အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး၏ အထောက်အထား...တောင်းပန်ခြင်း ရေစည်းချက်ဆေးလုံး
"အားလုံးပဲ... ဒီလေလံပွဲ ပြီးဆုံးသွားပါပြီ..."
"ရတနာတွေကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တဲ့ သူတွေက... ကျွန်တော်နဲ့ လာရောက်ရှင်းလင်းဖို့ အနောက်ခန်းကို လာခဲ့ဖို့ မမေ့ပါနဲ့... ကျန်တဲ့ ဧည့်သည်တွေကတော့... ပြန်လို့ရပါပြီ..."
"နောက်ပြီးတော့... ဒီဥက္ကဋ္ဌလင်းက ခင်ဗျားတို့အားလုံးကို ကိစ္စတစ်ခု ပြောပြချင်ပါတယ်..."
"ဒီနေ့ကစပြီး... တိမ်တိုက်ကောင်းကင်လေလံရုံက လစဉ်လတိုင်း လေလံပွဲတစ်ခု ကျင်းပမှာဖြစ်ပြီးတော့ အကြိမ်တိုင်း အဖိုးတန်ရတနာတွေ အများကြီး ပါဝင်မှာပါ... ခင်ဗျားတို့ရဲ့ ဆက်လက် အားပေးမှုကို မျှော်လင့်ပါတယ်..."
လင်းရှောင်က စကားပြောပြီးနောက် ချာခနဲနောက်လှည့်ကာ ထွက်သွားခဲ့သည်။
အနောက်ခန်းရှိ ကျယ်ဝန်းသော ဧည့်ခန်းအတွင်း၌...
မီးတောက်ဓားရှည်ကို ရယူနိုင်ခဲ့သော ခေါင်းဆောင် သည် ပြန့်ကျဲနေသော စိတ်ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ်ကို ကျွမ်းကျင်စွာ လွှဲပြောင်းပေးလိုက်၏။
သူက အဖိုးတန်ဓားကို ဆုပ်ကိုင်ကာ ပျော်ရွှင်စွာ ထွက်သွားခဲ့သည်။
သခင်မလေးနှင့် အကြီးအကဲမိုတို့မှလွဲ၍ ထိုနေရာတွင် ရှိနေသူ အားလုံးသည် မနာလိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
ဤသည်မှာ တတိယအဆင့် အထွတ်အထိပ် လက်နက်တစ်ခုပင်။
ထိုအရာသည် အနည်းဆုံးအနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ တန်ဖိုးရှိပြီး လင်ရှီးမြို့ တွင် တန်ဖိုးမဖြတ်နိုင်ချေ။
သို့သော် တစ်ဖက်လူသည် ထိုအရာကို ဈေးပေါပေါဖြင့် ရရှိသွားခဲ့လေ၏။
မကြာမီ..
ကျောက်ဆောင်ခြေမွှခြင်းလက်ဝါးနည်းစနစ်ကို လေလံဆွဲခဲ့သော လေလွင့်ကျင့်ကြံသူနှင့် မဟာမီးတောက်ဆေဘာဓားကို လေလံဆွဲခဲ့သော ခေါင်းဆောင်တို့သည်လည်း သူတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများကို ရှင်းလင်းပြီးနောက် ထွက်သွားခဲ့ကြသည်။
ဧည့်ခန်းထဲတွင် လူလေးယောက်သာ ကျန်ရစ်ခဲ့သည်။
လင်းရှောင်သည် သခင်မလေးနှင့် သူမ၏အဖော်ကို ဧည့်ခန်းထဲတွင် ခဏစောင့်နေရန် တောင်းဆိုခဲ့ပြီးနောက် မြို့တော်ဝန်ကို ဘေးခန်းတစ်ခုသို့ ခေါ်သွားခဲ့လေ၏။
"မြို့တော်ဝန် ... ခင်ဗျားရဲ့အလှည့်ရောက်ပြီ... ဒါက ကျွန်တော့်ရဲ့ စီးပွားရေး အသေးစားလေးပါ... ဒါကြောင့် ငွေမချေဘဲ မနေပါနဲ့..."
