← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) မသေမျိုးမျက်လုံး...လေလံပွဲအတွက် ပြင်ဆင်ခြင်း

"လီကန်းက ဘာလို့ ငါ့ကို အဆိပ်ခတ်တာလဲ..."

"ပြီးတော့... ငါ့ရဲ့မိဘတွေနဲ့ သူတို့အုပ်စုက လေလံပစ္စည်းတွေ စုဆောင်းဖို့ အပြင်ထွက်သွားကြတာ... သဲကန္တာရထဲမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိဘဲ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးသွားကြတယ်..."

"အပြင်က ကောလာဟလတွေ အရဆိုရင်... သဲကန္တာရ ဓားပြတွေ လုပ်တာလို့ ပြောကြတယ်... ဒါပေမဲ့ ငါ့မိဘတွေ နှစ်ယောက်လုံးက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ကျွမ်းကျင်သူတွေလေ... ဘယ်လိုလုပ် ဒီလောက်ထိ လွယ်လွယ်ကူကူ အသတ်ခံရနိုင်မှာလဲ... ဒီကိစ္စက အဲ့ဒီလောက်ထိ မရိုးရှင်းဘူးလို့ ငါ ထင်တယ်..."

လင်းရှောင်သည် သူ၏ မှတ်ဉာဏ်များကို သေချာစွာ စဉ်းစားကြည့်ပြီး ပို၍ပို၍စိုးရိမ်ပူပန်လာခဲ့လေ၏။

သို့သော် ယခုအချိန်သည် ထိုအကြောင်းကို စဉ်းစားရန် အချိန်မဟုတ်သေးချေ။

တိမ်တိုက်ကောင်းကင်လေလံရုံသည် ဒေဝါလီခံတော့မည်ဖြစ်ရာ လေလံရုံကို ကယ်တင်ရန်မှာ အရေးကြီးဆုံးတာဝန်ပင်။

ထို့ကြောင့် လင်းရှောင်က ပြောလိုက်သည်။

"လီကန်း ကိစ္စကို ခဏထားလိုက်ဦး... သူ အဆိပ် ခတ်ထားတယ်ဆိုမှတော့... တာဝန်ယူရမှာကို ကြောက်လို့ ထွက်ပြေးသွားလောက်ပြီ... ဘယ်နေရာမှာမှ ရှာတွေ့မှာ မဟုတ်ဘူး... သူ့အပေါ် အချိန်ဖြုန်းနေစရာ မလိုဘူး..."

"အခု အရေးအကြီးဆုံးကိစ္စက လေလံရုံပဲ..."

"လီယီ... လေလံရုံရဲ့ အတိအကျ အခြေအနေကို အကျဉ်းရုံး ပြောပြပါဦး..."

လီယီက ခေါင်းညိတ်လိုက်ပြီး တခဏမျှ စဉ်းစားကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ဟုတ်ကဲ့..."

"လေလံရုံမှာ လက်ရှိ ပြဿနာသုံးခု ရှိပါတယ်... ပထမတစ်ခုက... လေလံရုံက အနာဂတ်မှာ သူတို့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်လို့ မူလဝန်ထမ်းအများစု ထွက်သွားကြတာပါ..."

"ဒုတိယတစ်ခုက... အိမ်တော်သခင်တို့အုပ်စု ထွက်သွားတုန်းက လေလံရုံရဲ့ စိတ်ဝိညာဉ်ကျောက်တုံး အများစုကို ယူသွားကြတယ်... ဒါကြောင့် အခု ကျွန်တော်တို့ဆီမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်လေးပဲ ကျန်တော့တယ်..."

"တတိယတစ်ခုက... ချင်းဟိုင်လေလံရုံရဲ့ ဖိအားပေးမှုအောက်မှာ... သူတို့ရဲ့ လေလံပစ္စည်းတွေကို ငါတို့ဆီ တင်သွင်းချင်တဲ့ ကျင့်ကြံသူတွေ လုံးဝနီးပါး မရှိတော့ဘူး..."

