← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) မသေမျိုး နေမင်း...ဒွာရကိုးပေါက် ဖန်သား...ဆင်ခြင်တုံတရားမဲ့တဲ့ ညီအစ်ကိုမောင်နှမ

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားသည့်အလား သူက မသေချာသောလေသံဖြင့် ပြောလိုက်၏။

"တစ်ချိန်က ပုန်းအောင်းနေတဲ့ အင်အားစုတစ်ခုက အခု မဟာယန်မှာ ပေါ်ထွက်လာဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်မလား..."

"နှမြောစရာပဲ... ငါ သွားကြည့်ဖို့ အခွင့်အရေး ရရင် သိပ်ကောင်းမှာပဲ..."

သတ္တမသခင်လေး၏ နောက်ဆုံး စကားကို ကြားသောအခါ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက မော့ကြည့်ပြီး ပြောလိုက်သည်။

"သတ္တမသခင်လေး ... ဥက္ကဋ္ဌ လင်း ပေးထားတဲ့ ဖိတ်စာ တစ်စောင် ကျွန်တော့်ဆီမှာ ရှိပါတယ်... သခင်လေး ကြည့်လို့ ရပါတယ်..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက လင်းရှောင် အစောပိုင်းက ပေးခဲ့သော စာရွက်ကို လက်ကမ်းပေးလေသည်။

သတ္တမသခင်လေးသည် စာရွက်ကို ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်၏။

စာရွက်ပေါ်တွင် ချန်ထားခဲ့သော လေလံပွဲ အချိန်နှင့် လိပ်စာကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် အထက်သို့ ကွေးတက်သွားသည်။

"သတ္တမသခင်လေး ... သခင်လေးက တက်ရောက်ဖို့ စီစဉ်နေတာလား..."

သတ္တမသခင်လေးက ဖိတ်စာကို သိမ်းဆည်းပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး... ထွက်သွားတော့..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် လက်ပူးဆုပ်ကာအရိုအသေပြုပြီး အခန်းထဲမှ ထွက်သွားခဲ့လေ၏။

အခန်းတံခါး အလိုအလျောက် ပိတ်သွားခဲ့သည်။

အမှောင်ထဲတွင်ရှိနေသော သတ္တမသခင်လေး ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းတစ်တန်း လင်းလက်သွားသည်။

"တိမ်တိုက်ကောင်းကင်လေလံရုံ ... ဒါက တခြားသခင်လေး ရှစ်ယောက်ကို အနိုင်ယူဖို့အတွက် ငါ့ကို ကူညီပေးမယ့် ပြောင်းလဲနိုင်တဲ့ အရာ ဖြစ်လာမလား..."

လဝက်အကြာတွင်...

တိမ်တိုက်ကောင်းကင်လေလံရုံ၌...

ဤဖွံ့ဖြိုးတိုးတက်မှု ကာလပြီးနောက် လင်ရှီးမြို့ နှင့် အနီးအနားရှိ မြို့ငယ်လေး အတော်များများတွင် တိမ်တိုက်ကောင်းကင်လေလံရုံ၌ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး စောင့်ကြပ်နေကြောင်း လူအားလုံးနီးပါး သိရှိသွားကြ၏။

တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဂုဏ်သတင်းသည် မြင့်တက်လာပြီး လူအများ၏ အသိအမှတ်ပြုခံရမှုမှာလည်း တဖြည်းဖြည်း သိသိသာသာ တိုးတက်လာခဲ့သည်။

သို့သော် စနစ်၏အသိအမှတ်ပြုမှုကို ကျင့်ကြံသူ များကသာ ပံ့ပိုးပေးနိုင်သည်။

ထို့ကြောင့် မြို့အများအပြားတွင် နာမည်ကြီးနေသော်လည်း လူကြိုက်များမှုမှာ ၁၀၀၀၀၀ နှင့် ဝေးကွာနေသေးပြီး ၂၀၀၀၀ ကျော်သာ ရှိလေ၏။