လင်းရှောင်သည် သူ၏ရှေ့ရှိ ရုပ်ဖျက်ထားသော မြို့တော်ဝန်ကို ကြည့်ကာ သူ၏မျက်လုံးများကို အနည်းငယ်မှေးစင်းပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်ဘုံမျက်လုံးက တိတ်တဆိတ် အသက်ဝင်လာခဲ့သည်။
【အန်းဟိုင်ယီ】
【မျိုးနွယ်...လူသားမျိုးနွယ်】
【နယ်ပယ်....စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် နှောင်းပိုင်းအဆင့်】
【ဖော်ပြချက် ...မဟာယန်နိုင်ငံတော် လင်ရှီးမြို့ ရဲ့ မြို့တော်ဝန် ... သူက ပြဿနာရှာတာကို ရှောင်ရှားပြီးတော့ လင်ရှီးမြို့ မှာ ပရမ်းပတာဖြစ်တာကို မလိုလားဘူး... အတိတ်က ခင်မင်ရင်းနှီးမှုတွေကို တန်ဖိုးထားပြီးတော့ သူ့ရဲ့ ရည်မှန်းချက်က လင်ရှီးမြို့ မှာ တည်ငြိမ်တဲ့ ဘဝတစ်ခုနဲ့ နေထိုင်နိုင်ဖို့ပဲ...】
"သူက လင်ရှီးမြို့ မှာ ပရမ်းပတာဖြစ်တာကို မလိုလားဘူး... ပြီးတော့ အတိတ်က ခင်မင်ရင်းနှီးမှုတွေကို တန်ဖိုးထားတယ်... အော်... ဒါကြောင့်ကိုး..."
လင်ရှီးမြို့တော်ဝန်၏ ဖော်ပြချက်ကို မြင်ပြီးနောက်....
လင်းရှောင်သည် မြို့တော်ဝန် မည်သည်ကြောင့် အကျပ်ရိုက်နေပြီး နှစ်ဖက်လုံးကို ကူညီနေရသနည်း ဆိုသည်ကိုလည်း နားလည်သွားခဲ့လေ၏။
လင်းရှောင်သည် အခန်းထဲရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ကာ မြို့တော်ဝန်ကို မည်သို့ ကိုင်တွယ်ရမည်အား စဉ်းစားနေခဲ့သည်။
သူ့ကို လွှတ်ပေးလိုက်ရမလား...
ဒါမှမဟုတ် သူ့ကို သတ်ပစ်ရမလား...
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မြို့တော်ဝန်ကို အသက်ချမ်းသာပေးရန် သူ ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ မြို့တော်ဝန်ကို သတ်ဖြတ်ခြင်းက မဟာယန်နိုင်ငံ တော်ဝင်နန်းတွင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။
တော်ဝင်နန်းတွင်းမှ လူများနှင့် ဤမျှထိ စောစီးစွာ သူ ရင်မဆိုင်ချင်သေးချေ။
ထို့ပြင် မြို့တော်ဝန်သည် ယခင်က လေလံရုံကို များစွာစောင့်ရှောက်ပေးခဲ့ဖူးသဖြင့် သူ၏အပြစ်မှာ သေဒဏ်ပေးထိုက်သောအပြစ် မဟုတ်ချေ။
သူ ဆုံးဖြတ်ချက် ချပြီးနောက်...
