အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) အလိုရှိချိန် ခေါင်းအုံး ရောက်လာခြင်း... လေလံမှူးတစ်ယောက် တံခါးဝသို့ ရောက်လာခြင်း
ကောင်းကင်ယံ အထက်တွင်...
မြို့ထဲရှိ ကျင့်ကြံသူများ အားလုံးနီးပါး နိုးနေကြပြီဖြစ်ကြောင်း သွမ်ခုန်း အာရုံခံမိသည်။
ထို့နောက် သူသည် ခါးရှိ ဓားကို ဆွဲထုတ်လိုက်ပြီး သူ၏မျက်လုံးများကို မှေးစင်းကာ ဓားကို စုတ်တံအဖြစ် အသုံးပြု၍ လေထဲတွင် ဝှေ့ယမ်းလိုက်သည်။
ဓား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တောက်ပသော အဖြူရောင်ဓားချီများ ကျန်ရစ်ခဲ့လေ၏။
မကြာမီမှာပင်...
သွမ်ခုန်းသည် သူ၏ ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး လေထဲတွင် ဓားချီဖြင့် ရေးသားထားသော စာလုံးများကို စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။
ထို့နောက် သူသည် မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး နှစ်ခါလောက် ကြည့်ကာ လျှူရှားခရိုင်မြို့၏ တည်နေရာတွင် ကြက်ခြေခတ်တစ်ခု မှတ်သားလေသည်။
ထို့နောက် သူ မရောက်ဖူးသေးသော မြို့များ၏ တည်နေရာများကို စစ်ဆေးလိုက်ပြီး ဦးတည်ချက်ပြောင်းကာ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
အချိန်တခဏအကြာတွင်..
သွမ်ခုန်း ထွက်သွားပြီဖြစ်ကြောင်း သတိပြုမိသဖြင့် မြို့ထဲရှိ ကျင့်ကြံသူများသည် သူတို့၏ အိမ်များမှ သတိထားကာ ထွက်လာခဲ့ကြ၏။
အပြင်ထွက်လာသည်နှင့်တပြိုင်နက် လေထဲရှိ စာလုံးကြီးများကို သူတို့ ချက်ချင်း သတိပြုမိသွားသည်။
"အချိန်... နှစ်ပတ်အကြာ
နေရာ....လင်ရှီးမြို့၊ တိမ်တိုက်ကောင်းကင်လေလံရုံ"
ချောမွေ့သော လက်ရေးသည် ကောင်းကင်တွင် မြင့်မားစွာ တွဲလောင်းကျနေပြီး အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်ထားသည်။
ထက်ရှသော ဓားစိတ်ဆန္ဒ အရိပ်အယောင်များသည် ထိုအရာမှ ဖြည်းညှင်းစွာ လွင့်မျောလာပြီး အချိန်အကြာကြီး စိုက်ကြည့်ပါက လူအများ၏မျက်လုံးများကို စူးရှသော နာကျင်မှု ဖြစ်စေလေ၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကို မြင်သောအခါ လေလံပွဲသို့ တက်ရောက်ရန် လူတိုင်း၏ဆုံးဖြတ်ချက် ပို၍ပင် ခိုင်မာလာခဲ့သည်။
လျှူရှားခရိုင်မြို့ မြို့တော်ဝန်စံအိမ်၌...
လျှူရှားခရိုင်မြို့ ၏ ခရိုင်မြို့တော်ဝန်စုသည် မြင့်မားသော အဆောက်အအုံတစ်ခုရှိ ပြတင်းပေါက်နားတွင် မတ်တတိရပ်ကာ လေထဲရှိ စာလုံးများကို ကြည့်ရင်း သူ၏မျက်နှာအမူအရာ အလွန်တည်ကြည်လေးနက်နေသည်။
သူသည် သူ၏နံဘေးရှိ အကြီးအကဲမိုကို လှည့်ကြည့်ပြီး မေးလိုက်၏။
"ဒါက မင်း အရင်က ပြောခဲ့တဲ့ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူလား..."
အကြီးအကဲမိုက တွေဝေတုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒီကျွမ်းကျင်သူက အဲ့ဒီအချိန်တုန်းက မျက်နှာမပြခဲ့ဘူး... ဒါပေမဲ့ သူ ဖြစ်ရမယ်..."
ခရိုင်မြို့တော်ဝန်စု နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်ပြီး သူ၏မျက်နှာအမူအရာ ပို၍ပင် တည်ကြည်လေးနက်လာကာ ပြောဆိုသည်။
"ဒါက လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် မဟုတ်ဘူး... ဒါက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထက်က မဟာကျင့်ကြံသူတစ်ယောက် ဖြစ်တာ ရှင်းနေတာပဲ..."
