အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) လက်ချောင်းများကို ဓားအဖြစ် အသုံးပြုခြင်း.....သွမ်ခုန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား
ရှေ့ရှိဟင်းလင်းပြင်သည် ရုတ်တရက် အက်ကွဲသွားပြီး ဟင်းလင်းပြင် ဝဲဂယက်ထဲမှ ရုပ်ရည်ချောမောသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူ့ထံ၌ ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ မျက်လုံးများ၊ သန့်စင်သော မျက်နှာရှိကာ ရင်ဘတ်တစ်ဝက်ကို လှစ်ဟပြထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ခါးတွင် ငွေရောင်ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားပြီး အားကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ပေးစွမ်းနေပေ၏။
သူ၏ ချီစွမ်းအားကို အရိပ်အယောင်လေးတစ်ခုမျှ မပြသထားသည့်တိုင် သူသည် ခြိမ်းခြောက်နိုင်သော အသွင်အပြင်ကို ထုတ်လွှတ်ထားပြီး ဖိနှိပ်နိုင်မှု စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
"သွမ်ခုန်း...."
"မျိုးနွယ်စု... လူသားမျိုးနွယ်"
"နယ်ပယ်....မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်"
"ရုပ်ခန္ဓာကိုယ်...လေဓားရတနာခန္ဓာကိုယ်"
"ဖော်ပြချက် ....အစွမ်းထက်တဲ့ ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီးတော့ ဓားစိတ်ဆန္ဒအမျိုးမျိုးနဲ့ အားကောင်းတဲ့ ဓား နည်းစနစ်တွေကို ကျွမ်းကျင်တယ်... သူ့ရဲ့ ခွန်အားက ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနဲ့ နှိုင်းယှဉ်နိုင်တယ်..."
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားနေပြီဖြစ်ပြီး သူသည် အလွန်အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ရှိသည့် ဓားကျင့်ကြံသူတစ်ဦးဖြစ်ကာ သူ၏နယ်ပယ်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိလေ၏။
သူက မယုံနိုင်လောက်အောင် အားကောင်းတာပဲ...
လင်းရှောင်က သူ၏စိတ်ထဲမှ အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒီငယ်သားသွမ်ခုန်းက သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်..."
သွမ်ခုန်းသည် လင်းရှောင်ထံသို့ ခြေတစ်လှမ်းချင်း လျှောက်သွားကာ လက်ပူးဆုပ်ပြီး အလွန်တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်၏။
"အင်း... ကောင်းတယ်... အခုချိန်ကစပြီးတော့ မင်းက ငါ့ရဲ့ ဘေးမှာ အချိန်တိုင်းနေပြီး ငါ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်..."
"မင်း ဒီမှာ ရှိနေမှတော့... ငါ့ရဲ့ အစီအစဉ် တော်တော်များများက လုံခြုံသွားပြီပဲ... ဟားဟား..."
"ဟုတ်ကဲ့ပါ... ဒီငယ်သားက သခင်လေးရဲ့ လုံခြုံရေးကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးပါ့မယ်လို့ ကတိပြုပါတယ်..."
လင်းရှောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး အခန်း၏ အမှောင်ထောင့်သို့ လှည့်ကြည့်လိုက်၏။
"အာဒီနိုစ့်... ထွက်လာခဲ့... မင်းကို ပေးစရာ တာဝန် တစ်ခု ရှိတယ်..."
"ဟုတ်ကဲ့ပါ..."
အမှောင်ထဲတွင် အနီရောင် မျက်လုံးတစ်စုံ ပွင့်လာပြီး အာဒီနိုစ့်၏ခန္ဓာကိုယ် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
သူသည် လင်းရှောင်၏ရှေ့သို့ ရောက်လာကာ ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
"သခင်... အမိန့်ပေးပါ..."
"မင်းရဲ့ ဖုံးကွယ်နိုင်စွမ်းက အရမ်းအားကောင်းတယ်... မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင်မှ မင်းကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်..."
