← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) - နောက်ဆုံး ဘော့စ်ကြီးက ဝန်ထမ်း ရွေးချယ်ရေး လုပ်တဲ့သူကြီးတဲ့လား

ကြယ်တာရာပင်လယ်ကြီးမှာ တိတ်ဆိတ်နေ၏။

ဧရာမ "လူသားဧကရာဇ်" စစ်သင်္ဘောအုပ်စုကြီးသည် နောက်ဆုံးအာကာသ အတားအဆီးကို ဖြတ်ကျော်ကာ ဤနယ်မြေပြင်ပ ဟင်းလင်းပြင်သို့ ဝင်ရောက်လာသည်နှင့် အမျှ ၊ သင်္ဘောကိုယ်ထည်ပေါ်ရှိ မှော်သင်္ကေတများသည် သက်ဝင်လှုပ်ရှားနေသကဲ့သို့ တလက်လက် တောက်ပနေ၏။

ဤနေရာမှာ "ကောင်းကင်လမ်းစဉ် စင်မြင့်" ပင် ဖြစ်သည်။

၎င်းတွင် ရုပ်တ္ထုမရှိသလို၊ နယ်နိမိတ်လည်း မရှိချေ။ ခြေအောက်တွင်မူ အဆုံးမရှိသော ဟင်းလင်းပြင်ကြီးသာ ရှိနေပြီး ၊ ကြယ်တံခွန်များကဲ့သို့ တောက်ပနေသော နိယာမမျဉ်းကြောင်းများက ကန့်လန့်ဖြတ် ယှက်နွယ်ကာ သန်းပေါင်းများစွာသော အကွက်ငယ်များအဖြစ် ခွဲခြမ်းထားလေ၏။

အဝေးဆီမှ ကြယ်တာရာများသည် ဤစစ်တုရင်ခုံပေါ်ရှိ အေးစက်စက် စစ်တုရင်ရုပ်များပင် ဖြစ်သည်။ ခုခံ၍မရနိုင်သော၊ သန့်စင်သော စည်းမျဉ်းနှင့် ခမ်းနားကြီးကျယ်မှုတို့သည် ကျူးကျော်ဝင်ရောက်လာသူတိုင်း၏ စိတ်ဝိညာဉ်ပေါ်သို့ တိုက်ရိုက် သက်ရောက်နေပြီး ၊ ဤကြီးကျယ်ခမ်းနားလှသော နိယာမတရား၏ ရှေ့မှောက်တွင် မည်သည့် ခံစားချက်၊ ဆန္ဒနှင့် ဖြစ်တည်မှုမျိုးမဆို ဖုန်မှုန့်လေးပမာ သေးငယ်ကြောင်း ကြေညာနေသကဲ့သို့ ရှိသည်။

သုံးလောက မဟာမိတ်တပ်ဖွဲ့၏ ဆူညံသံများနှင့် တိုက်ပွဲဝင်စိတ်ဓာတ်တို့မှာ ဤနေရာအရောက်တွင် တိတ်ဆိတ်သွားသည်အထိ ဖိနှိပ်ခံလိုက်ရလေ၏။

စစ်တုရင်ခုံ၏ အလယ်ဗဟိုတွင် တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်။

သူသည် စိတ်ကူးထဲကလို မျက်နှာစိမ်းစိမ်း၊ အစွယ်ပြူးပြူးနှင့် မိစ္ဆာခေါင်းဆောင်တစ်ဦး မဟုတ်သလို၊ ကောင်းကင်ကို ဝါးမျိုတော့မတတ် ပြင်းထန်သော အရှိန်အဝါမျိုးလည်း အနည်းငယ်မျှ မရှိချေ။

သူသည် ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ၊ ပိန်ပါးသော မျက်နှာသွင်ပြင်နှင့် လှိုင်းထခြင်းမရှိသော ငြိမ်သက်နေသော မျက်ဝန်းများရှိကာ ဤနေရာတွင် တိတ်ဆိတ်စွာဖြင့် ရှိနေ၏။

