← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀) - ငါ၏ အပျင်းထူမှုဖြင့် လမ်းစဉ်ကို သက်သေပြမည်

ထိုဧရာမ မီးခိုးရောင် မျက်လုံးကြီးတွင် ခံစားချက်မရှိ စည်းမျဉ်းသာ ရှိသည်။ ၎င်းပွင့်လာသည့် အခိုက်အတန့်မှာပင် "ဖျက်ဆီးပစ်မည်" ဟူသော စိတ်ဆန္ဒသည် ဒီရေအလား ကောင်းကင်လမ်းစဉ် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

၎င်းသည် စွမ်းအားများဖြင့် တိုက်ခိုက်ခြင်း မဟုတ်သလို နိယာမတရားများဖြင့် ဖိနှိပ်ခြင်းလည်း မဟုတ်ဘဲ ၊ ပို၍ အဆင့်မြင့်သည့် "ဖျက်သိမ်းခြင်း" အမိန့်အာဏာတစ်ချက်ဖြင့် လုံလောက်သည်။

"လူသားဧကရာဇ်" စစ်သင်္ဘောအုပ်စု၏ အစွန်ဆုံးရှိ အစောင့်အရှောက်တပ်ဖွဲ့၏ စစ်သင်္ဘောတစ်စင်းမှာ လုံးဝ မရှိခဲ့ဖူးသည့်အလား အသံတိတ်စွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။

မိစ္ဆာမျိုးနွယ်ဝင် ဝံပုလွေစောင့်ရှောက်သူ တစ်ဦးသည် သူ့လက်သည်းများကို ထိတ်လန့်စွာဖြင့် ငုံံံ့ကြည့်နေမိသည်။ လက်သည်းထိပ်ရှိ အမွှေးအမျှင်များမှာ အရောင်ကျလာပြီး မှေးမှိန်လာကာ ၊ သူ၏ သိမြင်နားလည်မှုပါ အတူတူ မှုန်ဝါးလာလေ၏။

မျှော်လင့်ချက် ကင်းမဲ့ခြင်းသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ သုံးလောက မဟာမိတ်တပ်ဖွဲ့များကြားတွင် ပျံ့နှံ့သွားခဲ့သည်။ တိုက်ခိုက်မှုအားလုံး ဤအခိုက်အတန့်တွင် မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ချေ။

ဝိညာဉ်စွမ်းအား ထည့်သွင်းထားသော လေးမြားများဖြစ်စေ၊ မိစ္ဆာမျိုးနွယ်များ၏ ရူးသွပ်သော တိုက်ခိုက်မှုများဖြစ်စေ ၊ ထိုအကြည့် တစ်ချက်အောက်တွင် အလိုအလျောက် ပြိုကွဲကာ ဗလာနိတ္ထိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

သူတို့၏ လက်နက်များ၊ သူတို့၏ စွမ်းအားများနှင့် သူတို့ကိုယ်တိုင် ဖြစ်တည်မှုသည်ပင် ဤလောက၏ အခြေခံအကျဆုံး စည်းမျဉ်းများမှ နေ၍ တစ်စချင်း ဖျက်သိမ်းခံနေရ၏။

"လူသားဧကရာဇ်" သင်္ဘောပေါ်ရှိ ရှောင်နီချန်းသည် လက်ရန်းကို အသေအလဲ ဆုပ်ကိုင်ထားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေပြီ။ သူမ၏ ဦးနှောက်ထဲရှိ သေချာစွာ တွက်ချက်ထားသော အကြံအစည်များ၊ ကြီးမားသော နည်းဗျူဟာများမှာ ဟာလာဟင်းလင်း ဖြစ်လာပြီး အခြေခံအုတ်မြစ် ပျောက်ဆုံးသွားသကဲ့သို့ ခံစားနေရသည်။

ဤသည်မှာ လောကရှိ အရာခပ်သိမ်း၏ "ရှိခြင်းတရား" ကို ဖယ်ရှားပြီး "မရှိခြင်းတရား" သို့ ပြန်လည်ပို့ဆောင်မည့် "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ"၏ စွမ်းအားပင် ဖြစ်သည်။

ကောင်းကင်လမ်းစဉ် စင်မြင့် အလယ်ဗဟိုတွင် ၊ ရှောင်ရှန်းသည် သူ့ရှေ့မှ မြင်ကွင်းကို စူးစိုက်ကြည့်နေသည်။