လင်းရှောင်သည် သူ၏တည်ငြိမ်မှုကို ပြန်လည်ရယူပြီး သူ၏အကြည့်သည် သူ့ရှေ့ရှိ မြို့တော်ဝန်ကို ဂရုတစိုက် စစ်ဆေးနေခဲ့လေ၏။
ဤအချိန်တွင် မြို့တော်ဝန်သည်လည်း လိမ္မာပါးနပ်စွာဖြင့် သူ၏ရုပ်ဖျက်ထားမှုကို ဖယ်ရှားပြီး သူ၏မြို့တော်ဝန်ဝတ်စုံကို ပြန်လည်၍ ဝတ်ဆင်လိုက်သည်။
သူသည် လင်းရှောင်၏ရှေ့သို့ လျှောက်လှမ်းသွားကာ အနည်းငယ် ဦးညွှတ်ပြီး ပြောလိုက်သည်။
"မတွေ့ရတာ ကြာပြီ သခင်လေးလင်း ... ဥက္ကဋ္ဌ လင်း...အစကတော့ ငါက တစ်ယောက်ယောက် ပြဿနာ လာရှာမှာကို စိုးရိမ်လို့... အကူအညီ နည်းနည်းပေးဖို့ ရည်ရွယ်ခဲ့တာပါ..."
"ဥက္ကဋ္ဌလင်းမှာ ဒီလောက်ထိ အားကောင်းတဲ့ အကူအညီ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ကြည့်ရတာတော့ ဒီမြို့တော်ဝန်က အရမ်းသတိထားလွန်းနေတာပဲ..."
လင်းရှောင်က ခေါင်းခါယမ်းပြီး ပြောလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက ကျွန်တော် အမှတ်မထင် အခွင့်အရေးတချို့ ရခဲ့တာပါ... မြို့တော်ဝန်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်..."
မြို့တော်ဝန်သည် တခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းရဲ့ မိဘတွေနဲ့ ငါက အသိမိတ်ဆွေ တွေပါ... သူတို့ရဲ့ ကံမကောင်းတဲ့ သေဆုံးမှု အကြောင်းကိုလည်း ငါ ကြားခဲ့ပါတယ်... ဒီ မြို့တော်ဝန်က နောက်မှ သေချာစုံစမ်းဖို့ ကူညီပေးပါ့မယ်..."
သူ၏စကားမဆုံးမီမှာပင် လင်းရှောင်က ကြားဖြတ်ပြောလိုက်၏။
"မလိုပါဘူး... ကျွန်တော့်ဆီမှာ သဲလွန်စတချို့ ရှိနေပါပြီ... ကျွန်တော်ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်... တချို့လူတွေက လိမ္မာပါးနပ်ပြီးတော့ မကောင်းမှုလုပ်တဲ့လူတွေကို ကူညီမပေးဖို့ပဲ မျှော်လင့်ပါတယ်..."
လင်းရှောင်သည် နောက်ဆုံးစကားလုံး အနည်းငယ်ကို အလေးပေး၍ ပြောလိုက်သည်။
သူသည် သူ၏ရှေ့ရှိ မြို့တော်ဝန်ကို သတိပေးရန် ရည်ရွယ်ခဲ့ခြင်းပင်။
ထို့နောက်....
လင်းရှောင်သည် စားပွဲပေါ်ရှိ လက်ဖက်ရည်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး အနည်းငယ် အေးစက်သော လေသံဖြင့် ဆက်ပြောလေ၏။
"ဒါနဲ့ စကားမစပ် မြို့တော်ဝန် ... မြို့ထဲမှာ ကြွက်တွေ အရမ်းများနေတယ်လို့ ကျွန်တော် ခံစားရတယ်... နောက်ရက်နည်းနည်းကြာရင် သူတို့ကို ရှင်းထုတ်ဖို့ ကျွန်တော် ကူညီပေးမယ်..."
"ဒါက နည်းနည်းတော့ အနှောင့်အယှက် ဖြစ်နိုင်တယ်... ခင်ဗျား သဘောတူလား..."
မြို့တော်ဝန်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ပြူးကျယ်သွားသည်။
သူ တစ်ခုခု ပြောချင်ပုံ ရသော်လည်း ပြောစရာ ဘာမှမရှိသကဲ့သို့ ဖြစ်နေသည်။
သူ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရုံသာ တတ်နိုင်တော့၏။
"ဟူး... ကြည့်ရတာတော့ မင်းက အရာအားလုံးကို သိနေပုံပဲ... ဥက္ကဋ္ဌလင်းကို ငါ မတားနိုင်ပါဘူး... မင်း သင့်တော်သလို ကိုင်တွယ်နိုင်ပါတယ်..."
