← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်အတွက် တိုက်ခိုက်ခြင်း

လေလံစင်မြင့်ထက်တွင်...

စုရှီယုသည် သူမ၏ထိတ်လန့်မှုမှ ပြန်လည်၍ သက်သာလာခဲ့သည်။

ထိုကဲ့သို့ အဖြစ်အပျက်က သူမကို အနည်းငယ် ရှုပ်ထွေးသွားစေခဲ့ပြီး တတိယထပ်ရှိ သီးသန့်ခန်းဆီသို့ အသနားခံသောအကြည့်ဖြင့် ကြည့်လိုက်၏။

လင်းရှောင်သည် သူ၏ပါးလွှာသော စိတ်ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ကာ ပြင်းပြင်းထန်ထန်ကြိုးစား၍ အသံသတင်းစကား ပေးပို့လိုက်သည်။

"လေလံပွဲကို ဆက်လုပ်ပါ..."

စုရှီယုက ခေါင်းညိတ်လိုက်သည်။

သူမက လေပူတစ်ချက် မှုတ်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းကာ နောက်တစ်ကြိမ် ရယ်ပြုံးပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"လေးစားအပ်တဲ့ ဧည့်သည်တော်တို့... ခုဏက မတော်တဆ အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားပေမဲ့... လေလံပွဲက မပြီးသေးပါဘူး..."

"နောက်လာမယ့် လေလံပစ္စည်းတွေကို ဆက်လက်ပြီး ပြသပေးသွားမှာဖြစ်ပြီးတော့... ဧည့်သည်တွေ အားလုံးက စည်းမျဉ်းတွေကို သတိထားပြီး လိုက်နာကြဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင်... ကျွန်မတို့ရဲ့ လေလံရုံက ပြစ်မှုကျူးလွန်သူတွေကို သက်ညှာမှုမရှိဘဲ အပြစ်ပေးပါလိမ့်မယ်..."

ကျင့်ကြံသူများသည် အလျှင်အမြန် သတိပြန်ဝင်လာကြပြီး သူတို့၏အကြည့်များသည် လေလံစင်မြင့်သို့ ပြန်လည်၍ ရောက်ရှိသွားပေ၏။

ယခင်က လေလံပစ္စည်းဆယ်ခုကျော် ရောင်းချပြီးနောက် စုရှီယု၏ လေလံဆွဲခြင်း ကျွမ်းကျင်မှုနှင့် လုပ်ထုံးလုပ်နည်းများသည် များစွာပို၍ ရင်းနှီးကျွမ်းဝင်လာတော့သည်။

ဤသည်မှာ သိသာထင်ရှားသော တိုးတက်မှုတစ်ခုပင်။ ဧည့်သည်များ၏စိတ်ဝင်စားမှုကို မည်သို့ လှုံ့ဆော်ရမည်အား သူမ လျှင်မြန်စွာ သင်ယူနိုင်ခဲ့သည်။

"အခုကစပြီး ရောင်းချမယ့် လေလံပစ္စည်းတွေအားလုံးက ရတနာတွေချည်းပါပဲ... တစ်ခုစီတိုင်းက အရမ်းအဖိုးတန်ပါတယ်... ကျွန်မတို့ရဲ့ ဧည့်သည်တွေ အားလုံးကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ကျွန်မက မျှော်လင့်မိတယ်..."

သူမက ခပ်ဖျော့ဖျော့ပြုံးကာ နောက်ထပ်လေလံပစ္စည်းကို လေလံစားပွဲပေါ်တွင် ကျွမ်းကျင်စွာ တင်လိုက်၏။

"ဝိညာဉ်ပိုးကောင်သံချပ်ကာ ... တတိယ အထွတ်အထိပ်အဆင့် ကာကွယ်ရေး မှော်ရတနာ တစ်ခုဖြစ်ပြီးတော့ အထူးစိတ်ဝိညာဉ်ပိုးချည်နဲ့ ရက်လုပ်ထားတယ်... စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေ အားလုံးကို လွယ်လင့်တကူ ခံနိုင်ရည် ရှိတယ်..."