သူ့နောက်တွင် ထောင်နှင့်ချီသော စစ်သည်အင်အားများ လိုက်ပါခြင်းမရှိ သူတစ်ယောက်တည်းသာ ရှိနေသော်လည်း ၊ သူသည် ကောင်းကင်လမ်းစဉ် စင်မြင့်၊ ဤစကြာဝဠာ၏ စည်းမျဉ်းများနှင့် တစ်သားတည်း ကျနေသကဲ့သို့ပင်။

ထိုသူမှာ ကောင်းကင်အရှင် ပင် ဖြစ်သည်။

"လူသားဧကရာဇ်" သင်္ဘောပေါ်တွင် ၊ ရှောင်ရှန်းတစ်ယောက် သူ၏ အချစ်တော် "ငါးဆားနယ် ကုလားထိုင်" ပေါ်မှ မကျေမချမ်းဖြင့် ထလာကာ အပျင်းကြောဆန့်လိုက်သည်။

သူသည် ကွ ရန်သူကြီးတစ်ဦးကို ရင်ဆိုင်ရမည့်အလား ဖြစ်နေကြသော "အဓိကဝန်ထမ်းများ" ကို လက်ကာပြလိုက်ရင်း ဆိုလိုက်သည်။

"ကဲ... အားလုံး စိတ်မလှုပ်ရှားကြနဲ့... လုပ်ရမယ့် အစီအစဉ်တွေကို ငါနားလည်တယ်... အပေါ်ရောက်ရင် အရင်ဆုံး စကားကြမ်းကြမ်းတွေ ပြောမယ်... ပြီးတော့ မင်းတစ်လှည့် ငါတစ်လှည့် နေ့ရောညပါ ရက်အတော်ကြာအောင် တိုက်ကြမယ်... နောက်ဆုံးတော့ ငါက ကံကောင်းပြီး သီသီလေး အနိုင်ရသွားမယ်... အားလုံး အလုပ်သိမ်းပြီး အိမ်ပြန်ကြမယ်... ပစ္စည်းတွေ ခွဲကြမယ်... အာ မဟုတ်ဘူး... စစ်ပွဲကရတဲ့ လက်ရပစ္စည်းတွေ ခွဲကြမယ်..."

ထိုသို့ပြောရင်းနှင့် သင်္ဘောပေါ်မှ ပျင်းရိပျင်းတွဲဖြင့် ထွက်လာခဲ့ရာ ၊ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ပုံရိပ်မှာ ကောင်းကင်လမ်းစဉ် စင်မြင့်၏ စစ်တုရင်ခုံပေါ်သို့ ကောင်းကင်အရှင်နှင့် မျက်နှာချင်းဆိုင် ရောက်ရှိသွားလေ၏။

နောက်ဆုံးတိုက်ပွဲ၏ အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှောင်ရှန်းတစ်ယောက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောရန် ပြင်လိုက်လေ၏။

"အဘိုးကြီး ကောင်းကင်အရှင်... ခင်ဗျားက မကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်... ဒီနေ့က ခင်ဗျားရဲ့ သေနေ့ပဲ..."

သို့သော်လည်း ၊ တစ်ဖက်ရှိ ကောင်းကင်အရှင်သည် မျက်လုံးများကို ဖွင့်ကာ တည်ငြိမ်စွာဖြင့် ရှောင်ရှန်းကို ကြည့်လိုက်ပြီး ၊ ရာသီဥတုအကြောင်း ဆွေးနွေးနေသကဲ့သို့ သာမန်လေသံဖြင့် ပြောလိုက်သည်။

"မင်း နောက်ကျတယ်..."

"သဘောတူညီချက်အရဆိုရင်... ဝန်ထမ်းရွေးချယ်ပွဲ စာမေးပွဲအချိန်က နံ့သာတိုင်တစ်ဝက်စာလောက် ကျော်လွန်သွားပြီ..."