"တကယ်လို့ ကျွန်တော်တို့ကလည်း အတိုးနှုန်းသက်သာတဲ့ တင်သွင်းခနဲ့ ပိုကောင်းတဲ့ အကျိုးခံစားခွင့်တွေ မပေးဘူးဆိုရင်ပေါ့... ဒါပေမဲ့ အဲ့ဒီလိုလုပ်ရင် လေလံရုံက အရှုံးပေါ်မှာ သေချာတယ်..."

လင်းရှောင် တခဏကြာမျှ စဉ်းစားလိုက်၏။

အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်သည် ကြီးမားသော ပမာဏ မဟုတ်သော်လည်း ဒုတိယအဆင့် အဆင့်နိမ့် ရတနာအနည်းငယ်ကို ဝယ်ယူရန် လုံလောက်သည်။

သို့သော် ထိုနည်းဖြင့် ဝယ်ယူထားသော ပစ္စည်းများကို လေလံတင်ခြင်းက စိတ်ဝိညာဉ်ကျောက်တုံး များကို သေချာပေါက် ရရှိစေမည် မဟုတ်ဘဲ အရှုံးပေါ်စေပေမည်။

ထို့ပြင် စနစ်၏ အဆများစွာတုံ့ပြန်မှုအရ လင်းရှောင် လေလံတင်သော ရတနာများ၏ အရည်အသွေး ပိုမြင့်လေလေ ပိုကောင်းလေလေပင်။

ထို့ကြောင့် လေလံတင်ရန် အဆင့်နိမ့် ရတနာ အနည်းငယ်ကို ဝယ်ယူမည့်အစား စိတ်ဝိညာဉ်ကျောက်တုံး များကို အရောင်းမြှင့်တင်ရေး အတွက်နှင့် ရတနာများ တင်သွင်းလိုသူများကို ဆုချီးမြှင့်ရန် အသုံးပြုခြင်းက ပိုကောင်းပေမည်။

သူ သေချာ စဉ်းစားပြီးနောက် လင်းရှောင် သတိပြန်ဝင်လာပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။

"လီယီ... လီစန်း... ငါ ဆုံးဖြတ်ပြီးပြီ..."

"မင်းတို့ နှစ်ယောက် သွားပြီးတော့ ကျန်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်လုံးကို သုံးလိုက်...ခုနစ်ရက်နေရင် လေလံပွဲတစ်ခု ကျင်းပဖို့ ငါ စီစဉ်ထားတယ်..."

"ဒီလေလံပွဲကို အရောင်းမြှင့်တင်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးငါးရာကို သုံးပါ... မှတ်ထား... မြို့ထဲက လူတိုင်းသိအောင် အကြီးအကျယ် အရောင်းမြှင့်တင်ရမယ်..."

"နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ရတနာ လာတင်သွင်းတဲ့သူတွေကို ဆုချီးမြှင့်ဖို့ သုံးမယ်... သူတို့ကို ငါတို့က တင်သွင်းခ တစ်ရာခိုင်နှုန်းပဲ ယူမယ်လို့ ပြောလိုက်... မှတ်ထား... ငါတို့က အရေအတွက်ထက် အရည်အသွေးကို ပိုပြီးအလေးထားတယ်... ဆုချီးမြှင့်မယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အမြဲတမ်း တိုးပေးလို့ ရတယ်..."

"ကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို လေလံရုံကို အလှဆင်ဖို့နဲ့ တိုးချဲ့ဖို့ သုံးမယ်..."

"မင်းတို့ အရမ်းစိတ်ရှုပ်ထွေးနေမယ်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ ငါက ယုံကြည်မှု မရှိဘဲ အလုပ်မလုပ်ပါဘူး... ငါ့ကို မေးခွန်းထုတ်ဖို့ မလောနဲ့... လေလံပွဲ ပြီးရင် မင်းတို့ နားလည်သွားလိမ့်မယ်..."

