← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) မောက်မာသော ယင်နတ်ဆိုးဂိုဏ်း တပည့်....လေလံပွဲ စတင်ခြင်း

"ဟမ့်... ဒီ မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူ က အရမ်းမောက်မာလွန်းနေတာ မဟုတ်လား... သူက ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်များ ဖြစ်နေလားလို့တောင် ထင်ရတယ်..."

ရှည်လျားသော နဂါး တစ်ကောင်ကဲ့သို့ ဆန့်တန်းနေသည့် တန်းစီနေသော လူအုပ်ကြီးထဲတွင် နောက်ဆုံး၌ရှိနေသည့် ယင်နတ်ဆိုးဂိုဏ်းတပည့်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

"လောလောဆယ်တော့ သည်းခံလိုက်ကြတာပေါ့... ငါတို့ လေလံရုံထဲကို အရင် ဝင်မယ်... ဘာပဲဖြစ်ဖြစ် သူက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဆိုတော့... သူ့ကို ငါတို့ မျက်နှာသာ နည်းနည်း ပေးသင့်တယ်..."

ရှေ့ဆုံးရှိ ခေါင်းဆောင်အမျိုးသားက အေးအေးလူလူ ပြောလိုက်သည်။

နာရီဝက် ကုန်လွန်သွားခဲ့သည်။

တန်းစီနေသော လူအုပ်ကြီး တဖြည်းဖြည်း တိုတောင်းလာသည်နှင့်အမျှ မကြာမီ ယင်နတ်ဆိုးဂိုဏ်း တပည့်များ၏ အလှည့်သို့ ရောက်ရှိလာသည်။

သွမ်ခုန်း​​က လက်ဆန့်တန်းလိုက်ပြီး မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်၏။

"ပုံမှန် လက်မှတ်... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀..."

ရှေ့ဆုံးမှ ယင်နတ်ဆိုးဂိုဏ်းတပည့်က မျက်မှောင်ကြုတ်ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သော လေသံဖြင့် မေးမြန်းသည်။

"အထူးဧည့်သည်​တော်လက်မှတ်ကရော ဘယ်လိုလဲ..."

သွမ်ခုန်းက အေးအေးဆေးဆေး ရှင်းပြသည်။

"ကုန်သွားပြီ..."

"ဟမ့်... ငါတို့ သုံးယောက်က ဘယ်သူတွေလဲဆိုတာ မင်း သိလား... ငါတို့က ယင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေပဲ... ပုံမှန် လက်မှတ်တစ်စောင်က ငါတို့ရဲ့ အဆင့်အတန်းနဲ့ ဘယ်လိုလုပ်ပြီး ကိုက်ညီနိုင်မှာလဲ..."

"မင်းတို့ရဲ့ လေလံရုံ ဥက္ကဋ္ဌကို အခုချက်ချင်း သွားအသိပေးလိုက်စမ်း... ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းက ဒီ လေလံပွဲမှာ ပါဝင်ချင်တယ်လို့ သူ့ကို ပြောလိုက်... ငါတို့အတွက် အထူးဧည့်သည်တော် အခန်းတစ်ခန်း စီစဉ်ပေးခိုင်းလိုက်စမ်း..."

ဤအချိန်တွင် နောက်ဆုံးရှိ ယင်နတ်ဆိုးဂိုဏ်း တပည့်က သွမ်ခုန်းကို လက်ညှိုးထိုးပြီး မောက်မာထောင်လွှားစွာ အော်ဟစ်လိုက်သည်။

သွမ်ခုန်း၏မျက်နှာအမူအရာ အေးစက်တင်းမာသွားပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများတွင် လင်းလက်သွားကာ သူ၏ဘယ်ဘက်လက်ဖြင့် သူ၏ဓားရိုးကို ချက်ချင်းဆုပ်ကိုင်လိုက်၏။

နေဦး... ယင်နတ်ဆိုးဂိုဏ်းလား...

ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ...

