အခန်း ၂၉၁
Vol. 29 Ch. 291 - final
အခန်း (၂၉၁) - အငြိမ်းစားယူခြင်း အမိန့်တော် (ဇာတ်သိမ်းပိုင်း)
ကောင်းကင်လမ်းစဉ် စင်မြင့်ပေါ်တွင် ၊ နိယာမ အပိုင်းအစများသည် လေဆင်နှာမောင်းထဲရှိ မှန်ကွဲစများကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စင်သွားလေ၏။
ဟွမ်သွမ့် နှင့် "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ"တို့၏ တိုက်ပွဲမှာ မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိချေ။ ထိုအရာသည် ကျင့်ကြံသူများကြားမှ မှော်အတတ် ယှဉ်ပြိုင်မှု မဟုတ်ဘဲ ၊ အခြေခံ စည်းမျဉ်းများ၊ အတွေးအခေါ် ၊ သဘာတရားချင်း မကိုက်ညီသည့် အရာနှစ်ခုက အပြန်အလှန် ဖိနှိပ်နေခြင်းနှင့် ပိုတူသည်။
မီးခိုးရောင် အလင်းတန်း ဖြတ်သန်းသွားလေရာ နေရာတိုင်းတွင် ဟွမ်သွမ့်၏ လက်တံများသည် လေထဲတွင်ပင် တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားတတ်ပြီး ၊ တစ်ဖန် မီးခိုးရောင် အလင်းဖြင့် ဖွဲ့စည်းထားသော စည်းမျဉ်းများမှာလည်း အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသည်။
ဤစကြာဝဠာ၏ စစ်တုရင်ခုံကြီးသည် လမ်းဘေး ခိုက်ရန်ဖြစ်ပွဲနှင့်တူသော ဤနောက်ဆုံးတိုက်ပွဲအောက်တွင် ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ချေပြီ။
လွင့်စင်ရိုက်ခတ်လာသော စွမ်းအင်မုန်တိုင်းများသည် ကြယ်တာရာများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ "လူသားဧကရာဇ်" စစ်သင်္ဘောအုပ်စုများအပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။
ဤသို့သော အလွန်အန္တရာယ်များသည့် အချိန်တွင် ၊ ကုလားထိုင်ပေါ်ရှိ ရှောင်ရှန်းသည် တုန်ခါမှုကြောင့် အနည်းငယ် နေရထိုင်ရ မသက်မသာ ဖြစ်သွားပုံရပြီး မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် သူ၏ "ကုတင်" လေးကို အနည်းငယ် ငြိမ်သက်နေစေချင်ရုံ သက်သက်သာ ဖြစ်သည်။
ဤအလွန်တရာ သန့်စင်သော စိတ်ကူးလေးသည် တစ်စုံတစ်ခုသော မူလရင်းမြစ်ကို လှုံ့ဆော်လိုက်လေ၏။
သူ မြေကြီးပေါ်သို့ ပစ်ချထားခဲ့သော လူသားဧကရာဇ် တံဆိပ်တုံးသည် အမြင့်ဆုံး အမိန့်တော်ကို ရရှိလိုက်သကဲ့သို့ တဝီဝီမြည်ကာ လေထဲသို့ ပျံတက်သွားပြီး ၊ ပြင်းထန်သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လာခဲ့သည်။
ဖျက်ဆီး၍မရနိုင်သော ရွှေရောင် အကာအကွယ် အလင်းတန်းကြီးတစ်ခု ချက်ချင်း ပွင့်ထွက်လာပြီး ၊ "လူသားဧကရာဇ်" သင်္ဘောနှင့် သုံးလောက မဟာမိတ်တပ်ဖွဲ့ တစ်ခုလုံးကို တည်ငြိမ်စွာဖြင့် လွှမ်းခြုံထားလိုက်လေသည်။