လေလံရုံ၏ ဂုဏ်သတင်း ကြီးထွားလာသည်နှင့်အမျှ ပို၍များပြားသော ကျင့်ကြံသူများက လေလံရုံသို့ ရတနာများ ယူဆောင်လာကြသည်။

သို့သော် လင်းရှောင်က တတိယအဆင့် နှင့် အထက် ရတနာများကိုသာ လက်ခံရန် ညွှန်ကြားထားသဖြင့် ကျင့်ကြံသူအများစုမှာ လက်ဗလာဖြင့် ပြန်သွားခဲ့ရလေ၏။

ထိုသို့ဖြစ်သည့်တိုင် လီယီနှင့် တခြားသူများသည် ရတနာ အနည်းငယ်ကို ရရှိခဲ့သေးသည်။

ထိုအရာများအနက် အများစုမှာ လေလံတင်ရန် တင်သွင်းခြင်းဖြစ်ပြီး ရတနာအနည်းငယ်ကိုသာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အချိန်အခါ သင့်တော်နေပြီကို မြင်သောအခါ လင်းရှောင်သည် လက်ခံရရှိထားသော ရတနာများ အားလုံးကို ယူလာရန် လီယီကို အသိပေးလိုက်၏။

သို့သော် လီယီက လင်းရှောင်ထံ လက်ဗလာဖြင့် ရောက်လာပြီး သူ၏မျက်နှာတွင် အနေခက်သော အမူအရာဖြင့် ပြောဆိုသည်။

"သခင်လေး... ခုဏက အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်လောက်ရှိတဲ့ လူငယ်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့အတူ ရတနာ တစ်ခု တင်သွင်းဖို့ ရောက်လာတယ်... ဘာတင်သွင်းချင်လဲလို့ ကျွန်တော် မေးတော့... ဒုတိယအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သားရဲတစ်ကောင်လို့ သူက ပြောတယ်..."

"တတိယအဆင့်အောက်က ဘာကိုမှ ငါတို့ လက်မခံဘူးလို့ သူ့ကို ပြောပြီး သူတို့ကို ပြန်လွှတ်လိုက်ပေမဲ့... သူတို့က ခေါင်းမာမာနဲ့ ပြန်မသွားဘဲ သခင်လေးကို တွေ့ဖို့ အတင်း တောင်းဆိုနေတယ်..."

"သခင်လေး... သွားကြည့်လိုက်ရင် ကောင်းမလား..."

လင်းရှောင်သည် တခဏကြာမျှ မှင်သက်သွားပြီး တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်သားရဲ တစ်ကောင်ကို လေလံတင်သွင်းရန် ယူလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲ များနှင့် မတူဘဲ စိတ်ဝိညာဉ်သားရဲများသည် များသောအားဖြင့် ပို၍ နူးညံ့ပြီး ဉာဏ်ရည်အနည်းငယ် ရှိကာ ယဉ်ပါးအောင် ပြုလုပ်နိုင်သဖြင့် အလွန်ရှားပါးလေ၏။

ဤသည်က ဒုတိယအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သားရဲ တစ်ကောင်သာ ဖြစ်သော်လည်း တန်ဖိုးသည် သာမန် တတိယအဆင့်ရတနာတစ်ခုအောက် သေချာပေါက် မနိမ့်ကျချေ။

"ဒါနဲ့ စကားမစပ်... စိတ်ဝိညာဉ်သားရဲတွေလို သက်ရှိသတ္တဝါတွေက တုံ့ပြန်မှု ပေးနိုင်လား..."

လင်းရှောင်က ဤမေးခွန်းကို ရုတ်တရက် တွေးတောမိသွားသည်။

"စနစ်... ငါ့ကို ပြန်ဖြေဦး..."

"ပေးနိုင်ပါတယ်..."

