အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) - ပျင်းရိစွာ နေထိုင်ဖို့ရာ စကြာဝဠာကြီးကို သိမ်းပိုက်လိုက်မည်
"အငြိမ်းစားယူရေး လှုံ့ဆော်မှုအစည်းအဝေးကြီး" ဟု နောင်လာနောက်သား သမိုင်းမှတ်တမ်းတင်သူများက အမည်ပေးခဲ့ကြသည့် ထိုအစည်းအဝေးကြီး ပြီးဆုံးသွားပြီးနောက်တွင် ၊
သာရှမင်းဆက်တစ်ခုလုံးနှင့် အိမ်နီးချင်း မိစ္ဆာနယ်မြေတို့သည် စက်သီးများ တပ်ဆင်ထားသည့် စက်ယန္တရားများကဲ့သို့ မကြုံစဖူးသော ထိရောက်မှုဖြင့် လည်ပတ်လာကြသည်။
ယခင်က သတ္တုတွင်းတစ်နေရာ၊ မြက်ခင်းပြင်တစ်ကွက်အတွက် အသက်သေဆုံးသည်အထိ တိုက်ခိုက်ခဲ့ကြသော လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့သည် ယခုအခါတွင် တူညီသော ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ချွေးသံတရဲရဲဖြင့် ကြိုးစားလုပ်ဆောင်နေကြသည်။
အင်အားကြီးမားသော မိစ္ဆာမျိုးနွယ်မှ ဝက်ဝံမျိုးနွယ်စုသည် အမတ မဟာမိတ်အဖွဲ့၏ စစ်သင်္ဘောများမှ ဖြုတ်ယူလာသော အာကာသဆိုင်ရာ သတ္တုပြားများကို သယ်ယူပို့ဆောင်ရေးတွင် တာဝန်ယူပြီး၊ လူသားမျိုးနွယ်ဝင် ကျွမ်းကျင်လက်သမားများကမူ ၎င်းကို မည်သို့ဖြတ်တောက်မည်၊ မည်သို့အရည်ကျိုမည်ကို ညွှန်ကြားနေကြသည်။
ယခင်က ရန်သူတော်များဖြစ်ကြသော ဝံပုလွေစောင့်ရှောက်သူများနှင့် လူသားမျိုးနွယ်ဝင် သူလျှိုများသည် ယခုအခါတွင် စစ်မြေပြင်မြေပုံတစ်ခုတည်းကို ဝိုင်းကြည့်ကာ အကောင်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်မည့် လမ်းကြောင်းများကို အပြင်းအထန် ငြင်းခုံနေကြသည်။
ချင်ချန်း၏ တပ်သားများသည် စူးဝမ်ချင်း၏ သုတေသနဌာနမှ အရေးပေါ်ထုတ်လုပ်ထားသော ' နိယာမ ဖောက်ထွင်းလေးမြား' များဖြင့် လေ့ကျင့်နေကြသည်။
လေးမြားပေါ်တွင် အမတ မဟာမိတ်အဖွဲ့ဝင် ကျင့်ကြံသူများ၏ ဦးနှောက်ထဲမှ "ငှားယူ" ထားသော မှော်သင်္ကေတများကို တပ်ဆင်ထားရာ အမတများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ယွီလော့ချာလည်း သူမ၏ ကတိအတိုင်း လင်းယုန်၊ ကျား၊ မြွေ၊ ဝံပုလွေ စသည့် ထူးချွန်သော မိစ္ဆာမျိုးနွယ်စုများဖြင့် ဖွဲ့စည်းထားသည့် " မိစ္ဆာနယ်မြေ တပ်ဖွဲ့ကြီး" ကို စုစည်းပြီးစီးသွားပြီဖြစ်ရာ အလွန်ပင် ရန်လိုသော အငွေ့အသက်များဖြင့် လွှမ်းခြုံနေ၏။
ဤကဲ့သို့ ရူးသွပ်လောက်အောင် တက်ကြွမှုအားလုံး၏ အရင်းအမြစ်ဖြစ်သော လူသားဧကရာဇ် ရှောင်ရှန်းမှာမူ ၊ ချင်ချန်ခန်းမပြင်ပရှိ လှေကားထစ်ပေါ်တွင် စူးဝမ်ချင်း ပို့ပေးလိုက်သော ရေခဲစိမ်စပျစ်သီးကို ဝါးစားရင်း အေးအေးလူလူ လှဲလျောင်းနေသည်။
