← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

ပြိုင်ဘက်ကင်း လေလံရုံ

ဘာသာပြန်သူ-ATY author team

Book 2 Chapter 11 to 20

အခန်း (၁၁) တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့...မဟာယန် အပြင်ဘက်ကမ္ဘာ

ထိုအချိန်မှာပင် လွန်ခဲ့သော လေလံပွဲ ပြီးစဥ်ကတည်းက စနစ်တာဝန်အသစ်များကို သူ မစစ်ဆေးရသေးကြောင်း လင်းရှောင် ရုတ်တရက် သတိရသွားသည်။

စနစ်တာဝန်တစ်ခုစီတိုင်းအတွက် ဆုလာဘ်များသည် အမြဲတစေ အလွန်ရက်ရောသဖြင့် သူ လက်လွတ်မခံနိုင်ချေ။

အတွေးတစ်ချက်ဖြင့် လက်ရှိစနစ်တာဝန်များ လင်းရှောင်၏ရှေ့တွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။

【ထက်မြက်မှု ဖော်ထုတ်ခြင်း..

တာဝန်၁...တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ လူကြိုက်များမှုကို ၁၀၀၀၀၀ အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု... ၇၅၆၆ / ၁၀၀၀၀၀

တာဝန်၂ - လေလံရုံရဲ့ အရောင်းအဝယ် ပမာဏကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု ...၂၀၅၀၀ / ၂၀၀၀၀၀၀】

【ပြီးမြောက်ခြင်း ဆုလာဘ် ...လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ် ၁ကတ် ၊ ကျပန်းရုပ်ခန္ဓာကိုယ် တစ်ခု၊ ကျပန်းထိပ်တန်းအဆင့် စိတ်ဝိညာဉ်သားရဲ တစ်ကောင်】

ထိုအရာများကို ဖတ်ပြီးနောက် လင်းရှောင်၏မျက်နှာအမူအရာ အနည်းငယ် မှုန်ကုပ်သွားသည်။

ယခင်တာဝန်များနှင့် နှိုင်းယှဉ်ပါက ဤအရာသည် သိသိသာသာ ပို၍ခက်ခဲလေ၏။

ပထမဆုံးတာဝန်အတွက် လူကြိုက်များမှုရော ဒုတိယ တာဝန်အတွက် လေလံအရောင်းအဝယ် ပမာဏပါ ပြီးမြောက်ရန် အလှမ်းကွာဟနေဆဲပင်။

ယမန်နေ့က လင်ရှီးမြို့ ရှိ ဆူညံပွက်လောရိုက်မှုအပြီးတွင် တိုက်ပွဲကို မျက်မြင်တွေ့ရှိခဲ့သော ကျင့်ကြံသူများမှ သတင်းဖြန့်မှုကြောင့် လင်ရှီးမြို့ ရှိ လူတိုင်းနီးပါး တိမ်တိုက်ကောင်းကင်လေလံရုံ၏ စွမ်းအားအကြောင်းကို သိရှိသွားကြသည်။

သို့သော် လူကြိုက်များမှုမှာ ၇၀၀၀ ကျော်သာ ရှိသေးပြီး ၁၀၀၀၀၀ နှင့် များစွာကွာဝေးနေဆဲပင်။

ဤတွက်ချက်မှုအရ အနည်းဆုံး ခရိုင်မြို့ကြီး တစ်မြို့မှ ကျင့်ကြံသူများသည် တိမ်တိုက်ကောင်းကင်လေလံရုံ ၏တည်ရှိမှုအကြောင်းကို သိရှိရန် လိုအပ်ပေမည်။ ထိုသို့ဖြစ်လာမှသာ လေလံရုံ၏လူကြိုက်များမှုသည် ၁၀၀၀၀၀သို့ ရောက်ရှိနိုင်ပေမည်။

ထို့ပြင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း အရောင်းအဝယ်သည်လည်း မလွယ်ကူလှချေ။