"ဒါက အရမ်းရှားပါးတဲ့ ကာကွယ်ရေး မှော်ရတနာ အမျိုးအစား ဖြစ်လို့... ရှင်တို့အားလုံး လက်လွတ်မခံကြပါနဲ့..."

"စတင်လေလံစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀..."

စင်မြင့်အောက်မှ ကျင့်ကြံသူအများစု၏ မျက်လုံးများ တောက်ပသွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အသက်ကို ကယ်တင်ရန်အတွက် ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အသုံးပြုရန် သို့မဟုတ် ပါရမီရှင် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် သင့်တော်ပေ၏။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၅၀၀၀..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၈၀၀၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀..."

..."အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၅၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၀၀..."

လေလံဆွဲမှု ပို၍ပြင်းထန်လာသည်နှင့်အမျှ လေလံစျေးသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ကို လျှင်မြန်စွာ ကျော်လွန်သွားပြီး လူများသည် ပို၍တန်ဖိုးရှိသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် စတင်၍ လေလံဆွဲလာကြသည်။

စိတ်ဝိညာဉ်ကျောက်တုံးများကို အဆင့်လေးဆင့် ခွဲခြားထားပြီး အဆင့်နိမ့် အလယ်အလတ်အဆင့် အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့် ဟူ၍ပင်။ ထိုအရာများကို ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပြီး ငွေကြေးအဖြစ်လည်း မကြာခဏ အသုံးပြုသည်။

မတူညီသော အဆင့်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများကြား တန်ဖိုးကွာခြားချက်မှာ အကြမ်းဖျင်းအားဖြင့် အဆ၁၀၀ခန့် ရှိလေ၏။

ဥပမာအားဖြင့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ခန့်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး၁တုံးနှင့် ညီမျှသည်။

ပုံမှန်အားဖြင့် တတိယအဆင့် ရတနာပင်လျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ထက် မကျော်လွန်ချေ။ ဤသည်မှာ အလွန်အကျွံ စျေးကြီးနေလေပြီ။

အထူးဧည့်သည့်တော် အခန်းနံပါတ် ၇၏ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၀၀ဖြင့် လေလံဆွဲမှုသည် လေလံဆွဲလိုသော တခြားသူများအားလုံးကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။

"..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၀၀... ပထမအကြိမ်...ဒုတိယအကြိမ်.. တတိယအကြိမ်..."

"ဒီရတနာသံချပ်ကာကို ရရှိသွားတဲ့ အထူးဧည့်သည့်တော် အခန်းနံပါတ် ၇က ဧည့်သည်တော်ကို ဂုဏ်ပြုပါတယ်..."

ဤစိတ်ဝိညာဉ်ပိုးကောင်သံချပ်ကာကို အထူးဧည့်သည့်တော် အခန်းနံပါတ် ၇မှ စုရှီယု၏ဖခင်က ရယူသွားခဲ့သည်။

ဖုံးကွယ်ဝင်္ကပါကြောင့် အထူးဧည့်သည့်တော် အခန်းနံပါတ် ၇၌ ရှိနေသူမှာ သူမ၏ဖခင်ဖြစ်ကြောင်း စုရှီယု မသိခဲ့ချေ။

"နောက်ထပ် လေလံပစ္စည်းကတော့ လက်နက်တစ်ခုဖြစ်တဲ့... စတုတ္ထ အလယ်အလတ်အဆင့် နေမင်းလောင်ကျွမ်းဓားပဲ..."

"ဒီဓားက လူတွေကို တိုက်ခိုက်ဖို့ဖြစ်ဖြစ် နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ဖို့ဖြစ်ဖြစ်... အရမ်းသင့်တော်တယ်..."

