအဝေး" တစ်ခု ဖြစ်ပေလိမ့်မည်။

ထိပ်ဆုံးခုံတွင် အသစ်စက်စက် လူသားဧကရာဇ်ဖြစ်သော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် အရိုးမပါသည့် အကောင်တစ်ကောင်နှယ် ကုလားထိုင်ပေါ် တွင် ထိုင်နေပြီး ၊သူ၏ မျက်နှာပေးမှာ ဘဝကြီးကို စိတ်ကုန်နေပုံ ပေါက်နေသည်။

သူ၏ ဘယ်ဘက်တွင် အစ်မတော် ရှောင်နီချန်း ရှိနေပြီး၊ သူမ၏ မျက်လုံးများက ဉာဏ်များသော တွက်ချက်မှု အလင်းရောင်များဖြင့် တောက်ပနေကာ လက်ချောင်းလေးများက စားပွဲပေါ်ကို သတိမထားမိဘဲ ခေါက်နေရင်း ကိန်းဂဏန်း အချက်အလက် တစ်ခုခုကို တွက်ချက်နေသကဲ့သို့ပင်။

ညာဘက်တွင်မူ မိစ္ဆာဧကရီ ယွီလော့ချာက ပျင်းရိနေပုံဖြင့် မှီထိုင်နေသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက ဤပူးပေါင်းမှု၏ အကျိုးအပြစ်များကို သေချာစွာ အကဲဖြတ်နေလေသည်။

သူတို့အောက်တွင်မူ စစ်တပ်အာဏာကို ကိုင်စွဲထားသော စစ်သူကြီးချုပ် ချင်ချန်းသည် သံမဏိတာဝါတိုင်ကြီးတစ်ခုအလား မတ်မတ်ရပ်နေပြီး သွေးများပေကျံနေသော သံချပ်ကာကိုပင် မလဲရသေးချေ။

စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့ကလည်း တစ်ဖက်စီတွင် ထိုင်နေကြပြီး ၊ တစ်ယောက်က တိတ်ဆိတ်နူးညံ့ကာ နောက်တစ်ယောက်ကမူ သူရဲကောင်းဆန်သော ဟန်ပန်ဖြင့် သိုင်းလောကနှင့် ကျင့်ကြံနေထိုင်သူများ၏ အင်အားစုများကို ကိုယ်စားပြုနေကြသည်။

"အဟမ်း"

ရှောင်ရှန်းတစ်ယောက် ချောင်းတစ်ချက် ဟန့်လိုက်ရာ ၊ လူတိုင်း၏ အာရုံစိုက်မှုက သူ့ထံသို့ ရောက်ရှိလာသည်။ သူသည် အားမပါသော ပုံစံဖြင့် လက်ယမ်းပြလိုက်ရာ မိန်းမစိုးလေး နှစ်ယောက်က ဧရာမ စက္ကူဖြူကြီးတစ်ချပ်ကို သယ်လာပြီး နန်းဆောင်အလယ်တွင် ဖြန့်ခင်းပေးလိုက်သည်။

ရှောင်ရှန်းသည် လှေကားပေါ်မှ ဆင်းလာပြီး ထက်ပိုင်းကျိုးနေသော မီးသွေးခဲတစ်ခဲကို ကောက်ကိုင်ကာ လူအားလုံး၏ မျက်စိရှေ့တွင်ပင် ထိုဧရာမ စက္ကူဖြူကြီးပေါ်၌ တွန့်လိမ်ကွေ့ကောက်နေသည့် ဧရာမစက်ဝိုင်းကြီးတစ်ခုကို ရေးဆွဲလိုက်သည်။

"ဒါက ငါ့ရဲ့ အစီအစဉ်ပဲ"

ရှောင်ရှန်းသည် မီးသွေးခဲဖြင့် ထိုစက်ဝိုင်းကို ခေါက်ပြရင်း ဆက်ပြောလိုက်သည်။

"ငါ့ကို စောစောစီးစီး ပျော်ရွှင်စရာကောင်းတဲ့ အနားယူမယ့်ဘဝကို ရောက်အောင် ပို့ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ အစီအစဉ်ကြီးပဲ"