လင်းရှောင်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ဆက်ပြောသည်။
"စိတ်မပူပါနဲ့... ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်..."
"မြို့တော်ဝန်စံအိမ်က အလုပ်များနေတယ်ဆိုတော့...ငါ အကြာကြီး မနေတော့ပါဘူး..."
မြို့တော်ဝန်သည် လက်ပူးဆုပ်ကာ အနည်းငယ် ဦးညွှတ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ခဏနေအုံး..."
"ခင်ဗျားရဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံရှင်းပါ... ဒီ ဥက္ကဋ္ဌလင်းက လေလံပွဲ အပြီးမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ မပေးတဲ့သူတွေကို မကြိုက်ဘူး..."
လင်းရှောင်က သူ့ကို ရုတ်တရက် ပြန်ခေါ်လိုက်ပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကို လှမ်းပစ်ပေးလိုက်၏။
မြို့တော်ဝန်သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကို ဖမ်းယူလိုက်ကာ ခါးသီးသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး သူ၏အင်္ကျီလက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ်ကိုထုတ်ကာ ချထားလိုက်သည်။
ထို့နောက် သူသည် ကူကယ်ရာမဲ့သော အမူအရာဖြင့် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
"မြို့တော်ဝန်နဲ့ ငါ့မိဘတွေ အရင်က သိကျွမ်းခဲ့တာကို ထောက်ထားပြီး... သူ့ကို ငါ အပြစ်မတင်တော့ဘူး..."
လင်းရှောင်က တိုးညှင်းစွာ နှာမှုတ်လိုက်၏။
"ကြိုးကိုင်သူတွေဖြစ်တဲ့ ချင်းဟိုင်လေလံရုံ လီ မိသားစုနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ လုပ်ကြံသူ တွေအတွက်တော့..."
"မနက်ဖြန်... မင်းတို့ကို ယမမင်းနဲ့သွားတွေ့ခိုင်းပြီးတော့... မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ မိဘတွေအတွက် ငါ ရှင်းလင်းချက်တစ်ခု ပေးမယ်..."
လင်းရှောင်၏မျက်နှာအမူအရာ ပို၍အေးစက်လာပြီး စူးရှသော အလင်းရောင်တစ်ခုက သူ၏ မျက်လုံးများတွင် တလက်လက် တောက်ပသွားတော့သည်။
ထိုလုပ်ကြံသတ်ဖြတ်သူများသည် လက်တုံ့ပြန်သည့်အနေဖြင့် သတ်ဖြတ်ခံရပေမည်။
လင်းရှောင်သည် သူ့ကို သတ်လိုသူများကို ဘယ်သောအခါမျှ သနားညှာတာမည် မဟုတ်ချေ။
ဤသည်မှာ သူ၏ယခင်ဘဝ မဟုတ်ဘဲ လူအများက မျက်တောင်မခတ်ဘဲ သတ်ဖြတ်တတ်သော ရွှမ်ဟွမ် ကမ္ဘာပင်။
ဤကမ္ဘာသည် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို လေးစားသော ကမ္ဘာတစ်ခု ဖြစ်လာရန် ဖန်တီးခံထားရခြင်း ဖြစ်လေ၏။
"နောက်တစ်ခုကတော့... မြို့ပြင်ကလာတဲ့ အဲ့ဒီကျင့်ကြံသူ နှစ်ယောက်နဲ့တွေ့ဖို့ အချိန်ရောက်ပြီ..."
"လေလံပွဲအတွင်းမှာ... အဲ့ဒီ စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျွမ်းကျင်သူက မိန်းကလေးရဲ့ နောက်မှာ ရပ်နေခဲ့တယ်... ဒါက သူ့ကို ကာကွယ်ဖို့ဆိုတာ သေချာတယ်..."
