အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) သတ္တမအဆင့် နတ်ဘုရားသတ်ဖြတ်ခြင်း ဓား....မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ် သွမ်ခုန်း
"အို... ဟုတ်သားပဲ... ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ဖို့ မေ့နေတာပဲ..."
စုရှီယုသည် သူမကိုယ်သူမ မိတ်ဆက်မပေးရသေးကြောင်း ရုတ်တရက် သတိရသွားပြီး တခစ်ခစ် ရယ်မောလိုက်၏။
သူမက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ညင်သာစွာ ပြောလိုက်သည်။
"သခင်လေးလင်း ... ကျွန်မရဲ့နာမည်က စုရှီယု ပါ... ကျွန်မက လျှူရှားခရိုင်မြို့ ကပါ... ရှီယုလို့ပဲ ခေါ်လို့ရပါတယ်..."
"ဒါဆိုရင်... ကျွန်မ အားနာမနေတော့ဘူး... ဒီရေစည်းချက်ဆေးလုံးကို လက်ခံလိုက်ပါ့မယ်..."
သူမ စကားပြောနေစဉ်မှာပင် ရယ်ပြုံးကာ ဆေးလုံး ကို ယူလိုက်သည်။
ဒီဥက္ကဋ္ဌလင်းက သိပ်မဆိုးပါဘူး...
ဤသို့ တွေးမိသောအခါ သူမသည် များစွာပို၍ စိတ်သက်သောင့်သက်သာ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သူမ၏နံဘေးတွင် ရပ်နေသော လူအိုကြီးမို၏ မျက်နှာကမူ မည်းမှောင်နေပြီး သူက မဝံ့မရဲဖြင့် မေးလိုက်၏။
"ဥက္ကဋ္ဌလင်း... ငါတို့ သွားလို့ရပြီလား..."
လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
"ရပါတယ်... ဒါပေမဲ့ ဒီဥက္ကဋ္ဌက သခင်မလေး ကို အကူအညီ တစ်ခုလောက် တောင်းချင်တယ်..."
စုရှီယုက နားမလည်ကြောင်း ပြသရန် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ဖြစ်နိုင်ရင်... နောက်လ လေလံပွဲကို အရောင်းမြှင့်တင်ဖို့ ကူညီပေးပါ... ကျွန်တော် နောက်ပိုင်းမှာ ရက်ရက်ရောရော ပြန်ပြီးကျေးဇူးဆပ်ပါ့မယ်..."
စုရှီယုသည် သူမ၏လက်ထဲရှိ ရေစည်းချက်ဆေးလုံး ကို တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူမက တွေဝေတုံ့ဆိုင်းမှုမရှိဘဲ အလွယ်တကူ သဘောတူလိုက်သည်။
"ပြဿနာ မရှိပါဘူး သခင်လေးလင်း ... စိတ်ချပါ... ဒီ သခင်မလေးက တာဝန်ပြီးမြောက်ဖို့ အာမခံပါတယ်..."
"ဒါဆို သခင်မလေးစုကို ကျေးဇူးတင်ပါတယ်..."
လင်းရှောင်၏မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူသည် ကျေးဇူးတင်ကြောင်း ပြသရန် လက်ပူးဆုပ်လိုက်သည်။
"ဒါဆို ကျွန်မ သွားတော့မယ်နော် သခင်လေးလင်း ... နောက်မှ တွေ့ကြတာပေါ့... နောက်လ လေလံပွဲကိုလည်း ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်..."
စုရှီယု စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် လူအိုကြီးမိုက သူမကို ဆွဲခေါ်သွားခဲ့လေ၏။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိတော့သည်ကို မြင်သောအခါ...