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ချင်ချန်းဆိုလျှင် မျက်မှောင်ကြုတ်သွားကာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ ရှောင်ရှန်းသည် သူတို့၏ မျက်နှာအမူအရာများကို ဂရုမစိုက်ဘဲ စက်ဝိုင်းထဲတွင် အကွက်သုံးကွက် ခွဲလိုက်ပြီး "လူသား"၊ "မိစ္ဆာ"၊ "???" ဟု ကောက်ရေးလိုက်သည်။

"အရမ်း ရိုးရှင်းပါတယ်"

သူသည် ရောင်းသူ တစ်ယောက်က ဖောက်သည်ကို ရှင်းပြနေသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။

"အရင်တုန်းကဆိုရင် ငါတို့က သီးခြားလွတ်လပ်တဲ့ လုပ်ငန်းကြီးသုံးခုပေါ့....အချင်းချင်း သတိထားနေကြတယ်၊ ဆိုးရွားတဲ့ ယှဉ်ပြိုင်မှုတွေတောင် လုပ်ကြပြီး ပြည်တွင်းအားပြိုင်မှုတွေ ပြင်းထန်လွန်းလို့ အားလုံးရဲ့ ဘဝတွေက အဆင်မပြေခဲ့ကြဘူး"

" အခုတော့ ပြင်ပဈေးကွက် အခြေအနေက ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်သွားပြီ...လုပ်ငန်းတွေ အကုန်လုံးကို တစ်ဦးတည်း ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ဧရာမ အဖွဲ့အစည်းကြီးတစ်ခု ပေါ်လာတယ် — အဲဒါက အမတမဟာမိတ်အဖွဲ့ ဆိုတာပဲ ....ဒါကြောင့် ငါတို့ သုံးဖွဲ့ ပေါင်းစည်းပြီး လုပ်ငန်းစုကြီးကို ပြန်လည်ဖွဲ့စည်းကာ ရှယ်ယာဈေးကွက်တင်ဖို့ ငါ အဆိုပြုချင်တယ်"

သူသည် စကားကို ခဏရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ကြည့်ကာ လေသံကို မြှင့်လိုက်သည်။

"ငါ ဒီအစီအစဉ်ကို 'လောကသုံးပါး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနဲ့ စီးပွားရေး ပေါင်းစည်း ဖွံ့ဖြိုးတိုးတက်မှု ငါးနှစ် စီမံကိန်း'လို့ နာမည်ပေးထားတယ်"

နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချင်ချန်း၏ ပါးစပ်မှာ အနည်းငယ် ဟသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ငါးနှစ်စီမံကိန်းဆိုသည်ကို သူ နားလည်သော်လည်း ဤ လောကသုံးပါး... စီးပွားရေးပေါင်းစည်းမှု... ဆိုသည်ကို နည်းနည်းမှ နားမလည်ပေ။

"တိတိကျကျ ရှင်းပြပါဦး"

အလျင်မြန်ဆုံး တုံ့ပြန်နိုင်သူမှာ ရှောင်နီချန်းပင် ဖြစ်ပြီး၊ သူမ၏ မျက်ဝန်းများက အံ့သြစရာကောင်းလောက်အောင် တောက်ပလာသည်။

"တိတိကျကျ ပြောရရင်"

ရှောင်ရှန်းသည် မီးသွေးခဲဖြင့် "လူသား" ဆိုသည့် အကွက်ထဲတွင် အလုပ်ရုံတစ်ခု ပုံဆွဲလိုက်ပြီး "မိစ္ဆာ" ဆိုသည့် အကွက်ထဲတွင်တော့ သတ္တုရိုင်းများနှင့် ဆေးပင်အချို့ကို ရေးဆွဲလိုက်သည်။

"ငါတို့ လူ့လောကမှာက နည်းပညာရှိတယ်.. အဖွဲ့အစည်းရှိတယ်၊ လူဦးရေရှိတယ်...ဒါကြောင့် ကုန်ထုတ်လုပ်မှု၊ သုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပြီးတော့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေကို တာဝန်ယူမယ်"

" မိစ္ဆာနယ်မြေကတော့ မြေပြန့်ကျယ်ဝန်းပြီး သယံဇာတ ကြွယ်ဝတယ်၊ ရှားပါးတဲ့ တွင်းထွက်တွေနဲ့ သဘာဝရတနာတွေ အများကြီးရှိတယ်... ခင်ဗျားတို့က ကုန်ကြမ်းတွေနဲ့... လုပ်အားကို ထောက်ပံ့ပေးဖို့ တာဝန်ယူရမယ်"