"ဝုန်း..."

ဤစကားလုံးနှစ်လုံးသည် မည်သည့် မှော်စွမ်းအားထက်မဆို ပိုပြီး ကြီးမားနေသကဲ့သို့ ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး သူကြိုတင်ပြင်ဆင်ထားသော အမှိုက်လို စကားများနှင့် ကြမ်းတမ်းသောစကားများကို အမှုန့်ဖြစ်သွားစေ၏။

"အင်... ဝန်ထမ်းရွေးချယ်ပွဲ ဟုတ်လား..."

သူတစ်ယောက်တည်းသာမက ရေကြေးမုံကနေတဆင့် ဤမြင်ကွင်းကို ကြည့်ရှုနေကြသော "လူသားဧကရာဇ်" သင်္ဘောပေါ်ရှိ လူများမှာလည်း ကြောင်အမ်းသွားကြသည်။

တစ်တောက်တောက် ခေါက်နေသော ရှောင်နီချန်း၏ လက်ချောင်းများမှာလည်း ရပ်တန့်သွားပြီး ၊ ယွီလော့ချာ၏ ဆွဲဆောင်မှုရှိသည့် အမူအရာမှာလည်း တောင့်တင်းသွားကာ ၊ ချင်ချန်း၏ နှစ်သောင်းချီ၍ ပြောင်းလဲခြင်းမရှိသော ရေခဲတုံးမျက်နှာပေါ်တွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်လာလေ၏။

ကောင်းကင်အရှင်သည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

"အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ... ငါ... ကောင်းကင်အရှင်ဆိုတာ နာမည်ဝှက်တစ်ခု... တာဝန်ထမ်းဆောင်တဲ့ အမည်တစ်ခု သက်သက်ပဲ... ငါ့ရဲ့ နာမည်အရင်းကို မင်း သိစရာမလိုဘူး... ငါက ဒီလောကရဲ့ 'စောင့်ရှောက်သူ' ဆိုတာကိုပဲ မင်းသိထားဖို့ လိုတယ်... ဒါမှမဟုတ် ငါ့ကို 'ထောင်မှူး' လို့လည်း မင်းခေါ်နိုင်တယ်..."

သူသည် စကားကို ခေတ္တရပ်လိုက်ပြီး ၊ ထို့နောက် ပို၍ အံ့သြစရာကောင်းသော အမှန်တရားတစ်ခုကို ချပြလိုက်သည်။

"မျိုးဆက်အလိုက်ဆိုရင်... မင်း ငါ့ကို ဘိုးဘေးဦးလေးလို့ ခေါ်သင့်တယ်... ငါက ပထမမျိုးဆက် လူသားဧကရာဇ်ရဲ့ ညီအရင်းပဲ..."

ရှောင်ရှန်းတစ်ယောက် လုံးဝ ကြောင်အမ်းသွားလေတော့၏။

ကောင်းကင်အရှင်သည် လက်ကိုမြှောက်ကာ ဤအဆုံးအစမဲ့သော ဟင်းလင်းပြင် စစ်တုရင်ခုံကြီးကို ညွှန်ပြလိုက်သည်။

"ဒီနေရာကို ဘာလို့ မင်းထင်နေတာလဲ... အမတနယ်မြေလား... နတ်ဘုရားနယ်မြေလား... မှားသွားပြီ..."