"ဒါကြောင့်... မင်းက အမှောင်ရိပ်ခန်းမဆောင်က လုပ်ကြံသူ တစ်ယောက်ကိုရှာပြီးတော့ သူတို့ရဲ့ ခန်းမဆောင်ခွဲဆီ နောက်ယောင်ခံလိုက်ဖို့ လိုတယ်... ပြီးရင် ငါ့ကို အမြန်ဆုံး ပြန်လာပြီး သတင်းပို့ပါ..."
"ဟုတ်ကဲ့ပါ... တာဝန်ပြီးမြောက်ဖို့ အာမခံပါတယ်..."
ထိုသို့ပြောပြီးနောက် အာဒီနိုစ့်သည် မတ်တတ်ရပ်ကာ အနက်ရောင် မီးခိုးငွေ့တစ်မျှင်အဖြစ် ပျောက်ကွယ်သွားသည်။
အမှောင်ရိပ်ခန်းမဆောင်သည် မဟာယန် နိုင်ငံ ပြင်ပမှ အဓိက အင်အားစု တစ်ခုဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သော ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် အထူးပြုကာ မဟာယန်နိုင်ငံအတွင်း၌ လျှို့ဝှက်ခန်းမဆောင်ခွဲများ အမြောက်အများ ရှိလေ၏။
အမှောင်ရိပ်ခန်းမဆောင်မှ လုပ်ကြံသူ များသည် များသောအားဖြင့် ရှာဖွေရခက်ခဲပြီး သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ရှာဖွေခြင်းက အချိန်နှင့် စွမ်းအား အလွန်ကုန်ကျပေလိမ့်မည်။
ထို့ကြောင့် လင်းရှောင်သည် သူတို့၏ အသိုက်ဆီသို့ တိုက်ရိုက်သွားရောက်၍ တရားမျှတမှု တောင်းဆိုရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ မိဘများကို လုပ်ကြံခဲ့သော လုပ်ကြံသူအားလုံးကို ရှင်းလင်းရပေမည်။
အကယ်၍ သူတို့က လူများကို လွှဲပြောင်းပေးရန် ငြင်းဆန်ပါက သူသည် သူတို့ကို အင်အားသုံး၍ သတ်ပစ်ရပေမည်။
ဤသည်က အနည်းငယ် မောက်မာသော်လည်း သူ၏ ရည်ရွယ်ချက်များနှင့်လည်း အလွန်ကိုက်ညီလေ၏။
တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဂုဏ်သတင်းမှာ အလွန်နိမ့်ပါးလွန်းပြီး လင်ရှီးမြို့ကဲ့သို့ မြို့ငယ်လေးတွင်သာ အနည်းငယ် နာမည်ကြီးသည်။
လင်းရှောင်အတွက် ထိုအရာက လုံးဝမလုံလောက်ချေ။
မြို့ပေါင်းရာနှင့်ချီရှိသော ကျယ်ပြန့်သည့် မဟာယန်နိုင်ငံတွင် တိမ်တိုက်ကောင်းကင်လေလံရုံ၏ တည်ရှိမှုကို လူပို၍များများ သိရှိလာစေရန် နည်းလမ်းတစ်ခုကို သူ ရှာဖွေရပေမည်။
သူ၏လက်ရှိ အဓိကရည်မှန်းချက်မှာ တိမ်တိုက်ကောင်းကင်လေလံရုံ၏ တည်ရှိမှုကို မဟာယန်နိုင်ငံတစ်ခုလုံးရှိ လူတိုင်း သိရှိလာစေရန်နှင့် မဟာယန်နိုင်ငံတစ်ခုလုံးတွင် အကြီးဆုံး လေလံရုံ ဖြစ်လာစေရန်အတွက် ပြုလုပ်ရန်ပင်။
ဤကလဲ့စားချေမှုသည် လေလံရုံ၏ဂုဏ်သတင်းကို ချဲ့ထွင်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ထို့ပြင် အပေါ်ယံတွင် မဟာယန်နိုင်ငံ၏ အားအကောင်းဆုံး ကျင့်ကြံသူမှာ ယန်ဘုရင်ဖြစ်ပြီး သူသည် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိလေ၏။
မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ် ဓား ကျင့်ကြံသူတစ်ဦးဖြစ်သော သွမ်ခုန်းက သူ့ကို ကာကွယ်ပေးနေသဖြင့် မဟာယန်နိုင်ငံတစ်ခုလုံးတွင် မည်သူကမျှ သူ့ကို မခြိမ်းခြောက်နိုင်ချေ။
ငါ မသိလိုက်ဘဲနဲ့... ငါက မဟာယန်နိုင်ငံအတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီပဲ...