ယွီလော့ချာ၏ မျက်ခုံး အနည်းငယ် မြင့်တက်သွားသည်။

" အဲ့အတွက်လည်း သေချာပေါက် အခကြေးငွေ ပေးမှာပါ"

ရှောင်ရှန်းက ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။

"ငါတို့ ပူးပေါင်းရေးကောင်စီတစ်ခု ဖွဲ့စည်းမယ်...တရားမျှတတဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေ ချမှတ်မယ်၊ နည်းပညာတွေ မျှဝေမယ်၊ သယံဇာတတွေ ဖလှယ်မယ်...ငါတို့က ခင်ဗျားတို့ကို မြို့တွေ တည်ဆောက်ပေးမယ်၊ လက်နက် သွန်းလုပ်တာတွေ၊ အစီအရင် တည်ဆောက်တာတွေကို သင်ပေးမယ်"

" ခင်ဗျားတို့ကလည်း တွင်းထွက်တွေနဲ့ ဝိညာဉ်ဆေးပင်တွေကို ငါတို့ကို ဦးစားပေး ထောက်ပံ့ပေးရမယ်...ငါတို့ အတူတူ ကိတ်မုန့်ကြီးကို ကြီးလာအောင် လုပ်ကြမယ်၊ လူတိုင်း ထမင်းဝဝစားနိုင်အောင်၊ နေစရာအိမ်ရှိအောင်၊ အေးချမ်းတဲ့ ဘဝတွေ ရအောင် လုပ်ကြမယ်...ဒါကို 'အတူတကွ ချမ်းသာကြွယ်ဝခြင်း' လို့ ခေါ်တယ်"

ရှောင်နီချန်း၏ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည်။ သူမ မြင်လိုက်ရသည်က အတူတကွ ချမ်းသာကြွယ်ဝခြင်း ဆိုသည်ထက် လူသားများ၏ နည်းပညာနှင့် ယဉ်ကျေးမှုကို အဓိကထားပြီး မိစ္ဆာနယ်မြေ၏ သယံဇာတများ အကုန်လုံးကို လွှမ်းခြုံထားသည့်၊ ယခင်က မရှိခဲ့ဖူးသော ဧရာမ စီးပွားရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းကြီးတစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။

ဤအထဲမှ အကျိုးအမြတ်များနှင့် အလားအလာများက ရည်မှန်းချက်ကြီးမားသော မည်သူ့ကိုမဆို ရူးသွပ်သွားစေနိုင်သည်။

"ငါတို့ မိစ္ဆာနယ်မြေကရော ဘာရမှာလဲ"

ယွီလော့ချာက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။ ထိုအရာကသာ သူမ ဂရုအစိုက်ဆုံး ကိစ္စပင်ဖြစ်သည်။

"အဆင့်အတန်းလေ"

ရှောင်ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"လူ့လောကနဲ့ တန်းတူညီမျှတဲ့ အဆင့်အတန်းတစ်ခု၊ အရိုင်းအစိုင်းတွေ၊ လူမိုက်တွေလို့ အထင်မခံရတော့ဘဲ နေရောင်အောက်မှာ ဂုဏ်သိက္ခာရှိရှိ လျှောက်လှမ်းနိုင်ပြီ.... ပြီးတော့ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အစွမ်းထက်တဲ့ မဟာမိတ်တစ်ခုပေါ့"

ယွီလော့ချာ တိတ်ဆိတ်သွားပြီး မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်နေသည်။ ဤအရာက မိစ္ဆာမျိုးနွယ်၏ အဆက်ဆက်သော ဧကရာဇ်များ အိမ်မက်မက်ခဲ့ရသည့်အရာပင် ဖြစ်သည်။

"ဒါဆို ဒီမေးခွန်းသင်္ကေတကရော"

စူးဝမ်ချင်းက နောက်ဆုံးကျန်နေသည့် ကွက်လပ်ကို လက်ညှိုးထိုးပြကာ တိုးညင်းစွာ မေးလိုက်သည်။

"ဒါကတော့..."