စနစ်၏ ခံစားချက်ကင်းမဲ့သော အသံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

လင်းရှောင်၏မျက်နှာ ပျော်ရွှင်မှုကြောင့် လင်းလက်သွားသည်။

ဤနည်းဖြင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် လေလံတင်ခံရကာ တုံ့ပြန်မှုပြန်ရပြီးနောက် ဆင့်ခေါ်ခြင်းကတ်တစ်ခုကဲ့သို့ အထောက်အကူ ဖြစ်လာမည်ဖြစ်ပြီး တူညီသောအဆင့်ရှိ ရတနာများထက် များစွာ ပို၍ လက်တွေ့ကျပေမည်။

"သွားရအောင်... ငါ သွားကြည့်မယ်..."

ဤအကြောင်းကို တွေးမိပြီးနောက် လင်းရှောင်သည် စိတ်မရှည်စွာဖြင့် အပြေးအလွှားသွားခဲ့ပြီး စိတ်ဝိညာဉ်သားရဲကို တင်သွင်းလိုသော လူငယ်ကို မကြာမီ မြင်တွေ့လိုက်ရသည်။

လူငယ်တွင် အဖြူရောင်ဆံပင်များနှင့် အနက်ရောင် မျက်လုံးများရှိပြီး နူးညံ့သိမ်မွေ့ကာ ချောမောသော အသွင်အပြင်ရှိပြီး လင်းရှောင်နှင့် တန်းတူဖြစ်လုနီးပါးပင်။

လင်းရှောင်တို့အဖွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ လူငယ်သည် အလွန်သတိထားပုံ ပေါက်နေပြီး ငွေရောင်ဆံပင်များရှိသော မိန်းကလေးကို သူ၏ နောက်သို့ပို့ကာ အလျင်အမြန် ကာကွယ်လိုက်၏။

"ဒီ လူငယ်လေးက ငါ့ထက် လေးငါးနှစ်လောက် ငယ်ပုံရတယ်... ဒါပေမဲ့ သူက ဒီလောက်ထိ သတိထားတတ်ပြီး စိတ်ဝိညာဉ်သားရဲလို ပစ္စည်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားတာပဲ... တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်..."

သိချင်စိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး လင်းရှောင် သည် သူ၏ ကောင်းကင်ဘုံမျက်လုံးကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

သို့သော် သူ ကြည့်လိုက်မိသည်နှင့် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပေသည်။

လူငယ်နှင့် မိန်းကလေး အကြောင်း အချက်အလက်များ သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာသောအခါ လင်းရှောင် နေရာတွင်ပင် ကြက်သေသေသွားလေ၏။

"မိုလီ

အသက်... ၁၆

နယ်ပယ်... စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်

ရုပ်ခန္ဓာကိုယ် ....မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ် (အင်မော်တယ်ရုပ်ခန္ဓာကိုယ် ၉၀% နိုးထလာခြင်း...)

“ဖော်ပြချက်...."

"မိုချီ

အသက် ...၁၂

နယ်ပယ် ...စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်

ရုပ်ခန္ဓာကိုယ် ...ဒွာရကိုးပေါက်ဖန်သားခန္ဓာကိုယ် (အင်မော်တယ် ရုပ်ခန္ဓာကိုယ် ၅၃% နိုးထလာခြင်း...)

ဖော်ပြချက် ...."

နိုးထလာလုနီးပါး ဖြစ်နေသော အင်မော်တယ် ရုပ်ခန္ဓာကိုယ် နှစ်ခု...ထို့ပြင် ဖော်ပြချက်ကို လုံးဝမမြင်ရခြင်း...