ဘိုးဘေးဦးလေးဟု သူ့ကိုယ်သူ ခေါ်ဆိုခဲ့သော ကောင်းကင်အရှင်၏ ခန္ဓာကိုယ်မှာ လေတိုက်ခံ‌ရသော ဖယောင်းတိုင်မီးတောက်ကဲ့သို့ မှုန်ဝါးနေပြီ ဖြစ်သော်လည်း ၊ သူ့ရှေ့တွင် ခေါင်းမာစွာဖြင့် ကာကွယ်ပေးထားဆဲဖြစ်ပြီး မကြာမီ လောင်ကျွမ်းသွားတော့မည့် သူ၏ တည်ရှိမှုဖြင့် အဓိပ္ပာယ်မရှိသော အသက်ရှင်သန်ခွင့်လေးတစ်ခုကို ကြိုးစားရယူပေးနေလေ၏။

သူသည် အဆုံးမရှိသော ဟင်းလင်းပြင်ကြီးကို ဖြတ်၍ နောက်ဘက်ရှိ "လူသားဧကရာဇ်" သင်္ဘောပေါ်မှ အစ်မတော် ၊ ယွီလော့ချာ၊ ချင်ချန်းစသည့် ရင်းနှီးသော မျက်နှာများပေါ်တွင် ဖြစ်ပေါ်လာသည့် ထိတ်လန့်မှုနှင့် တွေဝေမှုများကို အတိုင်းသား မြင်တွေ့နေရသည်။

စိတ်ညစ်စရာပဲ...

ယခင်က မကြုံဖူးသော စိတ်ရှုပ်ထွေးမှုမျိုးသည် သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

'ဘာဖြစ်လို့လဲ...'

' အရှုပ်ထုပ် အိမ်ရှေ့စံရာထူးကနေ ရာထူးချခံချင်လို့ အမှားလုပ်တိုင်း အဆင်ပြေသွားပြီး အရင်ကထက် ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တယ်'

' အခု သူ့အနေနဲ့ အဖြစ်မှန်ကို လက်ခံပြီး ၊ ဒီနောက်ဆုံးစစ်ပွဲ ပြီးသွားရင် စကြာဝဠာအစွန်းမှာ ကုန်စုံဆိုင်လေးဖွင့်ပြီး ဘဝရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်လို့ တွေးထားရုံလေးပါ..'

' နောက်ဆုံးကျတော့ ဒါက အလုပ်ဝင်ဖို့ စစ်ဆေးမှုတဲ့လား... နောက်ဆုံး ဆုကြေးက အချိန်မရွေး အလုပ်ထွက်လို့ရတဲ့ ရာထူးကနေ အားလပ်ရက်မရှိ၊ အလုပ်ထွက်ခွင့်မရှိ၊ ဘယ်တော့မှ အငြိမ်းစားယူခွင့်မရှိတဲ့ စကြာဝဠာ တံခါးစောင့်အဘိုးကြီး ဖြစ်သွားရသတဲ့လား'

' ဘာလောကကြီးကို ကယ်တင်မယ့်သူလဲ... သွားသေလိုက် ၊ ဘာ စောင့်ရှောက်သူလဲ အကုန်လုံး သွားသေလိုက်...'

မည်မျှကြာအောင် စုဆောင်းထားမှန်း မသိနိုင်သည့် နာကြည်းမှုများသည် အငြိမ်းစားဘဝကို သနားညှာတာမှု ကင်းမဲ့စွာ လုယူခံလိုက်ရသော အမျက်ဒေါသများနှင့် ရောနှောကာ လုံးဝ ပေါက်ကွဲထွက်သွားလေတော့၏။

"စိတ်ညစ်စရာ ကောင်းလိုက်တာ..."

ရှောင်ရှန်း၏ ဟိန်းဟောက်သံတွင် အဆုံးမရှိသော နာကြည်းမှုနှင့် အမျက်ဒေါသများ ပါဝင်နေပြီး ၊ တိတ်ဆိတ်နေသော ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

သူသည် ပျောက်ကွယ်တော့မည့် ကောင်းကင်အရှင်ကို တစ်လှည့်၊ ကောင်းကင်ပေါ်ရှိ စိတ်ခံစားမှုကင်းမဲ့နေသော မီးခိုးရောင် မျက်လုံးကြီးကို တစ်လှည့် ကြည့်လိုက်ပြီး ၊ ထို့နောက် လက်ညှိုးငေါက်ငေါက် ထိုးကာ အော်ဟစ်လေတော့သည်။

"ဒါကို တိုက်ဖို့ အချိန်ပိုလုပ်ရ... ဟိုဟာကို တိုက်ဖို့ အချိန်ပိုလုပ်ရနဲ့... အခုကြတော့ တစ်သက်လုံး အလုပ်လုပ်ရမယ်လို့ လာပြောနေပြန်တယ်... ဘာလူသားဧကရာဇ်လဲ၊ ဘာတာဝန်လဲ... ငါ မလုပ်တော့ဘူး..."