သခင်လေးရဲ့ လက်အောက်ငယ်သားကို အဆိပ်စမ်းသပ်ဖို့ အသုံးပြုခဲ့တဲ့ ဂိုဏ်း မဟုတ်လား... သူ့အတွက် ကလဲ့စားချေပေးမယ်လို့တောင် သခင်လေး က အဲ့ဒီနေ့က ပြောခဲ့သေးတယ်...

သွမ်ခုန်းက ဤအကြောင်းကို တွေးတောလိုက်မိသည်။

သူသည် ဓားရိုးပေါ်ရှိ သူ၏ ဆုပ်ကိုင်မှုကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး လေလံရုံအတွင်းရှိ လင်းရှောင်ထံသို့ အသံသတင်းစကားကို ပေးပို့လိုက်သည်။

"သခင်လေး... ယင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်သုံးယောက် အပြင်ဘက်မှာ ရောက်နေတယ်... သူတို့ရဲ့ သဘောထားက အရမ်းမောက်မာတယ်... သူတို့ကို သတ်ပစ်လိုက်ရမလား..."

တတိယထပ်ရှိ သီးသန့်ခန်းအတွင်း၌...

လင်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

ယင်နတ်ဆိုးဂိုဏ်းသည် လီအာ ယခင်က ကြုံတွေ့ခဲ့ရသော ယုတ်မာသည့် နတ်ဆိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်းပင်။

လင်းရှောင်သည် အားလပ်ချိန်အတွင်း၌ အထူးစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယင်နတ်ဆိုးဂိုဏ်းသည် ရိုးရှင်းပုံ မပေါ်ကြောင်း တွေ့ရှိခဲ့လေ၏။ အမှောင်ရိပ်ခန်းမဆောင်ကဲ့သို့ပင် ထိုဂိုဏ်းသည်လည်း မဟာယန်နိုင်ငံ ပြင်ပမှ အင်အားစုတစ်ခု ဖြစ်နေသည်။

အကယ်၍ ဤသည်က ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်ခဲ့လျှင် အဆင်ပြေပေမည်။ သို့ရာတွင် အကယ်၍ ထိုဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်း သို့မဟုတ် အမှောင်ရိပ်ခန်းမဆောင်ကဲ့သို့ လွှမ်းမိုးမှုရှိသော အင်အားစုတစ်ခု ဖြစ်နေပါက လင်းရှောင်၏လက်ရှိ စွမ်းဆောင်ရည်ထက် များစွာပို၍ ကျော်လွန်နေပေမည်။

မည်သို့ပင်ဖြစ်စေကာမူ နတ်ဆိုးဂိုဏ်းများသည် အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာ​အားကောင်းသူကို ကြောက်ရွံ့ကာ မောက်မာထောင်လွှားစွာ ပြုမူတတ်ကြ၏။

သူတို့သည် အမှောင်ရိပ်ခန်းမဆောင်ကဲ့သို့ ကြားနေမှုကို ထိန်းသိမ်းထားမည် မဟုတ်ဘဲ ပြဿနာများကိုလည်း မကြာခဏ ဖန်တီးလေ့ရှိသည်။

သို့သော် ယခုချိန်၌ သူတို့ကို ကိုင်တွယ်ဖြေရှင်း၍ မရခြင်းက အနာဂတ်တွင် သူ ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ဟု မဆိုလိုချေ။

လင်းရှောင်သည် လီအာ အတွက် ကလဲ့စားချေပေးမည်ဟု ပြောဆိုခဲ့ပြီးဖြစ်ရာ သူ၏စကားကို ဘယ်တော့မှ ပြန်ရုတ်သိမ်းမည် မဟုတ်ပေ။

အချိန်တခဏကြာမျှ တွေးတောပြီးနောက်....