ပုံမှန် တတိယအဆင့် ရတနာတစ်ခုသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ခန့်သာ တန်ဖိုးရှိပြီး စတုတ္ထအဆင့်တစ်ခုမှာ ၁၀၀၀၀၀ ခန့်သာ တန်ဖိုးရှိလေ၏။

ရှားပါးသော ပဉ္စမအဆင့် ရတနာတစ်ခုပင်လျှင် ၅၀၀၀၀၀ ခန့်သာ တန်ဖိုးရှိပြီး ၂ သန်းနှင့် များစွာ အလှမ်းကွာဟနေဆဲပင်။

သို့သော် လင်းရှောင်သည် သူ စနစ်မှ ပြန်လည်ရရှိထားသော ရတနာတချို့ကို လေလံတင်ရန် ရွေးချယ်နိုင်သဖြင့် အနည်းငယ် ဝန်လေးသော်လည်း ဒုတိယ တာဝန်ကို ပြီးမြောက်နိုင်သည်။

ထို့ပြင် တာဝန်များမှာ မရိုးရှင်းသဖြင့် ဆုလာဘ်များသည် ဆိုးရွားမည် မဟုတ်ချေ။

သူ မသိသေးသော လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်အပြင် တခြားနှစ်ခုမှာ ထိပ်တန်းပစ္စည်းများပင်။

ခရီးသွားရန် ပျံသန်းရေးသားရဲတစ်ကောင်နှင့် တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ရန် ရုပ်ခန္ဓာကိုယ်တစ်ခု....

ဤအရာများအားလုံးသည် လက်ရှိချိန်၌ လင်းရှောင် လက်ရှိ လိုအပ်နေသောအရာများပင်။

ထိုတာဝန်နှစ်ခုကို ပြီးမြောက်ရန် သူ့အတွက် အမှန်တကယ်ကို ခက်ခဲနေခြင်းသာဖြစ်သည်။

လင်းရှောင်သည် နေရာတွင် အချိန်တခဏကြာမျှ မတ်တတ်ရပ်နေပြီး ဤတာဝန်နှစ်ခုကို မည်ကဲ့သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်အား စဉ်းစားနေခဲ့လေ၏။

သို့သော် ထိုအချိန်မှာပင် မိုးကြိုးပစ်ခတ်သံကဲ့သို့ ကျယ်လောင်သော တုန်ခါသံတစ်သံက မိုးကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

သွမ်ခုန်းသည် မျက်မှောင်ကြုတ်ပြီး လင်းရှောင်ကို သူ၏နောက်သို့ပို့ကာ အလျင်အမြန် ကာကွယ်လိုက်သည်။

လင်းရှောင် မော့ကြည့်လိုက်ရာ ဤသည်မှာ အရွယ်အစား သုံးကျန်းခန့် ရှိသော ဧရာမ ခြင်္သေ့ပုံစံ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး သူတို့ဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုနတ်ဆိုးသားရဲသည် တစ်ကိုယ်လုံး ခရမ်းရောင်ဖြစ်နေပြီး ရှည်လျားကွေးကောက်နေသော အစွယ်များနှင့် ဧရာမ အနက်ရောင် တောင်ပံတစ်စုံရှိကာ သူသည် သာမန်နတ်ဆိုးသားရဲတစ်ကောင် မဟုတ်ကြောင်း သိသာရှင်းလင်းနေသည်။

"တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့..."

"ပြဿနာပဲ... ဖုံးကွယ်ဝင်္ကပါရဲ့ အကာအကွယ် မရှိတော့တာကြောင့် ဒီနေရာက နတ်ဆိုးသားရဲ အရှင်သခင်ကို ငါတို့ ဆွဲဆောင်မိသွားပြီ..."

