အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) ကောင်းကင်ယံအထက်က အဘိုးအို... လေလံပွဲ မတိုင်မီ အစီအစဉ်ဆွဲခြင်း
"ငါ့ကို 'သခင်' လို့ မခေါ်ပါနဲ့... တခြားလူတွေလိုပဲ ဥက္ကဋ္ဌလင်းလို့ပဲ ခေါ်ပါ..."
"နောက်ပြီးတော့... မင်းတို့ရဲ့နာမည်တွေက ဘယ်သူတွေလဲ..."
လင်းရှောင်သည် သူတို့၏ နာမည်များကို သိထားပြီးဖြစ်သော်လည်း ဟန်ဆောင်ကာ မေးလိုက်၏။
"ဥက္ကဋ္ဌ လင်း... ကျွန်တော့် နာမည်က မိုလီ ပါ... 'ခွဲခွာခြင်း' ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ 'လီ' ပါ..."
"ကျွန်တော့် ညီမလေး ကတော့ မိုချီ ပါ... 'ငိုကြွေးခြင်း' ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ 'ချီ' ပါ..."
မိုချီသည် မိုလီ၏နောက်မှ ရှေ့သို့ ထွက်လာပြီး သူမ၏ နူးညံ့သော မျက်နှာလေးတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေကာ သူမက တိုးညှင်းစွာ ပြောလိုက်သည်။
"ဥက္ကဋ္ဌ လင်း... ကျေးဇူးတင်ပါတယ်... ကျွန်မ အလုပ်ကြိုးစားပါ့မယ်..."
"ကျေးဇူးတင်စရာ မလိုပါဘူး... ငါတို့ နှစ်ယောက်လုံး လိုအပ်တာကို ရတာပဲလေ..."
မိုချီ ၏ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း လင်းရှောင်သည် လိမ်မဆွဲဘဲ မနေနိုင်တော့ချေ။
ထူးဆန်းသည်မှာ လင်းရှောင်သည် အေးစက်သော ဂျယ်လီတစ်ခုကို ဆွဲလိမ်နေရသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
သူ ခံစားလိုက်ရသောအရာမှာ နူးညံ့ပြီး အိစက်သော ခံစားမှုတစ်ခုတည်းသာ မဟုတ်ဘဲ အရိုးထဲထိ စိမ့်ဝင်သွားမည့် အေးစိမ့်မှုတစ်ခု ပို၍ပါဝင်နေခဲ့သည်။
ဒါက 'အအေးမိရောဂါ' လို့ ခေါ်တဲ့ အရာများလား...
မိုလီ စောစောက ပြောခဲ့သည်ကို လင်းရှောင် ပြန်အမှတ်ရသွားခဲ့လေ၏။
အရမ်းအေးတာပဲ... ဒီကောင်မလေး ဒီနှစ်တွေ တစ်လျှောက်လုံး ဘယ်လို အသက်ရှင်လာခဲ့လဲ မသိဘူး... ငါ အထင်မမှားဘူးဆိုရင်... အဲ့ဒါက သူ့ရဲ့ အင်မော်တယ် ရုပ်ခန္ဓာကိုယ် နိုးထလာတာနဲ့ သက်ဆိုင်ရမယ်...
ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံမျက်လုံး က အဲ့ဒါကို ထိုးဖောက်မမြင်နိုင်ဘူး... ငါ ကူညီချင်ရင်တောင် လောလောဆယ် ကူညီလို့ မရဘူး...
"လီယီ... ဒီနှစ်ယောက်က မင်းလက်ထဲမှာပဲ... သူတို့အတွက် အရာအားလုံးကို သေချာ စီစဉ်ပေးလိုက်ပါ... ငါ လက်ခံရရှိထားတဲ့ ရတနာတွေကို ယူပြီး အရင် ပြန်တော့မယ်..."
လင်းရှောင်သည် လက်ကိုရုပ်သိမ်းလိုက်ပြီး သူ၏ ဘေးတွင် ရပ်နေသော လီယီကို ညွှန်ကြားလိုက်၏။
လီယီက ခေါင်းညိတ်ပြပြီး မိုလီနှင့် မိုချီတို့ကို သူ၏ နောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။
"ခဏနေအုံး..."