လူတိုင်း ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်တစ်ခုအတွက် လှုံ့ဆော်ခံနေရသည်။ ၎င်းမှာ လူသားဧကရာဇ်မင်း သူ အိပ်မက်မက်နေသော အငြိမ်းစားဘဝကို အမြန်ဆုံး ရရှိစေရန်သာ ဖြစ်သည်။
ဤအကြောင်းပြချက်မှာ ရူးမိုက်သည်ဟု ထင်မှတ်ရသော်လည်း "တိုင်းပြည်နှင့် လူမျိုးအတွက်" ဟူသော ကြွေးကြော်သံများထက် ဤ "အဓိကအင်အားစု" တို့၏ စိတ်ဓာတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်သည်။
အကြောင်းမှာ နောက်ဆုံးဘောစ့် ကို ရှင်းလင်းပြီးမှသာ သူတို့သည် အောင်မြင်မှု၏ အသီးအပွင့်များကို စစ်မှန်စွာ ခံစားနိုင်မည်ဖြစ်ပြီး၊ အလုပ်မှ အချိန်မရွေး ထွက်သွားနိုင်သည့် အဖွဲ့ ခေါင်းဆောင်ကြီးနှင့်အတူ အချိန်ပိုလုပ်ချင်သူ မရှိသောကြောင့် ဖြစ်သည်။
ရှောင်ရှန်းတစ်ယောက် စပျစ်သီးစေ့ကို ပျင်းရိစွာ ထွေးထုတ်လိုက်ပြီး အချိန်ကျပြီဟု ယူဆကာ ဘေးနားရှိ အရိပ်ကို လှမ်းပြောလိုက်သည်။
(အရိပ်ကလေးလို ရှိနေသည့် အိမ်မက်မိစ္ဆာ)
"သွားမယ်၊ ငါတို့ရဲ့ 'အထောက်အပံ့ပေးသူ'ကို သွားတွေ့မယ်"
နောက်တစ်ခဏတွင် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။
.....
ဟွမ်သွမ့်ကို ချုပ်နှောင်ထားသောနေရာ။
"ငါရောက်ပြီ"
ရှောင်ရှန်းသည် တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကောင်လေး၊ မဆိုးဘူးပဲ"
ဟွမ်သွမ့်၏အသံတွင် အနည်းငယ် ချီးကျူးသံပါနေသည်။
"မင်း ကတိပေးထားတာကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီ ထင်တယ်"
ရှောင်ရှန်းသည် အပိုစကားမပြောတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်နေသည့် ရှေးဟောင်း လူသားဧကရာဇ်တံဆိပ်တုံး ပေါ်ထွက်လာလေ၏။
သူသည် တံဆိပ်တုံးကို အသက်သွင်းလိုက်သည်နှင့် ၊ ရွှေရောင်အလင်းတန်းများသည် ဟွမ်သွမ့် ပိတ်ဆို့ထားသည့်နေရာသို့ စီးဝင်သွားသည်။ "ကလပ်" ဟူသော အသံနှင့်အတူ မမြင်နိုင်သော သံကြိုးတစ်ခုက ပြတ်တောက်သွားသည့်အလား အသံထွက်ပေါ်လာ၏။
ဟွမ်သွမ့်၏ အရှိန်အဝါများသည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
"အရသာရှိလိုက်တာ"
ဟွမ်သွမ့် ကျေနပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"ဒီလိုခံစားချက်မျိုး... မခံစားခဲ့ရတာ ကြာပြီ... ပြောစမ်း၊ ငါ ဘာလုပ်ပေးရမလဲ"
"ရိုးရှင်းပါတယ်"
ရှောင်ရှန်းသည် တံဆိပ်တုံးကို ပြန်သိမ်းလိုက်ရင်း ။
"နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အခါ ခင်ဗျားက ကျုပ်ရဲ့ နောက်ဆုံးဖဲချပ် ဖြစ်ပေးရမယ်... ကောင်းကင်အရှင် မှာ နောက်ထပ် အကြံအစည်တွေ ရှိနေဦးမှာပဲ... သူ မထင်မှတ်တဲ့အချိန်မှာ ခင်ဗျားက အပြင်းအထန် ထိုးနှက်ပေးရမယ်"
"ဘာမှမဖြစ်ဘူး...ဒါပေမဲ့ အောင်မြင်ပြီးရင် ကျန်တဲ့ ချိတ်ပိတ်ထားတဲ့ နေရာတွေကို..."