"ငါတို့ ဘာလုပ်သင့်လဲ..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေ၏။

"မဟုတ်ဘူး... ဒီသခင်လေး ရှိနေသေးတာပဲ..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် လင်းရှောင် ရှိနေသေးကြောင်း ရုတ်တရက် သတိရသွားပြီး တောင်းပန်သော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။

ဤအချိန်တွင် လင်းရှောင်သည် အဘိုးအို၏ အကြည့်ကို သတိမပြုမိဘဲ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု မရှိဘဲ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုသာ ရှိနေခဲ့လေ၏။

လင်းရှောင်သည် ပြန်လည်ကောင်းမွန်လာသော ကောင်းကင်ဘုံမျက်လုံးကို အသုံးပြု၍ ထိုနတ်ဆိုးသားရဲ၏ ကျင့်ကြံဆင့်နယ်ပယ်နှင့်အချက်အလက်များကို လွယ်လင့်တကူ မြင်တွေ့ခဲ့ရသည်။

"နတ်ဆိုးသားရဲ တောအုပ်ရဲ့ အစွန်အဖျားက အရှင်သခင်တွေထဲက တစ်ကောင်... သူက ဆဌမအဆင့်မှာရှိတဲ့ တောင်ပံနက်ခရမ်းလျှပ်စီးခြင်္သေ့ပဲ ... သူ့ရဲ့ တစ်ကိုယ်လုံးက ရတနာပဲ..."

"တကယ်လို့ ငါ ဒါကို နောက်လေလံပွဲမှာ လေလံတင်နိုင်ရင်... ဒုတိယတာဝန်က တည်ငြိမ်သွားပြီပဲ..."

လင်းရှောင် သွားရည်ကျလုနီးပါး ဖြစ်နေသည်။

သူ အိပ်ချင်နေချိန်မှာပင် ခေါင်းအုံးတစ်လုံး ထွက်ပေါ်လာခဲ့သည့်အလား ဤသည်မှာ အမှန်တကယ်ကို အလွန်ကောင်းမွန်လှသည်။

ဤအချိန်တွင် ကောင်းကင်ယံရှိ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် ရုတ်တရက် မီတာတစ်ရာ အကွာအဝေးရှိ မြေကွက်လပ်တစ်ခုတွင် ဆင်းသက်လိုက်၏။

သူသည် သွေးနီရောင်မျက်လုံးများဖြင့် လင်းရှောင်တို့အဖွဲ့ကို စူးစိုက်၍ကြည့်နေပြီး သွားရည်များ မြေကြီးပေါ်သို့ ကျဆင်းနေသည်။

သို့သော် ဤတောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် သွမ်ခုန်း၏ သာမန်မဟုတ်သော ခွန်အားကို အာရုံခံမိပုံရပြီး အနည်းငယ် သတိထားနေကာ ချက်ချင်းပြေးဝင်မလာခဲ့ချေ။

"သွမ်ခုန်း... မင်း အဲ့ဒီကောင်ကို သတ်နိုင်လား..."

လင်းရှောင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"သတ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့တိုက်ပွဲရဲ့ နောက်ဆက်တွဲ သက်ရောက်မှုက အရမ်းပြင်းထန်နိုင်တယ်....ဒါကြောင့် သခင်လေးက ကျေးဇူးပြုပြီး ခပ်ဝေးဝေးမှာ နေပါ..."

လင်းရှောင်သည် သူ၏နံဘေးရှိ အာဒီနိုစ့်ကို အချက်ပြလိုက်၏။

အာဒီနိုစ့်က ခေါင်းညိတ်လိုက်ပြီး မကြာမီမှာပင် သူ့ကို မီတာတစ်ထောင်ခန့် မြင့်မားသော နေရာသို့ ပျံသန်း၍ ခေါ်ဆောင်သွားသည်။