အပြင်ဘက်တွင် နိယာမတရားများ ပြိုကွဲနေပြီး မုန်တိုင်းများ မည်မျှသောင်းကျန်းနေစေကာမူ ၊ အကာအကွယ် အတွင်း၌ လေပြေတစ်ချက်ကိုပင် မခံစားလိုက်ရချေ။
လူတိုင်း ထိုကုလားထိုင်ကြီးကို ကြည့်ရင်း အလွန်အမင်း ရှုပ်ထွေးနေသော အမူအရာများ ဖြစ်နေကြသည်။
ဟွမ်သွမ့်၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများသည် "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ" ဟူသော ဖြစ်တည်မှုကြီးကို အလွန်အမင်း ခေါင်းကိုက်သွားစေသည်မှာ သေချာသည်။
ဤသို့ အကြောင်းပြချက်မရှိ၊ ယုတ္တိမရှိသော ပြိုင်ဘက်သည် သူ့အဖို့ ဖြေရှင်းရန် အခက်ခဲဆုံးသော ပြသနာပင် ဖြစ်သည်။
အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးစားသော်လည်း ကျရှုံးပြီးနောက်တွင် ၊ "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ"၏ ဧရာမ မီးခိုးရောင် မျက်လုံးကြီးသည် ဟွမ်သွမ့် နှင့် လုံးထွေး တိုက်ခိုက်နေခြင်းကို စွန့်လွှတ်လိုက်လေတော့၏။
၎င်း၏ ပစ်မှတ်သည် လောကကြီး တစ်ခုလုံးဆီသို့ လှည့်သွားပြီး ၊ နောက်ဆုံး အမိန့်ပေးမှုဖြစ်သည့် "ပြန်လည်အသစ်စတင်ခြင်း"ကို စတင် လုပ်ဆောင်လေတော့သည်။
ပုံရိပ်မရှိသော တုန်ခါလှိုင်းတစ်ခုသည် ကောင်းကင်လမ်းစဉ် စင်မြင့်မှ စတင် ပျံ့နှံ့သွားလေ၏။ လောကကြီးကို ဖွဲ့စည်းထားသော နိယာမများသည် အောက်ဆုံးအလွှာမှစ၍ ပြန်လည် ရေးသားခံရသည်။ တောင်တန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှုန်ဝါးလာပြီး ၊ မြစ်ချောင်းများ၏ အယူအဆများ ပျောက်ကွယ်လာကာ ၊ သက်ရှိများ၏ ဖြစ်တည်မှုများသည် အခြေခံမှစ၍ နုတ်ယူ ဖျက်ဆီးခံနေရသည်။
အင်အားအနည်းငယ်မျှသာ ကျန်ရှိတော့သော ကောင်းကင်အရှင်၏ မျက်နှာထက်တွင် လုံးလုံးလျားလျား မျှော်လင့်ချက် ကင်းမဲ့သွားသော အမူအရာများ ဖြစ်ပေါ်လာလေ၏။
ထိုအချိန်မှာပင် ၊ နားကွဲမတတ် ကျယ်လောင်သော နိယာမများ၏ ပြိုကွဲသံများနှင့် စူးရှစွာတောက်ပလာသော အလင်းရောင်များက အဆုံးတွင် ရှောင်ရှန်းကို အနှောင့်အယှက်ပေးမိပြီး နိုးသွားစေခဲ့သည်။
သူ သည်းမခံနိုင်တော့ချေ။
"မပြီးတော့ဘူးလား..."
ရှောင်ရှန်းသည် ကုလားထိုင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး ၊ ရှုပ်ပွနေသော ဆံပင်များနှင့်အတူ မျက်နှာပေါ်တွင် အိပ်ရေးမဝ၍ ဒေါသထွက်နေသည့် အမူအရာများ အပြည့်ဖြစ်နေလေ၏။
သူသည် ဧရာမ မီးခိုးရောင် မျက်လုံးကြီးနှင့် အသေအလဲ တိုက်ခိုက်နေကြသော ဟွမ်သွမ့် ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"လူကို ဒီတစ်သက် အိပ်ခိုင်းဦးမှာလား..."