ဤအကြောင်းကို တွေးမိသောအခါ လင်းရှောင်၏ စိတ်အခြေအနေသည် ရှင်းပြ၍မရအောင် တိုးတက်လာပေ၏။
ဤသည်မှာ တိမ်တိုက်ကောင်းကင်လေလံရုံ၏ နာမည်သည် မဟာယန်နိုင်ငံတစ်ဝှလုံး ပျံ့နှံ့သွားသည်ကို သူ ကြိုတင်မြင်တွေ့နေရသည့်အလားပင်။
ထို့နောက်....
လင်းရှောင် သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အနီးရှိ ရေချိုးခန်းသို့ လျှောက်သွားကာ လန်းဆန်းစေသော ရေအေးဖြင့် ရေချိုးလိုက်သည်။
ချင်းဟိုင် လေလံရုံရှိ ကြီးကျယ်ခမ်းနားသော အခန်းတစ်ခန်းအတွင်း၌...
ဥက္ကဋ္ဌချင်သည် ရွှေရောင် ကွပ်ထားသော ထိုင်ခုံပေါ်တွင်ထိုင်ကာ သူ၏လက်အောက်ငယ်သားကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
"စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့်က ပြဿနာရှာတဲ့လူ သုံးယောက် ချက်ချင်းအသတ်ခံရတယ်... ပြီးတော့ တတိယအဆင့် အထွတ်အထိပ် ရတနာ ဓားတစ်လက်ကို စျေးပေါပေါနဲ့ လေလံတင်လိုက်တယ်... မင်း နားကြားမမှားဘူးဆိုတာ သေချာရဲ့လား..."
"တိမ်တိုက်ကောင်းကင်လေလံရုံက လေလံပွဲကို သွားခဲ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံး အဲ့ဒီအတိုင်းပဲ ပြောကြတယ်..."
"ပြီးတော့ ရတနာဓားကို ရသွားတဲ့ နတ်ဆိုးအမဲလိုက် အဖွဲ့ ခေါင်းဆောင်ကလအဲ့ဒါကို ရပြီးတာနဲ့ သူ့ရဲ့ ခွန်အားတွေ မြင့်တက်သွားပြီးတော့...ဓားကို လိုချင်နေတဲ့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတွေအများကြီးကို ဆက်တိုက်သတ်ပစ်လိုက်တယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်...ဒါက အမှားအယွင်း မရှိနိုင်ဘူး..."
"ကောင်းပြီလေ... မင်း သွားလို့ရပြီ..."
ဥက္ကဋ္ဌချင်သည် သူ၏လက်အောက်ငယ်သားကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီး မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။
"ဒါက အဲ့ဒီဇနီးမောင်နှံက လင်းရှောင်အတွက် ချန်ထားခဲ့တဲ့ ဝှက်ဖဲများ ဖြစ်နေမလား..."
"ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် သူတို့က နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့တာဆိုတော့... ဝှက်ဖဲတချို့ ချန်ထားခဲ့တာ ပုံမှန်ပါပဲ..."
"ဒါပေမဲ့... ဝှက်ဖဲဆိုတာ ဝှက်ဖဲ ပါပဲ... လက်ရှိ တိမ်တိုက်ကောင်းကင်လေလံရုံက သွားမရှိတဲ့ ကျားတစ်ကောင်ပဲ... ကြောက်စရာ ဘာမှမရှိပါဘူး..."
ဥက္ကဋ္ဌချင်၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
ထိုအချိန်မှာပင်....
လက်အောက်ငယ်သားတစ်ဦးက အလျင်စလို ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။
"သတင်းပို့ပါတယ် ဥက္ကဋ္ဌ... မြို့တော်ဝန်စံအိမ်က သတင်းရောက်လာပါတယ်..."