စုရှီယုသည် ကြက်သွေးရောင် နေမင်းလောင်ကျွမ်းဓားကို ထုတ်ယူကာ လေလံစားပွဲပေါ်တွင် ပြသရန်အတွက် တင်လိုက်၏။

ဓားမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါကို ခံစားရသဖြင့် အောက်က ဓားကျင့်ကြံသူ အများအပြားသည် စိတ်လှုပ်ရှားမှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

"စတင် လေလံစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၁၀၀..."

"၁၁၀၁..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၁၂၀..."

စတင်လေလံစျေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျင့်ကြံသူအမြောက်အများ စတင်၍ လေလံဆွဲကြပြီး ပြိုင်ဆိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၈၀၀..."

"ဟမ့်... ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀နဲ့ လေလံဆွဲတယ်... ဒီဓားကို ဒီ အရှင်က သေချာပေါက် ရအောင် ယူမယ်..."

အထူးဧည့်သည့်တော် အခန်းနံပါတ်၉မှ ဧည့်သည်က လေလံစျေးကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀သို့ တိုက်ရိုက်တိုးမြှင့်လိုက်သည်။

"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၀၀နဲ့ လေလံဆွဲတယ်... တောင်းပန်ပါတယ် အဘိုးအိုရွှီ ... ငါက မြောက်ပိုင်းကနေ ဒီလောက်ထိ ခရီးဝေးကြီး လာခဲ့တာဆိုတော့... လက်ဗလာနဲ့တော့ အိမ်မပြန်နိုင်ဘူးဆိုတာ မင်း သိပါတယ်..."

အထူးဧည့်သည့်တော် အခန်းနံပါတ်၆မှ ဧည့်သည်က နောက်ထပ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ထပ်ဖြည့်လိုက်၏။

"ကျက်သရေမရှိလိုက်တာ... အဘိုးအိုဝေ့ ... မင်းလည်း ဒီမှာလား... ဒါပေမဲ့ မင်း လက်ဗလာနဲ့ ပြန်ပြန်မပြန်ပြန် ငါ ဂရုမစိုက်ဘူး... ငါ့ရဲ့ စစ်သူကြီးတွေထဲက တစ်ယောက်က ဓားကောင်းတစ်လက် လိုအပ်နေလို့... ဒီတစ်ခုကို ငါ ယူမယ်..."

"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀နဲ့ လေလံဆွဲတယ်..."

အထူးဧည့်သည့်တော် အခန်းနံပါတ် ၉က လေလံစျေးကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ထပ်မံ၍ တိုးမြှင့်လေသည်။

အထူးဧည့်သည့်တော် အခန်းနံပါတ် ၆ အတွင်းရှိ အဘိုးအိုဝေ့သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဆက်လက်၍ လေလံဆွဲလိုခဲ့သည်။

သို့သော် ဤသည်က အလွန်အမင်း စျေးကြီးနေပြီဖြစ်ကြောင်း သူ တွေးတောမိပေ၏။

ထို့ပြင် နောက်ပိုင်း၌ ပစ္စည်းကောင်းများ ရှိလာနိုင်သေးသဖြင့် သူ နှာတစ်ချက်မှုတ်ပြီး လက်လျှော့လိုက်သည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀... ပထမအကြိမ်...ဒုတိယအကြိမ်..တတိယအကြိမ်... ရောင်းလိုက်ပြီ..."

"ရတနာဓားကို ရရှိသွားတဲ့ အထူးဧည့်သည့်တော် အခန်းနံပါတ် ၉က ဧည့်သည်ကို ဂုဏ်ပြုပါတယ်..."