ဤအသံသည် လူသားဧကရာဇ် တစ်ပါး၏ ဒေါသသံ ၊ ဟိန်းဟောက်သံ မဟုတ်သလို ၊ လောကကြီးကို ကယ်တင်မည့်သူ၏ ကြေညာသံလည်း မဟုတ်ပေ။
နေ့လယ်စာစားချိန် အနားယူခွင့်ကို ရုပ်သိမ်းခံလိုက်ရသော အလုပ်သမားတစ်ယောက်၏ အသန့်စင်ဆုံးနှင့် အရိုးရှင်းဆုံး ညည်းညူသံသာ ဖြစ်၏။
သို့သော်လည်း သူ၏ ထို "အပျင်းထူခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခြင်း" ဟူသော ထူးခြားသည့် အခြေအနေအောက်တွင် ၊ ဤညည်းညူသံလေးသည် စကြာဝဠာ၏ အမြင့်ဆုံး အာဏာကို သွားရောက် ထိမိသွားသကဲ့သို့ပင်။ သူသည် မရည်ရွယ်ဘဲနှင့် အရာအားလုံး၏ အထက်တွင် ရှိနေသော နိယာမအသစ်တစ်ခုကို ထုတ်ပြန်လိုက်လေ၏။
ဤသည်မှာ "အရာခပ်သိမ်း ရပ်နားခြင်း နိယာမ" ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ အချိန်သည် ခေတ္တရပ်နားခြင်း ခလုတ်နှိပ်ခံလိုက်ရသကဲ့သို့ ရပ်တန့်သွားသည်။
ပြင်းထန်စွာ တိုက်ခိုက်နေကြသော ""မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ" နှင့် ဟွမ်သွမ့် တို့သည် လေထဲတွင် ချက်ချင်း အေးခဲသွားပြီး ၊ ရယ်စရာကောင်းသော အနေအထားဖြင့် ရပ်တန့်သွားကြလေ၏။
ရူးသွပ်နေသော စွမ်းအင်မုန်တိုင်းကြီးသည်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ၊ ကောင်းကင်ယံ တစ်ခုလုံးတွင် ငြိမ်သက်နေသော အလင်းမှုန့်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
အရာအားလုံး ရပ်တန့်သွားလေပြီ။
အရာအားလုံးကို လှုပ်ကိုင်နိုင်သော "မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သူ"မှာ "အတင်းအဓမ္မ ရပ်နားခြင်း" နိယာမအောက်တွင် သေစေနိုင်လောက်သော အယူအဆ ပဋိပက္ခတစ်ခုနှင့် ရင်ဆိုင်လိုက်ရလေ၏။
နောက်တစ်စက္ကန့်တွင် ၊ ထိုဧရာမ မီးခိုးရောင် မျက်လုံးကြီးမှာ ချက်ချင်းပင် ပြိုကွဲသွားပြီး နောက်ဆုံးတွင် အသန့်စင်ဆုံး ၊ အကျယ်ပြန့်ဆုံးနှင့် ပိုင်ရှင်မဲ့သော မူလရင်းမြစ် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေတော့သည်။
အန္တရာယ်ကြီးမှာ ရှင်းလင်းသွားလေပြီ။
ရပ်တန့်ခံထားရသော ဟွမ်သွမ့်မှာ ရှောင်ရှန်းကို ကြောင်အမ်းစွာဖြင့် စိုက်ကြည့်နေမိပြီး ၊ သူ၏ ရှုပ်ထွေးနေသော စိတ်ဆန္ဒထဲတွင် ပထမဆုံးအကြိမ်အဖြစ် "ကြောက်ရွံ့ ရိုသေခြင်း" ဟူသော ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်အရှင်၏ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသော ဝိညာဉ်အကြွင်းအကျန်လေးသည် မျက်စိရှေ့ရှိ မယုံနိုင်စရာ ကောင်းသော မြင်ကွင်းကို ကြည့်ရင်း ၊ တိုးတိုးလေး ညည်းညူမိလိုက်သည်။
"အလုပ်ကို ငြီးငွေ့တဲ့ စိတ်ကို အမှီပြုပြီး... စကားတစ်ခွန်းတည်းနဲ့ စည်းမျဉ်းကို ဖြစ်ပေါ်စေတဲ့ အဆင့်ထိကို လုပ်ဆောင်နိုင်ခဲ့တယ်... နောက်ဆုံးတော့ 'အတင်းအကျပ် အလုပ်ဆင်းခြင်း' ဆိုတဲ့ နိယာမကို ထုတ်ပြန်လိုက်တာပဲ... ငါ နှစ်သောင်းချီပြီး တွက်ချက်ခဲ့တာတွေက သူ အိပ်ရာဝင်သွားတာလောက်တောင် အရာမထင်ဘူးပဲ..."