"ပြောစမ်း..."
"တိမ်တိုက်ကောင်းကင်လေလံရုံကို ငါတို့ ကြံစည်ထားတဲ့ အမှန်တရားကို ဖုံးကွယ်ပေးဖို့ မြို့တော်ဝန် စံအိမ် က ဆက်ပြီးမကူညီတော့ဘူးလို့ ပြောပါတယ်..."
ဤစကားကို ကြားသောအခါ ဥက္ကဋ္ဌချင်၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
" ဟမ့်... သူက သူ့ရဲ့ အေးချမ်းတဲ့ ဘဝကို ဆက်ပြီး မနေချင်တော့ဘူးလား..."
သို့သော် နောက်တစ်ကြိမ် စဉ်းစားကြည့်ရာ စိုးရိမ်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ရုတ်တရက် ထင်ဟပ်လာသည်။
"မဟုတ်ဘူး... လီမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ ငါတို့ရဲ့ အစစ်အမှန်ရည်မှန်းချက်ကို မြို့တော်ဝန်က တွေ့ရှိသွားတာများလား..."
"အဲ့ဒါက မဖြစ်သင့်ဘူး... သူ ဘယ်လိုပဲ စုံစမ်းစုံစမ်း... တိမ်တိုက်ကောင်းကင်လေလံရုံကို ခွဲဝေယူဖို့ လီ မိသားစုနဲ့ မဟာမိတ်ဖွဲ့မယ့် ငါတို့ရဲ့ အစီအစဉ်ကိုပဲ သူ သိသင့်တယ်..."
"ဘာပဲဖြစ်ဖြစ်... ငါတို့နဲ့ လီမိသားစုက တိမ်တိုက်ကောင်းကင်လေလံရုံက လူတွေနဲ့ အရင်ကတည်းက ပဋိပက္ခတွေ ရှိခဲ့တာဆိုတော့... ဒါက လုံးဝယုတ္တိရှိပုံ ပေါက်တယ်..."
"လီမိသားစုနဲ့ ပူးပေါင်းပြီး မြို့တစ်မြို့လုံးကို လွှမ်းမိုးဖို့ အစီအစဉ်အတွက်ကတော့... ငါရယ် လီကန်းရယ်လလီမိသားစုခေါင်းဆောင်ရယ်... ပြီးတော့ ငါ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေပဲ သိတာ... သတင်းပေါက်ကြားသွားတာ မဖြစ်နိုင်ဘူး..."
"အဲ့ဒီအရူး လီကန်းကများ နှုတ်ကျွံသွားတာလား..."
"..."
"ထားလိုက်ပါတော့... အဆိုးဆုံးဆိုရင် ငါတို့ရဲ့ အစီအစဉ်ကို ရှေ့တိုးလိုက်မယ်... မြို့ထဲက တခြား အင်အားစုတွေ ဘာမှ သတိမထားမိသေးခင်... လီမိသားစုနဲ့ အမြန်ဆုံး မဟာမိတ်ဖွဲ့ပြီး သူတို့အားလုံးကို ရှင်းပစ်လိုက်မယ်..."
"မဟုတ်ရင်... လင်ရှီးမြို့ က ဒီအင်အားစုတွေ ပေါင်းစည်းပြီး ကြိုတင်ပြင်ဆင်ထားရင်... ငါတို့ဒုက္ခရောက်လိမ့်မယ်..."
ဤအကြောင်းကို တွေးမိသောအခါ ဥက္ကဋ္ဌချင်သည် အလျင်အမြန် အမိန့်ပေးလိုက်၏။
"သွား... လေလံရုံက လူတိုင်းနဲ့ လာဘ်စားထားတဲ့ ကျင့်ကြံသူတွေကို တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်... ပြီးတော့ လီမိသားစုကိုလည်း သုံးရက်ကြာရင် အတူတူလှုပ်ရှားမယ်လို့ အသိပေးလိုက်စမ်း..."
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ..."