"ဟူး... ကြည့်ရတာတော့ ဒီအမှောင်ရိပ်ခန်းမဆောင်ခွဲကို ကယ်တင်လို့ မရနိုင်တော့ဘူး ထင်တယ်... ထားလိုက်ပါတော့... ငါ့ရဲ့အသက်ကို ကယ်တင်နိုင်ဖို့က ပိုအရေးကြီးတယ်..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် သွမ်ခုန်း လှုပ်ရှားရန် ဟန်ပြင်နေသည်ကို မြင်သောအခါ သူ၏ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မြေကြီးပေါ်တွင် သတိလစ်နေသော အနက်ရောင် ဝတ်စုံဝတ် လုပ်ကြံသူကို ထူမလိုက်ပြီး မီတာထောင်ပေါင်းများစွာအကွာသို့ လျှင်မြန်စွာ ပြေးထွက်သွားလေ၏။

တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် သူ၏ သားကောင်များ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်ပြီး လိုက်လံ ဖမ်းဆီးရန် ဟန်ပြင်လိုက်သည်။

"ကြောင်ပေါက်လေး... ငါ့ကို ဒီလို လျစ်လျူရှုတာက စိတ်ပျက်စရာပဲ..."

သွမ်ခုန်းသည် သူ၏ဓားရှည်ကို ချက်ချင်း ဆွဲထုတ်ကာ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ဆီသို့ ပြေးဝင်သွားပြီး ဓားတစ်ချက် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလေသည်။

မီတာတစ်ရာ ရှည်လျားသော ဓားချီသည် ဓားနှင့်အတူ ပျံ့လွင့်သွားပြီး တောင်ပံနက်ခရမ်းလျှပ်စီးခြင်္သေ့၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။

တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် နတ်ဆိုးသားရဲ များ၏ အရှင်သခင်တစ်ကောင်ဖြစ်သဖြင့် စွမ်းအားနိမ့်ပါးခြင်း မရှိချေ။ သူသည် ဧရာမ ခရမ်းရောင် လျှပ်စီးလုံးကြီးတစ်လုံးကို ပြင်းပြင်းထန်ထန် ထွေးထုတ်လိုက်ရာ ထိုအရာသည် တိုးဝင်လာသော ဓားချီနှင့် တိုက်မိသွားလေ၏။

ကြီးမားသော စွမ်းအားနှစ်ခုကြားမှ တိုက်ပွဲ၏ နောက်ဆက်တွဲ သက်ရောက်မှုက ပတ်ဝန်းကျင် အဆောက်အအုံများအားလုံးကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်သည်။

ထို့နောက်....

တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် သူ၏တောင်ပံများကို ခတ်ကာ ကောင်းကင်သို့ လျှင်မြန်စွာ ပျံသန်းသွားသည်။ သူ၏လက်သည်းများတွင် ခရမ်းရောင် လျှပ်စီးများ ရစ်ပတ်နေပြီး သွမ်ခုန်းဆီသို့ ဦးတည်ကာ ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက်၏။

သွမ်ခုန်းသည် သူ၏ခြေဖျားများကို ညင်သာစွာ လှည့်ပတ်ကာ ထိုခုန်အုပ်မှုကို လွယ်လင့်တကူ ရှောင်တိမ်းလိုက်သည်။

တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် မိုးကောင်းကင်ယံသို့ လျှင်မြန်စွာ ပြန်လည်၍ ပျံသန်းသွားသည်။

အချိန်အနည်းငယ်ကြာ စွမ်းအားစုဆောင်းပြီးနောက် သူသည် မြေကြီးပေါ်ရှိ သွမ်ခုန်းဆီသို့ ဦးတည်၍ နောက်တစ်ကြိမ် ခုန်အုပ်ရန် ဟန်ပြင်လိုက်၏။

"သွေးပူလေ့ကျင့်ခန်း ပြီးပြီ... မင်းနဲ့ ဆက်မကစားတော့ဘူး... သခင်လေးကို အကြာကြီး စောင့်ခိုင်းထားတာ မကောင်းပါဘူး... နှုတ်ဆက်ပါတယ်..."