ရှောင်ရှန်းက တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

"နဂါးမျိုးနွယ် ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရေနေသတ္တဝါတွေ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ်လည်း ဟွမ်သွမ့်ဆိုတဲ့ကောင်ကို ကိုယ်စားပြုတဲ့ မိစ္ဆာစွမ်းအားစုတွေ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် အမတမဟာမိတ်အဖွဲ့ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့သူ အကုန်လုံး၊ ငါတို့ရဲ့ ဒီ 'လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' ထဲကို ဝင်ချင်တဲ့သူ အကုန်လုံး ဝင်လာလို့ရတယ်...ငါတို့ရဲ့ ရည်မှန်းချက်က စည်းလုံးလို့ရနိုင်တဲ့ အင်အားစုတွေ အကုန်လုံးကို စည်းလုံးဖို့ပဲ"

ယဲ့လင်ရွှမ်း၏ မျက်ဝန်းထဲတွင် ထူးခြားသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူမ အမြဲတမ်း လိုက်စားခဲ့သည့် သိုင်းလောက၏ တရားမျှတမှု၊ အားနည်းသူကို ကူညီပြီး အားကြီးသူကို နှိမ်နင်းမည် ဆိုသည့်အရာများက ဤမျှ ကြီးကျယ်ခမ်းနားလွန်းသော အစီအစဉ်ကြီးရှေ့တွင် အန္တိမပန်းတိုင်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။

"ဒီအစီအစဉ်က အရမ်းကောင်းတယ်"

ရှောင်ရှန်း တစ်ယောက် အနှစ်ချုပ်ပြောလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်ကာ မျက်နှာပေါ်တွင် အခက်တွေ့သော အမူအရာဖြင့်။

"ဒါပေမယ့် အဲဒီမှာ အကြီးမားဆုံး အတားအဆီးတစ်ခု ရှိနေတယ်...ဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်ပြီး စီးပွားရေး စည်းမျဉ်းတွေကို ဖျက်ဆီးကာ သူများကောင်းစားတာကို မမြင်ချင်တဲ့ မသမာတဲ့ ပြိုင်ဘက်တစ်ယောက် ရှိနေတယ်"

သူသည် မီးသွေးခဲကိုသုံးပြီး ထိုဧရာမ စက်ဝိုင်းကြီး၏ အပြင်ဘက်တွင် လေးနက်သော ကြက်ခြေခတ်ကြီးတစ်ခုကို ရေးဆွဲလိုက်ကာ ဘေးတွင် စကားလုံး နှစ်လုံး ရေးလိုက်သည်။

ကောင်းကင်အရှင်။

"ဒီကောင် မသေသရွေ့၊ ငါတို့တွေ ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး.... ငါ့ရဲ့ အနားယူခွင့် လျှောက်လွှာကလည်း ဘယ်တော့မှ အတည်ပြုခံရမှာ မဟုတ်ဘူး"

ရှောင်ရှန်းသည် မီးသွေးခဲကို လွှင့်ပစ်လိုက်ပြီး လက်ပေါ်က ဖုန်များကို ခါထုတ်လိုက်သည်။ အမြဲတမ်း ပျင်းရိပျင်းတွဲ ဖြစ်နေသော မျက်ဝန်းတစ်စုံက ရုတ်တရက် ထက်မြက်လာပြီး ပုံမှန်နှင့်မတူဘဲ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။

"ဒါကြောင့် သူ အသက်ရှူချောင်သွားပြီး ငါတို့ဆီ လာတိုက်မယ့်အချိန်အထိ စောင့်နေလို့ မရဘူး...ငါတို့က အရင်စတင် တိုက်ခိုက်ပြီး ရန်သူ့ အမာခံစခန်းကို တိုက်ရိုက်ဝင်တိုက်ကာ ပြဿနာအားလုံးကို တစ်ကြိမ်တည်းနဲ့ ဖြေရှင်းပစ်ရမယ်"