"ဒါ့ပြင်... သူ့ရဲ့ ဓားချီက အချိန်အကြာကြီး ကျန်ရှိနေတာကို ကြည့်ရင်... သူက အရမ်းမြင့်မားတဲ့ ဓားတာအို နယ်ပယ်ရှိတဲ့ ဓား ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့နယ်ပယ်ထက် ကျော်လွန်တဲ့ ရန်သူတွေကို သတ်နိုင်စွမ်း ရှိတယ်ဆိုတာ ညွှန်ပြနေတယ်..."
ဤစကားကို ကြားသောအခါ အကြီးအကဲမို ချက်ချင်း ချွေးစေးများ ထွက်လာပြီး အနည်းငယ် စိတ်သက်သာရာရစွာဖြင့် ပြောဆိုသည်။
"ကံကောင်းလို့ ငါတို့ အဲ့ဒီနေ့က ဥက္ကဋ္ဌလင်းကို မစော်ကားခဲ့တာ... မဟုတ်ရင်... သခင်မလေးနဲ့ငါ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး..."
ထိုစကားကိုပြောပြီးနောက် သူသည် ပြတင်းပေါက်မှတဆင့် မြို့ထဲ၌ စည်ကားနေသော ကျင့်ကြံသူများကို ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်သည်။
"အစ်ကိုစု ... မြို့က အခု ပရမ်းပတာ ဖြစ်နေပြီ... ငါတို့ တစ်ခုခု လုပ်သင့်လား..."
ခရိုင်မြို့တော်ဝန်စုသည် အကြီးအကဲမိုကို ကြည့်လိုက်ကာ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး အလင်းတန်းတစ်တန်းက သူ၏ မျက်လုံးများတွင် လင်းလက်သွားကာ ပြောလိုက်၏။
"တစ်ခုခု လုပ်ရမှာပေါ့... သေချာပေါက် လုပ်ရမယ်..."
"ဒီနှစ်ပတ်အတွင်းမှာ... ငါတို့ မြို့တော်ဝန်စံအိမ်ကလည်း သေချာ ပြင်ဆင်ထားသင့်တယ်... နှစ်တွေတလျှောက်လုံး ငါတို့ စုဆောင်းထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံးကို ယူခဲ့... အဲ့ဒီလေလွင့်ကျင့်ကြံသူတွေကို ငါတို့ကို ကျော်တက်ခွင့် ပေးလို့ မဖြစ်ဘူး..."
"လေလံပွဲမှာ ထူးခြားတဲ့ ရတနာတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ငါ ကြိုတင်ခံစားနေရတယ်..."
အကြီးအကဲမို၏ပါးစပ် တွန့်ကွေးသွားသည်။
"အော်... ပြီးတော့ ရှီယုကိုလည်း ခေါ်သွား... သူ့ကို သွားပြောလိုက်ပါ... ဒါပေမဲ့ သူ့ကို သေချာ စောင့်ကြည့်ဖို့ မမေ့နဲ့... ငါ့အတွက် ပြဿနာတွေ ထပ်မရှာစေနဲ့..."
"ကောင်းပါပြီ..."
ရက်အနည်းငယ် အကြာတွင်....
သွမ်ခုန်း၏ "အားကောင်းသော" အရောင်းမြှင့်တင်မှုအောက်တွင် လင်ရှီးမြို့၏ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ ကျင့်ကြံသူအားလုံးနီးပါးသည် တိမ်တိုက်ကောင်းကင်လေလံရုံက မကြာမီ လေလံပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း သိရှိသွားကြသည်။
အချိန်တခဏအတွင်း မဟာယန်နိုင်ငံ၏ ထက်ဝက်ခန့် လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူ များ၏အကြည့်များသည် တိမ်တိုက်ကောင်းကင်လေလံရုံဆီသို့ ဦးတည်သွားတော့သည်။
【ထက်မြက်မှု ဖော်ထုတ်ခြင်း...