ထိုစကားသံဆုံးသည်နှင့် သူ၏ နောက်ဆုံးသော စွဲလမ်းမှုလေးသည်လည်း အတူတကွ ပျောက်ကွယ်သွားကာ ၊ ပြုံးလျက် ထွက်ခွာသွားလေတော့၏။
ရှောင်ရှန်းသည် သမ်းဝေလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၊ လူတိုင်းက သူ့ကို ကြောင်အမ်းစွာဖြင့် ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် မနေတတ်မထိုင်တတ် ဖြစ်ကာ ခေါင်းကုတ်လိုက်မိသည်။
"ပြီးပြီလား... အလုပ်ဆင်းလို့ ရပြီလား..."
......
သုံးလအကြာ။
သာရှနန်းတော်၊ ချင်ချန်ခန်းမ။
သမိုင်းတွင် မကြုံဖူးသော "သုံးလောက ပူးပေါင်းခြင်း" တည်ထောင်ခြင်း အခမ်းအနားကြီးကို ဤနေရာတွင် ခမ်းနားကြီးကျယ်စွာ ကျင်းပနေလေ၏။
လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် နတ်ဆိုး ချောက်နက်မှ ကိုယ်စားလှယ်များပင်လျှင် တစ်နေရာတည်းတွင် စုဝေးနေကြသည်။
လူအများ၏ အာရုံစိုက်မှုအောက်တွင် ၊ ရှောင်နီချန်းသည် နေ၊ လ၊ ကြယ်တာရာများကို တန်ဆာဆင်ထားသော မင်းမျိုးမင်းနွယ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ဆောင်းကာ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း တက်သွားလေ၏။ သူမ၏ မျက်နှာမှာ တည်ငြိမ်ပြီး ခန့်ညားထည်ဝါနေကာ ၊ ထိုဖီးနစ် မျက်ဝန်းတစ်စုံသည် ခေတ်သစ်တစ်ခု၏ အနာဂတ်ကို ဖော်ဆောင်တော့မည့်အတိုင်း တောက်ပနေ၏။
သူမသည် ရှောင်ရှန်း၏ လက်ထဲမှ လူသားဧကရာဇ် တံဆိပ်တုံးကို လေးနက်စွာဖြင့် လွှဲပြောင်းရယူလိုက်သည်။
ယွီလော့ချာသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မိစ္ဆာနယ်မြေ ကိုယ်စားလှယ်၏ ပလ္လင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေလေ၏။ ယခုအခါ သူမသည် မိစ္ဆာနယ်မြေ၏ အကြီးအကဲ ဖြစ်နေပြီ ဖြစ်သည်။
ချင်ချန်းသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန်းမအောက်တွင် မတ်မတ်ရပ်နေကာ ၊ သူသည် သုံးလောကလုံး၏ စစ်တပ်များကို အုပ်ချုပ်ပြီး ဘုံစည်းမျဉ်းများကို ထိန်းသိမ်းရမည် ဖြစ်သည်။