ထိုအချိန်မှာပင် လင်းရှောင်သည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေ၏။
"လူတစ်ယောက်က ဘဝမှာ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်လို့... လေလံရုံမှာ တင်သွင်းထားတဲ့ ရတနာတွေကို ပြန်ပေးလို့ မရဘူး..."
"ဒါပေမဲ့... ငါ မင်းတို့ကို သတိပေးချင်တာက ငါတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံက အဖွဲ့ဝင်တွေက သူတို့ရဲ့ လစာကို ကြိုတင်ရယူနိုင်တယ်..."
"နောက်ပြီးတော့... ငါတို့ အဖွဲ့ဝင်တွေလည်း လေလံပွဲ တွေမှာ ပါဝင်လို့ ရတယ်... အဟွတ် အဟွတ်... ငါ ဘာပြောချင်လဲဆိုတာ မင်းတို့ နားလည်လား..."
မိုလီနှင့်မိုချီတို့က လင်းရှောင် ပြောဆိုသော အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် အလင်းတန်းတစ်တန်း လင်းလက်သွားပြီး သူတို့နှစ်ဦးလုံး၏ မျက်နှာများပေါ်တွင် အပြုံးများ ထွက်ပေါ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌလင်း..."
မိုလီနှင့်မိုချီတို့သည် သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြ၏။
တကယ်ကို သင်ကြားရ လွယ်ကူတဲ့ လူငယ်တွေပဲ... ကောင်းကင်ဘုံးရဲ့ ကလေးတွေ ပီသပါပေတယ်... သူတို့ရဲ့ ဥာဏ်ရည်တွေက ထက်မြက်တယ်...
လင်းရှောင်က ခေါင်းညိတ်ပြပြီး ထွက်ခွာခဲ့တော့သည်။
သူသည် ဤကာလအတွင်း စုဆောင်းရရှိခဲ့သော ရတနာများကို ယူရန် အနီးရှိ အခန်းတစ်ခန်းသို့ သွားခဲ့သည်။
လီယီကမူ နေရာတွင်ပင် ခေါင်းကုတ်နေခဲ့လေ၏။
"ထူးဆန်းတယ်... လေလံရုံမှာ လစာ ကြိုထုတ်ခွင့် ရှိတယ်ဆိုတဲ့ စည်းမျဉ်း မရှိပါဘူး... ထားလိုက်ပါတော့... အခု အဲ့ဒါကို ထည့်လိုက်မယ်... သခင်လေး ပြောတာ အားလုံး အတည်ပဲ..."
"ငါ့နောက်လိုက်ခဲ့... မင်းတို့ နေဖို့နေရာ စီစဉ်ပေးမယ်..."
ကောင်းကင်ယံအထက် တိမ်တိုက်များကြားတွင်...
အင်မော်တယ်ကဲ့သို့ အဘိုးအိုတစ်ဦးသည် တိမ်တိုက်တစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေခဲ့သည်။
သူ၏တည်ငြိမ်သော မျက်လုံးများသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပုံရပြီး တိမ်တိုက်ကောင်းကင်လေလံရုံတွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို မျက်မြင်တွေ့ရှိခဲ့သည်။
"ကံကြမ္မာရဲ့ အချုပ်အနှောင်တွေကနေ လွတ်ကင်းပြီး ဒြပ်စင်ငါးပါးရဲ့ ချည်နှောင်မှု မခံရဘူး... ဒီလောကမှာ တကယ်ကြီး ဒီလိုလူမျိုး ရှိနေတာပဲ..."
"သူ အခု အရမ်းအားနည်းနေသေးပေမဲ့... အနာဂတ်မှာ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု သေချာပေါက် ဖြစ်လာမှာပဲ..."
"လီအာနဲ့ ချီအာတို့က သူနဲ့ မိတ်ဆွေတွေ ဖြစ်သွားပြီဆိုတော့... ငါ အခု စိတ်အေးလက်အေးနဲ့ လုပ်စရာရှိတာ သွားလုပ်လို့ ရပြီ..."