တာဝန်တစ် ... တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ လူကြိုက်များမှုကို ၁၀၀၀၀၀ အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု ...၆၁၂၃၀၇ / ၁၀၀၀၀၀ (ပြီးမြောက်ပါပြီ)
တာဝန်နှစ်.....လေလံရုံ ရဲ့ အရောင်းအဝယ် ပမာဏကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု ...၂၀၅၀၀ / ၂၀၀၀၀၀၀】
【ပြီးမြောက်ခြင်း ဆုလာဘ်...လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်တစ်ကတ်၊ ကျပန်း ရုပ်ခန္ဓာကိုယ်တစ်ခု ကျပန်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်】
ဤကာလအတွင်း တိမ်တိုက်ကောင်းကင်လေလံရုံ၏ လူကြိုက်များမှုသည် ကြီးမားစွာ တိုးတက်လာခဲ့ပြီး ပထမတာဝန်ကို လျှင်မြန်စွာ ကျော်လွန်သွားခဲ့လေ၏။
ယခုအချိန်၌ စနစ်ဆုလာဘ်ကို ရရှိရန် လေလံရုံတွင် အရောင်းအဝယ် ပမာဏ ၂ သန်းသို့ ရောက်ရှိရန်သာ လိုအပ်တော့သည်။
အခန်းထဲတွင်...
လင်းရှောင်သည် သူ၏ ထိုင်ခုံတွင် ထိုင်ကာ မေးကို လက်ဖြင့်ထောက်ပြီး စနစ်တာဝန်ကိုကြည့်၍ အပြုံးနှင့် ရေရွတ်လိုက်၏။
"နောက်တစ်ခုကတော့ လာမယ့် လေလံပွဲပဲ..."
ဆယ်ရက်ကျော် လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လေလံပွဲစတင်မည့်နေ့သို့ ရောက်ရှိလာသည်။
လေလံပွဲကို ညနေပိုင်းတွင် စတင်ရန် စီစဉ်ထားသော်လည်း မနက်စောစောကတည်းက တိမ်တိုက်ကောင်းကင်လေလံရုံ၏ အပြင်ဘက်ဧရိယာတွင် လူများဖြင့် ပြည့်နှက်နေလေပြီ။
သို့သော် အချိန်မကျသေးသည့်အပြင် သွမ်ခုန်းက တံခါးကို စောင့်ကြပ်နေသဖြင့် သူတို့သည် အလျင်စလို မလှုပ်ရှားရဲကြချေ။
သူတို့သည် အပြင်မှသာ ကြည့်နိုင်ပြီး ဝင်ခွင့် မရသေးပေ။
တိမ်တိုက်ကောင်းကင်လေလံရုံ၏ အနောက်ဘက် ခန်းမတွင် လင်းရှောင်က လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။
"လေလံရုံက အစေခံမလေးနှစ်ရာကျော်ကို ခေါ်ယူပြီးပြီဆိုတော့... တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ လက်ရှိ အတိုင်းအတာအရ ယာယီလုံလောက်လောက်ပါပြီ..."
"ဒါပေမဲ့ သင့်တော်တဲ့ လေလံမှူး တစ်ယောက်ကို ငါ အခုထိ မရှာရသေးဘူးဆိုတော့... ကြည့်ရတာ ဒီတစ်ကြိမ်လည်း ငါ ကိုယ်တိုင် စင်မြင့်ပေါ် တက်ရမယ့်ပုံပဲ..."
"ဟူး... အခု လေလံမှူးတစ်ယောက်လောက် ပေါ်လာရင် သိပ်ကောင်းမှာပဲ... ဘယ်လေလံရုံက ဥက္ကဋ္ဌကို လေလံမှူးအဖြစ် အမြဲတမ်း တက်ခိုင်းနေလို့လဲ..."
ထိုအချိန်မှာပင်.....
သွမ်ခုန်းထံမှ စိတ်ဝိညာဉ်စွမ်းအင် အသံပေးပို့မှုတစ်ခု လင်းရှောင်၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သခင်လေး... ခုဏကပဲ အမျိုးသမီး တစ်ယောက်က သခင်လေးကို တာဝန်တစ်ခု သတင်းပို့ချင်တယ်လို့ ပြောတယ်... အာဒီနိုစ့်က ဒီကိစ္စကို အတည်ပြုပေးလို့... သူကို ကျွန်တော် အထဲဝင်ခိုင်းလိုက်တယ်..."
တာဝန် သတင်းပို့တာလား...
ငါ မကြာသေးခင်က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး...
လင်းရှောင်သည် အချိန်တခဏကြာမျှ မမှတ်မိနိုင်ဖြစ်သွားခဲ့လေ၏။
သူသည် သွမ်ခုန်းကိုမေးရန် အသံသတင်းစကားတစ်ခု ပေးပို့ချင်သော်လည်း သူ၏နည်းပါးလှသော စိတ်ဝိညာဉ်စွမ်းအင်က သူ့ကို ထိုသို့ လုပ်ဆောင်ခွင့် မပြုခဲ့ချေ။
ဒေါက် ဒေါက် ဒေါက်...