လင်းရှောင်သည် လေလံပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး တုံ့ပြန်မှုရတနာများနှင့် စနစ်၏ တာဝန်ပြီးမြောက်သော ဆုလာဘ်များကို လက်ခံရရှိပြီးမှသာ ဤယင်နတ်ဆိုးဂိုဏ်း အဖွဲ့ဝင်များကို ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်၏။

သူ၏ဆုံးဖြတ်ချက်ကို ချပြီးနောက် လင်းရှောင်က ပြောလိုက်သည်။

"မလိုဘူး... သူတို့ကို အရင် ဝင်ခွင့် ပြုလိုက်ပါ... လေလံပွဲပြီးရင် ငါကိုယ်တိုင် သူတို့ကို ကိုင်တွယ်မယ်..."

"ဟုတ်ကဲ့ပါ သခင်လေး..."

အဝင်ဝရှိ သွမ်ခုန်းက ပြန်ဖြေလိုက်သည်။

သူသည် သူ၏ရှေ့ရှိ ယင်နတ်ဆိုးဂိုဏ်း တပည့်များကို မော့ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောဆိုသည်။

"ဘာယင်နတ်ဆိုးဂိုဏ်းလဲ... ဒီအရှင်က တစ်ခါမှ မကြားဖူးဘူး..."

"အထူး​ဧည့်သည်တော်အခန်းတွေ မရှိတော့ဘူး... ပြီးတော့... မင်းတို့ နောက်ထပ် မောက်မာတဲ့ စကားတစ်ခွန်း ပြောရဲရင်... မင်းတို့ကို ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး..."

"မင်း..."

နောက်ဆုံးတွင်ရှိနသော ယင်နတ်ဆိုးဂိုဏ်းတပည့်၏ မျက်နှာတွင် သွေးကြောများ ထောင်ထလာခဲ့သည်။ သူ တစ်ခုခုပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် အနည်းငယ် ပို၍တည်ငြိမ်သော တခြားတပည့်တစ်ဦးက အကြည့်ဖြင့် သူ့ကို ဖိနှိပ်လိုက်၏။

"ငါတို့ကို ပုံမှန် လက်မှတ်သုံးစောင် ပေးပါ..."

ရှေ့ဆုံးရှိ လူသည် သူ၏စိတ်အတွင်းမှ မကျေနပ်မှုကို ဖိနှိပ်ကာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကို ထုတ်ယူပြီး သွမ်ခုန်းထံသို့ လက်ကမ်းပေးလိုက်သည်။

"ဝင်သွားတော့..."

ရှေ့ဆုံးရှိ လူသည် သွမ်ခုန်းကို စူးရဲစွာ ကြည့်လိုက်ပြီးနောက် ကျန်လူနှစ်ယောက်ကို အထဲသို့ ခေါ်ဆောင်သွားတော့သည်။

စင်္ကြန်လမ်းတွင် နောက်ဆုံး ယင်နတ်ဆိုးဂိုဏ်းတပည့်သည် စောဒကမတက်ဘဲ မနေနိုင်တော့ချေ။

"စီနီယာအစ်ကိုဖန် ... ငါတို့က ဘာလို့ သည်းခံနေရမှာလဲ... ယင်နတ်ဆိုးဂိုဏ်း တပည့်တွေ ဖြစ်တဲ့ ငါတို့က ဘယ်တုန်းက ဒီလို အရှက်ရစရာမျိုးကို ခံခဲ့ရဖူးလို့လဲ..."

"ပုံမှန်အနေနဲ့ ယင်နတ်ဆိုးဂိုဏ်းမှာ မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အကြီးအကဲတွေတောင် ငါတို့ကို သူတို့ရဲ့ သားအရင်းတွေလို ဆက်ဆံကြတာ... ဘယ်သူမှ ငါတို့ကို အနိုင်မကျင့်ရဲဘူး..."

စီနီယာအစ်ကိုဖန်ဟု ခေါ်ဆိုခံရသော ရှေ့ဆုံးရှိ လူသည် အေးစက်စက်နှာမှုတ်ပြီး ပြောဆိုလိုက်၏။

"အဲ့ဒီမြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူက ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းအကြောင်းတောင် မကြားဖူးဘူး ဆိုတာကို မင်း သတိမထားမိဘူးလား..."