သူ၏ လေသံတွင် ရှေးကတည်းက ရှိနေသော ပင်ပန်းနွမ်းနယ်မှု အနည်းငယ်မျှ ပါဝင်နေခဲ့သည်။

"ဒီနေရာက အကျဉ်းထောင်တစ်ခုပဲ... ငါတို့ရှိနေတဲ့ နယ်မြေပြင်ပ ပတ်ဝန်းကျင်က ထောင်သောင်းချီတဲ့ ကြယ်တာရာနယ်မြေတွေ အားလုံးပေါင်းပြီး ဧရာမ အကျဉ်းထောင်ကြီးတစ်ခု ဖြစ်လာတာပဲ.. တကယ်တော့ ငါတို့က အကျဉ်းသားတစ်ယောက်ကို စောင့်ကြပ်နေခဲ့တာပဲ... ' မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ' လို့ ခေါ်တဲ့ နယ်မြေပြင်ပက ကောင်းကင်လမ်းစဉ်ရဲ့ ကပ်ဘေးကောင်ပဲ"

"ကပ်ဘေးကောင်ဟုတ်လား"

ရှောင်ရှန်း၏ လောကအမြင်ကြီးတစ်ခုလုံး ဇောက်ထိုးလှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ဟုတ်တယ်... ကပ်ဘေးကောင်... သူ့မှာ ခံစားချက်မရှိဘူး... ဆန္ဒမရှိဘူး... တစ်ခုတည်းသော ဗီဇကတော့ သူ ထိတွေ့မိတဲ့ အရာအားလုံးကို ဝါးမျိုပစ်ဖို့ နိယာမအားလုံးကို ပြင်ဆင်ဖို့... တည်ရှိနေသမျှ အရာအားလုံးကို ဖျက်ဆီးပြီး ပကတိ 'သုည' အခြေအနေဆီကို ပြန်ပို့ဖို့ပဲ... "

" ငါတို့ ရှောင်မျိုးနွယ်စုရဲ့ တာဝန်က ပထမမျိုးဆက် လူသားဧကရာဇ်ကစပြီး ဒီအကျဉ်းထောင်ရဲ့ ချိတ်ပိတ်မှုကို အဆက်မပြတ် ခိုင်မာအောင် လုပ်ပြီး လောကကြီး တည်ရှိနေအောင် ထိန်းသိမ်းဖို့ပဲ..."

"ဒါပေမဲ့ ချိတ်ပိတ်မှုမှာလည်း အကန့်အသတ်ရှိတယ်... ငါ့ရဲ့ သက်တမ်းကလည်း မကြာခင် ကုန်ဆုံးတော့မယ်..."

ကောင်းကင်အရှင်၏ အကြည့်များသည် စစ်ဆေးအကဲဖြတ်နေသကဲ့သို့ ရှောင်ရှန်း၏ အပေါ်သို့ ပထမဆုံးအကြိမ် ကျရောက်လာသည်။

"ဒါကြောင့် ငါ အရာအားလုံးကို စီစဉ်ခဲ့တာပဲ... သာရှရဲ့ ကပ်ရောဂါ... မိစ္ဆာနယ်မြေရဲ့ ပုန်ကန်မှု... အမတ မဟာမိတ်အဖွဲ့ ရောက်လာတာတွေ... မင်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေ အားလုံးကို ငါကိုယ်တိုင် စီစဉ်ခဲ့တာ... ဒါက အာဏာလုဖို့ မဟုတ်သလို ဖျက်ဆီးပစ်ဖို့လည်း မဟုတ်ဘူး... ဒါဟာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ 'အမြင့်ဆုံး ဖိအားပေး စစ်ဆေးမှု' တစ်ခုပဲ..."

"ငါက သက်တောင့်သက်သာ နေလာတာ ကြာပြီဖြစ်တဲ့ လူသားဧကရာဇ် သွေးကြောထဲကနေ ထူးခြားတဲ့သူ တစ်ယောက်၊ အပြောင်းအလဲတစ်ခုကို ရွေးချယ်ဖို့ လိုအပ်နေခဲ့တာ... 'လမ်းစဉ်' ရဲ့ ချုပ်နှောင်မှုကို မခံရဘဲ သာမန်အတိုင်း မလုပ်ဆောင်တတ်တဲ့သူ ....နောက်ပြီး စဉ်းစားတွေးခေါ်ပုံက ဒီ'စစ်တုရင်ခုံ' ပြင်ပကို ကျော်လွန်နိုင်မယ့် သူတစ်ယောက်ကိုပေါ့..."