သူ များစွာမစဉ်းစားနိုင်မီမှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"သခင်လေးလင်း ... အထဲမှာ ရှိလား..."
"ကျွန်မ ဝင်လာပြီနော်..."
နူးညံ့သော အမျိုးသမီးအသံတစ်သံက တံခါး၏အနောက်မှ ထွက်ပေါ်လာသည်။
ထို့နောက် လင်းရှောင် မတုံ့ပြန်နိုင်မီမှာပင် တံခါးပွင့်သွားပေ၏။
အစိမ်းနုရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သိမ်မွေ့သော အသွင်အပြင်ရှိသည့် မိန်းကလေး တစ်ဦးက လင်းရှောင်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
လင်းရှောင် တခဏကြာမျှ မှင်သက်သွားပြီး ခါးသီးသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာကာ ပြောလိုက်၏။
"သခင်မလေးစု ... မင်းကိုး..."
ယခုရောက်လာသူမှာ ယခင်လေလံပွံတွင် ထွက်ပေါ်လာခဲ့သော စုရှီယုပင်။
စုရှီယု၏မျက်နှာသည် လင်းရှောင်ကို မြင်ချိန်၌ ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။
သူမသည် လင်းရှောင်၏ရှေ့သို့ ပြေးသွားကာ အပြုံးနှင့် ပြောလိုက်၏။
"ဟီး ဟီး... သခင်လေးလင်း ... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ... ရှင် ကျွန်မကို မှတ်မိလိမ့်မယ်လို့ ထင်မထားဘူး..."
လင်းရှောင်က မတ်မတ်ထိုင်လိုက်ပြီး မေးမြန်းသည်။
"သခင်မလေးစု ... ကျွန်တော့်ဆီက တစ်ခုခု လိုအပ်လို့လား..."
စုရှီယု၏အပြုံး ပျောက်ကွယ်သွားပြီး သူမက တုံ့ဆိုင်းစွာ ပြောလိုက်လေ၏။
"သခင်လေးလင်း ... တောင်းပန်ပါတယ်... ရှင် ကျွန်မကို ခိုင်းထားတာကို ကျွန်မ ပြီးအောင် မလုပ်နိုင်ခဲ့ဘူး... အဲ့ဒီ ဓားကျင့်ကြံသူ ရောက်မလာခင်မှာ ရှင့်အတွက် ကျွန်မက အရောင်းမြှင့်တင်မှု မလုပ်ပေးနိုင်ခဲ့ဘူး..."
"ကျေးဇူးပြုပြီး ဒီရေစည်းချက်ဆေးလုံးပုလင်းကို ပြန်ယူပါ..."
သူမ စကားပြောနေစဉ် စုရှီယုသည် လင်းရှောင် ယခင်က သူမကို ပေးခဲ့သော ရေစည်းချက်ဆေးလုံးကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။
"မလိုပါဘူး... အဲ့ဒီအချိန်တုန်းက... လေလံရုံရဲ့ အခြေအနေက နည်းနည်း ထူးခြားနေလို့...လူတွေအားလုံးကို အရောင်းမြှင့်တင်ဖို့အတွက် ကူညီပေးဖို့ ကျွန်တော်က တောင်းဆိုခဲ့တာပါ..."
"ဒါက အရေးမပါတဲ့ ကိစ္စလေးပါ... စိတ်ပူစရာ မလိုပါဘူး..."
လင်းရှောင်က အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။
ထိုအချိန်က လင်းရှောင်သည် သွမ်ခုန်းကို မဆင့်ခေါ်ရသေးသဖြင့် ယခုကဲ့သို့ ရိုးရှင်းပြီး တိုက်ရိုက်ကျသော အရောင်းမြှင့်တင်ရေး နည်းလမ်းမျိုးလည်း မရှိခဲ့ချေ။
စုရှီယုသည် ခရိုင်မြို့တော်ဝန်၏သမီးဖြစ်ကြောင်း သူ မြင်တွေ့ချိန်၌ သူမအား အရောင်းမြှင့်တင်ရေးတွင် ကူညီပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ပေ၏။
ဤသည်မှာ ထိုအချိန်က သူ့ထံ၌ တိတိကျကျ ရည်ရွယ်ချက်မရှိသော လုပ်ရပ်တစ်ခုပင်။
"အင်း...ကောင်းပြီလေ..."