ဤသည်က ကောင်းကင်ဘုံ၏ကလေးများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အင်မော်တယ်ရုပ်ခန္ဓာကိုယ်သည် မည်သည့် အဆင့်ရှိ ရုပ်ခန္ဓာကိုယ်ဖြစ်ကြောင်း လင်းရှောင် မသိသော်လည်း သူ၏ယခင်ဘဝက အတွေ့အကြုံများအရ "အင်မော်တယ်" ဟူသော စကားလုံး ပါဝင်သည့် မည်သည့်အရာမဆို ဘယ်တော့မှ ရိုးရှင်းမည် မဟုတ်ချေ။

ထို့ပြင် ဤကောင်းကင်ဘုံ၏ကလေးများသည် သီးခြားတည်ရှိနေပုံရသည်။ ထိုသို့မဟုတ်ပါက သူတို့ကို အင်အားစုကြီးများက သေချာပေါက် ပြုစုပျိုးထောင်ထားပေမည်။

မဟုတ်ဘူး... ငါ သူတို့ကို လုံခြုံအောင် လုပ်ရမယ်...

ဒါပေမဲ့ သူတို့ရဲ့ အခြေအနေကို အရင်ရှင်းလင်းအောင် လုပ်တာ အကောင်းဆုံးပဲ...

လင်းရှောင်သည် မိုလီ ၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်၏။

"တွေ့ရတာ ဝမ်းသာပါတယ်..ငါက တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ဥက္ကဋ္ဌ ပါ..."

မိုလီက လင်းရှောင်ကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေပုံ ရကာ သူ၏ သတိထားနေသော မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာတစ်ခု ဖြတ်သန်းသွားခဲ့လေ၏။

ထို့နောက် သူ၏ မျက်လုံးများတွင် ပြတ်သားသော အကြည့်တစ်ခု ထွက်ပေါ်လာပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ လင်းရှောင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။

ထို့နောက် သူက အသနားခံသော လေသံဖြင့် သူက အော်ဟစ်လေသည်။

"သခင်... ကျွန်တော့်ညီမလေး ရဲ့ အအေးမိရောဂါ က ပြန်ဖြစ်လာတော့မယ်... ပြီးတော့ ဆေးဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အရေးတကြီး လိုအပ်နေပါတယ်... ကျေးဇူးပြုပြီးတော့ သခင် သနားညှာတာပြီး စိတ်ဝိညာဉ်သားရဲကို လက်ခံပေးပါလို့ ကျွန်တော် တောင်းပန်ပါတယ်..."

မိုလီ၏ ရုတ်တရက် ဒူးထောက်မှုက လင်းရှောင်ကို တခဏကြာမျှ ကြောင်အသွားစေခဲ့သည်။

သို့သော် သူသည် အလျင်အမြန် ရှေ့တိုးသွားကာ မိုလီ ကို ထူပေးပြီး မေးလိုက်၏။

"ဒီလို လုပ်စရာ မလိုပါဘူး... စိတ်ဝိညာဉ်သားရဲကို ငါ လက်ခံပါ့မယ်...ဒါပေမဲ့ မင်းတို့ နှစ်ယောက် ဘယ်ကလာလဲ ဆိုတာ ငါ့ကို ပြောပြနိုင်မလား... ငါ ပိုပြီး နားလည်ချင်လို့ပါ..."

မိုလီသည် တခဏကြာမျှ မှင်သက်သွားပြီး သူ၏ မျက်လုံးများတွင် သံသယ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာကာ လင်းရှောင်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

သို့သော် သူတို့မိသားစုတွင် သူတို့နှစ်ယောက်သာ ကျန်တော့သဖြင့် ပြောပြ၍မရသော အရာ မရှိကြောင်း သူ တွေးလိုက်မိလေ၏။

သူ ခေါင်းညိတ်ပြပြီး စတင်၍ ပြောပြသည်။

"ကျွန်တော်တို့က လင်ရှီးမြို့ အနီးက လူသူကင်းမဲ့တဲ့တောင်ငယ်လေးတစ်လုံးကနေ လာတာပါ... ငယ်ငယ်ကတည်းက အဘိုးနဲ့အတူ သီးခြားနေထိုင်ခဲ့ပြီးတော့... သာမန်တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်ရင်း အသက်ရှင်သန်ခဲ့တာပါ..."