"တကယ်လို့ သူသာ ငါတို့ကို တိုက်ခိုက်ခဲ့ရင်... ငါတို့ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..."

"ဒီလေလံပွဲ ပြီးဆုံးသွားတဲ့အထိ ငါတို့ စောင့်ကြတာပေါ့... ယင်နတ်ဆိုးဂိုဏ်းကို ပြန်ရောက်ရင်... ဂိုဏ်းအကြီးအကဲတွေကို ကြားဝင်ပေးဖို့နဲ့ ငါတို့ရဲ့ မျက်နှာကို ပြန်ရအောင် ကူညီပေးဖို့ ငါတို့ တောင်းဆိုမယ်..."

နောက်ဆုံးလူက ရုတ်တရက် နားလည်သွားပြီး မြှောက်ပင့်ပြောဆိုသည်။

"အော်... ဒါကြောင့်ကိုး... စီနီယာအစ်ကိုဖန်က တကယ့်ကို စဉ်းစားဉာဏ်ရှိတာပဲ... မဟာအကြီးအကဲရဲ့တပည့်ရင်းလို့ မပြောရဘူး... ငါတို့က မင်းကို လေးစားမိတယ်..."

"ဟမ့်... သေချာတာပေါ့... အထဲကိုဝင်ကြရအောင်..."

မကြာမီမှပင်...

လက်မှတ်များ ဝယ်ယူထားသော ဧည့်သည်များသည် သူတို့၏နေရာများတွင် ထိုင်ကြပြီး လေလံပွဲ စတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း ဗလာဟင်းလင်းဖြစ်နေသော လေလံစင်မြင့်ကို တိတ်တဆိတ် ကြည့်ရှုနေကြ၏။

အချိန်ကျရောက်လာသောအခါ စုရှီယုက ခပ်ဖျော့ဖျော့ပြုံးပြီး လေလံ စင်မြင့်၏ဗဟိုသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

သူမ၏မျက်နှာအမူအရာမှာ အနည်းငယ် စိုးရိမ်နေပုံ ပေါက်သော်လည်း သူမသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ညင်သာစွာ ဦးညွှတ်ကာ ပြောလိုက်သည်။

"အဝေးကနေ ခရီးနှင်လာကြတဲ့ မိတ်ဆွေတို့... ကျွန်မကတော့ ဒီပွဲအတွက် လေလံမှူး စုရှီယုပါ... အားလုံးကို ကြိုဆိုပါတယ်..."

ဧည့်သည် အများအပြားသည် စုရှီယုကို မြင်သောအခါ သူတို့၏မျက်လုံးများ တောက်ပသွားပြီး လေလံမှူး၏ ရင်သပ်ရှုမောဖွယ် အလှတရားကို စိတ်ကျေနပ်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ လှပသော အမျိုးသမီးငယ် တစ်ဦးနှင့် နှိုင်းယှဉ်ပါက အသက်ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦးက စင်မြင့်ပေါ်တွင် ရတနာများကို လေလံတင်နေသည်အား မည်သူကမျှ မြင်တွေ့ချင်မည် မဟုတ်ချေ။

ထို့ကြောင့် လေလံမှူး တစ်ယောက်၏ အရေးကြီးဆုံး အချက်မှာ သူတို့၏အသွင်အပြင်ပင်။

ရိုးရှင်းစွာ ပြောရလျှင် ဤသည်က လူအများ၏အမြင်တွင် မျက်စိပသာဒ ဖြစ်ရပေမည်။

စုရှီယုက ဆက်ပြောလေ၏။

"လာမယ့်လေလံပွဲကို ကျွန်မက ဦးဆောင်သွားမှာပါ... ဧည့်သည်တွေအားလုံး စည်းမျဉ်းတွေကို လိုက်နာပြီး တရားမျှတစွာ လေလံဆွဲကြဖို့ မျှော်လင့်ပါတယ်... ဒီ အညတရ ကောင်မလေးက ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်..."

"အခု... ဒီလေလံပွဲကို တရားဝင် စတင်ပါပြီ..."