စုရှီယုသည် ဆေးလုံးကို သိမ်းဆည်းလိုက်ပြီး ရှားပါးသော တည်ကြည်လေးနက်သည့် အမူအရာတစ်ခု သူမ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ ပြောလိုက်သည်။
"တကယ်လို့ သခင်လေးလင်းက အနာဂတ်မှာ ကျွန်မရဲ့ အကူအညီ လိုအပ်ရင်... ရှင့်ကို ကူညီဖို့ ကျွန်မက သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်..."
လင်းရှောင်က ညင်သာစွာ ခေါင်းခါလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ထားလိုက်ပါတော့... သခင်မလေးစုရဲ့ ကောင်းမွန်တဲ့..."
လင်းရှောင်သည် မူလက ငြင်းဆိုရန် ရည်ရွယ်ခဲ့သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိပြီး စကားတစ်ဝက်တစ်ပျက်အရောက်တွင် ရပ်တန့်သွားသည်။
ထို့နောက် လင်းရှောင်သည် သူ၏ရှေ့ရှိ စုရှီယုကို စိုက်ကြည့်ကာ သူမကို အထက်အောက် သေချာစွာ အကဲခတ်ကြည့်လိုက်၏။
တိုင်းပြည်များကို ဖြိုလှဲနိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း အလှလေးဖြစ်သည့်အပြင် စကားပြောကောင်းပြီး အမြဲတမ်းနီးပါး အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
ဒါက လေလံမှူးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ အရည်အချင်းတွေပဲ မဟုတ်လား...
လင်းရှောင်၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပြောဆိုလိုက်၏။
"သခင်မလေးစု ... မင်းမှာ ထူးခြားတဲ့ အမူအရာရှိပြီးတော့ စကားပြောကောင်းတာကို ငါ မြင်တယ်... လေလံမှူး တစ်ယောက် လုပ်မယ်ဆိုရင် မင်းမှာ သေချာပေါက် တောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်..."
"တိုက်ဆိုင်တာက... တိမ်တိုက်ကောင်းကင်လေလံရုံမှာ အခုလောလောဆယ် လေလံမှူး တစ်ယောက် လိုအပ်နေတယ်... သခင်မလေးစုကများ စမ်းကြည့်ချင်မလား မသိဘူး..."
စုရှီယု၏မျက်နှာ အနည်းငယ် နီရဲသွားပြီး သူမက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောဆိုသည်။
"အာ... ငါက အဲ့ဒီလောက်တောင် တော်တာလား... ငါ ငယ်ငယ်ကတည်းက ဘယ်သူမှ ငါ့ကို အဲ့ဒီလို မချီးကျူးဖူးဘူး..."
"အဖေ နဲ့ တခြားသူတွေက ငါ့ကို အမြဲတမ်း ဆော့လွန်းတယ် ပြဿနာရှာတယ် လို့ ပြောပြီး... ငါ့ကို အခန်းထဲမှာ မကြာခဏ ပိတ်လှောင်ထားတတ်ကြတယ်... ငါက တစ်နှစ်ကို အကြိမ်နည်းနည်းလောက်ပဲ အပြင်ထွက်ရပြီးတော့ အကြိမ်တိုင်း အကြီးအကဲမို နဲ့ တခြားသူတွေက ငါ့နောက်ကို လိုက်နေကြတယ်..."
"ငါ အခုလေးတင် ခိုးထွက်လာနိုင်ပြီးတော့ နင့်ကို ရှာဖို့ ချက်ချင်းလာခဲ့တာ..."
သူမ၏ဖခင်နှင့် တခြားသူများကို တွေးမိသောအခါ စုရှီယု၏မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။
"သခင်လေးလင်း ... တကယ်လို့ ငါက ဒီနေရာမှာ နင့်ရဲ့ လေလံမှူး ဖြစ်လာရင်... ငါ့ကို ဒီမှာ နေခွင့်ပေးပြီး အဖေ နဲ့ တခြားသူတွေကို ငါ့ကို ပြန်မခေါ်သွားအောင် လုပ်ပေးနိုင်မလား..."
"ပြဿနာမရှိဘူး... တကယ်လို့ သူက မင်းကို အတင်းအကျပ် ခေါ်သွားရဲရင်... သူတို့ အားလုံးကို ငါ လွင့်စင်သွားအောင် လုပ်ပစ်မယ်..."
လင်းရှောင်က တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိုက်၏။
စုရှီယု၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုအဖြစ် ထွက်ပေါ်လာပြီး သူမက ပြောဆိုသည်။
"ဒါဆို အခုကစပြီး ငါ နင့်ရဲ့ လေလံမှူး ဖြစ်ပြီပေါ့... ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ လင်း... နင်က အရမ်း ကောင်းတဲ့သူပဲ "