← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) လီအာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်ရောက်လာခြင်း....ယုတ်မာသော ယင်နတ်ဆိုးဂိုဏ်း

"မဟာယန်နိုင်ငံတော်က အင်အားစု အသေးစား တစ်ခုဖြစ်ပြီးတော့ အမှောင်ရိပ်ခန်းမဆောင်က လွှမ်းမိုးမှုရှိတဲ့ အင်အားစုတစ်ခု ဖြစ်တာကိုကျတော့ ဘယ်လို ခွဲခြားသတ်မှတ်ထားတာလဲ..."

လင်းရှောင်က အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းနယ်ပယ် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် သူတော်စင်နယ်ပယ် သူတော်စင်ဘုရင်နယ်ပယ် သူတော်စင်အရှင်နယ်ပယ်နဲ့ ဒဏ္ဍာရီလာ အစွန်းရောက်ဧကရာဇ်နယ်ပယ် ... နယ်ပယ်တစ်ခုစီတိုင်းက ကောင်းကင် အသစ်တစ်ခုပဲ..."

"အင်အားစုတစ်ခုရဲ့ အဆင့်ဟာ အဓိကအနေနဲ့ အဲ့ဒီအင်အားစုက အားအကောင်းဆုံး ကျင့်ကြံသူတွေရဲ့ နယ်ပယ်နဲ့ အရေအတွက်အပေါ် မူတည်တယ်..."

"မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူလေးတွေက အားအကောင်းဆုံးဖြစ်တဲ့ မဟာယန်နိုင်ငံလို နိုင်ငံငယ်လေးတွေအတွက်တော့... သူတို့ကို အင်အားစု အသေးစားတွေအဖြစ် ခွဲခြားသတ်မှတ်တယ်..."

"အင်အားစုတစ်စုမှာ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူသုံးဦး ရှိလာရင်.. အဲ့ဒါကို အင်အားစုအကြီးစားအဖြစ် ခွဲခြားသတ်မှတ်နိုင်တယ်..."

"တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနဲ့ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူဆယ်ဦး ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး ပိုင်ဆိုင်ထားရင် ဒါကို လွှမ်းမိုးနိုင်မှုရှိတဲ့ အင်အားစုအဖြစ် ခွဲခြားသတ်မှတ်နိုင်တယ်..."

"တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူငါးဦး ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး ပိုင်ဆိုင်ထားပြီးတော့ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူ ရာနဲ့ချီပြီး ရှိနေရင် အဲ့ဒါကို ထိပ်တန်း အင်အားစုအဖြစ် ခွဲခြားသတ်မှတ်တယ်..."

"သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ကြီးကြပ်နေပြီးတော့ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူဆယ်ဦး ဒါမှမဟုတ် အဲ့​ဒီထက်ပိုပြီး ပါဝင်နေရင် အဲ့ဒါကို မြင့်မြတ်နယ်မြေ အဖြစ် ခွဲခြားသတ်မှတ်တယ်..."

မြင့်မြတ်နယ်မြေအကြောင်း ပြောသောအခါ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို၏လေသံ ပို၍တည်ကြည်လေးနက်လာပြီး သူ၏မျက်လုံးများတွင် လိုလားတောင့်တမှုများ ပြည့်နှက်နေခဲ့သည်။

"သူတော်စင်နယ်ပယ် ... မဟာယန်နိုင်ငံမှာ တစ်ခါမှ မကြားဖူးတဲ့ နယ်ပယ်တစ်ခု... ဒါက တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထက်က နယ်ပယ် လား..."

လင်းရှောင် တီးတိုးရေရွတ်လိုက်၏။

ဤအရာအားလုံးကို နားလည်ပြီးနောက် လင်းရှောင် သည် စိုးရိမ်ပူပန်မနေဘဲ ဝမ်းသာနေခဲ့သည်။

အတင့်ရဲသော ရေရှည်ရည်မှန်းချက်တစ်ခုကသူ၏ နှလုံးသားထဲတွင် အမြှစ်တွယ်သွားသည်။ ဤသည်မှာတိမ်တိုက်ကောင်းကင်လေလံရုံကို မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်လာစေရန် သို့မဟုတ် မြင့်မြတ်နယ်မြေထက် ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်လာစေရန်ပင်။

သာမန်ကျင့်ကြံသူများအတွက် ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း....