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ၊ သူသည် ကောင်းကင်အရှင်၊ "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ" နှင့် ကောင်းကင်လမ်းစဉ် စင်မြင့်တစ်ခုလုံးပင် နားမလည်နိုင်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်လေ၏။

သူသည် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် တာဝန်များကို သယ်ဆောင်ထားသည့် လူသားဧကရာဇ် တံဆိပ်တုံးကို ထုတ်ယူလိုက်ပြီး ၊ ပူလောင်နေသော ကန်စွန်းဥတစ်လုံးကို ပစ်ချလိုက်သည့်အလား မြေကြီးပေါ်သို့ အားကုန် ပေါက်ချလိုက်လေ၏။

"ဒေါင်..."

ကြည်လင်သော တိုက်မိသံသည် အသံပင် မထွက်နိုင်သော ဤဟင်းလင်းပြင်ကြီးထဲတွင် စူးရှစွာ ထွက်ပေါ်လာလေ၏။

ထို့နောက် သူ၏ သိုလှောင်လက်ကောက်မှ အလင်းရောင် တစ်ချက် ဝင်းလက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူ အနှစ်သက်ဆုံးဖြစ်သည့် နူးညံ့သော သားရဲသားရေ ခင်းထားကာ၊ လက်ရန်းများမှာ ကိုင်တွယ်ပါများ၍ ပြောင်လက်နေပြီး၊ လူသားတစ်ယောက်၏ ပျင်းရိသော ခန္ဓာကိုယ်အချိုးအစားနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည့် "ငါးဆားနယ် ကုလားထိုင်" ကြီးသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဘုန်း" ဟူသော အသံနှင့်အတူ ၊ ကုလားထိုင်ကြီးသည် ကောင်းကင်လမ်းစဉ် စင်မြင့်၏ အလယ်ဗဟိုတွင် ခိုင်မြဲစွာ ကျဆင်းလာသည်။

ရှောင်ရှန်းသည် သုံးလောကလုံးကို တုန်လှုပ်စေနိုင်သော ထိုမီးခိုးရောင် မျက်လုံးကြီးကို တစ်ချက်မျှပင် မကြည့်ဘဲ ကုလားထိုင်ဆီသို့ တည့်မတ်စွာ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ၊ သက်တောင့်သက်သာ အနေအထားကို ချိန်ညှိကာ ပက်လက်လှန် လှဲလျောင်းလိုက်လေ၏။

သူသည် မျက်လုံးမှိတ်လိုက်ပြီး ကျေနပ်အားရမှု အပြည့်ပါသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ဖျက်ဆီးပစ်လိုက်စမ်းပါ... မြန်မြန်လုပ်... ပင်ပန်းနေပြီ..."

ဤအခိုက်အတန့်တွင် ၊ သူသည် ခုခံမှုကို စွန့်လွှတ်လိုက်သလို စဉ်းစားတွေးခေါ်မှု ၊ လူသားဧကရာဇ်၏ အဆင့်အတန်း ထို့အပြင် လောကကို ကယ်တင်ရမည့် တာဝန်ကိုပါ စွန့်လွှတ်လိုက်လေ၏။

သူ၏ "ငါ" ဟူသော အယူအဆကိုပင် စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူသည် သူ၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ အသန့်စင်ဆုံး၊ အမြင့်မြတ်ဆုံးနှင့် မူလဆန္ဒဖြစ်သော "ဘာမှမလုပ်ကိုင်ခြင်း" ဆန္ဒကို လွှတ်ပေးလိုက်တော့သည်။

လောကကြီးသည် သူ နှင့် မဆိုင် ၊ သူ့အတွက် အေးအေးလူလူ အိပ်စက်ခြင်းသည်သာ သက်ဆိုင်၏။

အံ့ဖွယ်ကိစ္စသည် ဤအခိုက်အတန့်မှာပင် ဖြစ်ပေါ်လာခဲ့သည်။

ရှောင်ရှန်းသည် ထိုသို့သော "အရာအားလုံးသည် ဗလာ ၊ ငါသာလျှင် အပျင်းဆုံးဖြစ်သည်" ဟူသော ပကတိ "ဘာမှမလုပ်ကိုင်ခြင်း" အခြေအနေသို့ ရောက်ရှိသွားချိန်တွင် ၊