စုရှီယုသည် နောက်ထပ်ရတနာကို တွေးတောမိပြီး သူမ၏မျက်လုံးများ မှေးစင်းသွားကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။

"နောက်ထပ်လေလံပစ္စည်းကတော့ ဒီလေလံပွဲရဲ့ အဓိက နောက်ဆုံး ပိတ်ပွဲပစ္စည်း သုံးခုထဲက တစ်ခုပဲ... ဒါက အရမ်းထူးခြားပြီးတော့ ကျင့်ကြံသူတိုင်း အိပ်မက်မက်နေတဲ့ ရတနာတစ်ခုပါ..."

စင်မြင့်အောက်က ကျင့်ကြံသူများ၏ သိချင်စိတ်များ ချက်ချင်းမြင့်တက်လာသည်။

"နောက်ထပ် အချိန်မဆွဲတော့ဘဲနဲ့ အခုပဲ ရှင်တို့အားလုံး မြင်ရအောင် ပြသပါ့မယ်..."

စုရှီယုသည် လေလံပစ္စည်းကို သူမ၏သိုလှောင်လက်စွပ်ထဲမှ အလျှင်အမြန် ထုတ်ယူကာ လေလံ စားပွဲပေါ်တွင် တင်လိုက်သည်။

ဤသည်မှာ ခပ်ဖျော့ဖျော့ အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသော အပင်တစ်ပင်ဖြစ်ပြီး အရွက်များသည် ရွှေရောင်ပုံစံများဖြင့် တလက်လက် တောက်ပနေကာ အလွန်ထူးဆန်းပုံ ရလေ၏။

"စတုတ္ထ အဆင့်နိမ့်ဆုံး ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက် ...ဒါက ကျင့်ကြံသူတစ်ဦးရဲ့ ပါရမီ ကို အနည်းငယ် တိုးတက်စေနိုင်ပြီးတော့ သူ့ရဲ့ နယ်ပယ် ကန့်သတ်ချက်ကို မြှင့်တင်ပေးနိုင်တဲ့ မယုံနိုင်လောက်အောင် ရှားပါးတဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ပါ... ဒီဆေးပင်ရဲ့ အဆင့်က သိပ်မမြင့်မားပေမဲ့... အဖိုးမဖြတ်နိုင်ဘူး..."

"စတင်လေလံစျေး....အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀၀..."

"ဒီရွာကို ကျော်သွားရင် ဒီဆိုင်ကို လွဲလိမ့်မယ်... ရှင်တို့အားလုံး လက်လွတ်မခံကြနဲ့..."

စင်မြင့်အောက်တွင်....

"ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ဒီလို ကောင်းကင်ကို အန်တုတဲ့ စိတ်ဝိညာဉ်ဆေးပင်မျိုး ရှိတယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး... အရင်က ဒါမျိုးကို ငါ မကြားဖူးဘူး..."

"မင်း မကြားဖူးတာ ပုံမှန်ပါပဲ... ဒီလိုအရာတွေက မယုံနိုင်လောက်အောင် ရှားပါးပြီးတော့ ထွက်ပေါ်လာတာနဲ့ ယန်အောင်းတော်ဝင်နိုင်ငံက အဆင့်မြင့်အင်အားစုတွေက စျေးကြီးကြီးပေးပြီး ဝယ်သွားကြတာများတယ်... သာမန်ကျင့်ကြံသူတွေက သူတို့ရဲ့ဘဝတသက်တာမှာ ဒီလို အရာမျိုးကို မြင်တွေ့ဖို့ အခွင့်အရေး ရခဲတယ်..."

"ငါ အများကြီး သင်ယူခဲ့ရတယ်... ဒီလေလံပွဲကို လာရတဲ့ ခရီးစဉ်က အလဟဿ မဖြစ်တော့ဘူး..."

"ဒီစိတ်ဝိညာဉ်ဆေးပင်ကို ဘယ်သူ ရသွားမလဲ မသိဘူး... ငါ တကယ်ကို မနာလိုဖြစ်မိတယ်..."