"စိတ်ချပါ၊ ကျုပ် အငြိမ်းစားယူပြီးရင် ခင်ဗျားကို တစ်ချောင်းချင်းစီ ကူဖြုတ်ပေးဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်"
ရှောင်ရှန်း၏ အသံမှာ သာမန်လုပ်ငန်းကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ပင်။
ဟွမ်သွမ့်ကိစ္စကို ဖြေရှင်းပြီးနောက် နန်းတော်သို့ ပြန်ရောက်လာချိန်တွင် ၊ ရှောင်ရှန်းတစ်ယောက် ဥယျာဉ်ထဲတွင် ခိုးကြောင်ခိုးဝှက်လုပ်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူသည် "အငြိမ်းစားယူကြောင်း" ကြေညာထားပြီး ဖြစ်သော ဧကရာဇ်ဟောင်း ရှောင်ယွမ်ပင် ဖြစ်သည်။
သူသည် သာမန်အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ငှက်လှောင်အိမ်ကို ကိုင်ထားရာ အငြိမ်းစားယူထားသော သူဌေးကြီးတစ်ယောက်လိုပင်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရှောင်ရှန်းဆီသို့ အမြန်လာကာ အိတ်တစ်ခုကို တိတ်တဆိတ် ထိုးပေးလိုက်သည်။
"ယူထားလိုက်"
ရှောင်ရှန်းသည် အလေးချိန်ကို ခန့်မှန်းကြည့်ရာ ပေါ့မနေချေ။
"ဒါက ဘာလဲ"
"ငါတို့ ရှောင်မျိုးဆက်ရဲ့ ဘုရင်တွေ စုထားတဲ့ ပုဂ္ဂလိကပိုက်ဆံတွေ"
ဧကရာဇ်ဟောင်း ရှောင်ယွမ်က အသံကို နှိမ့်ကာ တိုးတိုးလေး ဆိုသည်။
"အထဲမှာ ဝိညာဉ်သတ္တုကြောသုံးခုနဲ့ ရှေးဟောင်းအမွေအနှစ် နေရာတွေကနေ ရလာတဲ့ တရားမဝင် ပစ္စည်းတွေ ပါတယ်...တကယ်လို့ တိုင်းပြည်ပျက်သွားရင် နောင်လာနောက်သားတွေ ပြန်ထူထောင်ဖို့ စုထားတာ...အခုတော့ မလိုတော့ဘူး.. မင်းယူသွားလိုက်၊ ဒါက မင်းရဲ့ စီမံကိန်းစတင်ဖို့ အရင်းအနှီးပဲ....ကိစ္စတွေကို မြန်မြန်ပြီးအောင်လုပ်၊ ငါလည်း အငြိမ်းစားဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်ပြီ"
ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်ဟောင်း ရှောင်ယွမ်သည် ငှက်လှောင်အိမ်ကို ကိုင်ကာ သီချင်းဆိုရင်း ထွက်ခွာသွားပြန်သည်။