သက်သာရာရသွားသော အရိပ်အယောင်တစ်ရပ်က အဘိုးအို၏မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး သူသည် သူ၏အကြည့်ကို မလိုလားစွာဖြင့် ပြန်ရုတ်သိမ်းလိုက်၏။
ထို့နောက် ဆုံးဖြတ်ချက် ခိုင်မာသော အမူအရာတစ်ခု အဘိုးအို၏ မျက်နှာပေါ်တွင် ပေါ်လာပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား သူ၏ဝေဝါးနေသော မျက်လုံးများသည် ဟင်းလင်းပြင် နှင့် အချိန် အလွှာများကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် အမှောင်ထုဖုံးလွှမ်းနေသော နေရာတစ်ခုတွင် အခြေကျသွားသည်။
ဤသည်မှာ အလင်းရောင် တစ်စက်လေးမျှ မရှိဘဲ သက်ရှိ သို့မဟုတ် တက်ကြွမှုဟူ၍ အရိပ်အယောင်မျှ မရှိသော အလွန်အမင်း မှောင်မိုက်သည့် နေရာတစ်ခုပင်။
ထိုဟင်းလင်းပြင်၏ အလယ်ဗဟိုတွင် ရွှေရောင် သံကြိုး ၄၉ ချောင်းဖြင့် ရစ်ပတ်ထားသော အနီရောင် ဝဲဂယက်တစ်ခု ရှိနေလေ၏။
ထိုအနီရောင်ဝဲဂယက်သည် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားတစ်ခုအလား တစ်ခါတစ်ရံ ကျယ်လာလိုက်၊ ကျုံ့သွားလိုက် ဖြစ်နေပြီး ရွှေရောင်သံကြိုးများကို အဆက်မပြတ် တိုက်စားနေခဲ့သည်။
ထို့ပြင် ထိုရွှေရောင်သံကြိုး ၄၉ ချောင်းအနက် ၄၆ ချောင်းပြတ်တောက်သွားပြီဖြစ်ပြီး ၃ ချောင်းသာ ကျန်ရှိတော့သည်။
"အချိန်တွေ ကုန်လာပြီ..."
အဘိုးအိုသည် သူ၏ ခြေဖျားကို ညင်သာစွာ လှုပ်ရှားလိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ဤလောကမှ ပျောက်ကွယ်သွားပြီး အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားတော့သည်။
တိမ်တိုက်ကောင်းကင်လေလံရုံ၌...
လင်းရှောင်သည် သူ၏အိပ်ခန်းသို့ ပြန်လာပြီး တံခါးကို ပိတ်လိုက်၏။
ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရတနာဆယ်ခုကျော် လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။
ဤရတနာများသည် မျိုးစုံဖြစ်ပြီး အညံ့ဆုံးမှာ တတိယအဆင့် ပစ္စည်းတစ်ခုဖြစ်ကာ ထိုအရာများအနက် စတုတ္ထအဆင့် ရတနာနှစ်ခု ပါဝင်လေ၏။
ဤအရာများသည် လွန်ခဲ့သော လဝက်ကျော် ကာလအတွင်း တိမ်တိုက်ကောင်းကင်လေလံရုံမှ လက်ခံရရှိခဲ့သော ရတနာများပင်။
လင်းရှောင်သည် ထိုအရာများကို တစ်ခုပြီးတစ်ခု စစ်ဆေးရန်အတွက် သူ၏ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုခဲ့သည်။
မကြာမီ လင်းရှောင်သည် ရတနာ အားလုံး၏ အချက်အလက်များကို စစ်ဆေးပြီးစီးသွားပြီး သာမန် ပစ္စည်းတချို့ကို ဘေးဖယ်ထားလိုက်၏။
ထို့နောက် သူသည် ကျန်ရှိသော ပစ္စည်း ၅ ခုထဲမှ စတင်ရွေးချယ်တော့သည်။
"ကာကွယ်ရေး ရတနာ.... ဝိညာဉ်ပိုးကောင်သံချပ်ကာ"
"အဆင့်... တတိယအဆင့် အထွတ်အထိပ်"
"ဖော်ပြချက်.... တတိယအဆင့် စိတ်ဝိညာဉ်ပိုးချည်နဲ့ ပြုလုပ်ထားတဲ့ သံချပ်ကာတစ်ခုဖြစ်ပြီးတော့ အရမ်းခိုင်မာပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့်နဲ့ အောက်မှာရှိတဲ့ ကျင့်ကြံသူ တွေရဲ့ တိုက်ခိုက်မှုတွေကို လုံးဝခုခံနိုင်စွမ်းရှိတယ်"
"စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့...မြေလျှိုးအဆောင်လက်ဖွဲ့ "
"အဆင့်...စတုတ္ထအဆင့် အဆင့်နိမ့်"
"ဖော်ပြချက်.... မြေကြီးထဲကို ငုပ်လျှိုးဝင်ရောက်ဖို့ အသုံးပြုနိုင်တယ်... ရုတ်တရက် တိုက်ခိုက်မှုတွေ လိုက်လံဖမ်းဆီးမှုတွေနဲ့ ထွက်ပြေးမှုတွေအတွက် အသုံးဝင်တဲ့ လက်နက်တစ်ခုဖြစ်တယ်..."