သာမန်လေလံခန်းမရှိ ကျင့်ကြံသူများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး သူတို့ တစ်ယောက်စီတိုင်း သွေးဆောင်ခြင်း ခံနေရလေ၏။

သို့သော် ဤကဲ့သို့ ရတနာများသည် ဒုတိယထပ်ရှိ အထူးဧည့်သည်တော်များထံသို့ သေချာပေါက် ရောက်သွားမည်ဖြစ်ကြောင်း သူတို့ သိထားကြသည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်း...

ဒုတိယထပ်ရှိ အထူးဧည့်သည်တော်များသည်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်၏ သွေးဆောင်ခြင်းကို ခံခဲ့ရပြီး တစ်ယောက်ပြီး တစ်ယောက် စတင်၍ လေလံဆွဲကြတော့သည်။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀၀..."

"ငါ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ထပ်ထည့်မယ်... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၅၀၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၅၀..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၉၀၀... ငါက အန်းရွှေခရိုင်မြို့ ရဲ့ မြို့တော်ဝန်ပဲ... ပြီးတော့ ငါ့ရဲ့သားက ဒီစိတ်ဝိညာဉ်ဆေးပင်ကို အရေးတကြီး လိုအပ်နေတယ်... မင်းတို့အားလုံးက အကြင်နာတရား ရှိကြလိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်..."

အထူးဧည့်သည်တော်၈မှ လူသည် တခြားသူများက သနားညှာတာမှု ပြသမည်ဟု မျှော်လင့်ကာ သူ၏ အထောက်အထားကို တက်တက်ကြွကြွ ထုတ်ဖော်လိုက်၏။

သို့သော် ဤမျှ တန်ဖိုးကြီးသော စိတ်ဝိညာဉ်ဆေးပင်ကို ရင်ဆိုင်ရသောအခါ တခြားသူများက မည်သည်ကြောင့် လွယ်လင့်တကူ လက်လျှော့နိုင်မည်နည်း။

"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀နဲ့ လေလံဆွဲတယ်... မင်း တစ်ယောက်တည်းမှာပဲ သား ရှိနေလို့လား... ငါ့သားမှာ လေဝိညာဉ်ရုပ်ခန္ဓာကိုယ် ရှိတယ်... တကယ်လို့ သူ ဒါကိုသာ အသုံးပြုနိုင်ရင် သူက ပိုပြီးမြင့်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်..."

အထူးဧည့်သည်တော်အခန်း ၆မှ အဘိုးအိုဝေ့သည် သနားညှာတာမှု ကင်းမဲ့ပေ၏။

အထူးဧည့်သည်တော်အခန်း ၇၌...

ခရိုင်မြို့တော်ဝန်စုသည် ဆက်လက်၍ လေလံဆွဲသင့် မဆွဲသင့်ကို ချိန်ဆကာ အကျပ်ရိုက်နေသည်။

သူသည် ဤခရီးစဉ်အတွက် မြို့တော်ဝန်စံအိမ်၏ စိတ်ဝိညာဉ်ကျောက်တုံး အများစုကို ယူဆောင်လာခဲ့ပြီး စုစုပေါင်း အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀၀ ရှိသည်။

သူသည် စိတ်ဝိညာဉ်ပိုးကောင်သံချပ်ကာနှင့် တခြား ရတနာတချို့အတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ နီးပါး သုံးစွဲပြီး ဖြစ်ပေ၏။

ယခုအချိန်တွင် သူ့ထံ၌ ၁၀၀၀၀ခန့်သာ ကျန်ရှိတော့သည်။

အကယ်၍ သူသည် ဤစိတ်ဝိညာဉ်ဆေးပင်အတွက် လေလံဆွဲပြီး နောက်ဆုံး ပိတ်ပွဲ ပစ္စည်းနှစ်ခုထဲတွင် ပို​၍ကောင်းမွန်သော ရတနာများ ပါဝင်နေပါက သူသည် နံဘေးမှနေ၍ မနာလိုစွာ ကြည့်နေရုံသာ တတ်နိုင်ပေမည်။

"ဟူး... ထားလိုက်ပါတော့... ရှီအာက ပိုအရေးကြီးတယ်..."