"သူတို့က အားကောင်းတဲ့ အင်အားစု တစ်ခုက လာတာဆိုတာ ခန့်မှန်းဖို့ မခက်ခဲဘူး..."
"တိမ်တိုက်ကောင်းကင်လေလံရုံ ကြီးပွားတိုးတက်ဖို့အတွက်... လူကြိုက်များမှုရှိဖို့ လိုအပ်တယ်..."
"သူတို့ကနေ စပြီး လုပ်လို့ရနိုင်တယ်... နောက်ပိုင်း သူတို့ကနေ အစပြုပြီးတော့ အရောင်းမြှင့်တင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်..."
သူ၏အတွေးများကို ပြန်လည်စုစည်းပြီးနောက် လင်းရှောင်က တံခါးဆီသို့ လှမ်းအော်လိုက်၏။
"အပြင်က ဧည့်သည် နှစ်ယောက်... ကျေးဇူးပြုပြီး ဝင်လာပါ..."
အချိန်တခဏအကြာတွင် သူတို့နှစ်ဦး အတူတကွ ဝင်လာကြသည်။
လင်းရှောင်ကို မြင်သည်နှင့် တပြိုင်နက် မိန်းကလေးသည် သူမ၏မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဖယ်ရှားကာ သူမ၏လှပသော မျက်နှာသွင်ပြင်ကို ဖော်ပြလိုက်သည်။
ယခင်ဘဝက အွန်လိုင်းတွင် အလှလေးများစွာကို မြင်ဖူးခဲ့သော လင်းရှောင်ပင်လျှင် အချိန်တခဏကြာမျှ မှင်သက်မသွားဘဲ မနေနိုင်ခဲ့ချေ။
သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် လင်းရှောင်၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် မိန်းကလေး၏ မျက်နှာသည် အနည်းငယ် နီရဲမသွားဘဲ မနေနိုင်တော့ချေ။
တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းတာပဲ...
လင်းရှောင်က ထိုသို့သာ ပြောနိုင်တော့သည်။ သူမသည် သူ၏ ယခင်ဘဝက မည်သည့် နာမည်ကြီး အနုပညာရှင်ထက်မဆို များစွာပို၍ လှပချောမောလေ၏။
သူမ၏နံဘေးရှိ အကြီးအကဲမိုသည်လည်း အားလပ်မနေချေ။ သူ ဝင်လာသည်နှင့်တပြိုင်နက် လင်းရှောင်ကို အကဲခတ်ရန် အခွင့်အရေးကို အရယူလိုက်သည်။
"သူက သခင်မလေးထက် အသက်နည်းနည်းပိုကြီးပုံရတယ်... ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်း အားနည်းလွန်းတယ်... သူက စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ပဲ ရှိတယ်... သူက တော်တော်လေး ချောမောခန့်ညားတာကလွဲရင် တခြားထူးခြားချက် ဘာမှမရှိဘူးလို့ပဲ ပြောလို့ရမယ်..."
"ဒီလေလံရုံကလည်း ထူးခြားမှုမရှိပုံ ပေါက်တယ်... ဒီလို နေရာမျိုးမှာ ဘာလို့ အဲ့ဒီလိုအဆင့်မျိုးရှိတဲ့ အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး..."
အကြီးအကဲမိုသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေပြီး တီးတိုးရေရွတ်လိုက်၏။
သူတို့နှစ်ဦး လင်းရှောင်၏ရှေ့သို့ ရောက်လာကြသည်။ အကြီးအကဲမိုက ဦးစွာရှေ့ထွက်လာပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
"ငါက မိုယိုပါ... နှုတ်ခွန်းဆက်သပါတယ်..."
"ကျွန်တော့်ကို ဥက္ကဋ္ဌ လင်းလို့ပဲ ခေါ်ပါ..."
"နှုတ်ခွန်းဆက်သပါတယ် ဥက္ကဋ္ဌ လင်း... ဒါတွေက လေလံပစ္စည်းတွေအတွက် စိတ်ဝိညာဉ်ကျောက်တုံး တွေပါ..."