သွမ်ခုန်းက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် မယုံနိုင်လောက်အောင် စူးရှလာပေ၏။

"သွမ်ခုန်းဓားချက် ..."

ကြည်လင်သော အဖြူရောင်အလင်းတန်းတစ်တန်းက လေထုကို ဖြတ်တောက်သွားပြီး တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ကို ချက်ချင်းထိုးဖောက်သွားသည်။

ထို့နောက် ရုတ်ချည်းဆိုသလိုပင်...

သွေးစီးကြောင်းတချို့သည် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့၏ လည်ပင်းပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ခေါင်းတစ်ခုလုံး ဝုန်းခနဲ အသံနှင့်အတူ ပြုတ်ကျသွားတော့သည်။

မီတာတစ်ထောင် အကွာအဝေးတွင်....

လင်းရှောင်သည် တိုက်ပွဲတစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့ပြီး ပြောစရာစကားမရှိတော့ချေ။ ​ဤသည်မှာ သွမ်ခုန်း၏ လုံးလုံးလျားလျား တစ်ဖက်သတ် ဖိနှိပ်မှုပင်။

အချိန်တခဏအကြာတွင်...

လင်းရှောင်သည် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ ၏ အလောင်းဆီသို့ ရောက်လာပြီး စနစ်ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်သိမ်းဆည်းလိုက်၏။

"စနစ် ဟင်းလင်းပြင်ရှိနေတာ ကံကောင်းလို့ပဲ... မဟုတ်ရင် လူအိုကြီးမိုရဲ့ သိုလှောင်လက်စွပ် က အကုန်လုံး ဆံ့မှာ မဟုတ်ဘူး..."

လင်းရှောင်က သူ၏ဘယ်ဘက်လက်ရှိ သိုလှောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအရာသည် ဗလာဟင်းလင်းဖြစ်နေပြီး မည်သည့်အရာမျှ မပါဝင်ချေ။

လင်းရှောင်သည် စနစ်ဟင်းလင်းပြင်ကို ဖုံးကွယ်ရန်အတွက်သာ ဤသိုလှောင်လက်စွပ်ကို ဝတ်ဆင်ထားခြင်းဖြစ်သည်။

ထိုအချိန်မှာပင်....

မီတာထောင်ပေါင်းများစွာ ဝေးကွာသော နေရာတွင်ရှိနေသော မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို သည် ဤနေရာတွင် လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို သတိပြုမိပြီး လျင်မြန်စွာနှင့် တိတ်တဆိတ် ပြန်လာခဲ့လေ၏။

"ဟူး... ကြည့်ရတာတော့ သတ္တမသခင်လေးကိုတွေ့ဖို့ မဟာယန် ​တော်ဝင်မြို့တော်ကို ငါ ခရီးတစ်ခေါက် သွားရမယ့်ပုံပဲ..."

သူ၏ရှေ့တွင် မြေပြင်နှင့်အညီ ပြားချပ်နေသော ခန်းမဆောင်ကို မြင်သောအခါ သူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

ထို့နောက်....

သူ၏အကြည့်သည် ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး မြေကြီးပေါ်ရှိ ခရမ်းရောင်သွေး အများအပြားကို လျှင်မြန်စွာ သတိပြုမိလိုက်သည်။

သူသည် ဗလာကျင်းနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် မီတာတစ်ရာ အကွာအဝေးရှိ လင်းရှောင်၏လက်ချောင်းပေါ်မှ သိုလှောင်လက်စွပ်နှင့် နံဘေးရှိ အထိအခိုက်မရှိသော သွမ်ခုန်းကို ကြည့်လိုက်၏။

သူ၏မျက်လုံးသူငယ်အိမ်များ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ရလဒ်ကို သူ သိရှိသွားလေပြီ။