လက်အောက်ငယ်သားက ပြန်ဖြေပြီး အလျှင်အမြန် ထွက်ခွာသွားသည်။
ဥက္ကဋ္ဌချင်က မတ်တတ်ရပ်လိုက်ရာ သူ၏စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် နှောင်းပိုင်းအဆင့် အရှိန်အဝါသည် ပျံ့နှံ့သွားခဲ့ပေ၏။
သူသည် သူ၏လက်များကို ကျယ်ကျယ်ဖြန့်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဒီလင်ရှီးမြို့က ငါ့ရဲ့ ချင်းဟိုင်လေလံရုံနဲ့ လီမိသားစုရဲ့အပိုင် မကြာခင် ဖြစ်လာတော့မှာ... ဟား ဟား..."
"ဟားဟားဟားဟား..."
နတ်ဆိုးသားရဲ တောင်တန်း၏ ဆင်ခြေဖုံးရှိ ထူထပ်သိပ်သည်းသော ဝါးတောတစ်ခု အတွင်း၌..
နံဘေးပတ်ဝန်းတွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား တစ်ဦးသည် 'အမှောင်' ဟူသော စာလုံး ရေးထွင်းထားသည့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုတံဆိပ်ပြားမှနေ၍ ရုတ်တရက် ထူးဆန်းသော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်....
သူ၏ရှေ့ရှိ ဝါးတောတွင် ကျယ်ဝန်းသော မြေကွက်လပ်တစ်ခု ထွက်ပေါ်လာပြီး ခန်းမဆောင်များကဲ့သို့ အဆောက်အအုံများစွာ ပါရှိသည့် အတွင်းရှိ လျှို့ဝှက်ကမ္ဘာတစ်ခုကို ဖော်ပြလိုက်၏။
ဤသည်မှာ လင်ရှီးမြို့နှင့်အနီးဆုံး အမှောင်ရိပ်ခန်းမဆောင်၏ ခန်းမဆောင်ခွဲပင်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား ဝင်သွားပြီးနောက် ဝါးတောသည် မူလအခြေအနေသို့ လျှင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။
မီတာတစ်ရာ အကွာအဝေးရှိ သစ်ပင်တစ်ပင်ပေါ်တွင်ရှိနေသော အာဒီနိုစ့်သည် သူ၏ ရှေ့တွင် ဖြစ်ပျက်နေသမျှကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
တည်နေရာကို မှတ်သားပြီးနောက် သူသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့လေ၏။
နောက်တစ်နေ့ နံနက်တွင်...
အာဒီနိုစ့်သည် လေလံရုံသို့ ပြန်လာပြီး အမှောင်ရိပ်ခန်းမဆောင်၏ လျှို့ဝှက်လိပ်စာကို လင်းရှောင်အား ပြောပြလေသည်။
"ငါ ကူးပြောင်းလာကတည်းက... ငါ့ရဲ့စိတ်နှလုံးသားထဲမှာ လေးလံနေသလိုမျိုး ခံစားနေရတယ်... ချီလှိုင်းလုံးတစ်ခု ရှိနေသလိုပဲ... အဲ့ဒါက မူလပိုင်ရှင်ရဲ့ စွဲလမ်းမှု ဖြစ်ရမယ်... ငါ သူ့အတွက် အမြန်ဆုံး ကလဲ့စားချေပေးရမယ်... ဒီခံစားချက်က ခံရခက်တယ်..."
"လက်ရှိအချိန်ထက် ပိုကောင်းတဲ့ အချိန် မရှိဘူး... ဒီနေ့ အရာအားလုံးကို ရှင်းလင်းလိုက်ကြရအောင်..."
လင်းရှောင်က သူ၏ရင်ဘတ်ကိုဖိကာ တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူသည် လီယီကို လေလံရုံတွင် စောင့်ကြပ်နေရန် ညွှန်ကြားပြီးနောက် အာဒီနိုစ့်နှင့် သွမ်ခုန်းတို့နှင့်အတူ လေလံရုံမှ ထွက်ခွာလာခဲ့သည်။
ချင်းဟိုင် လေလံရုံ...