အကြီးအကဲမိုသည် နောက်ထပ် စကားမပြောတော့ဘဲ သေးငယ်သော သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူကာ လင်းရှောင်ထံ လက်ကမ်းပေးလိုက်၏။
လင်းရှောင်၏မျက်လုံးများ တောက်ပသွားသည်။
သိုလှောင်လက်စွပ်များသည် ပစ္စည်းကောင်းများပင်။
ထိုအရာများသည် စိတ်ဝိညာဉ်သိုလှောင်အိတ်များထက် စိတ်ဝိညာဉ်ကျောက်တုံးများ ပို၍ဝင်ဆံ့ရုံသာမက တခြားသော ပစ္စည်းအမျိုးမျိုးကိုလည်း သိမ်းဆည်းထားနိုင်သည်။
ထို့ပြင် သိုလှောင်လက်စွပ်များကို ပြုလုပ်ရန်မှာ စျေးကြီးလေ၏။
ဤလက်စွပ်၏တန်ဖိုးသည် သူတို့ ရတနာများ အတွက် ပေးချေခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများထက်ပင် ပို၍မြင့်မားသည်ဟု ပြောနိုင်သည်။
လင်းရှောင်သည် အားနာမနေဘဲ ထိုအရာကို လက်ခံလိုက်ပြီး ရေဝိညာဉ်ဆေးလုံးနှင့် ပေါက်ကွဲမီးတောက်အဆောင်လက်ဖွဲ့ကို တစ်ဖက်လူထံ လက်ကမ်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်..
လင်းရှောင်၏မျက်လုံးများ အနည်းငယ်မှေးစင်းသွားပြီး အပြာရောင်ဖျော့ဖျော့ အလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် တလက်လက် တောက်ပသွားသည်။
【နာမည်...မိုယို】
【မျိုးနွယ်စု... လူသားမျိုးနွယ်】
【နယ်ပယ်... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့်】
【ရုပ်ခန္ဓာကိုယ်...ဓားခန္ဓာကိုယ်】
【ဖော်ပြချက် ...လျှူရှားခရိုင်မြို့ ရဲ့ စစ်သူကြီးတွေထဲက တစ်ယောက်... စစ်တိုက်ရတာကို နှစ်သက်ပြီး သတိကြီးတယ်...】
'လျှူရှားခရိုင်မြို့ ... လင်ရှီးမြို့ နဲ့ အနီးဆုံးဖြစ်တဲ့ အကြီးမားဆုံးမြို့ပဲ..ဒီလူက အဲ့ဒီနေရာက စစ်သူကြီး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... သူ့မှာ ဒီလောက် မြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ် ရှိနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
လင်းရှောင်၏အကြည့်သည် မိုယို၏နောက်ရှိ မိန်းကလေးထံသို့ ရောက်ရှိသွားသည်။
သို့သော် ထိုမိန်းကလေး၏အချက်အလက်များကို သူ မစစ်ဆေးနိုင်မီမှာပင် လင်းရှောင်၏မျက်လုံးများမှ စူးရှသော နာကျင်မှု ခံစားချက်လေးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ဒါက ကောင်းကင်ဘုံမျက်လုံးကို အလွန်အကျွံ အသုံးပြုမိလို့များလား...
လင်းရှောင်က သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။
ဒါပေမဲ့ စဉ်းစားကြည့်ရင် ကျိုးကြောင်းဆီလျော်ပါတယ်...