သွမ်ခုန်း အလွန်သန်မာအားကောင်းကြောင်း သူ သိသော်လည်း ဤရလဒ်က သူ့ကို အလွန်အမင်း အံ့အားသင့်စေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သွမ်ခုန်းသည် အစွန်းအထင်း ကင်းစင်နေပုံရပြီး ဤသည်မှာ တိုက်ပွဲတွင် သူ တစ်ဖက်သတ် အနိုင်ရရှိခဲ့ကြောင်း ညွှန်ပြနေခြင်းပင်။

ထို့ပြင် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့သည် နတ်ဆိုးသားရဲ တောအုပ်၏ အစွန်အဖျားပိုင်းရှိ အရှင်သခင် တစ်ကောင်ဖြစ်ပြီး ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော နတ်ဆိုးသားရဲတစ်ကောင်ပင်။

သို့သော် ထိုသားရဲသည် ဤကဲ့သို့ သတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုထံတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

လင်းရှောင်သည်လည်း မကြာမီကမှ ပြန်ရောက်လာသော မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုကို သတိပြုမိပြီး အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူ့ကို ရှေ့တိုးလာရန် လက်ယပ်ခေါ်လိုက်သည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် လင်းရှောင်၏ ရှေ့သို့ နာခံရို့ကျိုးစွာ ရောက်လာခဲ့သည်။

"သခင်... ကျွန်တော့်ကို လိုအပ်တဲ့ ကိစ္စများ ရှိလို့လား..."

လင်းရှောင်က မေးလိုက်၏။

"မင်းတို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်က မဟာယန် နိုင်ငံပြင်ပက အင်အားစုတစ်ခုလို့ ငါ ကြားတယ်... အဲ့ဒါက အမှန်လား..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်တို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်က အရမ်းသန်မာအားကောင်းပါတယ်... ကျွန်တော်တို့ရဲ့ ပင်မခန်းမဆောင်က ဝေးကွာတဲ့ အနက်ရောင်မြေကမ္ဘာတောင်တန်းမှာ ရှိပြီးတော့ ကျွန်တော်တို့ရဲ့ ခန်းမဆောင်ခွဲတွေကို ချင်းယွမ်ကုန်းမြေရဲ့ ဒေသအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာချထားပါတယ်... ကျွန်တော်တို့က ချင်းယွမ်မြင့်မြတ်နယ်မြေရဲ့ လွှမ်းမိုးမှုရှိတဲ့ လက်အောက်ခံ အင်အားစုတွေထဲက တစ်ခုပါ..."

သူတို့၏ ပင်မခန်းမဆောင်အကြောင်း ပြောသောအခါ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို၏လေသံ၌ ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။

"မဟာယန်ရဲ့ အပြင်ဘက်နယ်မြေတွေအကြောင်း ငါ့ကို ပြောပြပါဦး..."

လင်းရှောင်က အေးအေးလူလူ ပြောလိုက်၏။

လင်းရှောင်သည် မဟာယန်နိုင်ငံ အပြင်ဘက်ရှိ အင်အားစုများအကြောင်း အနည်းငယ်မျှ မသိသဖြင့် ဤသည်မှာ သူ လေ့လာရန်အတွက် အခွင့်အရေးကောင်းတစ်ခုပင်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း သူက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

"ကျွန်တော်တို့ ရှိနေတဲ့ ဒီဒေသကို မြောက်ပိုင်း မရဏနယ်မြေလို့ ခေါ်တယ်... မြောက်ပိုင်းမရဏနယ်မြေကို ကုန်းမြေ တစ်ဆယ့်ကိုးခုအဖြစ် ခွဲခြားထားပြီးတော့ ကျွန်တော်တို့ရဲ့ လက်ရှိတည်နေရာက ချင်းယွမ်ကုန်းမြေထဲက အရှေ့တောင်ဒေသမှာ ရှိနေတယ်..."