လင်းရှောင်သည် သူ၏ရှေ့ရှိ လူနှစ်ဦးကို တည်ကြည်လေးနက်စွာ ကြည့်ကာ ယုံကြည်မှုရှိသော အပြုံးဖြင့် စကားကို အဆုံးသတ်လိုက်၏။

လီယီနှင့်လီစန်းတို့သည် လင်းရှောင်၏ စကားများကို နားထောင်ပြီးနောက် သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မည်သို့ပင်ဖြစ်စေ လင်းရှောင်၏ ချဉ်းကပ်ပုံသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားချေ။

လီစန်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း လီယီက သူ့ကို တားဆီးလိုက်၏။

"ဟုတ်ကဲ့ပါ သခင်လေး... စိတ်ချပါ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်..."

ထိုစကားကိုပြောပြီးနောက် သူက လီစန်းကို ဆွဲခေါ်သွားခဲ့သည်။

တံခါးအပြင်ဘက်တွင် လီစန်းက လီယီကို ဇဝေဇဖြစ်စွာဖြင့် ကြည့်လိုက်သည်။

"အစ်ကိုကြီး... သခင်လေး ကို ဘာလို့ မတားတာလဲ... ကျန်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို တစ်ခါတည်း သုံးပစ်တာ... အထူးသဖြင့် အများစုကို တိုးချဲ့ဖို့နဲ့ ပြုပြင်မွမ်းမံဖို့ သုံးတာက... သေလမ်းရှာနေတာ မဟုတ်လား..."

လီယီသည် သူ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ဖြည်းညှင်းစွာ ပြောလိုက်၏။

"သခင်လေးက သေချာ စဉ်းစားပြီးမှ ပြောတာလို့ ငါ မြင်တယ်... သူ အဲ့ဒီလိုလုပ်ဖို့ အကြောင်းပြချက် ရှိလိမ့်မယ်... ငါတို့လို အလုပ်ကြမ်းသမားတွေက ကိုယ်လုပ်သင့်တာကို လုပ်ဖို့ပဲ လိုတယ်..."

"ကောင်းပါပြီ... အစ်ကိုကြီးက အဲ့ဒီလို ပြောနေမှတော့... ကျွန်တော်မှာ ထပ်ပြောစရာ မရှိတော့ပါဘူး..."

"အော်... ဒါနဲ့ စကားမစပ် အစ်ကိုကြီး... အစ်ကိုလတ် ရော ဘယ်မှာလဲ... လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်အကြာကတည်းက သူ့ကို မတွေ့ရဘူး..."

"သူလား... ရတနာတွေကိုရှာဖို့ လွန်ခဲ့တဲ့ နှစ်ရက်က နတ်ဆိုးသားရဲ တောင်တန်းရဲ့ အပြင်ဘက်ကို သွားတယ်... သူက တော်တော်လေး စဉ်းစားဉာဏ်ရှိပါတယ်... သူ့အတွက် လောလောဆယ် စိတ်ပူမနေပါနဲ့..."

လေလံရုံအတွင်းတွင်...

လင်းရှောင်သည် လေလံရုံတစ်ခုလုံးကို ငေးကြည့်နေခဲ့သည်။ ဤလေလံရုံသည် ဘောလုံးကွင်းနှစ်ကွင်းစာထက်ပင် ပို၍ကြီးမားပြီး သာမန်ထိုင်ခုံ ထောင်ပေါင်းများစွာနှင့် အထူးဧည့်သည်တော်အခန်း ရာပေါင်းများစွာ ရှိသည်။ အလွတ်ဖြစ်နေသဖြင့် ပို၍ပင် ကျယ်ဝန်းပုံ ရလေ၏။

အဆောက်အအုံတစ်ခုလုံးကို အနီရောင်ရင့်ရင့် စိတ်ဝိညာဉ်သစ်သားများဖြင့် တည်ဆောက်ထားပြီး ရွှေရောင်ပုံစံအမျိုးမျိုးဖြင့် အလှဆင်ထားကာ ရှေးဟောင်းဆန်သော်လည်း သက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

"လီညီအစ်ကိုတွေ ကျန်ခဲ့တာ ကောင်းတယ်... မဟုတ်ရင်... ငါ့ရဲ့မိဘတွေ မတော်တဆမှု ဖြစ်တဲ့နေ့ကတည်းက လေလံရုံကို မြို့ထဲက အင်အားစုတွေက လုယက်သွားလောက်ပြီ..."

တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဩဇာလွှမ်းမိုးမှုသည် မြို့ထဲတွင် အထက်တန်းလွှာဟု သတ်မှတ်ခံရလေ၏။ လင်ရှီးမြို့ ၏ စည်းမျဉ်းများနှင့် လီ ညီအစ်ကိုများသာ မရှိခဲ့ပါက ထိုအင်အားစုများသည် ဤအကျိုးအမြတ်များသော အခွင့်အရေးကို ကြာမြင့်စွာကတည်းက လုယူသွားကြပေမည်။

လီညီအစ်ကို၏ ခွန်အားသည် လင်ရှီးမြို့ တွင် ထိပ်တန်းမဟုတ်သော်လည်း ပထမအဆင့်ဟု သတ်မှတ်ခံရဆဲဖြစ်ပြီး လေလံရုံကို လုယက်ရန် ကြိုးစားသူများကို ဟန့်တားရန် လုံလောက်သည်။

ဤကိစ္စတွင် လင်ရှီးမြို့ မြို့တော်ဝန်ထံမှ လျှို့ဝှက် အကူအညီတချို့လည်း ပါဝင်လေ၏။ ဤသည်မှာ လင်းရှောင်၏ မိဘများသည် မြို့တော်ဝန်နှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့်ပင်။

ထို့ပြင် မြို့တော်ဝန် တစ်ဦးအနေဖြင့် သူသည် သူ၏ မြို့အတွင်း၌ ပရမ်းပတာဖြစ်မည်ကို လွယ်လင့်တကူ ခွင့်ပြုမည် မဟုတ်ချေ။

သတိပြန်ဝင်လာပြီးနောက် လင်းရှောင်သည် အလွတ်ဖြစ်နေသော လေလံခန်းမကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

"စနစ်... ဒီလေလံရုံကို ချိတ်ဆက်လို့ ရမလား..."

【ဒီလေလံရုံမှာ ဝန်ဆောင်မှု ဝန်ထမ်းတွေနဲ့ လေလံမှူး မရှိပါဘူး... ပြည့်စုံမှုမရှိသေးလို့ ချိတ်ဆက်လို့ မရသေးဘူး...】

"လီယီနဲ့ လီစန်းကို ဝန်ဆောင်မှုဝန်ထမ်း လုပ်ခိုင်းပြီးတော့ ငါကိုယ်တိုင် လေလံမှူးလုပ်မယ်လေ... ဘယ်လိုလဲ... အခု ရပြီလား..."

【...】

【လေလံရုံ ပြည့်စုံသွားပြီဖြစ်ကြောင်း တွေ့ရှိရပါသည်... တိမ်တိုက်ကောင်းကင်လေလံရုံကို အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ... ယခုမှစ၍ လေလံပွဲများကို ဤလေလံရုံအတွင်း၌သာ ကျင်းပနိုင်ပေမည်... ထိုသို့မဟုတ်ပါက လေလံတုံ့ပြန်မှု ရရှိမည် မဟုတ်ချေ...】

【စနစ်တာဝန် ပြီးမြောက်ပါပြီ...အိမ်ရှင်က မသေမျိုးမျက်လုံး​ဖြစ်သော ကောင်းကင်ဘုံမျက်လုံးနှင့် အဆင့်နိမ့် ဆင့်ခေါ်ခြင်းကတ်တစ်ကတ်ကို ရရှိသည့်အတွက် ဂုဏ်ပြုပါသည်...】

【အိမ်ရှင် ရရှိသော မည်သည့် စနစ်ပစ္စည်းများကိုမဆို စနစ်သိုလှောင်ခန်းအတွင်း၌ ပုံသေထားရှိပေမည်... အိမ်ရှင်က အတွေးတစ်ချက်ဖြင့် အချိန်မရွေး ထုတ်ယူနိုင်သည်...】

【စနစ်တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ... ကျေးဇူးပြု၍ အိမ်ရှင်ကိုယ်တိုင် စစ်ဆေးပါ...】

မျက်စိတစ်မှိတ်အတွင်း သက်သောင့်သက်သာရှိသော နွေးထွေးသည့် လျှပ်စီးကြောင်းတစ်ခု သူ၏ မျက်လုံးအိမ်များထဲသို့ စီးဝင်လာပြီး လင်းရှောင်သည် မသိစိတ်မှ သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။

အသက်ရှူချိန်အနည်းငယ်အကြာတွင်...