ရှောင်ရှန်းသည် ကျင့်ကြံသူတိုင်း အားကျရမည့် "ပုဂ္ဂလိကငွေထုတ်" ကို ကိုင်ထားရင်း တာဝန်ပိုလေးလာသလိုပင် ခံစားလိုက်ရသည်။ ဤသည်မှာ အငြိမ်းစားလစာ မဟုတ်ဘဲ၊ သူ့ကို အမြန်ဆုံး အသက်စွန့်တိုက်ခိုက်စေရန် တွန်းအားပေးသည့် စစ်မိန့်တစ်ခုပင် ဖြစ်သည်။
ဤ "သုံးလောကပေါင်းစည်းတပ်ဖွဲ့ကြီး" စုစည်းပြီး အရာအားလုံး အဆင်သင့်ဖြစ်နေချိန်တွင်။
ကောင်းကင်ပြင်ကြီးမှာ ပြောင်းလဲသွားသည်။
ရွှေရောင်အမိန့်တော်တစ်ခုသည် သုံးလောကလုံးတွင် ထွက်ပေါ်လာလေ၏။
သာရှမြို့တော်ပင် ဖြစ်စေ၊ မိစ္ဆာနယ်မြေပင် ဖြစ်စေ၊ မှောင်မိုက်သော နတ်ဆိုး ချောက်နက်ပင်ဖြစ်စေ သက်ရှိတိုင်းသည် ထိုအမိန့်တော်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
အမိန့်တော် စာသားများသည် လှပပြီး ခန့်ညားသော်လည်း လူတိုင်းကို အထက်စီးမှ ကြည့်နေသည့် အငွေ့အသက်မျိုး ရှိသည်။
အကြောင်းအရာမှာ ရိုးရှင်းသည် -
လူသားဧကရာဇ် ရှောင်ရှန်းကို သုံးရက်မြောက်နေ့တွင် ကောင်းကင်အရှင်မှ နယ်မြေပြင်ပရှိ "ကောင်းကင်လမ်းစဉ် စင်မြင့်" ၌ ဆုံတွေ့ရန် ဖိတ်ခေါ်သည် ၊ ရှုံးနိမ့်သူသည် ဝိညာဉ်ပျက်သုဉ်းပြီး မျိုးဆက်ပြတ်တောက်မည်။
ကောင်းကင်အရှင်၏ စစ်ပွဲဖိတ်ခေါ်မှုသည် ကမ္ဘာတစ်ဝန်းလုံးသို့ ရောက်ရှိသွားပြီး၊ လူတိုင်း အသက်ရှူကြပ်မတတ် ဖိအားကို ခံစားလိုက်ရသည်။ ကောင်းကင်လမ်းစဉ် စင်မြင့်မှာ ဒဏ္ဍာရီလာ နေရာဖြစ်ပြီး အပြစ်ပေးသည့်နေရာလည်း ဖြစ်သည်။ ကောင်းကင်အရှင်သည် ထိုနေရာကို ရွေးချယ်ခြင်းမှာ ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို အသုံးပြု၍ အသာစီးရယူရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
ခန်းမအတွင်းရှိ လေထုမှာ တင်းမာနေသည်။
"ဒါ ထောင်ချောက်ပဲ"
ရှောင်နီချန်းက တိုက်ရိုက်ပြောလိုက်သည်။
"ငါသိတယ်"
ရှောင်ရှန်းသည် ကုလားထိုင်ပေါ်တွင် မှီထိုင်လျက် လက်ချောင်းများဖြင့် တတောက်တောက် ခေါက်ရင်း။
"သူကြောက်နေတာပဲ... သူသာ တကယ် အနိုင်ရမယ်ဆိုရင် သူကိုယ်တိုင် လာတိုက်မှာပဲ၊ အခုလို ဖိတ်ခေါ်စရာ မလိုဘူး...သူ အသာစီးရယူဖို့ ကြိုးစားနေတာပဲ"
"ဒါဆို နင်..."