လင်းရှောင်သည် စနစ်၏ ကြီးမားသော စွမ်းအားဖြင့် ကောင်းချီးပေးခံရသော လူတစ်ယောက် ဖြစ်လေ၏။

သူ၏ "ဇွဲလုံ့လ နှင့် ကြိုးစားအားထုတ်မှု" ဖြင့် ဤအရာမှာ အချိန်ကိစ္စမျှသာ ဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။

သတိပြန်ဝင်လာပြီးနောက် လင်းရှောင်တွင် ရည်မှန်းချက်တစ်ခု ရှိလာပြီး သူ၏မျက်လုံးများ အနည်းငယ်ပို၍ စူးရှလာပုံရသည်။

"အော်... ဟုတ်သားပဲ... တာ့ကျယ်နိုင်ငံအကြောင်း ခင်ဗျား သိလား..."

ထိုအချိန်တွင် ဥက္ကဋ္ဌချင် အစောပိုင်းက ပြောခဲ့သည့် စကားကို လင်းရှောင် ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။

"သိပါတယ်... တာ့ကျယ်နိုင်ငံက မဟာယန်နိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ... နိုင်ငံနှစ်ခုကြားက နယ်မြေပဋိပက္ခတွေက ပြင်းထန်ပြီး... သေရေးရှင်ရေး အခြေအနေကို ရောက်နေတာ ကြာပါပြီ..."

"ဒီလိုပြောရရင်... တကယ်လို့ တာ့ကျယ်နိုင်ငံက လူတစ်ယောက်ကများ ဒီနေရာကို လာရဲတယ်ဆိုရင်... သူတို့ကို တွေ့တွေ့ချင်း မဟာယန်စစ်တပ်က အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချက်ချင်းခုတ်ထစ်ပစ်မှာပဲ... ဒါကြောင့် တာ့ကျယ်နိုင်ငံက မဟာယန်နိုင်ငံရဲ့ အကြီးမားဆုံးရန်သူလို့ ပြောလို့ရတယ်..."

"ဒါပေမဲ့... မဟာယန်နဲ့တာ့ကျယ်တို့ရဲ့ အင်အားက သိပ်မကွာခြားပါဘူး... ပြီးတော့ သူတို့က ဒီအကျပ်အတည်းမှာ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ..."

လင်းရှောင်က ခေါင်းညိတ်ပြပြီး ထပ်မံ၍ မေးမြန်းလိုက်သည်။

"ဒါဆို တာ့ကျယ်နိုင်ငံရဲ့ မင်းသားကို ခင်ဗျား သိလား..."

"မင်းသား တစ်ပါး... ကျွန်တော် သူ့ကို မသိဘူး... ဒီအဘိုးကြီးက မဟာယန်နိုင်ငံမှာ အမြဲတမ်း အလုပ်လုပ်ခဲ့တာ... တာ့ကျယ်နိုင်ငံကို တစ်ခါမှ မရောက်ဖူးဘူး..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ခေါင်းခါယမ်းပြီး သူ မသိကြောင်း ပြောဆိုလိုက်၏။

"သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်..."

လင်းရှောင်က ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်သည်။

ထို့နောက် သူသည် စနစ်ဟင်းလင်းပြင်ထဲမှ စက္ကူနှင့် ကလောင်တံတစ်ချောင်းကို ထုတ်ယူကာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လေလံပွဲ ဖိတ်စာတစ်စောင်ကို လျှင်မြန်စွာ ရေးသားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အမှောင်ရိပ်ခန်းမဆောင်နဲ့ ငါ့ ကြားမှာရှိတဲ့ ရန်ငြိုးတွေက ပြေလည်သွားပြီ... တိမ်တိုက်ကောင်းကင်လေလံရုံ က မကြာခင် လေလံပွဲတစ်ခု ကျင်းပတော့မယ်... ငါတို့ တွေ့ဆုံခဲ့ကြတာဆိုတော့... ဒါက ကံကြမ္မာပဲ... မဟာယန်မှာရှိတဲ့ ခင်ဗျားတို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်ခွဲတွေ အားလုံးကို တက်ရောက်ဖို့ ငါ ဖိတ်ခေါ်ပါတယ်... ငါ့အတွက် သူတို့ကို အသိပေးပေးနိုင်မယ်လို့ မျှော်လင့်မိတယ်..."