"လက်နက်.... နေမင်းလောင်ကျွမ်းဓား "
"အဆင့်... စတုတ္ထအဆင့် အလယ်အလတ်အဆင့်"
"ဖော်ပြချက် - နက်နဲသိမ်မွေ့သံမဏိ အမြောက်အမြား နဲ့ မီးတောက်နေမင်း သလင်းကျောက် အနည်းငယ်တို့နဲ့ သွန်းလုပ်ထားပြီးတော့ သံကို ရွှံ့လို ခုတ်ဖြတ်နိုင်သလို ဖျက်ဆီးလို့ မရနိုင်ဘူး"
"စိတ်ဝိညာဉ် ဆေးပင်... ဧရာမဝိညာဉ်မြက် "
"အဆင့်... တတိယအဆင့် အထွတ်အထိပ်"
"ဖော်ပြချက်....ပိုင်ရှင်မဲ့ စိတ်ဝိညာဉ်စွမ်းအားများစွာ ပါဝင်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားတွေကို မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းဖို့ အသုံးပြုနိုင်တယ်"
"သိုင်းပညာနည်းစနစ်... အစွန်းရောက်ခုနစ်ဆင့် ပေါက်ကွဲမှု "
"အဆင့်...တတိယအဆင့် အလယ်အလတ်အဆင့်"
"ဖော်ပြချက်... ဖုံးကွယ်ထားတဲ့ စွမ်းအား ခုနစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်ပြီး... ရန်သူရဲ့ အတွင်းကလီစာတွေကို ထိခိုက်စေနိုင်တယ်"
လင်းရှောင် တခဏကြာမျှ စဉ်းစားလိုက်သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်မလာသဖြင့် လာမည့်လအတွက် လေလံတုံ့ပြန်မှု အခွင့်အရေး ငါးကြိမ်သာ ရရှိပေမည်။
ထိုအရာများအနက်သုံးကြိမ်ကို ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်၊ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ အလောင်းနှင့် မိုလီ၏ ဝိညာဉ်လိပ်တို့အတွက် လင်းရှောင်က စီစဉ်ထားပြီး ဖြစ်လေ၏။
ထို့ကြောင့် ဤရတနာငါးခုအနက် လင်းရှောင် သည် လေလံတုံ့ပြန်မှုအတွက် နှစ်ခုကိုသာ ရွေးချယ်နိုင်ပေမည်။
သေချာစဉ်းစားပြီးနောက် လင်းရှောင် သည် နောက်ဆုံးတွင် 'နေမင်းလောင်ကျွမ်းဓား ' နှင့် 'ဝိညာဉ်ပိုးကောင်သံချပ်ကာ ' တို့ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
နေမင်းလောင်ကျွမ်းဓားကို လင်းရှောင် ရွေးချယ်ရခြင်းမှာ သူ့ထံတွင် အဆင်ပြေသော လက်နက်တစ်ခု လိုအပ်နေသောကြောင့်ပင်။
ဝိညာဉ်ပိုးကောင်သံချပ်ကာကို ရွေးချယ်ရခြင်းမှာမူ သူ ပို၍ကောင်းမွန်သော ကာကွယ်ရေးပစ္စည်းတစ်ခု ရရှိရန် ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ကိုယ်ပိုင်နယ်ပယ်သည် အလွန်နိမ့်ကျနေသေးရာ အပိုကာကွယ်ရေးအလွှာတစ်ခု ရှိခြင်းက ကောင်းမွန်ပေမည်။
ထို့နောက်...