လင်းရှောင်သည် စားပွဲတစ်ခုဆီသို့ အလျင်အမြန် သွားကာ အတွေးတစ်ချက်ဖြင့် လေလံတုံ့ပြန်မှုမှ ရတနာများကို စိတ်အားထက်သန်စွာ ထုတ်ယူလိုက်သည်။
ဤသည်က ပစ္စည်းအမြောက်အများတော့ မဟုတ်ချေ။ သူ လေလံတင်ခဲ့သော မဟာမီးတောက်ဆေဘာဓားနှင့် လက်ပေးလိုက်သော ရေစည်းချက်ဆေးလုံး တို့အပြင် ပစ္စည်းသုံးခုသာ ကျန်ရှိတော့သည်။
ဤသည်မှာ အဆောင်လက်ဖွဲ့တစ်ခု၊ သိုင်းပညာနည်းစနစ်တစ်ခုနှင့် ကျောက်စိမ်းတစ်တုံးပင်။
သူ၏မျက်လုံးထဲရှိ စူးရှသော နာကျင်မှု အနည်းငယ် လျော့ပါးသွားသည်ကို ခံစားရပြီးနောက် သူသည် ကောင်းကင်ဘုံမျက်လုံးကို နောက်တစ်ကြိမ် အသက်သွင်းလိုက်၏။
ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် လင်းရှောင် သည် ကောင်းကင်ဘုံမျက်လုံး၏ ကန့်သတ်ချက်တချို့ကိုလည်း နားလည်လာခဲ့သည်။
ဥပမာအားဖြင့် သက်ရှိသတ္တဝါများကို လေ့လာရန် ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုခြင်းက တူညီသော အဆင့်ရှိ ရတနာများထက် အဆပေါင်းများစွာ ပို၍ စွမ်းအင်အမြောက်အများကို ဝါးမျိုသည်။
ထို့ပြင် လေ့လာခံရသော သက်ရှိ၏ အထောက်အထား ထူးခြားလေလေ သို့မဟုတ် သူ၏ နယ်ပယ် ပိုမြင့်လေလေ စွမ်းအင်ကုန်ခမ်းမှု ပို၍များပြားလေလေပင်။
သို့သော် ကောင်းကင်ဘုံမျက်လုံးဖြင့် စနစ်ရတနာများကို လေ့လာခြင်းက စွမ်းအင်အလွန်နည်းပါးစွာ ကုန်ခမ်းပြီး လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးလေ၏။
လင်းရှောင်သည် ဤအရာများကို သတိပြုမိခဲ့သဖြင့် ကောင်းကင်ဘုံမျက်လုံးကို ဆက်လက်၍ အသက်သွင်းဝံ့ခဲ့ခြင်းဖြစ်သည်။
["အဆောင်လက်ဖွဲ့...ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့
အဆင့်...ပဉ္စမအဆင့် အဆင့်နိမ့်
ဖော်ပြချက်..အဲ့ဒီအရာမှာ ပြင်ပကမ္ဘာမှ အစစ်အမှန် မီးတောက်တစ်မျှင် ပါဝင်တယ်... ဒီအဆောင်လက်ဖွဲ့ကို ထုတ်လွှတ်လိုက်တာနဲ့ ပစ်မှတ် လုံးဝပြာကျသွားတဲ့အထိ ဆက်လက်ပြီး လောင်ကျွမ်းနေမှာပါ... ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ်အောက်က သက်ရှိတွေကို အလွယ်တကူ သတ်နိုင်စွမ်းရှိတယ်"]
....
["သိုင်းပညာ နည်းစနစ်... ကျားနက်နှလုံးဖောက်လက်ဝါး
အဆင့်...ပဉ္စမအဆင့် အလယ်အလတ်
ဖော်ပြချက်....ကြီးမားတဲ့ စွမ်းအားရှိတဲ့ အနက်ရောင် လက်သည်း အရိပ်တစ်ခုကို ထုတ်လွှတ်ပြီးတော့ ပစ်မှတ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေတယ်... ဒါက မိစ္ဆာကျင့်ကြံသူတွေ လိုချင်တပ်မက်တဲ့ သိုင်းပညာနည်းစနစ်တစ်ခုပဲ"]
....