စူးဝမ်ချင်းသည် ရိုးရှင်းလှပသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အသစ်တည်ထောင်ထားသော အသက်ကယ်တင်ရေး နှင့် ဆေးဝါး သုတေသနဌာနကို အုပ်ချုပ်နေလေ၏။ ယဲ့လင်ရွှမ်းကမူ စင်အောက်ရှိ ရေမြေတစ်ခွင်မှ ကိုယ်ခံပညာရှင်များစွာ၏ ထောက်ခံမှုဖြင့် သုံးလောကကို ဖြတ်ကျော်မည့် "သိုင်းသမား မဟာမိတ်အဖွဲ့" ကို တည်ထောင်နိုင်ခဲ့သည်။
လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်နေရာကို ရှာတွေ့ခဲ့ကြပြီ ဖြစ်သည်။
အခမ်းအနား၏ အဆုံးတွင် ၊ ဧကရီ ရှောင်နီချန်းသည် သူမ၏ ပထမဆုံး အမိန့်တော်ကို ထုတ်ပြန်လိုက်ရာ ၊ ၎င်းမှာ သမိုင်းတစ်လျှောက် အထင်ရှားဆုံးဖြစ်လာမည့် အမိန့်တော်ပင် ဖြစ်သည်။
သူမ၏ အေးစက်ပြီး ခန့်ညားသော အသံသည် အစီအရင်မှတစ်ဆင့် သုံးလောကလုံးသို့ ပျံ့နှံ့သွားလေ၏။
"ကောင်းကင်ဘုံရဲ့ အမိန့်တော်ကို ခံယူပြီး ဧကရီမှ အမိန့်မှတ်တမ်းတင်လိုက်တယ်..."
"ယခင် လူသားဧကရာဇ် ရှောင်ရှန်းဟာ ကြီးမားတဲ့ ဂုဏ်ကျေးဇူး ရှိပေမဲ့ သူရဲ့ စရိုက်က ပျင်းရိလွန်းပြီး တိုင်းပြည်ရေးရာတွေကို ထမ်းဆောင်နိုင်ခြင်း မရှိဘူး.. ယနေ့ကစပြီး သူ့ရဲ့ ရာထူးတာဝန်တွေ အားလုံးကို ရုပ်သိမ်းပြီး... ဘွဲ့နာမတွေ အားလုံးကိုလည်း ရုပ်သိမ်းလိုက်တယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံး ဆူညံသွားလေ၏။
ရှောင်နီချန်းသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အမိန့်ကိုခေတ္တရပ်လိုက်ပြီး ၊ နှုတ်ခမ်းထောင့်တွင် မည်သူမျှ သတိမထားမိသော အလိုလိုက်ထားသည့် အပြုံးလေးတစ်ခု လှစ်ဟသွားကာ ဆက်ဖတ်လိုက်သည်။
"'စကြာဝဠာတစ်ခွင်လုံးရဲ့ အပျင်းဆုံး" ဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးသနားပြီး 'လူသားဧကရာဇ်' စစ်သင်္ဘော တစ်စင်းကို ဆုချီးမြှင့်လိုက်တယ်... ပြီးတော့ သုံးလောကလုံးမှာ အသုံးပြုလို့ရပြီး ဘယ်တော့မှ ပျောက်ဆုံးကြောင်း တိုင်ကြားလို့ မရတဲ့ အကန့်အသတ်မဲ့ ရွှေကတ်ကိုလည်း ထုတ်ပေးလိုက်တယ်..."
"သူ့ကို အခုချက်ချင်း ခရီးထွက်စေပြီး စကြာဝဠာကို လည်ပတ်ခရီးသွားစေရမယ်... ကောင်းကင်ကြီး ပြိုကျမလာသရွေ့ ဘယ်တော့မှ မြို့တော်ကို ပြန်မလာရဘူး... 'အလုပ်ဆင်း' ဖို့လေ..."
"ဒီလောက်ပဲ..."