လင်းရှောင်က သွမ်ခုန်းကို ခေါ်ပြီး ညွှန်ကြားလိုက်သည်။
"လေလံပစ္စည်းတွေ အားလုံး စီစဉ်ပြီးပြီဆိုတော့... အခု ကျန်တာက အရောင်းမြှင့်တင်ဖို့ပဲ..."
"သွမ်ခုန်း... နောက်ရက်အနည်းငယ်အတွင်း... မင်းက အနီးအနားက မြို့ငယ်လေးတွေနဲ့ မိုင်တစ်ထောင် အတွင်းမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးကို သွားရမယ်... လေလံပွဲ ကို အရောင်းမြှင့်တင်ဖို့ ငါ့ကို ကူညီပေးပါ... လေလံပစ္စည်းတချို့ကို သင့်တော်သလို ထုတ်ဖော်ပြသလို့ ရပါတယ်... ဆူညံပွက်လောရိုက်သွားမှာကို စိုးရိမ်မနေနဲ့..."
"ပြဿနာ မရှိပါဘူး..."
သွမ်ခုန်း ပြန်ဖြေပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။
တံခါးဝသို့ ခြေချလိုက်ချိန်တွင် သူ ရပ်တန့်သွားပြီး နောက်ပြန်လှည့်ကာ ပြောဆိုသည်။
"သခင်လေး... မြေပုံ ရှိလား... ကျွန်တော်က ဒီနေရာကို ဆင့်ခေါ်ခံရတာဆိုတော့ လမ်းမသိဘူး..."
"..."
ရက်အနည်းငယ်အကြာတွင်...
လျှူရှားခရိုင်မြို့၌...
သန်းခေါင်ယံအချိန်တွင် အဖြူရောင်အလင်းတန်း တစ်တန်းသည် လျှူရှားသဲကန္တာရကို ဖြတ်သန်းသွားပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
"မကောင်းတော့ဘူး... အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက် မြို့ထဲကို အတင်းအကြပ် ဝင်လာပြီ... ခရိုင်မြို့တော်ဝန်ဆီ မြန်မြန်သတင်းပို့..."
မြို့ရိုးကို စောင့်ကြပ်နေသော စစ်သားများအားလုံး ထိတ်လန့်သွားကြ၏။
မည်သို့ပင်ဖြစ်စေကာမူ လေထဲတွင် ပျံသန်းနိုင်သော ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်တွင် ရှိရမည်ဖြစ်ပြီး ခရိုင်မြို့ တစ်ခုလုံးတွင် ခရိုင်မြို့တော်ဝန်သာလျှင် သူ့ကို ကိုင်တွယ်နိုင်လောက်သည်။
ယခုအချိန်၌ ထိုအစွမ်းထက်ကျင့်ကြံသူသည် မြို့ကို ဖြတ်သွားရုံသာဖြစ်ရန် သူတို့ ဆုတောင်းနေကြတော့သည်။
အဖြူရောင် အလင်းတန်းသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် မြို့လယ်သို့ ရောက်ရှိလာခဲ့သည်။
အဖြူရောင်အလင်းတန်း လေထဲတွင် ရပ်တန့်သွားသောအခါ ထိုလူ၏ပုံရိပ်သည်လည်း ထွက်ပေါ်လာပေ၏။
ထိုလူထံတွင် ရင်ဘတ်ကို လှစ်ဟပြနေသော အနက်ရောင် ဝတ်စုံရှည်ဝတ်ဆင်ထားပြီး ခါးတွင် ငွေရောင်ဓားတစ်လက် ချိတ်ဆွဲထားကာ ရုပ်ရည်ချောမောပြီး ရင့်ကျက်သော မျက်နှာရှိသည်။
ဤလူမှာ အဝေးမှ ရောက်လာသော သွမ်ခုန်းပင်။
သွမ်ခုန်းသည် ကောင်းကင်ယံတွင် မြင့်မားစွာ ထွန်းလင်းနေသော လမင်းကို ကြည့်ကာ ခေါင်းမကုတ်ဘဲ မနေနိုင်တော့ချေ။
"အမ်း... ကြည့်ရတာ ဒီအချိန်ကြီးဆိုတော့ နည်းနည်း နောက်ကျနေပြီ ထင်တယ်..."