["အထူး ရတနာ...စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်း
အဆင့်... ဆဌမအဆင့် အဆင့်နိမ့်
ဖော်ပြချက်... နူးညံ့ညင်သာတဲ့ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ပါဝင်တယ်... ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအင်တွေကို အလိုအလျောက် စုပ်ယူနိုင်ပြီး ထိုအရာထဲမှာ ပေါင်းစပ်နိုင်တယ်... ဒီအရာကို သယ်ဆောင်ထားရင် ကျင့်ကြံခြင်းအမြန်နှုန်းကို အများကြီး တိုးတက်စေနိုင်တယ်"]
ပစ္စည်းတိုင်းသည် အနိမ့်ဆုံး ပဉ္စမအဆင့် ရတနာတစ်ခုပင်။ လင်ရှီးမြို့ တစ်မြို့လုံးကို ရောင်းချလျှင်ပင် ထိုအရာများအနက်မှ တစ်ခုကို ဝယ်ယူရန် လုံလောက်မည် မဟုတ်ချေ။
အထူးသဖြင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်း သည် ဆဌမအဆင့် ရတနာတစ်ခုဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ချေ။
မဟာယန်နိုင်ငံတစ်ခုလုံးတွင်ပင် ဤကဲ့သို့ ပစ္စည်းမျိုး အများအပြား မရှိနိုင်သည်မှာ သေချာပေါက်ပင်။
လင်းရှောင်သည် ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို သူ၏ဟင်းလင်းပြင်သိုလှောင်အိတ်ထဲသို့ ထည့်ကာ တစ်ချက်ကြည့်ရန်အတွက် "ကျားနက်နှလုံးဖောက်လက်ဝါး "နည်းစနစ်ကို ဖွင့်လိုက်၏။
ရလဒ်ကမူ သူ မျှော်လင့်ထားသည့်အတိုင်းပင်။ သူ စာလုံးများကို ဖတ်နိုင်သော်လည်း အဓိပ္ပါယ်ကို လုံးဝနားမလည်နိုင်ခဲ့ချေ။
"【အိမ်ရှင်က သိုင်းပညာနည်းစနစ်ကို ဖတ်ရှုလိုက်ပါပြီ... စနစ်လုပ်ဆောင်ချက်အသစ် ချိတ်ပွင့်သွားပါပြီ...】"
"【သိုင်းပညာနည်းစနစ်... ကျားနက်နှလုံးဖောက်လက်ဝါးကို တွေ့ရှိပါသည်... အလိုအလျောက် လေ့လာဆင်ခြင်နေပါသည်...】"
စနစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သိုင်းပညာနည်းစနစ်ပေါ်ရှိ စာလုံးများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်ပြီး လင်းရှောင်၏ စိတ်ထဲသို့ ပြေးဝင်လာသည်။
မူလက သူ လုံးဝနားမလည်နိုင်သော စာလုံးများသည် သိုင်းပညာနည်းစနစ်နှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများအဖြစ် ပြောင်းလဲသွားပြီး သူ၏ မှတ်ဉာဏ်များထဲသို့ ပေါင်းစပ်သွားခဲ့လေ၏။
အချိန်အတော်ကြာပြီးနောက်...
လင်းရှောင်က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ သူသည် ကျားနက်နှလုံးဖောက်လက်ဝါးကို အမှန်တကယ်ပင် ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးသွားလေပြီ။
သိုင်းပညာနည်းစနစ်များကို နားလည်မှု အတိုင်းအတာအပေါ် အခြေခံ၍ နယ်ပယ် ၅ ခုအဖြစ် ခွဲခြားနိုင်သည်။ ဤသည်မှာ အစပျိုးအဆင့်၊ ကျွမ်းကျင်အဆင့်၊ တတ်မြောက်ခြင်းအဆင့်၊ အကြီးစားအောင်မြင်မှုအဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့်တို့ ဖြစ်ကြသည်။
လင်းရှောင်သည် နာရီဝက်မပြည့်သော အချိန်အတွင်းမှာပင် သူ၏ စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံခြင်းဖြင့် ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် ကျွမ်းကျင်ရန် ခက်ခဲသော ပဉ္စမအဆင့် သိုင်းပညာနည်းစနစ်တစ်ခုကို အကြွင်းမဲ့ နားလည်သွားခဲ့လေ၏။ ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်ကို အန်တုသော စွမ်းဆောင်ရည်တစ်ခုပင်။
"အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတာပဲ... ဒါက ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုရဲ့ စွမ်းအား လား..."