မည်သို့ပင်ဆိုစေကာမူ သူ၏လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်က အလွန်နိမ့်ပါးလွန်းနေသည်။
မကြာသေးမီက သူသည် ထိုအရာကို မကြာခဏ အသုံးပြုနေခဲ့သဖြင့် အမှန်တကယ်ကို အနည်းငယ် အလွန်အကျွံ ဖြစ်နေသည်။
သို့သော် ယခုအချိန်၌ အနည်းငယ်သာ အလွန်အကျွံ ဖြစ်နေသေးပြီး သူ၏ရှေ့မှ မိန်းကလေး၏ အထောက်အထားကို သူ အလွန်သိချင်နေခဲ့လေ၏။
လင်းရှောင်သည် သူ၏မျက်လုံးထဲရှိ စူးရှသော နာကျင်မှုကို လျစ်လျူရှုကာ မျက်တောင်ခတ်လိုက်သည်။
ထို့နောက် သူက သူ၏ကောင်းကင်ဘုံမျက်လုံးကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။
【နာမည်...စုရှီယု】
【မျိုးနွယ်- လူသားမျိုးနွယ်နှင့် ငှက်မျိုးနွယ်】
【နယ်ပယ်... စိတ်ဝိညာဉ်ပျိုးထောင်ခြင်းနယ်ပယ် အထွတ်အထိပ်】
【ရုပ်ခန္ဓာကိုယ်တစ်...ရေဝိညာဉ်ရတနာခန္ဓာကိုယ် ရုပ်ခန္ဓာကိုယ်နှစ်... လင်းလုံသူတော်စင်ခန္ဓာကိုယ် (မနိုးထသေးပါ)】
【ဖော်ပြချက်... လျှူရှားခရိုင်မြို့ မြို့တော်ဝန်ရဲ့ သမီးဖြစ်ပြီးတော့ ထူးခြားတဲ့ ပါရမီ နဲ့ လင်းလုံ ကောင်းကင်ငှက် မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်...】
'ကျွတ် ကျွတ် ကျွတ်...ဘယ်လောက်တောင်ခမ်းနားတဲ့ အချက်အလက်တွေလဲ...'
လင်းရှောင်က သူ၏စိတ်ထဲမှ အံ့အားတသင့် ရေရွတ်လိုက်၏။
သူ ဆက်ကြည့်နေစဉ် သွေးစီးကြောင်းလေးတစ်ခုသည် လင်းရှောင်၏မျက်လုံးများမှ ဖြည်းညှင်းစွာ စီးကျလာခဲ့သည်။
"သခင်..."
အရိပ်ထဲတွင်ရှိနေသော အာဒီနိုစ့်သည် အကြီးအကဲမို နှင့် သူ၏အဖော်တို့က တစ်ခုခု လုပ်ခဲ့သည်ဟု အထင်လွဲကာ အော်ငေါက်လိုက်သည်။
အနက်ရောင်အလင်းတန်းတချို့သည် ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲမှ ချက်ချင်းပျံ့လွင့်လာပြီး စုရှီယုနှင့် အကြီးအကဲမိုတို့ကို ချက်ချင်း ရစ်ပတ်သွားတော့သည်။
"ရပ်လိုက်... ငါ အဆင်ပြေတယ်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့..."
လင်းရှောင်သည် သူ၏ကောင်းကင်ဘုံမျက်လုံးကို ရုပ်သိမ်းလိုက်ပြီး အာဒီနို့စ်ကို အလျှင်အမြန် တားဆီးလိုက်၏။
"ဟုတ်ကဲ့ပါ..."
အရပ်မျက်နှာအဘက်ဘက်မှ အနက်ရောင်အလင်းတန်းများသည် ချက်ချင်းနောက်ဆုတ်သွားပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
လင်းရှောင်က သူ၏မျက်လုံးနံဘေးရှိ သွေးစများကို သုတ်လိုက်သည်။
ထို့နောက် သူက ထိတ်လန့်ပြီး ဖြူရော်နေသော သူ၏ ရှေ့ရှိ လူနှစ်ဦးကို ကြည့်ကာ သူက တောင်းပန်သော လေသံဖြင့် ပြောဆိုသည်။
"တကယ်ကို တောင်းပန်ပါတယ်... ခုဏက ကျွန်တော် ကျင့်ကြံနေတုန်း အမှားအယွင်းလေးတစ်ခု ဖြစ်သွားလို့ပါ..ဒါကြောင့် ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက အထင်လွဲသွားတာပါ... ခင်ဗျားတို့နှစ်ယောက်လုံးကို တောင်းပန်ပါတယ်..."