ကောင်းကင်အရှင်၏ အကြည့်များသည် ရှောင်ရှန်း၏ ဟန်ဆောင်မှုအားလုံးကို ဖောက်ထွင်းကာ သူ၏ အပျင်းထူသော ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ တိုက်ရိုက် ရောက်ရှိသွားသကဲ့သို့ပင်။

"မင်းရဲ့ 'ပျင်းရိခြင်း'၊ မင်းရဲ့ 'ပြဿနာကို ရှောင်ဖယ်ခြင်း'၊ မရည်ရွယ်ဘဲနဲ့ အမြဲတမ်း အောင်ပွဲယူနိုင်တဲ့ မင်းရဲ့ ' ကံကောင်းမှု' တွေက သူ့အတွက် နားလည်ဖို့ခက်ပြီး တွက်ချက်လို့ မရနိုင်တဲ့ အရာတွေပဲ... 'မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ' ရဲ့ အဖျက်စွမ်းအား ၊ အကြောင်းအကျိုးနဲ့ စည်းမျဉ်းတွေအပေါ်မှာ ... မင်း၊ ရှောင်ရှန်း... မင်းကိုယ်တိုင်က အကြီးမားဆုံး 'စည်းကမ်းမဲ့မှု' ပဲ..."

" မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေ အားလုံး၊ အမှားလုပ်မိတိုင်း အဆင်ပြေသွားတာတွေ အားလုံးက သူ့ရဲ့ တွက်ချက်မှု ပြင်ပမှာ ရှိနေပြီး ၊ ခုလို ထွက်ပေါက်မရှိတဲ့ အခြေအနေအတွက် တစ်ခုတည်းသော အပြောင်းအလဲကို ထည့်သွင်းပေးလိုက်တာပဲ..."

ကောင်းကင်အရှင်သည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဆက်ပြောပြန်သည်။

"မင်း အရက်မူးပြီး အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံရတဲ့ အချိန်ကစလို့ ငါလုပ်ခဲ့တာတွေ အားလုံးက... မင်းအတွက် အကြီးကျယ်ဆုံး၊ အခက်ခဲဆုံးနဲ့ အထိရောက်ဆုံး 'အရိုက်အရာ ဆက်ခံခြင်း အခမ်းအနား' တစ်ခုကို စီစဉ်ပေးနေတာပဲ..."

သူ၏ မျက်လုံးများမှာ အလွန်ပင် လေးနက်နေ၏။

"အခု... နောက်ဆုံး စမ်းသပ်မှု စတင်ပြီ..."

"ငါ့ကို အနိုင်ယူပြီး ဒီစွမ်းအားကို လက်ခံဖို့ အရည်အချင်းရှိကြောင်း သက်သေပြ.... ပြီးရင် ငါ့နေရာကို ဆက်ခံပြီး ဒီလောကရဲ့ စောင့်ရှောက်သူသစ် ဖြစ်လာပါ... နောက်ထပ် 'မင်း' တစ်ယောက် ပေါ်မလာမချင်း ဒီလောကကို ထာဝရ စောင့်ကြပ်နေရမယ်..."

"......"

ရှောင်ရှန်း တစ်ယောက် လုံးဝ ကြောင်အမ်းသွားတော့သည်။

ဘဝတစ်ဝက်လောက် အသေအလဲ အလုပ်လုပ်ပြီး အစောကြီး အငြိမ်းစားယူတော့မည့် အလုပ်သမားလေး တစ်ယောက်ကို အငြိမ်းစားမယူခင် နောက်ဆုံးနေ့တွင် သူဌေးကြီးက ရုတ်တရက် ရောက်ချလာကာ 'လူလေး မင်း သေချာလုပ်ခဲ့တယ်... မနက်ဖြန်ကစပြီး မင်းက ဒီအဖွဲ့အစည်းရဲ့ သူဌေးသစ်ပဲ... ပြီးတော့ တစ်သက်လုံး လုပ်ရမယ်... အားလပ်ရက် မရှိဘူး... လစာ မရှိဘူး... အလုပ်ထွက်ခွင့် မရှိဘူး... မင်းသေတဲ့အထိပဲ' ဟု ပြောလာသကဲ့သို့ပင်။