"ဒါက... ကောင်းပါပြီ... သူတို့ကို အသိပေးဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို က အနည်းငယ် အခက်တွေ့နေသော်လည်း ဖိတ်စာကို လက်ခံလိုက်သည်။

"အခု ခန်းမဆောင်ခွဲက ပျက်စီးသွားပြီး အနီးအနားမှာ နတ်ဆိုးသားရဲတွေ အများကြီး ရှိနေတော့... ဒီအဘိုးကြီးလည်း အကြာကြီး မနေတော့ပါဘူး..." မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် လင်းရှောင်ထံ ဦးတည်ကာ သူ၏လက်ကို ပူးဆုပ်လိုက်ပြီးနောက် လေထဲသို့ ပျံသန်းကာ ထွက်ခွာသွားတော့သည်။

"ကိစ္စတွေအားလုံးနီးပါး ပြီးသွားပြီ... သွားကြစို့... ငါတို့ ပြန်ရမယ့် အချိန်ရောက်ပြီ..."

လင်းရှောင်က ပြောဆိုသည်။

တိမ်တိုက်ကောင်းကင်လေလံရုံ...

လင်းရှောင် ပင်မတံခါးဝသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် လီယီက အပြေးအလွှား ရောက်လာပြီး အနည်းငယ် စိုးရိမ်တကြီးလေသံဖြင့် ပြောလိုက်၏။

"သခင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... လီအာ တစ်ခုခု ဖြစ်သွားတယ်... ကျေးဇူးပြုပြီး သူ့ကို သွားကြည့်ပါအုံး..."

လင်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

လီအာလား...

လင်းရှောင် ကူးပြောင်းမလာမီက လီအာသည် ရတနာများ ရှာဖွေရန် နတ်ဆိုးသားရဲ တောအုပ်သို့ သွားခဲ့ကြောင်း လီယီက သူ့ကို ပြောခဲ့သည်အား မှတ်မိလိုက်သည်။

သူ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံရလို့များလား...

လင်းရှောင်သည် သူ ကူးပြောင်းလာကတည်းက လီအာကို မတွေ့ဖူးသေးသော်လည်း....

သူ၏မှတ်ဉာဏ်များတွင် လီအာသည် လီညီအစ်ကိုများအနက် တိမ်တိုက်ကောင်းကင်လေလံရုံအပေါ် သစ္စာအရှိဆုံးသူဖြစ်သည်မှာ သံသယဝင်စရာ မရှိချေ။

ထိုသို့မဟုတ်ပါက တိမ်တိုက်ကောင်းကင်လေလံရုံ ဒုက္ခရောက်နေချိန်တွင် ရတနာများ ရှာဖွေရန်အတွက် နတ်ဆိုးသားရဲတောအုပ်သို့ သူ တစ်ယောက်တည်း သွားလိမ့်မည် မဟုတ်ပေ။

"လမ်းပြစမ်း... ငါ သူ့ကို သွားကြည့်မယ်..."

လင်းရှောင်က အလျင်အမြန် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး..."

လီယီက လင်းရှောင်ကို တိတ်ဆိတ်သော အခန်းတစ်ခန်းဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားသည်။

လင်းရှောင် အခန်းထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် ခုတင်ပေါ်တွင် လဲလျောင်းနေသော လီအာကို မြင်တွေ့လိုက်ရသည်။

လင်းရှောင်ကို မြင်သောအခါ လီအာသည် လက်တစ်ဖက်ကို ခက်ခက်ခဲခဲမြှောက်ကာ အားနည်းသောလေသံဖြင့် ပြောလိုက်၏။

"သခင်လေး... ရောက်လာပြီပဲ... တကယ်ကို ဒုက္ခပေးမိသွားပြီ..."

အနက်ရောင် သွေးကြောများဖြင့် ဖုံးလွှမ်းနေသော လီအာ၏ခန္ဓာကိုယ်ကို လင်းရှောင် ကြည့်ပြီးနောက် သူက မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

သူ၏စိတ်နှလုံးသားထဲတွင် ဒေါသများ အလိုအလျောက် မြင့်တက်လာပြီး သူ မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ... မင်းကို ဒီလိုဖြစ်အောင် ဘယ်သူ လုပ်တာလဲ..."