ဖမ်းဆုပ်၍မရသော်လည်း အမှန်တကယ် တည်ရှိနေသော " လူပျင်းတစ်ယောက်၏ ကံကြမ္မာ" သည် နောက်ဆုံး ခိုလှုံရာကို ရှာတွေ့သွားသကဲ့သို့ ယခင်က မရောက်ဖူးသော အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားခဲ့သည်။

ဤကံကြမ္မာသည် ဤနေရာရှိ အခြေခံအကျဆုံးဖြစ်သော "မရှိခြင်း" ဟူသည့် လမ်းစဉ်နှင့် ထူးဆန်းစွာ ပဲ့တင်ထပ်သွားလေ၏။

ကောင်းကင်ပေါ်ရှိ မီးခိုးရောင် မျက်လုံးကြီးထံ၌ ပထမဆုံးအကြိမ် ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့သည်။

၎င်း၏ "ဖျက်သိမ်းခြင်း" ဆိုင်ရာ ဥပဒေသည် ရှောင်ရှန်းကို ဖြတ်သန်းသွားချိန်တွင် ယခင်က မကြုံဖူးသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

"မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ'" ၏ အနှစ်သာရမှာ အရာအားလုံး၏ "ရှိခြင်း" အယူအဆကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုများကို ဖျက်ဆီးနိုင်သည်၊ စွမ်းအားများကို ဖျက်ဆီးနိုင်သည်၊ နိယာမများကို ဖျက်ဆီးနိုင်သည်၊ သက်ရှိများကို ဖျက်ဆီးနိုင်သည်၊ မှတ်ဉာဏ်များကိုပင် ဖျက်ဆီးနိုင်သည်။ သို့သော် ၎င်းသည် "မရှိခြင်း" ကိုတော့ နားမလည်နိုင်သလို မဖျက်ဆီးနိုင်ချေ။

ဤအခိုက်အတန့်တွင် ရှောင်ရှန်းသည် သူကိုယ်တိုင်၏ ဖြစ်တည်မှုမှာ 'မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ'၏ ခံယူချက်အတိုင်း ပကတိ "မရှိခြင်း" တစ်ခု ဖြစ်သွားလေ၏။

သူသည် 'မရှိခြင်း' မဟုတ်ဘဲ၊ "တည်ရှိနေမှုကို ငြင်းဆန်ခြင်း" ဟူသော နည်းလမ်းဖြင့် တည်ရှိနေခြင်း ဖြစ်သည်။

ဤသည်မှာ ကောင်းကင်လမ်းစဉ် ကပ်ဘေးကောင်ပင် ဖြေရှင်း၍မရနိုင်သော အမြင့်ဆုံး ချို့ယွင်းချက်တစ်ခု ဖြစ်သွားလေ၏။

မီးခိုးရောင် မျက်လုံးကြီး၏ အရာခပ်သိမ်းကို ဖျက်ဆီးပစ်မည့် လုပ်ငန်းစဉ်ကြီးမှာ မျက်ဝါးထင်ထင် "ရပ်တန့်" သွားလေသည်။ စစ်သင်္ဘောအုပ်စု တစ်ခုလုံးကို လွှမ်းခြုံထားသော ပျက်သုဉ်းခြင်း စွမ်းအားကြီးမှာလည်း ရုတ်တရက် ရပ်တန့်သွား၏။

လူတိုင်းသည် မိမိတို့၏ တည်ရှိမှု ဖယ်ရှားခံရမည့် ကြောက်ရွံ့မှုမှ ရုန်းထွက်လာနိုင်ပြီး ၊ ကောင်းကင်လမ်းစဉ် စင်မြင့် အလယ်ဗဟိုရှိ ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်နေပြီ ဖြစ်ပုံရသော ပုံရိပ်ကို ကြောင်အမ်းစွာဖြင့် ကြည့်နေမိသည်။

ပျောက်ကွယ်တော့မည့် ကောင်းကင်အရှင်ပင်လျှင် ပြိုကွဲခြင်း အဖြစ်မှ ရပ်တန့်သွားပြီး ၊ သူ၏ လောကအမြင်မှာလည်း လုံးဝ ပြောင်းလဲသွားသကဲ့သို့ တွေဝေမှုမျိုး ဖြစ်ပေါ်လာ၏။