"ဒီအကြီးမားဆုံးသော မတည်ငြိမ်တဲ့ အကြောင်းရင်းကြီးကို အပြီးတိုင် ရှင်းလင်းပစ်နိုင်မှသာ လောကကြီးမှာ ပြဿနာမရှိတော့ဘဲ အရပ်လေးမျက်နှာလုံး ငြိမ်းချမ်းသွားမယ့် အခြေအနေကို ရရှိနိုင်မှာ ၊ အဲဒီတော့မှ ငါလည်း စိတ်အေးချမ်းသာစွာနဲ့... လှဲအိပ်နေလို့ ရမှာ"

'အရင်စတင် တိုက်ခိုက်မယ်ဟုတ်လား'

ဤစကားလုံး လေးလုံးက လောကတွင် အပျင်းဆုံးဖြစ်သော ရှောင်ရှန်း၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်သည်။ သူ အမတ မဟာမိတ်အဖွဲ့၏ တပ်မကြီးကို နှိမ်နင်းလိုက်ခြင်းထက်ပင် ပို၍ အံ့သြတုန်လှုပ်စရာ ကောင်းနေသည်။

ချင်ချန်းသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး၊ သူ၏ မျက်ဝန်းထဲ၌ ပူပြင်းသော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

ဒီစကားကိုတော့ သူ နားလည်တယ်...

ရှောင်ရှန်းသည် လူတိုင်းကို တုံ့ပြန်ရန် အချိန်မပေးတော့ဘဲ တာဝန်များကို တိုက်ရိုက် ခွဲဝေပေးတော့သည်။ ထိုလေသံမှာ အလုပ်ဆင်းခါနီးလေးတွင် အလုပ်များကို အသေအလဲ အမြန်ပြီးအောင် လုပ်နေရသည့် ဝန်ထမ်းတစ်ယောက်လို ပြတ်သားနေသည်။

"အစ်မတော်၊ အမတ်ချုပ်ကြီးဘက်ကို အစ်မတော် သွားပြီး ညှိနှိုင်းလိုက်ပါ... အစ်မတော်နဲ့ စစ်သူကြီးချုပ် ချင်ချန်းတို့က လူ့လောကက အင်အားစုတွေ အကုန်လုံးကို စုစည်းဖို့၊ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို စာရင်းကောက်ဖို့၊ အမတ မဟာမိတ်အဖွဲ့ရဲ့ နည်းပညာတွေကို ရယူပြီး ငါတို့ရဲ့ စစ်တပ်ကို အဆင့်မြှင့်တင်ဖို့ တာဝန်ယူရမယ်...ထောက်ပံ့ရေး၊ ကုန်ထုတ်လုပ်ရေး၊ တည်ငြိမ်ရေး၊ ဒါတွေက ငါတို့ရဲ့ ခိုင်မာတဲ့ နောက်တန်းပဲ၊ သံမဏိလို ခိုင်မာနေရမယ်"

ရှောင်နီချန်းက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ ဖိနှိပ်ရန်မဖြစ်နိုင်သော စိတ်လှုပ်ရှားမှုများ ရှိနေသည်။

"ယွီလော့ချာ၊ ခင်ဗျားရဲ့ တာဝန်က မိစ္ဆာနယ်မြေက မျိုးနွယ်စုကြီးတွေကို ဖျောင်းဖျပြီး 'မိစ္ဆာနယ်မြေ စူးစမ်းရှာဖွေရေး တပ်မတော်' တစ်ခု ဖွဲ့စည်းဖို့ပဲ... ခင်ဗျား ဘယ်လိုနည်းလမ်းကို သုံးသုံး ငါ ဂရုမစိုက်ဘူး၊ အတင်းအကျပ် ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ်၊ အကျိုးအမြတ်နဲ့ မြှူဆွယ်တာပဲ ဖြစ်ဖြစ်၊ အတိုဆုံး အချိန်အတွင်းမှာ ခက်ခဲတဲ့ တိုက်ပွဲတွေကို တိုက်နိုင်တဲ့ တပ်ဖွဲ့တစ်ခုကို ငါ မြင်ချင်တယ်"

ရှောင်ရှန်းက ဆက်ပြောသည်။

ယွီလော့ချာ၏ နှုတ်ခမ်းထောင့်တွင် အရိုင်းဆန်သော အပြုံးတစ်ခု ပေါ်လွင်လာပြီး ခပ်တိုတိုပင် တုံ့ပြန်လိုက်သည်။

"သဘောတူတယ်"