လီအာက သူ၏ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"မမေးပါနဲ့တော့.. တိမ်တိုက်ကောင်းကင်လေလံရုံက လက်ရှိမှာ အတွင်းရေးအပြင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ... သခင်လေးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျွန်တော် ထပ်တိုးမပေးချင်တော့ဘူး..."

"အော်... ဟုတ်သားပဲ... ဒီတစ်ခေါက် နတ်ဆိုးသားရဲ တောအုပ်ရဲ့ အပြင်ဘက်ပိုင်းကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့တယ်... ကျွန်တော်က အဖိုးတန် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ရှာတွေ့ခဲ့တယ်... အဲ့ဒါက လေလံရုံရဲ့ အခက်အခဲတွေကို ယာယီကျော်လွှားဖို့ ကူညီပေးနိုင်လိမ့်မယ်..."

လီအာသည် အကြောင်းအရာကို ပြောင်းလိုက်ပြီး သူ၏ခါးရှိ ဆေးပင်အိတ်ကို လင်းရှောင်ထံ လက်ကမ်းပေးလေသည်။

လင်းရှောင်က ထိုအရာကို ဖွင့်မကြည့်ဘဲ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ပြဿနာတွေ ပြေလည်သွားပြီ... အခု လေလံရုံရဲ့ အင်အားက အရင်ကလို မဟုတ်တော့ဘူး... ဒါကြောင့် ဝန်လေးမနေနဲ့... တရားခံက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပါ... ငါ မင်းအတွက် ကလဲ့စားချေပေးမယ်..."

လီအာ၏ ဖူးယောင်နေသော မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော လီယီကို လှည့်ကြည့်လိုက်သည်။

ဤသည်က အမှန်လား အမှားလား ဆိုသည်ကို သူ မေးနေပုံရသည်။

ထိုအချိန်မှာပင် လီယီက ကုတင်အနီးသို့ လျှောက်လှမ်းလာကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြသည်။

"အစ်ကိုလတ် ... အဲ့ဒါ အမှန်ပဲ... သခင်လေးက မကြာသေးခင်က အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီကနေ အကူအညီ ရခဲ့ပြီးတော့ တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ အကျပ်အတည်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကတည်းက ပြေလည်သွားပြီ..."

"​ဒါ့ပြင်...ဥက္ကဋ္ဌကြီးတို့အဖွဲ့ကို သတ်ခဲ့တဲ့ လူတွေကိုလည်း သခင်လေးက ရှာတွေ့သွားပြီ... မနေ့က သခင်လေးနဲ့ အဲ့ဒီအားကောင်းတဲ့ ပုဂ္ဂိုလ်တို့က သူတို့ အားလုံးကို ရှင်းလင်းခဲ့ပြီးပြီ...ဒါကြောင့်... အခု သခင်လေးကို ယုံကြည်လိုက်ပါ..."

ဤစကားကို ကြားပြီးနောက် လီအာ တခဏကြာမျှ မှင်သက်သွားခဲ့လေ၏။ အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်သည်။

"ကောင်းပါပြီ... ဖြစ်ခဲ့တာက ဒီလိုပါ..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... လျှို့ဝှက်လှိုဏ်ဂူတစ်ခုထဲမှာ ရှားပါးပုံရတဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ကျွန်တော် တွေ့ခဲ့တယ်... ဒါပေမဲ့ အဲ့ဒါကို သန်မာအားကောင်းတဲ့ ကင်းခြေများနတ်ဆိုးသားရဲတစ်ကောင်က စောင့်ကြပ်နေတယ်... အခွင့်အရေးတစ်ခုကိုရဖို့ ကျွန်တော်က အဲ့ဒီနေရာမှာ နှစ်ရက်ကြာအောင် တိတ်တဆိတ် စောင့်နေခဲ့တယ်..."