သူ အိမ်မက်မက်နေသည့် အငြိမ်းစားဘဝ၊ စကြာဝဠာအစွန်းသို့ သွားကာ ကုန်စုံဆိုင်လေးဖွင့်မည့် သူ၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ အရန်ရန်ပုံငွေ မရှိ ၊ အလုပ်ဆင်းချိန် မရှိ၊ ဘယ်တော့မှ အငြိမ်းစားယူ၍ မရနိုင်သော စကြာဝဠာအဆင့်ရှိ တစ်သက်တာရာထူးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ယခင်က မကြုံဖူးသော အမျက်ဒေါသသည် ခြေဖဝါးမှ ဦးခေါင်းထိပ်အထိ ထိုးတက်လာခဲ့သည်။

"ကျုပ် မလုပ်နိုင်ဘူး..."

အဆုံးမရှိသော နာကြည်းမှုနှင့် အမျက်ဒေါသများ ပါဝင်နေသည့် ရှောင်ရှန်း၏ ဟိန်းဟောက်သံသည် တိတ်ဆိတ်နေသော ဟင်းလင်းပြင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေ၏။

"ဘာဖြစ်လို့လဲ... ကျုပ် အသေအလဲ ပင်ပင်ပန်းပန်းနဲ့ စစ်လည်းတိုက်ရတယ်... စီးပွားရေးလည်း လုပ်ရတယ်... ညဘက်တွေ ဘယ်လောက်တောင် အိပ်ရေးပျက်ခဲ့ရသလဲ... ဆံပင်တွေ ဘယ်လောက်တောင် ကျွတ်ခဲ့ရသလဲ... ဒါတွေအားလုံးက အစောကြီး အငြိမ်းစားယူနိုင်ဖို့ပဲ..."

" အခု ခင်ဗျားက ဒါတွေအားလုံးဟာ အလုပ်ဝင်ဖို့ စစ်ဆေးမှုတစ်ခုလို့ ပြောနေတာလား... ကျုပ်ကို ၉၉၆ အလုပ်ချိန်ကနေ စကြာဝဠာကြီး ပျက်စီးတဲ့အထိ အလုပ်လုပ်ခိုင်းမလို့လား... လမ်းစမရှိဘူး... အသက်ရှုပေါက်တောင် မရှိဘူး..."

သူ၏ ငြင်းဆန်မှုသည် အလွန်ပင် ပြတ်သားပြီး ၊ အလွန်ပင် ခိုင်မာလှသည်။ စည်းမျဉ်းများအောက်တွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော တားမြစ်ချက်တစ်ခုကို နှိုးဆွမိလိုက်သကဲ့သို့ပင်။

ကောင်းကင်လမ်းစဉ် စင်မြင့်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ၊ ကြယ်တံခွန်များကဲ့သို့ တောက်ပနေသော နိယာမမျဉ်းကြောင်းများသည် အရူးအမူး တောက်ပလိုက် မှေးမှိန်လိုက် ဖြစ်လာ၏။

စစ်တုရင်ခုံ၏ အမြင့်ဆုံးနေရာရှိ အဆုံးမရှိသော ဟင်းလင်းပြင်ကြီးထဲတွင် မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍မရနိုင်သော ဧရာမ မျက်လုံးကြီးတစ်လုံးသည် ဖြည်းညင်းစွာ ပွင့်လာလေ၏။