"ဒါဆို မင်းတို့က ဘာလို့ တောင်ပေါ်က ဆင်းလာတာလဲ... ပြီးတော့ မင်းတို့ရဲ့ အဘိုးကကော ဘယ်မှာလဲ..."

လင်းရှောင်က မေးမြန်းလိုက်သည်။

မိုလီသည် သူ၏နောက်ရှိ မိုချီ၏ခေါင်းကို ပွတ်သပ်လိုက်ကာ သူ၏ မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ရှင်းပြသည်။

"လွန်ခဲ့တဲ့ လက အဘိုး ကွယ်လွန်သွားတယ်... ပြီးတော့ ရက်အနည်းငယ် အကြာမှာ ညီမလေးရဲ့ အအေးမိရောဂါက ရုတ်တရက်ကြီး ပြန်ဖြစ်လာတယ်..."

"သူ့ကို ကုသဖို့အတွက် တောင်အောက်ခေါ်လာပြီးတော့ ရောင်းလို့ရသမျှ အကုန် ရောင်းခဲ့ရတယ်... လမ်းမှာ တိမ်တိုက်ကောင်းကင်လေလံရုံမှာ တင်သွင်းခ အရမ်းသက်သာတယ်လို့ ကြားလို့... ကျွန်တော်တို့ မိသားစုရဲ့ နောက်ဆုံး စိတ်ဝိညာဉ်သားရဲကို စျေးကောင်းကောင်းနဲ့ ရောင်းလို့ရမလားဆိုတာ လာကြည့်တာပါ..."

မိုချီ၏မျက်လုံးမှ ကြည်လင်သော မျက်ရည်များ တိတ်တဆိတ် စီးကျလာပြီး မိုလီ၏အင်္ကျီလက်ကို ဆွဲကာ ရှိုက်ငို၍ ပြောလိုက်သည်။

"အစ်ကို... ပြန်သွားကြရအောင်... ညီမလေး ကုသမှု မခံယူချင်တော့ဘူး... ညီမလေး တောင့်ခံနိုင်ပါတယ်..."

မိုလီက ခေါင်းခါပြပြီး ပြတ်သားစွာ ပြောလိုက်၏။

"မရဘူး... မင်းကို ကုသပေးနိုင်ဖို့ အစ်ကို သေချာပေါက် အစွမ်းကုန် ကြိုးစားမှာပါ... အဘိုး ပေးခဲ့တဲ့ နာမည်တွေကို မင်း မေ့သွားပြီလား..."

"အစ်ကို မသေသေးသရွေ့... ညီမလေး မငိုရဘူး... ဒါက အစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါ ရှောင်လွှဲလို့မရတဲ့ တာဝန်ပဲ..."

မိုလီက စကားဆိုပြောပြီးနောက် သူ၏ ခါးမှ ရွှေရောင် အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

သူက လင်းရှောင်အား ပြောဆိုသည်။

"ဒါက ဝိညာဉ်သားရဲအိတ်ပါ သခင်... စိတ်ဝိညာဉ်သားရဲကို ကျွန်တော် ပြပါ့မယ်..."

မိုလီ သည် အိတ်ကို ဖွင့်လိုက်ရာ ကြက်သွေးရောင် အလင်းတန်းတစ်တန်းက ထိုအရာထဲမှ ပျံသန်းထွက်လာခဲ့လေ၏။

အလင်းတန်း ကျဆင်းသွားပြီးနောက် ၃ မီတာ မြင့်သော အညိုရောင်လိပ်တစ်ကောင် လေထဲမှ ထွက်ပေါ်လာခဲ့သည်။

မိုချီသည် ရှေ့သို့ တက်သွားပြီး လိပ်ကို တင်းကြပ်စွာ ဖက်ထားလိုက်ကာ လိုလားမှုမရှိသော အရိပ်အယောင်တစ်ခုက မိုလီ၏မျက်လုံးများတွင် ထင်ဟပ်လာသည်။