လင်းရှောင်သည် အလိုအလျောက် ကွေးတက်သွားသော သူ၏နှုတ်ခမ်းထောင့်များကို ဖိနှိပ်မထားနိုင်ခဲ့ချေ။
"ငါက စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိသေးပေမဲ့... ငါ့ထက် အဓိကနယ်ပယ်တစ်ခု မြင့်မားတဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနယ်ပယ်က ကျင့်ကြံသူတစ်ယောက်တောင်မှ ငါ့ရဲ့ လက်ဝါး တစ်ချက်ကို ခံနိုင်ရည်ရှိဖို့ ခက်ခဲလိမ့်မယ်..."
"ဒါပေမဲ့ မြင့်မားတဲ့ နယ်ပယ်တစ်ခုက ခိုင်မာတဲ့ အစစ်အမှန်စွမ်းအားပဲ... ငါ့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေဖို့ နည်းလမ်းတစ်ခုကို အမြန်ရှာဖို့ လိုသေးတယ်..."
လင်းရှောင်သည် အလွန် ကွေးတက်နေသော သူ၏ နှုတ်ခမ်းထောင့်များကို နှိမ့်ချကာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းကျောက်စိမ်းကို ကိုင်ဆောင်ထားလိုက်သည်။
"ဆဌမအဆင့် ရတနာတစ်ခုရဲ့ စွမ်းအား ကို ကြည့်ကြရအောင်..."
သူသည် စိတ်အားထက်သန်စွာ ပလ္လင်ခွေထိုင်လိုက်ပြီး မျက်လုံးများကို စုံမှိတ်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းအတွင်းရှိ အလွန်ပေါကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင် များသည် လင်းရှောင်၏လမ်းညွှန်မှုအောက်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်လာခဲ့သည်။
ထို့နောက်...
နောက်ထပ် ဘာမှမရှိတော့ချေ။
စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများသည် လင်းရှောင်၏ မရီဒါန်းများအတွင်း၌ တစ်ဆို့သွားခဲ့လေ၏။
ဤသည်က ပူတင်းလက်ဖက်ရည် သောက်သည့်အချိန်၌ ပိုက်ကို ပူတင်းစေ့ ဒါဇင်ပေါင်းများစွာဖြင့် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေပြီး သူ လုံးဝစုပ်ယူ၍ မရနိုင်ခဲ့ချေ။
"ဟူး... တကယ့်ကို အဆင်မပြေသေးပါလား... ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို အရှိန်မြှင့်ဖို့ ရိုးတွင်းခြင်ဆီ သန့်စင်ပြီး ကြွက်သားတွေကို အားကောင်းစေတဲ့ ရတနာတချို့ကို အမြန်ရှာဖို့ လိုသေးတယ်ထင်တယ်..."
"ဒါပေမဲ့ ဒီလိုရတနာမျိုးတွေက ရှာရမလွယ်ဘူး... စုရှီယုကို ပြန်သွားရင် ငါ့အတွက် စုံစမ်းပေးဖို့ တောင်းဆိုခဲ့သင့်တာ... ခုတော့ တခြားနည်းလမ်းတွေ စဉ်းစားရတော့မယ့်ပုံပဲ..."