"ဘာမှမလုပ်ခြင်း" ဖြင့် ရန်သူကို ရင်ဆိုင်သတဲ့လော။

ထိုအချိန်မှာပင်၊ ရှောင်ရှန်း မြေကြီးပေါ်သို့ ပစ်ချခဲ့သော လူသားဧကရာဇ် တံဆိပ်တုံးသည် ယခင်က မရှိခဲ့ဖူးသော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။ သခင်ဖြစ်သူ၏ "ဘာပဲဖြစ်ဖြစ်၊ ငါ အလုပ်မလုပ်ဘူး" ဟူသော အမြင့်ဆုံး ဘာမှမလုပ်ကိုင်ခြင်း ဆန္ဒကို ခံစားမိသွားပြီး ၊ ယခင်က မကြုံဖူးသော တွန်းအားပေးမှုတစ်ရပ်ကို ခံလိုက်ရသကဲ့သို့ပင်။

တာဝန်များကြောင့် ချုပ်နှောင်ခံခဲ့ရသော မျိုးဆက်အဆက်ဆက် လူသားဧကရာဇ်များ၏ မကျေနပ်မှုများနှင့် စွဲလမ်းမှုများသည် ဤအခိုက်အတန့်တွင် အစွမ်းကုန် နိုးထလာခဲ့သည်။သို့သော် ထိုအလင်းရောင်သည် တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ ၊ ကောင်းကင်၌ ရပ်တန့်နေသော မီးခိုးရောင် မျက်လုံးကြီးကို အရူးအမူး လေ့လာဆန်းစစ်နေပြီး ၊ ၎င်း၏ ဖွဲ့စည်းပုံ နိယာမများကို နားလည်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

'မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ'သည်လည်း ဤရုတ်တရက် ဖြစ်ပေါ်လာသော ချို့ယွင်းချက်ကြောင့် ဒေါသထွက်သွားပုံရသည်။ ၎င်းသည် ကောင်းကင်အရှင်နှင့် သုံးလောက မဟာမိတ်တပ်ဖွဲ့ကို ဖျက်ဆီးခြင်းအား ယာယီ စွန့်လွှတ်လိုက်ပြီး ၊ ရှောင်ရှန်းအပေါ်သို့ အာရုံစိုက်ကာ ဤ " အားနည်းချက်" ကို ဖြေရှင်းပြုပြင်ရန် ကြိုးစားလေတော့၏။

ကောင်းကင်လမ်းစဉ် စင်မြင့်တစ်ခုလုံး၏ နိယာမများသည် စက်ရပ်တော့မည့် ကွန်ပျူတာတစ်လုံးကဲ့သို့ အရူးအမူး တောက်ပလိုက် မှေးမှိန်လိုက် ဖြစ်လာကြသည်။

ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ရှောင်ရှန်းသည် ဤမှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းရောင်ကြောင့် သူ၏ အိပ်မက်ကောင်းမှာ အနှောင့်အယှက်ပေးခံလိုက်ရသကဲ့သို့ ၊ မကျေမချမ်းဖြင့် တစ်ဖက်သို့ လှည့်ကာ အိပ်သည့်အနေအထားကို ပြန်ပြင်လိုက်ပြီး မပီမသဖြင့် အိပ်မက်ယောင်ကာ ရေရွတ်လိုက်သည်။

"ဟွမ်သွမ့်... ငါ အိပ်နေတာ ဆူညံနေတယ်... သူ့ကို ဖြေရှင်းလိုက်... မဟုတ်ရင် မင်းလစာကို ဖြတ်မယ်..."

ထိုမပီမသ ညည်းညူသံသည် လူသားဧကရာဇ် တံဆိပ်တုံးနှင့် "မရှိခြင်း" လမ်းစဉ်၏ ပဲ့တင်ထပ်မှုမှတစ်ဆင့် ချက်ချင်း ကြီးမားသွားပြီး ၊ အမြင့်ဆုံးသော ချိတ်ပိတ်မှု ဖြေလျှော့ခြင်း အမိန့်တော်အဖြစ် ပြောင်းလဲကာ အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ချိတ်ပိတ်ထားသည့် နေရာဆီသို့ တိကျစွာ ရောက်ရှိသွားလေတော့၏။

"ဝုန်း..."