စင်မြင့်အောက်ရှိ ဧည့်သည်များအားလုံးသည် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားပြီး သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

အထူးဧည့်သည်တော် အခန်း နံပါတ် ၇မှ လူနှစ်ဦးသာ ချွင်းချက်ဖြစ်ပြီး သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"ရှီ... ရှီအာ..."

"ဒီကောင်မလေး တကယ်ပဲ ဒီကို ထွက်ပြေးလာတာကိုး... မြို့ထဲမှာ ဘယ်နေရာရှာရှာ သူ့ကို ဘာလို့ ရှာမတွေ့တာလဲလို့ ငါ တွေးနေတာ..."

"ဒါပေမဲ့ ရှီအာက ဘယ်လိုလုပ်ပြီး တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ လေလံမှူး ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ..."

သူ၏နံဘေးရှိ လူအိုကြီးမိုသည် ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်ပြီး မျက်မှောင်အနည်းငယ် တွန့်ကွေးကာ မေးလိုက်၏။

"အစ်ကိုကြီးစု ... ငါတို့ ဘာလုပ်သင့်လဲ..."

"ဒီကောင်မလေးရဲ့ စိတ်နေသဘောထားအရဆိုရင်... အခု သူက ငါတို့နဲ့ ပြန်လိုက်ဖို့ ဆန္ဒမရှိမှာကို ငါ စိုးရိမ်တယ်..."

ခရိုင်မြို့တော်ဝန်စုက ခေါင်းခါလိုက်ကာ သူ၏မျက်နှာအမူအရာ ပို၍ပင် ပျက်ယွင်းသွားသည်။

သူသည် လေလံစင်မြင့်ပေါ်ရှိ စုရှီယုကို ကြည့်ကာ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

"ထားလိုက်ပါတော့... ငါ အဲ့ဒါကို လက်ခံလိုက်သင့်တယ်... သူ့ကို သွားခွင့်ပြုလိုက်တော့မယ်..သူ့အမေရဲ့ နောက်ဆုံးဆန္ဒက ရှီအာကို ဘေးကင်းပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့ပဲ... အခု ရှီအာက ကြီးပြင်းနေပြီဆိုတော့... သူ အပြင်ထွက်ပြီး လောကကြီးကို ကြည့်ဖို့ အချိန်တန်ပြီ..."

လူအိုကြီးမိုသည် သူ၏နံဘေးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပေ၏။

ခရိုင်မြို့တော်ဝန်စု၏ လက်အောက်ခံ စစ်သူကြီး တစ်ဦးဖြစ်သည့်အပြင် ညီအစ်ကိုတစ်ယောက်ကဲ့သို့ ဖြစ်နေသော သူသည် ခရိုင်မြို့တော်ဝန်စုသည် ထိုကိစ္စကို လက်ခံနေခြင်း မဟုတ်ဘဲ ရွေးချယ်စရာ မရှိတော့ကြောင်းကို မည်သည်ကြောင့် မသိဘဲ နေမည်နည်း...

အကယ်၍ တိမ်တိုက်ကောင်းကင်လေလံရုံတွင် အစွမ်းထက်ကျင့်ကြံသူတစ်ဦး စောင့်ကြပ်နေခြင်း မရှိပါက...

ခရိုင်မြို့တော်ဝန်စုသည် ဤ လေလံရုံ၏ ဥက္ကဋ္ဌကို ရိုက်နှက်ပြီး အညံ့ခံခိုင်းမည်ဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။

ထို့နောက် သူသည် စုရှီယုကို အတင်းအကြပ် ပြန်ခေါ်သွားပေမည်။

ကံမကောင်းစွာဖြင့် လက်တွေ့ဖြစ်ရပ်မှန်မှာ ကြမ်းတမ်းလှသည်။

တိမ်တိုက်ကောင်းကင်လေလံရုံတွင် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး စောင့်ကြပ်နေသဖြင့် ခရိုင်မြို့တော်ဝန်စုသည် လက်တွေ့အဖြစ်မှန်ကို ကူကယ်ရာမဲ့စွာ လက်ခံရုံသာ တတ်နိုင်တော့သည်။

စင်မြင့်ပေါ်တွင်...