လင်းရှောင်၏ အပြာရောင်ဖျော့ဖျော့ မျက်လုံးတစ်စုံ ဖြည်းညှင်းစွာ ပွင့်လာသည်။ သူသည် ရှေ့ကိုကြည့်လိုက်ရာ အရာအားလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

【ကြက်သွေးရောင် နေမင်းသစ်သား လေလံကုလားထိုင်】

【အဆင့်.. ပထမအဆင့်】

【ဖော်ပြချက်.. ပထမအဆင့် စိတ်ဝိညာဉ်သစ်ပင်ဖြစ်သော ကြက်သွေးရောင် နေမင်းသစ်သားဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံတစ်ခုဖြစ်ပြီး... စိတ်ဝိညာဉ်စွမ်းအင်ကို ငြိမ်သက်စေသည့် အကျိုးသက်ရောက်မှု အနည်းငယ်ရှိသည်...】

"ဂိမ်းတစ်ခုထဲက အကဲဖြတ်တဲ့ ကျွမ်းကျင်မှုလိုပဲ... ကောင်းကင်ဘုံမျက်လုံး ပီသပါပေတယ်..."

လင်းရှောင်သည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ပစ္စည်းများ အားလုံး၏ အချက်အလက်များက သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် သူသည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကြည့်လိုက်၏။

【လင်းရှောင်】

【မျိုးနွယ်..လူသားမျိုးနွယ်】

【နယ်ပယ်...စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်】

【ဖော်ပြချက်....အမှိုက်ငါးကောင်ထက် ပိုဆိုးသော အားနည်းသူ တစ်ယောက်ဖြစ်ပြီး မွေးဖွားလာစဥ်ကတည်းက စိတ်ဝိညာဉ်သွေးကြောများ ပြင်းပြင်းထန်ထန် ပိတ်ဆို့နေသောကြောင့် ကျင့်ကြံခြင်း ထိရောက်မှု အလွန်နိမ့်ကျနေသည်...】

အမှန်တကယ်ကိုပင် ဇာတ်ကောင်အချက်အလက်များကိုလည်း မြင်တွေ့နိုင်ပြီး အလွန်တိကျလှသည်။

လင်းရှောင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပါးလွှာသော စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရပြီး ခါးသီးသော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်တွင် အလိုအလျောက် ထွက်ပေါ်လာသည်။

ရွှမ်ထျန်ကုန်းမြေတွင် ကျင့်ကြံဆင့်နယ်ပယ် များကို စိတ်ဝိညာဉ်သန့်စင်ခြင်း၊ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း၊ စိတ်ဝိညာဉ်ပင်လယ်၊ စိတ်ဝိညာဉ်ချောက်နက်၊ ဟင်းလင်းပြင်ခွဲထွက်ခြင်း၊ မြေကမ္ဘာခွဲထွက်ခြင်း၊ ကောင်းကင်အက်ကွဲခြင်း၊ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းစသည်ဖြင့် ခွဲခြားထားလေ၏။

တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထက်တွင် ပို၍မြင့်မားသော နယ်ပယ်များ ရှိသော်လည်း လင်းရှောင် မသိရှိခဲ့ချေ။

စနစ် ပြောသကဲ့သို့ပင် သူ၏ကျင့်ကြံခြင်းပါရမီမှာ အလွန်ညံ့ဖျင်းလှသည်။

မူလပိုင်ရှင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

"ဒီလောကမှာ ရိုးတွင်းခြင်ဆီ သန့်စင်ပြီး ကြွက်သားတွေကို အားကောင်းစေတဲ့ ဆေးလုံးတွေ တော်တော်များများ ရှိတယ်... စနစ် နဲ့ဆိုရင်... အနာဂတ်မှာ အဲ့ဒီအရာတွေကိုရဖို့ မခက်ခဲလောက်ပါဘူး..."