ကြီးမားသော ကျယ်လောင်သံနှင့်အတူ ၊ ကောင်းကင်လမ်းစဉ် စင်မြင့်၏ စစ်တုရင်ခုံပေါ်ရှိ ဟင်းလင်းပြင်ကြီးကို မမြင်နိုင်သော လက်ကြီးတစ်ဖက်က အတင်းဆွဲဖြဲလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်း အမည်းကြီးတစ်ခု ပေါ်ထွက်လာလေ၏။

ရူးသွပ်ကြမ်းတမ်းပြီး အလွန်အမင်း ရှေးကျသော အရှိန်အဝါများသည် ရေကာတာကျိုးပေါက်သွားသည့် ဆည်ရေအလား ထိုအထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။ ဤအရှိန်အဝါသည် "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ" ၏ သဘောတရား နှင့် တိတ်ဆိတ်မှုတို့၏ ပကတိ ရန်သူတော်ကြီးပင် ဖြစ်သည်။

ဆက်တိုက်ဆိုသလို ကြီးမားသော ပုံရိပ်ကြီးတစ်ခုက အက်ကွဲကြောင်းထဲမှ အရူးအမူး ရယ်မောကာ တိုးထွက်လာလေ၏။ စွမ်းအားများ အားလုံး ချုပ်လှောင်ခံထားရသည့် ဟွမ်သွမ့် တစ်ယောက် နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့လေပြီ။

"ဟားဟားဟား... နောက်ဆုံးတော့ ငါ့ကို လွှတ်ပေးလိုက်ပြီပေါ့..."

ဟွမ်သွမ့်၏ ဟိန်းဟောက်သံကြီးကြောင့် ကြယ်တာရာ ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားသည်။ သူသည် ကောင်းကင်ထက်၌ "ရပ်တန့်" နေသော မီးခိုးရောင် မျက်လုံးကြီးကို တစ်ချက် ကြည့်မိလိုက်ရာ ၊ နှစ်သန်းပေါင်းများစွာ ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်သည် အဆူဖြိုးဆုံး သိုးကလေး တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။

သူ၏ ရှုပ်ထွေးနေသော စိတ်ဆန္ဒထဲ၌ ဤသို့သော စည်းမျဉ်းများအပေါ် အလွန်အမင်း ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေလေ၏။

"ငါ အမုန်းဆုံးက မင်းလို အချိန်မှန် အလုပ်ဆင်းပြီး မျက်နှာသေကြီးနဲ့ သေချာနေတဲ့ ကောင်တွေပဲ..."

ကောင်းကင်အရှင် နှင့် သုံးလောက မဟာမိတ်တပ်ဖွဲ့ရှိ လူတိုင်း သစ်သားရုပ်များကဲ့သို့ ကြောင်အမ်းစွာ ကြည့်နေစဉ်မှာပင် ၊

ရှေးဟောင်း ဧရာမ သားရဲကြီး ဟွမ်သွမ့်သည် မည်သည့် နည်းဗျူဟာကိုမျှ ထုတ်မသုံးတော့ဘဲ နယ်မြေပြင်ပ ကောင်းကင်လမ်းစဉ်၏ ကပ်ဘေးကောင် "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ" ဆီသို့ အပြင်းအထန် ခုန်အုပ်သွားလေတော့၏။

မှော်စွမ်းအားများ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မရှိသလို နိယာမများ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလည်း မရှိချေ။ မှန်းဆ၍မရနိုင်သော တည်ရှိမှု နှစ်ခုသည် ကောင်းကင်လမ်းစဉ် စင်မြင့်ပေါ်တွင် လုံးထွေး တိုက်ခိုက်နေကြလေတော့သည်။

တစ်ဖက်က အရာခပ်သိမ်းကို ဖျက်ဆီးပစ်မည့် မီးခိုးရောင် အလင်းတန်းများဖြစ်ပြီး ၊ တစ်ဖက်ကမူ အရာအားလုံးကို ဝါးမျိုပစ်မည့် ရှုပ်ထွေးသော လက်တံများ ဖြစ်သည်။

အခြေအနေမှာ ထိန်းချုပ်မရတော့ဘဲ ၊ လောကကြီး၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်မည့် အမြင့်ဆုံး တရားစီရင်ရေးပွဲကြီးမှသည် မည်သည့် စည်းကမ်းမျှမရှိဘဲ အလွန်အမင်း ရှုပ်ထွေးသော လမ်းဘေး ခိုက်ရန်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

All Chapters