မည်သို့ပင်ဖြစ်စေကာမူ ဤစိတ်ဝိညာဉ်သားရဲသည် ငယ်စဉ်ကတည်းက သူတို့နှင့်အတူ ရှိနေခဲ့ခြင်းပင်။

မိုလီသည် စိတ်ဝိညာဉ်လိပ်ကို ပြန်ထည့်လိုက်ပြီး ဝိညာဉ်သားရဲအိတ်အား လင်းရှောင်၏ လက်ထဲသို့ ထည့်ကာ ပြောလိုက်၏။

"သခင်... ဒါကို သခင်ရဲ့ လက်ထဲ အပ်လိုက်ပါပြီ"

"တကယ်လို့ တခြားကိစ္စ မရှိတော့ရင်... ကျွန်တော်တို့ အခု သွားပါတော့မယ်..."

ဤစိတ်ဝိညာဉ်လိပ်နှင့် သူတို့၏ နှောင်ကြိုးမှာ နက်ရှိုင်းကြောင်း လင်းရှောင် မြင်နိုင်သော်လည်း ထိုအရာကို စနစ်ဟင်းလင်းပြင်ထဲသို့ သူ ထည့်လိုက်သည်။

"ခဏစောင့်ပါအုံး... ငါ့မှာ ပြောစရာ ရှိတယ်..."

"ဒီဥက္ကဋ္ဌက မင်းတို့ နှစ်ယောက်နဲ့ ရေစက် ပါတယ်လို့ ခံစားရတယ်... လေလံရုံမှာ သစ္စာရှိတဲ့ လက်အောက်ခံတချို့ လိုအပ်နေတာနဲ့ အတော်ပဲ... မင်းတို့ ငါတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံကို ဝင်ဖို့ စဉ်းစားကြည့်ပါလား..."

"ငါတို့ လေလံရုံက လစဉ်လတိုင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးတယ်... ပြီးတော့ အနာဂတ်မှာ နည်းလမ်းတစ်ခု ရှာတွေ့ရင်... မင်း ညီမလေး ရဲ့ ရောဂါကို ကုသဖို့တောင် ငါ ကူညီပေးနိုင်လိမ့်မယ်..."

"ရောဂါကို ကုသမယ်" ဟူသော စကားလုံးများကို မိုလီ ကြားသောအခါ သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် ပို၍တောက်ပလာခဲ့သည်။

သို့သော် သူသည် တခဏကြာမျှ တုံ့ဆိုင်းနေပြီး မေးလိုက်၏။

"ဒါပေမဲ့... ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က အရမ်းနိမ့်တယ်... ပြီးတော့ ကျွန်တော့်ရဲ့ညီမလေး က ဖျားနေလို့ အလုပ်အများကြီး မလုပ်နိုင်ဘူး... တကယ်ကြီး အဆင်ပြေပါ့မလား..."

လင်းရှောင်က အဆင်ပြေသည်ဟူသော လက်ဟန်ပြပြီး ပြုံးလိုက်သည်။

"ဘာပြဿနာ မရှိဘူး... မင်းတို့က လေလံရုံ ရဲ့ သန့်ရှင်းရေးအတွက်ပဲ တာဝန်ယူရမှာပါ... အရမ်း လွယ်ကူပါတယ်... ဘယ်လိုလဲ..."

မိုလီသည် တစ်ခုခု အနည်းငယ် မှားယွင်းနေသည်ဟု ခံစားရသော်လည်း အခြေအနေများမှာ အမှန်တကယ်ကို ငြင်းဆန်ရန် ခက်ခဲလှသည်။

သူသည် မိုချီ ကို လှည့်ကြည့်လိုက်ရာ သူမက ညင်သာစွာ ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြသလိုက်၏။

မိုလီ နောက်သို့ပြန်လှည့်လာပြီး လက်ပူးဆုပ်ကာ ပြောလိုက်သည်။

"သခင့်ရဲ့ တန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ် သခင်... ကျွန်တော်တို့က ဒီအလုပ်နဲ့ ထိုက်တန်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်..."

All Chapters