"ချင်းယွမ်ကုန်းမြေကို အဓိကအနေနဲ့ မြင့်မြတ်နယ်မြေ တစ်ခု... တော်ဝင်နိုင်ငံနှစ်နိုင်ငံနဲ့ မဟာဂိုဏ်း ကြီးလေးဂိုဏ်းအဖြစ် ခွဲခြားထားတယ်..."

"မြင့်မြတ်နယ်မြေတစ်ခုဆိုတာက ချင်းယွမ်မြင့်မြတ်နယ်မြေကို ရည်ညွှန်းတာပါ... ချင်းယွမ်ကုန်းမြေတစ်ခုလုံးမှာ အဲ့ဒါက တစ်ခုတည်းသော မြင့်မြတ်နယ်မြေ ဖြစ်ပြီးတော့ အားအကောင်းဆုံး အင်အားစုလည်း ဖြစ်တယ်..."

"တော်ဝင်နိုင်ငံနှစ်နိုင်ငံဆိုတာက လေမြူခိုးတော်ဝင်နိုင်ငံ နဲ့ ယန်အောင်းတော်ဝင်နိုင်ငံတို့ကို ရည်ညွှန်းတာပါ... တော်ဝင်နိုင်ငံနှစ်နိုင်ငံလုံးက အင်အားအရ မတိမ်းမယိမ်းဖြစ်ပြီးတော့ နိုင်ငံနှစ်နိုင်ငံလုံးက ချင်းယွမ်ကုန်းမြေအတွင်းက ထိပ်တန်းအင်အားစုတွေပဲ..."

"မဟာဂိုဏ်းကြီးလေးဂိုဏ်းဆိုတာ ချင်းယွမ်ကုန်းမြေ အတွင်းက အားအကောင်းဆုံး ဂိုဏ်းလေးဂိုဏ်းကို ရည်ညွှန်းတာပါ... ​အဲ့ဒါတွေက ရွှမ်းလင်ဂိုဏ်း ကောင်းကင်ဘုံဓားဂိုဏ်း မရဏဝိညာဉ်ဂိုဏ်းနဲ့ သွေးအရိပ်ဂိုဏ်းတို့ဖြစ်ပြီးတော့ ဒါတွေအားလုံးက ထိပ်တန်းအင်အားစုတွေပဲ..."

"ပြီးတော့ မဟာယန်နိုင်ငံက တော်ဝင်နိုင်ငံနှစ်နိုင်ငံထဲက ယန်အောင်းတော်ဝင်နိုင်ငံရဲ့ လက်အောက်မှာ ရှိနေတယ်... လက်အောက်ခံ နိုင်ငံတွေထဲက တစ်ခုအနေနဲ့... မဟာယန်ကို အင်အားစု အသေးစားတစ်ခုလို့ သတ်မှတ်တယ်..."

လင်းရှောင်သည် အတွေးထဲ နစ်မျောနေသကဲ့သို့ ခေါင်းညိတ်လိုက်ပြီး မဟာယန်၏အပြင်ဘက်မှ အခြေအနေများကို အကြမ်းဖျင်း နားလည်သွားခဲ့လေ၏။

"မြင့်မြတ်နယ်မြေ... တော်ဝင်နိုင်ငံ... ဂိုဏ်းတွေ... ဒီလောကကြီးက တကယ်ကို ကျယ်ပြန့်တာပဲ... ကြည့်ရတာ တိမ်တိုက်ကောင်းကင်လေလံရုံက အနာဂတ်မှာ သွားရမယ့် လမ်းခရီးက အများကြီး ကျန်သေးတဲ့ပုံပဲ..."

ဤစကားများကို ကြားပြီးနောက် လင်းရှောင်သည် သူ၏စိတ်နှလုံးသားထဲတွင် စိတ်ခံစားမှု လှိုင်းတံပိုးတစ်ခု ဖြစ်ပေါ်လာသည်ကို မခံစားဘဲ မနေနိုင်တော့ချေ။

All Chapters