လင်းရှောင်သည် ထိုင်ခုံမှ မတ်တတ်ထရပ်လိုက်ပြီး အချိန်တခဏကြာမျှ စဉ်းစားလိုက်၏။
စုရှီယု၏ရုပ်ခန္ဓာကိုယ်ကို တွေးတောမိပြီး သူသည် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားခဲ့သည်။
ဆေးလုံးပုလင်းတစ်လုံးက သူ၏လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
【ရေစည်းချက်ဆေးလုံး】
【အဆင့် ...တတိယအဆင့် အထွတ်အထိပ်】
【ဖော်ပြချက်...ရေစိတ်ဝိညာဉ်ချီ အမြောက်အမြား ပါဝင်ပြီးတော့ ဆေးဘက်ဝင်အာနိသင် နူးညံ့ပြီး စုပ်ယူရ လွယ်ကူတယ်... ရေသဘာဝ ရုပ်ခန္ဓာကိုယ်တွေအတွက် ဆေးအာနိသင်စုပ်ယူမှုက အကျိုးသက်ရောက်မှု နှစ်ဆရှိတယ်...】
ထိုအရာသည် လင်းရှောင်အတွက် အသုံးမဝင်သော်လည်း ယခုအချိန်၌ အသုံးပြု၍ ရနိုင်လေပြီ။
"ဒါက တတိယအဆင့် အထွတ်အထိပ် ရေစည်းချက်ဆေးလုံးပါ...ဒါကို ကျွန်တော်ရဲ့ တောင်းပန်မှုလို့ပဲ သဘောထားပေးပါ..."
သူ၏ ရှေ့ရှိ အကြီးအကဲမိုသည် ဆေးလုံးကို လက်မခံခဲ့ချေ။
သူ၏ ဘယ်ဘက်လက်သည် ခါးရှိ ဓားပေါ်တွင် ရှိနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ကို သတိထားကာ စောင့်ကြည့်နေခဲ့လေ၏။
အကြီးအကဲမို၏နောက်တွင် ပုန်းနေသော စုရှီယုကမူ သိချင်စိတ်ဖြင့် သူမ၏ ခေါင်းကို ပြူထွက်လာခဲ့သည်။
လင်းရှောင်၏ လက်ထဲရှိ ရေစည်းချက်ဆေးလုံး ကို ကြည့်ကာ အလင်းရောင်တစ်ချက်က သူမ၏ မျက်လုံးများတွင် တောက်ပသွားပြီး သူမက တိုးညှင်းသောလေသံဖြင့် မေးလေသည်။
"သခင်လေးလင်း ... ဒီလိုဆေးလုံးမျိုးက တိမ်မြူခိုးနိုင်ငံရဲ့ အထူးထုတ်ကုန်တစ်ခုလို့ ဒီသခင်မလေး မှတ်မိတယ်... ရှင်က တိမ်မြူခိုးနိုင်ငံကများလား.."
တိမ်မြူခိုးနိုင်ငံ လား... ငါ တစ်ခါမှ မကြားဖူးဘူး...
မဟာယန်နိုင်ငံအတွင်းရှိ အင်အားစုများမှလွဲ၍ လင်းရှောင်သည် ပြင်ပကမ္ဘာအကြောင်း ဘာမှမသိခဲ့ချေ။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူ အဝေးဆုံး ရောက်ဖူးသည်မှာ လင်ရှီးမြို့ နှင့် အတော်လေးနီးသော ခရိုင်မြို့ကြီးတချို့သာ ဖြစ်လေ၏။ မဟာယန်နိုင်ငံ၏ မြို့တော်သို့ပင် သူ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
"မဟုတ်ပါဘူး...တိုက်ဆိုင်မှုတစ်ခုကနေ ကျွန်တော် အမှတ်မထင် ရခဲ့တာပါ... ဒီအမည်မသိ သခင်မလေး ... ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ..."