နောက်ဆုံး စကားလုံးနှစ်လုံးတွင် မထိန်းနိုင်သော ရယ်သံလေးများ ပါဝင်နေလေ၏။
အမိန့်တော် ဖတ်ပြီးသည်နှင့် ချင်ချန်ခန်းမ တစ်ခုလုံးသည် အရင်ဆုံး တိတ်ဆိတ်သွားပြီးနောက် ၊ မည်သူက စတင် ရယ်မောလိုက်မှန်း မသိသော်လည်း ဆက်တိုက်ဆိုသလို မိုးခြိမ်းသံအလား အားပေးသံများနှင့် ရယ်မောသံများသည် ကောင်းကင်တစ်ခွင် ပျံ့လွင့်သွားလေတော့သည်။
.....
စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာ၊ အမွှာကြယ်များ ရှိနေသော အမည်မသိ ဂြိုဟ်တစ်ခုပေါ်ရှိ ပြာလဲ့နေသော ကမ်းခြေတစ်ခုဘေးတွင်။
ဧရာမ "လူသားဧကရာဇ်" စစ်သင်္ဘောကြီးသည် သပ်ရပ်လှပသော သစ်သားအိမ်လေး တစ်လုံးနောက်တွင် တိတ်ဆိတ်စွာ ဆိုက်ကပ်ထားလေ၏။
သစ်သားအိမ်လေး၏ တံခါးဝတွင် ၊ ရှောင်ရှန်းသည် သူ၏ အချစ်တော် ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းနေပြီး နေကာမျက်မှန်ကို တပ်ထားကာ ၊ လက်ထဲတွင် ရေခဲထည့်ထားသော သစ်သီးဖျော်ရည် တစ်ခွက်ကို ကိုင်ထားရင်း အမွှာနေရောင်ခြည်၏ အလင်းကို ကျေနပ်စွာ ခံစားနေလေသည်။
မနီးမဝေးတွင် စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ် တို့သည် အိမ်မွေးတိရစ္ဆာန် အရွယ်အစားအထိ သေးငယ်ခံလိုက်ရပြီး မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် ဟွမ်သွမ့်ကို "အနိုင်ကျင့်" နေကြပြီး ၊ ၎င်း၏ ရှုပ်ထွေးသော မူလရင်းမြစ် စွမ်းအားကို အသုံးပြု၍ ချစ်စရာကောင်းသော ပုံစံအမျိုးမျိုး ပြောင်းလဲစေရန် အတင်းအကျပ် ခိုင်းစေနေကြလေ၏။
ပို၍ ဝေးကွာသော စမ်းချောင်းဘေးတွင် လုံးဝ အငြိမ်းစားယူသွားပြီ ဖြစ်သော ဧကရာဇ်ဟောင်း ရှောင်ယွမ်သည် အေးအေးဆေးဆေး ငါးမျှားနေပြီး မိသားစု၏ ပျော်ရွှင်မှုကို ခံစားနေလေသည်။
ရှောင်ရှန်းသည် မျက်စိရှေ့ရှိ ဤအရာအားလုံးကို ကြည့်ရင်း ၊ ပါးပြင်ပေါ်သို့ တိုက်ခတ်လာသော နွေးထွေးသည့် လေပြေများကို ခံစားကာ သက်ပြင်းချလိုက်လေ၏။
သူ၏ "အလုပ်ပိုလုပ်ရတာထက် အလုပ်နည်းတာက ပိုကောင်းတယ်၊ ပျင်းရိနေတာက ဂုဏ်သိက္ခာအရှိဆုံးပဲ" ဟူသော ဘဝ၏ အမြင့်မားဆုံး ရည်မှန်းချက်သည် နောက်ဆုံးတွင် မည်သူမျှ စိတ်ကူးမယဉ်နိုင်သော နည်းလမ်းဖြင့် အကောင်အထည် ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူသည် နှလုံးသားထဲမှ လာသော ကျေနပ်အားရမှု အပြည့်ရှိသည့် အပြုံးလေးတစ်ခုကို ပြုံးလိုက်မိတော့သည်။
(ဇာတ်သိမ်းပါပြီ)