ထိုမျက်လုံးထဲတွင် သူငယ်အိမ် မရှိဘဲ ၊ မရေမတွက်နိုင်သော မီးခိုးရောင်၊ ဆွေးမြည့်နေသည့် မှော်သင်္ကေတများကသာ အဆက်မပြတ် ပေါင်းစပ်လိုက် ပျက်သုဉ်းလိုက် ဖြစ်နေသည်။ ၎င်းထံမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်လာခြင်း မရှိသော်လည်း ၊ ၎င်းပွင့်လာသည့် အခိုက်အတန့်မှာပင် "အရာခပ်သိမ်းသည် နောက်ဆုံးတွင် ချုပ်ငြိမ်းလျက် ဗလာနိတ္တိအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်" ဟူသော စိတ်ဆန္ဒတစ်ရပ် သက်ရောက်လာလေ၏။

အနှောင့်အယှက်ပေးခံလိုက်ရသော "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ' သည် နိုးထလာခဲ့ချေပြီ။

ကောင်းကင်အရှင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ၊ ၎င်းမှာ သူ့ အစီအစဉ်အတိုင်း ဖြစ်သော်လည်း သို့သော် ထင်မှတ်မထားသည့် ကူကယ်ရာမဲ့မှုမျိုး ဖြစ်သည်။

"ကြည့်ရတာ... မင်းမှာ ငြင်းဆန်ဖို့ ရွေးချယ်စရာတောင် မရှိတော့ဘူး..."

"သူက အသစ်ဖြစ်လာတဲ့ 'အပြောင်းအလဲ' ကို ခံစားမိသွားပြီ... စမ်းသပ်မှုက စောသွားပြီ..."

မီးခိုးရောင် မျက်လုံးကြီးသည် ဤပွဲတွင် အတောက်ပဆုံး "အပြောင်းအလဲ" ဖြစ်သည့် ရှောင်ရှန်းကို ချက်ချင်းပင် ပစ်မှတ်ထားလိုက်သည်။

ကောင်းကင်အရှင်သည် ခြေတစ်လှမ်း လှမ်းကာ ရှောင်ရှန်း၏ အရှေ့တွင် ကာကွယ်လိုက်၏။ မီးခိုးရောင် မျက်လုံးကြီး၏ စိုက်ကြည့်မှုအောက်တွင် ၊ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် မှုန်ဝါးလာပြီး ဖောက်ထွင်းမြင်ရကာ ပျောက်ကွယ်တော့မည့်အလား ဖြစ်ပေါ်နေသည်။

သူသည် ရှောင်ရှန်းအတွက် ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို ရယူပေးနိုင်ရန် သူ၏ နောက်ဆုံးသော မူလရင်းမြစ်ကို အသုံးပြုနေခြင်းပင် ဖြစ်သည်။

"လူသားဧကရာဇ်" သင်္ဘောပေါ်ရှိ ရှောင်နီချန်း၊ ယွီလော့ချာ၊ ချင်ချန်း အပါအဝင် လူအားလုံးသည် ထိုမီးခိုးရောင် မျက်လုံးကြီး၏ စိုက်ကြည့်မှုအောက်တွင် ယခင်က မကြုံဖူးသော ကြောက်ရွံ့မှုမျိုးကို ခံစားလိုက်ကြရသည်။

ထိုအရာသည် သေဆုံးခြင်းကို ကြောက်ရွံ့ခြင်း မဟုတ်ဘဲ ၊ "တည်ရှိမှု" ကိုယ်တိုင် ဖယ်ခွာခံရခြင်းမျိုး ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အရောင်ဖျော့လာပြီး ၊ မှတ်ဉာဏ်များလည်း မှုန်ဝါးလာကာ ၊ နောက်တစ်စက္ကန့်တွင် ဤလောကထဲမှနေ၍ မည်သည့် ခြေရာလက်ရာမျှ မကျန်တော့ဘဲ လုံးဝ ဖျက်ဆီးခံရတော့မည့်အလား ခံစားလိုက်ရ၏။

All Chapters