စုရှီယုသည် သူမ၏မိတ်ဆက်မှုကို စတင်ခဲ့လေ၏။

"ပထမဆုံး လေလံပစ္စည်းကတော့ နည်းနည်းထူးခြားပါတယ်... အဲ့ဒါက ဒုတိယအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သားရဲဖြစ်တဲ့ မြေကျောက်လိပ်ပဲ..."

"ဒုတိယအဆင့်သာ ဖြစ်ပေမဲ့... အဲ့ဒါက တတိယအဆင့် ရတနာတစ်ခုထက် မနိမ့်ကျဘူး..."

စုရှီယုသည် စိတ်ဝိညာဉ်သားရဲ အိတ် တစ်လုံးကို ထုတ်ယူပြီး မီတာအနည်းငယ် မြင့်သော မြေကျောက်လိပ်ကို ပြသရန် ပြင်ပသို့ လွှတ်ပေးလိုက်သည်။

ထို့နောက် သူမသည် မြေကျောက်လိပ်ကို ပြန်လည်၍ သိမ်းဆည်းပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဒုတိယအဆင့် စိတ်ဝိညာဉ်လိပ်... စတင်လေလံစျေး ...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀..."

စတင်လေလံစျေးကို ကြေညာလိုက်သည်နှင့်တပြိုင်နက် စင်မြင့်အောက်ရှိ ပရိသတ်များသည် တက်ကြွစွာ စတင်၍ ဆွေးနွေးကြ၏။

"ဒုတိယအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သားရဲ ... သူ့ရဲ့ နယ်ပယ် က အရမ်း နိမ့်လွန်းတယ်... ဒါပေမဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ဝယ်ပေးဖို့ဆိုရင်တော့ ပြီးပြည့်စုံတယ်..."

"နယ်ပယ်က နည်းနည်းတော့ နိမ့်ပါးတယ်... ဒါပေမဲ့ နည်းနည်းလောက် ကျင့်ကြံပြီးရင်... ဒီစိတ်ဝိညာဉ်လိပ်က တတိယအဆင့်အထိတောင် တက်လှမ်းသွားနိုင်တယ်... အဲ့ဒါက ကြီးမားတဲ့ အမြတ်အစွန်း တစ်ခု ဖြစ်လာမှာပဲ..."

"ငါထင်တာတော့ သာမန်ပါပဲ... လိပ်အမျိုးအစား စိတ်ဝိညာဉ်သားရဲတွေက တိုက်ခိုက်ရေးစွမ်းအား အားနည်းတယ်... တကယ်လို့ လေလံစျေးက ၂၀၀၀၀ ထက် ကျော်သွားရင်... အဲ့ဒါက တန်မှာ မဟုတ်ဘူး..."

ဤစိတ်ဝိညာဉ်သားရဲတွင် အားနည်းချက်များစွာ ရှိသော်လည်း စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူ အတော်များများသည် ထိုအရာကို ဝယ်ယူရန် သွေးဆောင်ခြင်း ခံနေရဆဲပင်။

မကြာမီ လူအများ စတင်၍ လေလံဆွဲကြတော့သည်။

"ငါ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀၀နဲ့ လေလံဆွဲတယ်..."

"ငါက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀နဲ့ လေလံဆွဲတယ်... ငါ့ရဲ့အဖေက ယွီယန်မြို့ ကျန်း မိသားစုက ကျန်းအာဟယ်ပါ... မင်းတို့အားလုံးက ငါ့ကို မျက်နှာသာနည်းနည်း ပေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်..."