"မနေ့က... အဲ့ဒီကင်းခြေများကြီးက နောက်ဆုံးတော့ အစာရှာဖို့ ထွက်သွားတယ်... ကျွန်တော်က အဲ့ဒီအခွင့်အရေးကို အရယူပြီးတော့ စိတ်ဝိညာဉ်ဆေးပင်ကို ယူပြီး အပြင်ကို ပြေးထွက်လာခဲ့တယ်... ဂူအဝင်ဝမှာ... ထူးဆန်းတဲ့ ကျင့်ကြံသူသုံးယောက်နဲ့ အပိုင်းသုံးပိုင်း ပိုင်းဖြတ်ခံထားရတဲ့ ကင်းခြေများရဲ့ အလောင်းကို ကျွန်တော် တွေ့ခဲ့တယ်..."

"တစ်ခုခု မှားနေပြီလို့ ကျွန်တော် ချက်ချင်းခံစားလိုက်ရပြီးတော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့... အထူး မှော်ရတနာ တစ်ခုနဲ့ ချည်နှောင်ခံလိုက်ရတယ်... အဲ့ဒီနောက်မှာ အဲ့ဒီလူသုံးယောက်က ကျွန်တော့်အပေါ် စမ်းသပ်ဖို့ အဆိပ်ပြင်းတဲ့ အင်းဆက်တွေနဲ့ အဆိပ်ရှိတဲ့ သတ္တဝါမျိုးစုံကို အသုံးပြုခဲ့ကြတယ်... စမ်းသပ်မှုတွေ ပြီးတဲ့အချိန်မှာ သူတို့က ထွက်သွားကြတယ်..."

"နောက်ပိုင်းမှာ... ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အစွမ်းကုန် ဖိနှိပ်ပြီးတော့ နောက်ဆုံး လက်ကျန်စွမ်းအားကို အသုံးပြုပြီး လင်ရှီးမြို့ ကို ပြန်ရောက်လာခဲ့တယ်..."

ထိုစမ်းသပ်မှုများအကြောင်း လီအာ ပြောသောအခါ မနှစ်မြို့ဖွယ် တစ်ခုခုကို အမှတ်ရနေသည့်အလား သူ၏ခန္ဓာကိုယ် အလိုအလျောက် တုန်ယင်သွားသည်။

လင်းရှောင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"သက်ရှိလူတွေကို စမ်းသပ်ဖို့ သုံးတယ်ဆိုတော့... သူတို့က ကျိန်ဆဲခံရမယ့် နတ်ဆိုးကျင့်ကြံသူတွေပဲ ဖြစ်ရမယ်... သူတို့က ဘယ်သူတွေလဲဆိုတာ မင်း သိလား..."

လီအာက အချိန်တခဏကြာမျှ စဉ်းစားပြီး ပြောဆိုသည်။

"သူတို့ ကျွန်တော့်ကို ချည်နှောင်တုန်းက 'ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်း ရဲ့ အဆိပ်ကို စမ်းသပ်ဖို့ ဒါက ပြီးပြည့်စုံတယ်' လို့ ပြောတာကို ကျွန်တော် မှတ်မိတယ်..."

"ယင်နတ်ဆိုးဂိုဏ်း လား... ငါ မှတ်ထားလိုက်ပြီ... တကယ်လို့ ငါ သူတို့နဲ့ ကြုံခဲ့ရင်... မင်းအတွက် တရားမျှတမှု သေချာပေါက် ရှာပေးပါ့မယ်..."

လင်းရှောင်က တည်ကြည်လေးနက်သော အမူအရာဖြင့် ကတိပေးလိုက်သည်။

လီအာ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး စကားတစ်လုံးချင်းစီ ပြောလိုက်သည်။

"ဒါဆိုရင် သခင်လေးကို ကျေးဇူးတင်ပါတယ်..."

လင်းရှောင်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် အပြာရောင် အလင်းတန်းများ လှည့်ပတ်နေကာ သူ၏အကြည့်သည် လီအာ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်ပုံရပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေပေ၏။

ကြည့်နေစဉ်မှာပင် လင်းရှောင်၏မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသည်။

လီအာ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီဖြစ်ပြီး သူ၏ကိုယ်တွင်းကလီစာငါးခုနှင့် အင်္ဂါခြောက်ခုကိုပင် ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ရာ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။

"သွမ်ခုန်း... မင်းရဲ့ ကျင့်ကြံဆင့်နယ်ပယ်က မြင့်မားတယ်... လာကြည့်ပါအုံး... ဒီအဆိပ်တွေကို ဖယ်ရှားဖို့ နည်းလမ်းရှိလား..."