"ထားလိုက်ပါတော့... သခင်လေး ညွှန်ကြားထားတဲ့ အရောင်းမြှင့်တင်ရေးက ပိုအရေးကြီးတယ်... ဘယ်လိုပဲဖြစ်ဖြစ်... ဆူညံပွက်လောရိုက်သွားမှာကို စိုးရိမ်မနေနဲ့လို့လည်း သခင်လေးက ပြောထားတယ်..."
ဤသို့ တွေးတောမိသဖြင့် သွမ်ခုန်းသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ချေ။
သူသည် လည်ချောင်းထဲသို့ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ ပို့လွှတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဥက္ကဋ္ဌလင်းရဲ့ အမိန့်အရ... ငါက အားလုံးကို ကိစ္စတစ်ခု အသိပေးဖို့ လာတာပါ..."
"၁၄ ရက်ကြာရင်... တိမ်တိုက်ကောင်းကင်လေလံရုံက လေလံပွဲတစ်ခု ကျင်းပပါလိမ့်မယ်... လေလံပစ္စည်းတွေအားလုံးက တတိယအဆင့်နဲ့အထက် ရတနာ တွေဖြစ်ပြီးတော့ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ဝိညာဉ် ဆေးပင်တစ်ပင်လည်း ပါဝင်ပါတယ်... အားလုံးပဲ လာရောက်ပါဝင်ကြဖို့ မျှော်လင့်ပါတယ်..."
အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများ၏ အကူအညီဖြင့် သွမ်ခုန်း၏အသံသည် နားကွဲလုမတတ် ကျယ်လောင်နေပြီး ခရိုင်မြို့ တစ်ခုလုံးတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
သာမန်လူများသည် အိပ်ရာမှ နိုးလာကြပြီး စိတ်ရှုပ်ထွေးနေပုံရလေ၏။
ကျင့်ကြံခြင်းကို အတင်းအကြပ် နှောင့်ယှက်ခံလိုက်ရသူများပင်လျှင် ဒေါသထွက်နေသော်လည်း အံ့အားသင့်ခြင်းက ပိုများနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤအသံသည် နားကွဲလုမတတ် ဖြစ်နေပြီး မြို့တစ်မြို့လုံး ပျံ့နှံ့သွားရာ စကားပြောသူ၏ ခွန်အား မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေသည်။
"ဒီလောက်ထိ သန်မာအားကောင်းတဲ့ ကျင့်ကြံသူ က လေလံပွဲတစ်ခုကို အရောင်းမြှင့်တင်ဖို့ တကယ်ကြီး ရောက်လာတာပဲ... အဲ့ဒီတိမ်တိုက်ကောင်းကင်လေလံရုံရဲ့ နောက်ခံက ဘယ်လောက်တောင် နက်နဲလိုက်မလဲ..."
"နောက်ပြီးတော့... လေလံပွဲမှာ ပါတဲ့ ပစ္စည်းတွေ အားလုံးက တတိယအဆင့်နဲ့အထက် ရတနာတွေလို့ အဲ့ဒီအားကောင်းတဲ့ ကျင့်ကြံသူက ပြောခဲ့တယ်... အဲ့ဒီအထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိရမယ်... ငါ သွားကြည့်ရမယ်..."
"ဒီနှစ်ပတ်အတွင်း ငါ့ဆီက ရတနာ တချို့ကို ရောင်းပြီး... စိတ်ဝိညာဉ်ကျောက်တုံး တွေ ပိုစုထားရမယ်..."
သူတို့၏ ကျင့်ကြံခြင်း နှောင့်ယှက်ခံခဲ့ရသော်လည်း ကျင့်ကြံသူအများစုသည် အခွင့်အရေးတစ်ခုကို အာရုံခံမိကြလေ၏။
စိတ်ဝင်စားမှုများ သူတို့၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာပြီး သူတို့အားလုံး ဤလေလံပွဲတွင် ပါဝင်ရန် စီစဉ်ခဲ့ကြသည်။