"ဟက် ဟက်... မင်းကို မျက်နှာသာပေးရမှာလား... မင်းတို့ကျန်းမိသားစုက ဘယ်လိုလူမျိုးတွေလဲ ဆိုတာတောင် ငါ မသိဘူး... မင်းမှာ စိတ်ဝိညာဉ်ကျောက်တုံး မရှိရင်... တိတ်တိတ်လေး ထိုင်ပြီး ကြည့်နေ... ငါ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၀၀၀နဲ့ လေလံဆွဲတယ်..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၆၀၀၀..."

လူဆယ်ယောက်ကျော် လေလံဆွဲပြီးနောက် လေလံစျေးသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၁၀၀၀သို့ မြင့်တက်သွားပြီး တဖြည်းဖြည်း မည်သူမျှ ဆက်လက်၍ လေလံမဆွဲတော့ချေ။

စုရှီယုသည် အချိန်တခဏမျှ စောင့်ဆိုင်းပြီးနောက် နောက်ထပ်လေလံဆွဲမှုများကို မတွေ့ရသဖြင့် သူမက ပြောလိုက်၏။

"စျေးကို ထပ်မြှင့်ချင်တဲ့သူ ရှိသေးလား..."

"စိတ်ဝိညာဉ်သားရဲတွေက အရမ်းရှားပါးတဲ့ လေလံပစ္စည်းတွေဆိုတာ ရှင်တို့လည်း သိနေတာပဲ... တကယ်လို့ ဒါကို လက်လွတ်ခံလိုက်ရင်... နောက်တစ်ကောင် ကြုံတွေ့ဖို့ဆိုတာ အရမ်းခက်ခဲပါလိမ့်မယ်..."

"ငါတို့က အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀၀နဲ့ လေလံဆွဲတယ်..."

အမျိုးသားနှင့်အမျိုးသမီး အသံနှစ်သံ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

လူတချို့သည် အသံလာရာသို့ မသိစိတ်မှ လိုက်ကြည့်လိုက်ကြရာ အသံမှာ ဒုတိယထပ်ရှိ အထူးဧည့်သည်တော် အခန်းတစ်ခန်းမှ လာခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

အထူးဧည့်သည်တော်အခန်းကို ကန့်လန့်ကာများဖြင့် ဖုံးကွယ်ထားပြီး ဒုတိယအဆင့်ဝင်္ကပါတစ်ခုဖြင့် ကာကွယ်ထားသဖြင့် အထဲတွင် ဘာရှိသည်ကို မည်သူမျှ လွယ်လင့်တကူ မမြင်နိုင်ကြချေ။

ထို့ပြင် ဒုတိယထပ်ရှိ အထူးဧည့်သည်တော်အခန်း သည် သာမန်လူများ တတ်နိုင်သောအရာ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ တန် လက်မှတ်သည် တတိယအဆင့် ထိပ်တန်းရတနာတစ်ခုကို ဝယ်ယူရန် လုံလောက်သည်။

ထိုနေရာသို့ ကြည့်လိုက်သောသူများသည် တုံးအခြင်းမရှိချေ။ သူတို့သည် လိမ္မာပါးနပ်စွာဖြင့် သူတို့၏ ခေါင်းများကို ပြန်လှည့်လိုက်ကြ၏။

ဤကြီးမားသော စျေးနှုန်းတိုးမြင့်မှုအပြီးတွင် အစောပိုင်းက လေလံဆွဲခဲ့သော သူသည် အံ့ကြိတ်ကာ အကောင်းအဆိုးကို ချိန်ဆပြီးနောက် ဆက်လက်၍ လေလံဆွဲခြင်းကို စွန့်လွှတ်လိုက်သည်။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀၀... ပထမအကြိမ်..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀၀... ဒုတိယအကြိမ်..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀၀... တတိယအကြိမ်... ရောင်းလိုက်ပြီ..."

"ကောင်းပြီ... ဒါဆိုရင် အထူးဧည့်သည်တော် အခန်း၁က ဧည့်သည်တော်တွေကို ကျွန်မတို့ရဲ့ ပထမဆုံး လေလံပစ္စည်းကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... လေလံပွဲပြီးရင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးချေးဖို့ အနောက်ခန်းကို သွားပေးပါ..."

All Chapters