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ခရိုင်မြို့တော်ဝန်စုသည် သူ၏ အထူးဧည့်သည်တော်အခန်း ၇ လေလံကတ်ပြားကို မြှောက်လိုက်သည်။

"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၅၀၀နဲ့ လေလံဆွဲတယ်..."

အထူးဧည့်သည်တော် အခန်း ၆ မှ အဘိုးအိုဝေ့သည် အံ့ကြိတ်လိုက်ပြီး သူ၏လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် အာရုံခံနိုင်စွမ်းဖြင့် တစ်ဖက်ခန်းအတွင်းတွင် မည်သူရှိနေကြောင်းကို သူ လျှင်မြန်စွာ သိရှိသွားခဲ့သည်။

"သူ့ရဲ့ မိသားစု ပိုင်ဆိုင်မှုတွေ အားလုံးကို ယူလာတာလား... သူ့မှာ ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်ထိ အများကြီး ရှိနေတာလဲ... ကျက်သရေမရှိတဲ့ စုလီ ..."

ခရိုင်မြို့တော်ဝန်စု လေလံဆွဲပြီးနောက် အချိန်အတော်ကြာသည်အထိ မည်သူမျှ ဆက်လက်၍ လေလံမဆွဲတော့ချေ။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၅၀၀သည် ခရိုင်မြို့တော်ဝန်တစ်ဦး၏ ကြွယ်ဝချမ်းသာမှုမှ ထက်ဝက်နီးပါး ရှိလေ၏။

လက်ရှိနေရာတွင် ရှိနေသူများအနက် ခရိုင်မြို့တော်ဝန်စုမှလွဲ၍ တခြား ခရိုင်မြို့တော်ဝန် များသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀သာ အများဆုံး ယူဆောင်လာခဲ့ကြသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀..."

သို့သော်...

ခရိုင်မြို့တော်ဝန်စုက သူ သေချာပေါက် အနိုင်ရမည်ဟု ထင်နေချိန်မှာပင် အထူးဧည့်သည်တော် အခန်း၂မှ နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

ယခင်က လေလံမဆွဲခဲ့သော အမှောင်ရိပ်ခန်းမဆောင် ၏ သတ္တမသခင်လေးသည်လည်း ဤအချိန်တွင် သွေးဆောင်ခံလိုက်ရပြီး အကြီးအကဲရှားကို လေလံ ကတ်ပြား မြှောက်ခိုင်းလိုက်၏။

ထို့ပြင် သူ၏ ပထမဆုံးလေလံဆွဲမှုမှာ မတန်တဆ စျေးနှုန်းပင်။

ခရိုင်မြို့တော်ဝန်စု၏မျက်နှာ မည်းမှောင်သွားသည်။ ဤစျေးနှုန်းသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူ၏ ဆင်ခြင်တုံတရားက သူ့ကို ဆက်လက်လေလံဆွဲခြင်းမှ လက်လျှော့ရန် ဆုံးဖြတ်စေခဲ့သည်။

စိတ်ဝိညာဉ်ဆေးပင်တစ်ပင်အတွက် သူ၏ မိသားစု ပိုင်ဆိုင်မှု အားလုံးနီးပါးကို သုံးစွဲခြင်းက သူ မည်သို့ပင် တွေးတောစေကာမူ မထိုက်တန်ဟု တွေးထင်ရသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၈,၀၀၀... ပထမအကြိမ်..."

...

"ဒါဆိုရင် အထူးဧည့်သည်တော် အခန်း၂ က ဧည့်သည်ကို ဒီရှားပါးတဲ့ စိတ်ဝိညာဉ်ဆေးပင်ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

Book 2 end.

All Chapters