လင်းရှောင်တို့အဖွဲ့သည် ပင်မတံခါးဝသို့ ရောက်ရှိလာပြီး အထဲသို့ဝင်ရန် ဟန်ပြင်လိုက်ကြ၏။
မျှော်လင့်ထားသည့်အတိုင်း တံခါးဝရှိ အစောင့်နှစ်ဦး၏တားဆီးခြင်းကို သူတို့ ခံလိုက်ရသည်။
"ချင်းဟိုင်လေလံရုံမှာ ဒီနေ့ လေလံပွဲ မရှိဘူး... အပြင်လူတွေ ဝင်ခွင့် မပြုဘူး..."
လင်းရှောင်က သူတို့ကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။
အစောင့်နှစ်ဦးသည် မျက်မှောင်ကြုတ်ပြီး လင်းရှောင်ကို တားဆီးရန်အတွက် ရှေ့သို့တက်ရန် ဟန်ပြင်လိုက်ကြသည်။
ထိုအချိန်မှာပင် မီးခိုးရောင်အလင်းတန်းနှစ်တန်း လင်းလက်သွားပြီး အစောင့်နှစ်ဦး၏ခေါင်းများသည် မြေကြီးပေါ်သို့ ချက်ချင်းကျသွားခဲ့လေ၏။
"သွမ်ခုန်း... ချင်းဟိုင်လေလံရုံတစ်ခုလုံးကို ပိတ်ဆို့ထားလို့ ရမလား..."
"အနာဂတ်အတွက် ဘာပြဿနာမှ ငါ ချန်မထားချင်ဘူး..."
သွမ်ခုန်းသည် 'ကောင်းပါပြီ' ဟူသော လက်ဟန်ပြလိုက်ပြီး ကောင်းကင်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။
သူ၏ခါးရှိ ဓားကိုပင် မဆွဲထုတ်ဘဲ သူသည် သူ၏ လက်ချောင်းကို ဓားအဖြစ် အသုံးပြုကာ အောက်ဘက်ရှိ ချင်းဟိုင်လေလံရုံအား ဦးတည်၍ ပေါ့ပေါ့ပါးပါး အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီ များသည် လျင်မြန်စွာ ပျံသန်းသွားပြီး မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ချင်းဟိုင်လေလံရုံ၏ နံဘေးပတ်လည်တွင် ဧရာမအက်ကွဲကြောင်းလေးခု ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုအက်ကွဲကြောင်းများထဲမှ အဖြူရောင်ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လေလံရုံတစ်ခုလုံးကို တင်းကြပ်စွာ ဝန်းရံထားသည်။
ကျယ်လောင်သော မြည်ဟီးသံကြီးသည် မြို့ခံများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေ၏။
ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ပျံသန်းနေသော သွမ်ခုန်းကို ကြည့်ကာ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
"လေထဲမှာ ပျံသန်းနေတာလား... သူက တကယ်ကြီး လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပဲ... ဒီလို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ငါတို့လင်ရှီးမြို့ကို ဘယ်တုန်းက ရောက်လာတာလဲ..."
"ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုက ဒီလောက်ထိ အားကောင်းတဲ့ စွမ်းအား ရှိတာပဲ... ဒါက လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားလား..."
"ဒီကျွမ်းကျင်သူက ချင်းဟိုင်လေလံရုံအတွက် လာတာ ဖြစ်ပုံရတယ်... ကြည့်ရတာတော့ ချင်းဟိုင်လေလံရုံ က ဒီနေ့ ပျက်စီးတော့မယ့်ပုံပဲ..."
"ငါတို့လို ပွဲကြည့်မယ့်လူတွေက ခပ်ဝေးဝေးမှာနေတာ ပိုကောင်းမယ်... တကယ်လို့ အဲ့ဒီကျွမ်းကျင်သူက မကျေမနပ်ဖြစ်ပြီး ငါတို့ပါ ကြားညပ်သွားရင်... ငါတို့ သေလိမ့်မယ်..."
ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများသည် တိုက်ပွဲ၏ နောက်ဆက်တွဲ သက်ရောက်မှုကို ခံရမည်အား ကြောက်ရွံ့သဖြင့် နောက်ဆုတ်ရင်း စကားပြောဆိုနေခဲ့ကြသည်။