"သွားမယ်"
ရှောင်ရှန်းသည် ခပ်တိုတိုပင် ပြန်ပြောလိုက်သည်။
"ငါလည်း အလုပ်မြန်မြန်ဆင်းချင်တယ်...တိုက်ခိုက်မယ့် အခွင့်အရေး လာပေးတာကို ဘာလို့ ငြင်းရမှာလဲ တစ်ခါတည်းနဲ့ပဲ အဆုံးသတ်လိုက်မယ်"
သူသည် မတ်တပ်ရပ်လိုက်ပြီး သူနှင့်အတူ ကံကြမ္မာချင်း ဆက်စပ်နေသော "အဓိကဝန်ထမ်းများ" ကို ကြည့်ကာ ပျင်းရိစွာ လက်ယမ်းပြလိုက်သည်။
"စစ်ထွက်ဖို့ ပြင်ကြတော့"
....
သုံးရက်အကြာ။
မြို့တော်အထက်တွင် ဧရာမသင်္ဘောကြီးတစ်စင်းသည် ကမ္ဘာမြေကြီး၏ ဆွဲငင်အားမှ လွတ်မြောက်လာ၏။
သင်္ဘောကိုယ်ထည်ကို အာကာသဆိုင်ရာ သတ္တုပြားများဖြင့် ပြုလုပ်ထားပြီး တောက်ပနေသည်။ အပေါ်တွင် မိစ္ဆာတို့၏ ရှေးဟောင်းပုံရိပ်များ ထွင်းထုထားသည်။ ရွက်တိုင်များမှာ လူသားမျိုးနွယ်ဝင်များ၏ အကောင်းဆုံးသော ပိုးမျှင်များဖြင့် ပြုလုပ်ထားပြီး ဝိညာဉ်စွမ်းအားကို စုပ်ယူသည့် အစီအရင်များပါ တပ်ဆင်ထားသည်။
လူသားမျိုးနွယ် ၊ မိစ္ဆာမျိုးနွယ် နှင့် အမတ မဟာမိတ်အဖွဲ့ဝင် ကျင့်ကြံသူများ၏ အတတ်ပညာများနှင့် ပေါင်းစပ်ထားသော ဤသင်္ဘောကြီးကို "လူသားဧကရာဇ်" ဟု အမည်ပေးထားလေ၏။
နောက်တွင်လည်း စစ်သင်္ဘောအုပ်စုများ၊ မိစ္ဆာမျိုးနွယ်များဖြင့် ဖွဲ့စည်းထားသော တပ်မတော်ကြီးသည် အာကာသ၏ အမည်မသိ ကြယ်တာရာများဆီသို့ ဦးတည်သွားနေကြသည်။
မင်းသမီး ရှောင်နီချန်းမှာ သက်ပြင်းချမိလေသည်။ ကမ္ဘာပေါ်တွင် အပျင်းတကာ့ အပျင်းဆုံး သူမ၏ မောင်တော်သည် 'အေးအေးဆေးဆေး အနားယူတော့မည့်' ရည်မှန်းချက်ကြီးအတွက် ကြယ်တာရာများကို သိမ်းပိုက်ရန် သွားနေ၏။
ဤသည်မှာ မည်မျှ ရူးမိုက်ပြီး မည်မျှ ကြီးကျယ်ခမ်းနားလိုက်လေသနည်း။
တစ်ချိန်တည်းမှာပင်၊
"လူသားဧကရာဇ်" သင်္ဘော၏ ကွပ်ကဲရေးဌာနတွင်။
အကာအကွယ် အလင်းတန်းများနှင့် အစီအရင်များကြားတွင် ရှောင်ရှန်းတစ်ယောက် သူ၏ "ကုလားထိုင်" ပေါ်တွင် လှဲလျောင်းနေပြီး ပြတင်းပေါက်မှတစ်ဆင့် ကြယ်များကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ရေရွတ်လိုက်သည်။
"ဒီစစ်ပွဲပြီးရင်တော့ စကြာဝဠာအစွန်းကို သွားပြီး ဘယ်သူမှ မသိတဲ့ ဂြိုဟ်လေးတစ်လုံးမှာ အိမ်လေးတစ်လုံး ဆောက်မယ်... တံခါးဝမှာ ကုန်စုံဆိုင်လေး ဖွင့်ပြီး နေ့တိုင်း နေရောင်ခြည်ခံမယ်...ဟား... ဒီလိုဘဝမျိုးလေးကို တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"