လင်းရှောင်က သူ၏မျက်လုံးများကို ဖွင့်ကာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကို ချထားပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်၏။
လူတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် သူတို့၏ မရီဒါန်းအရေအတွက်၊ အကျယ်အဝန်းနှင့် စီးဆင်းမှုတို့အပြင် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုတို့နှင့် သက်ဆိုင်သည်။
လင်းရှောင်၏ မရီဒါန်းများသည် ပါးလွှာပြီး နည်းပါးကာ ထိုအရာများအနက် အများစုမှာ ပြင်းပြင်းထန်ထန် ပိတ်ဆို့နေခဲ့သည်။
သူသည် အသက် ၂၀ နီးပါး ရှိနေပြီဖြစ်သော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
"အော်... ဟုတ်သားပဲ စနစ်... ငါ ဒီစနစ်တာဝန်ကို ပြီးမြောက်ခဲ့တယ် မလား... ဆုလာဘ်က ဘယ်မှာလဲ..."
【တာဝန်၏ ပထမဆုံးအဆင့် ပြီးမြောက်ကြောင်း တွေ့ရှိသည်...】
【တွက်ချက်နေပါသည်...】
【ဤလေလံပွဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၅၀၀ရရှိခဲ့သဖြင့် တာဝန်ကို ကျော်လွန်ပြီးမြောက်သည်...】
【အိမ်ရှင်က အဆင့်နိမ့် ဆင့်ခေါ်ခြင်းကတ်တစ်ကတ် သတ္တမအဆင့် ထိပ်တန်း စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ် နတ်ဘုရားသတ်ဖြတ်ခြင်းဓားနှင့် အထူး လျှို့ဝှက်နည်းစနစ် စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ်တို့ကို ရရှိသည့်အတွက် ဂုဏ်ပြုပါသည်...】
【စနစ် တာဝန်အသစ်ကို ဖန်တီးလိုက်ပါပြီ... ကျေးဇူးပြု၍ အိမ်ရှင်ကိုယ်တိုင် စစ်ဆေးပါ...】
"ဆုလာဘ်တွေက ဒီလောက်ထိ များလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ငါက တာဝန်ကို ကျော်လွန် ပြီးမြောက်ခဲ့လို့များလား မသိဘူး..."
လင်းရှောင်သည် သူ၏ရှေ့ရှိ ဆုလာဘ်သုံးခုကို ကြည့်ပြီး တခဏကြာမျှ စဉ်းစားကာ စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ်ဖြစ်သော နတ်ဘုရားသတ်ဖြတ်ခြင်း ဓားကို ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရှားပါးသော စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ်တစ်ခုဖြစ်ရုံသာမက အဆင့်မှာလည်း သတ္တမအဆင့်သို့ ရောက်ရှိနေသည်။ ထိုနည်းစနစ် မည်မျှထိ အားကောင်းမည်ကို သူ စိတ်ကူးယဉ်တွေးတောနိုင်ခဲ့ခြင်းပင် မရှိခဲ့ချေ။
သူ ဤသိုင်းပညာနည်းစနစ်ကို ဖွင့်လိုက်ရာ ယခင်အတိုင်းပင် ဖြစ်နေပြီး သူ လုံးဝနားမလည်နိုင်ခဲ့ချေ။
တချို့သော စာလုံးများကို သူ သိပင်မသိပေ။
သို့သော် ဇွဲလုံ့လ ကြိုးစားအားထုတ်မှုတို့ဖြင့် ရင်ဆိုင်ရာတွင် ဤအရာများ အားလုံးသည် ပြဿနာ မဟုတ်ပါချေ။
【စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ်ဖြစ်သော နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို တွေ့ရှိသည်... အလိုအလျောက် လေ့လာဆင်ခြင်နေပါသည်...】
နာရီဝက်အကြာတွင်...
နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ပြီးပြည့်စုံခြင်း အဆင့်အထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေ၏။
ဤအချိန်တွင် လင်းရှောင်သည် နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်သည်။
သူသည် ထိုအရာကို တိုက်ပွဲတွင် အမှန်တကယ် အသုံးမပြုရသေးသော်လည်း စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခံရလျှင်ပင် သူတို့ သေမည်မဟုတ်သော်လည်း အရူးတစ်ယောက် ဖြစ်သွားမည်မှာ သေချာကြောင်း သူ အတပ်သိနေခဲ့သည်။
စိတ်ပိုင်းဆိုင်ရာစွမ်းအင်၏ စွမ်းအားသည် ယေဘုယျအားဖြင့် ကျင့်ကြံဆင့်နယ်ပယ်နှင့်အတူ တိုးလာလေ၏။
လင်းရှောင်သည် ပထမအဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို သတ်နိုင်သည်ဟု ပြောဝံ့သည်။ ဤသည်မှတဆင့် ထိုသိုင်းပညာနည်းစနစ်၏ ကြောက်မက်ဖွယ်ကောင်းသော သဘောသဘာဝကို သရုပ်ဖော်ရန် လုံလောက်သည်။
ထို့နောက်...
လင်းရှောင်၏အကြည့်သည် အထူးလျှို့ဝှက်နည်းစနစ်ဖြစ်သော စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် ထံသို့ ရောက်ရှိသွားသည်။
【အထူးလျှို့ဝှက်နည်းစနစ် စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ်ကို တွေ့ရှိသည်... အလိုအလျောက် လေ့လာဆင်ခြင်နေပါသည်...】
မကြာမီ သူသည် စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီး ဖြစ်သွားခဲ့လေ၏။
သာမန် သိုင်းပညာနည်းစနစ်များနှင့် မတူဘဲ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ်တွင် တိုက်ခိုက်ရေး စွမ်းရည် မရှိသလို တိုက်ခိုက်ရေး စွမ်းအားကိုလည်း မြှင့်တင်မပေးနိုင်ချေ။
သို့သော် ထိုအရာသည် လင်းရှောင်အား သူ၏အရှိန်အဝါကို အလိုအလျောက် ထိန်းညှိနိုင်စေပြီး တခြားသူများ သူ၏အစစ်အမှန်စွမ်းအားကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်အောင် ပြုလုပ်ပေးသည်။ ထိုနည်းစနစ်သည် သူ ကြွားလုံးထုတ်ရန်နှင့် ခြိမ်းခြောက်ရန်အတွက် စစ်မှန်သော ထက်ရှသည့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်မလာသော်လည်း လင်းရှောင်၏စွမ်းအားမှာ ယခင်ကထက် များစွာပို၍ သာလွန်နေလေပြီ။
"အမြဲတမ်း ပြုံးနေတဲ့ လူတွေက ကံမဆိုးဘူးလို့ လူတွေက ပြောကြတယ်... အခုက ဆုမဲဖောက်ဖို့ အကောင်းဆုံး အချိန်ပဲ..."
စိတ်အခြေအနေ ကောင်းမွန်နေစဉ် လင်းရှောင်သည် သူ၏ လက်ထဲရှိ အဆင့်နိမ့် ဆင့်ခေါ်ခြင်းကတ်ကို ကြည့်ကာ တိုးညှင်းစွာ ဆင့်ခေါ်လိုက်၏။
"ငါ့ရဲ့ အစောင့်အသစ်... ထွက်လာခဲ့စမ်း..."
【အဆင့်နိမ့် ဆင့်ခေါ်ခြင်းကတ် တစ်ကတ်ကို အသုံးပြုပြီးပါပြီ... အိမ်ရှင်က လူသားမျိုးနွယ် ကျွမ်းကျင်သူ သွမ်ခုန်းကို ဆင့်ခေါ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်... နယ်ပယ် ....မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်...】
လင်းရှောင်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏နှလုံခုန်နှုန်း တခဏခန့် ရပ်တန့်သွားခဲ့လေ၏။
"မဖြစ်နိုင်တာ... မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ... ပြီးတော့ အထွတ်အထိပ်အဆင့်မှာလား..."
"အရင်ဘဝက အွန်လိုင်းဂိမ်းတွေကို ကစားတုန်းက ငါ မရခဲ့တဲ့ ကံကောင်းမှုတွေ အားလုံးကို ဒီနေရာမှာ သုံးနေရတာများလား..."