"စူးဝမ်ချင်း၊ မင်းနဲ့ မင်းရဲ့ ဆေးတောင်ကြားက ထောက်ပံ့ရေးအတွက် လိုအပ်တဲ့ ဆေးလုံးတွေကို ဖော်စပ်ဖို့ တာဝန်ယူရမယ် ပြီးတော့ အဲဒီ အမတ မဟာမိတ်အဖွဲ့ရဲ့ စစ်သင်္ဘော အပျက်အစီးတွေကို လေ့လာကြည့်ပြီး စွမ်းအားပိုကြီးမားတဲ့ အရာတွေကို ဖန်တီးလို့ရမလား ကြည့်ပေး...သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနကို မင်းကို လွှဲအပ်လိုက်ပြီ"

စူးဝမ်ချင်းက နူးညံ့စွာ ပြုံးလိုက်ပြီး တာဝန်ကို လက်ခံလိုက်သည်။

"ယဲ့လင်ရွှမ်း၊ သိုင်းလောကသားတွေက ချုပ်ချယ်ခံရတာကို မကြိုက်ပေမယ့် တစ်ဦးချင်း တိုက်ရည်ခိုက်ရည်က အလွန်မြင့်မားတယ်... မင်းက အစွမ်းထက်ဆုံး ထိပ်သီး သိုင်းသမားတစ်စုကို ရွေးထုတ်ပြီး ' ဓားသမား' အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းလိုက်...ခေါင်းဆောင်တွေကို လုပ်ကြံဖို့၊ ထိုးဖောက်ဖို့၊ သတင်းအချက်အလက် စုံစမ်းဖို့ တာဝန်ယူရမယ်... မင်းက အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ"

ယဲ့လင်ရွှမ်းက ရှင်းလင်းပြတ်သားသော စကားတစ်ခွန်းဖြင့် အကြောင်းပြန်လိုက်သည်။

" ကောငိးပြီ"

တာဝန်ခွဲဝေမှု ပြီးဆုံးသွားပြီး‌နောက် နန်းဆောင်ထဲရှိ လူအားလုံး၏ သွေးများမှာ ဆူပွက်လာကြသည်။ ကြီးကျယ်ခမ်းနားသော အနာဂတ် ပုံစံကြမ်းကြီးတစ်ခုက သူတို့ရှေ့တွင် ဖြည်းညင်းစွာ ပုံစံပေါ်လာခဲ့ချေပြီ။

ရှောင်ရှန်းသည် တတ်ကြွနေသော ဤ "အဓိက ဝန်ထမ်းများ" ကို ကြည့်ပြီး နောက်ဆုံးတော့ အလုပ်များကို ခွဲဝေပေးလိုက်နိုင်ပြီမို့ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် မီးသွေးခဲကို ကောက်ယူကာ ကြယ်ပြမြေပုံတစ်ခုပေါ်တွင် အမတမဟာမိတ်အဖွဲ့၏ ဌာနချုပ်ရှိရာ ကြယ်ကို ရှာဖွေလိုက်သည်။

ထို့နောက် အားကုန်သုံးကာ ၎င်းအပေါ်တွင် သွေးလို နီရဲနေသော စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ သူသည် ထိုစက်ဝိုင်းကို လက်ညှိုးထိုးပြလိုက်ရငိး ၊ မျက်ဝန်းထဲ၌ အနားယူမည့်ဘဝကို အဆုံးမဲ့ တမ်းတနေသည့် ဆန္ဒမီးတောက်များ ဟုန်းဟုန်းတောက်လျက် သူ၏ အနာဂတ် "အဓိက စီမံခန့်ခွဲမှု အဖွဲ့" ကို ကြည့်ကာ အမိန့်ပေးလိုက်၏။

"အားလုံးပဲ၊ ငါတို့ရဲ့ ပန်းတိုင်က — အမတ ကမ္ဘာကနေ လွတ်မြောက်အောင် လုပ်မယ်၊ ကောင်းကင်အရှင်ကို ဖြုတ်ချမယ်...လောကသုံးပါးစလုံး အတူတကွ ချမ်းသာကြွယ်ဝခြင်းကို အကောင်အထည် ဖော်မယ်"

"အဲ့အချိိန်ကြရင် ၊ ငါလည်း အနားယူလို့ ရပြီ"

All Chapters