သူ၏နံဘေးရှိ သွမ်ခုန်းသည် မကြည့်ဘဲနှင့်ပင် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"သူ့ရဲ့အဆိပ်တွေက အတွင်းကလီစာတွေနဲ့ ရိုးတွင်းခြင်ဆီတွေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီ... ဒါကို ကုသဖို့အတွက် အဆိပ်တွေကို ဖယ်ရှားဖို့ အားကောင်းပေမဲ့ နူးညံ့တဲ့ စိတ်ဝိညာဥ်စွမ်းအင် လိုအပ်ပြီးတော့...စိတ်ဝိညာဉ်စွမ်းအင်အပေါ် အရမ်းမြင့်မားတဲ့ ထိန်းချုပ်နိုင်မှု လိုအပ်တယ်..."

"ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က အားကောင်းပေမဲ့ အရမ်းစူးရှလွန်းတယ်... ဒါကို အဆိပ်ဖယ်ရှားဖို့ သုံးရင် ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားလိမ့်မယ်..."

သွမ်ခုန်း၏စကားများမှ အဓိပ္ပာယ်ကို လင်းရှောင် နားလည်သဘောပေါက်သွားသည်။

"အာဒီနိုစ့်... မင်းကရော ဘယ်လိုလဲ..."

အာဒီနိုစ့်သည် လင်းရှောင်၏အရိပ်ထဲမှ ပျံသန်းထွက်လာပြီး တိုးညှင်းစွာ ပြောလိုက်၏။

"သခင့်ကို အကြောင်းပြန်ပါတယ်... ပြဿနာမရှိနိုင်ပါဘူး... ဒီငယ်သားက 'စွမ်းအင်ထိန်းချုပ်မှုပညာရပ်' မှာ အကျွမ်းကျင်ဆုံးပါ..."

"ဒါဆို မင်းဆီ လွှဲထားလိုက်မယ်..."

လင်းရှောင်နှင့် လီယီတို့သည် နံဘေးသို့ ဖယ်ပေးကာ ထိုင်ခုံများဆီသို့ လျှောက်လှမ်းသွားပြီး ထိုင်လိုက်ကြသည်။

အာဒီနိုစ့်၏မျက်လုံးများ အနည်းငယ် ပို၍တည်ကြည်လေးနက်သွားသည်။

ပါးလွှာသော အနက်ရောင်ကြိုး ဒါဇင်ကျော်သည် သူ၏ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ မျောလွင့်လာပြီး လီအာ၏ခန္ဓာကိုယ်ထဲသို့ အပ်များအလား စူးဝင်သွားကာ အဆိပ်ဖြေခြင်းလုပ်ငန်းစဉ်ကို ချက်ချင်းစတင်တော့သည်။

တစ်နာရီ၏ ရှစ်ပုံတစ်ပုံခန့် အချိန်ကုန်လွန်သွားခဲ့လေ၏။

လီအာ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ကြိုးများသည် တဖြည်းဖြည်း ဆုတ်ခွာသွားပြီး သူ၏ခန္ဓာကိုယ်ထဲရှိ အဆိပ်အများစုကို ဖယ်ရှားပြီးဖြစ်သည်။

အာဒီနိုစ့်က သူ၏စိတ်ဝိညာဉ်စွမ်းအင် အနက်ရောင်ကြိုးများကို ရုပ်သိမ်းပြီး ပြောလိုက်သည်။

"သခင်... အဆင်ပြေသွားပါပြီ..."

"အင်း... ကောင်းတယ်..."

လင်းရှောင်သည် ခုတင်ပေါ်တွင် ယာယီအိပ်ပျော်နေသော လီအာကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။

ထို့နောက် အာဒီနိုစ့်က လင်းရှောင်၏အရိပ်ထဲသို့ ပြန်လည်၍ ပေါင်းစပ်သွားခဲ့သည်။

"လီယီ... မင်း ဒီနေရာမှာနေပြီး လီအာကို စောင့်ရှောက်ပေးပါ... ငါ အရင်သွားတော့မယ်..."

လင်းရှောင်က ညွှန်ကြားချက်များ ပေးပြီးနောက် ထွက်ခွာခဲ့တော့သည်။

All Chapters