လင်းရှောင်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။

ထို့နောက် သူက စနစ်၏ တာဝန်အသစ်ကို စစ်ဆေးလိုက်သည်။

【ပထမဆုံးအချက်... ပါဝင်သူ ၁၀၀ ထက် မနည်းသော လေလံပွဲတစ်ခု ကျင်းပပြီး... လေလံပွဲကနေ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း အနည်းဆုံး ရှာဖွေရမည်...】

【ပြီးမြောက်ခြင်း ဆုလာဘ် ...မသိနိုင်သေး (လေလံပွဲ မှ ရရှိသော စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်အပေါ် မူတည်၍ ဆုံးဖြတ်မည်...)】

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း... သာမန်လူ တစ်ယောက်ဆိုရင် ဘဝရှစ်ဆက်လောက် ရှာရင်တောင် အဲ့ဒီလောက် ရှာနိုင်မှာ မဟုတ်ဘူး..."

"နည်းနည်းတော့ ခက်ပေမဲ့... လေလံပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ရင်... ပြဿနာ ကြီးကြီးမားမား မရှိလောက်ပါဘူး..."

ထို့နောက် ချက်ချင်းပင် လင်းရှောင်သည် ကောင်းကင်ဘုံမျက်လုံးအပြင် တာဝန်ဆုလာဘ်များထဲမှ တခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။

【အဆင့်နိမ့် ဆင့်ခေါ်ခြင်းကတ်... ဖော်ပြချက် ...စနစ် ထုတ်ကုန်တစ်ခုဖြစ်ပြီး အိမ်ရှင်အပေါ် ရာနှုန်းပြည့်သစ္စာရှိသော ဇာတ်ကောင်တစ်ဦးကို ဆင့်ခေါ်နိုင်သည်... အားအနည်းဆုံးက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်ဖြစ်ပြီး... အားအကောင်းဆုံးက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိနေသည်...】

"ဆင့်ခေါ်ခံရတဲ့ အားအနည်းဆုံးက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်...အခုတော့ ပြဿနာ မရှိတော့ဘူးပဲ..."

"ငါ ရောင်းမယ့် ပစ္စည်းတွေက တန်ဖိုးမနည်းဘူးဆိုတော့... လီညီအစ်ကိုတွေရဲ့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့်ခွန်အားနဲ့ အခြေအနေကို မထိန်းချုပ်နိုင်မှာကို အစက စိုးရိမ်နေခဲ့တာ... အခုတော့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး..."

လင်းရှောင်က ပြုံးလိုက်၏။

လင်ရှီးမြို့တစ်ခုလုံးတွင် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် နှောင်းပိုင်းအဆင့်ရှိသော မြို့တော်ဝန်မှလွဲ၍ အားအကောင်းဆုံးသူများမှာ မိသားစုကြီးတချို့၏ အိမ်တော်သခင်များဖြစ်ပြီး သူတို့သည် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိကြသည်။

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးသည် လင်ရှီးမြို့တွင် ဘေးတိုက်လမ်းလျှောက်နိုင်သည်ဟု ပြောနိုင်ပြီး ထိုအရာမှာ သူတို့သည် လုံးဝပြိုင်ဘက်ကင်းကြောင်း ဆိုလိုသည်။

ထို့ပြင် ထိုဆင့်ခေါ်ခြင်းကတ်သည် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်ပိုင်ရှင်များကို ရရှိနိုင်ခြေလည်း ရှိသေးပြီး အထူးသဖြင့် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် သည် မဟာယန်နိုင်ငံတော် တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရနိုင်သော တည်ရှိမှုတစ်ခုပင်။

လင်းရှောင်သည် သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ တိတ်တဆိတ် တွေးလိုက်သည်။

"စနစ်... ငါ့အတွက် ဆင့်ခေါ်ပေး..."

All Chapters