အခန်း ၂၁
Vol. 3 Ch. 21
ပြိုင်ဘက်ကင်း လေလံရုံ
ဘာသာပြန်သူ-ATY author team
Book 3 Chapter 21 to 30
အခန်း (၂၁) နဂါးသတ်ရတနာဓား...တစ်ချက်ခုတ်ရင် ထိခိုက်ပျက်စီးမှု ၉၉၉ဆဆိုတာ အိပ်မက် မဟုတ်ဘူး
ထို့နောက်...
စုရှီယူက လေလံစင်မြင့်မှဆင်းကာ လေလံခန်းမ၏ နံဘေးဘက်သို့ လျှောက်လှမ်းသွားသည်။
"ဒုတိယမြောက် နောက်ဆုံးပိတ်ပွဲ ပစ္စည်းကလည်း အရမ်းထူးခြားတယ်... အဲ့ဒါကတော့ အကောင်းပကတိနီးပါး ရှိနေသေးတဲ့ နတ်ဆိုးသားရဲ အလောင်းကောင်တစ်ခုပါ..."
ထိုစကားကို ပြောဆိုရင်း..
စုရှီယူသည် တခြားသိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့၏ အလောင်းကို ထုတ်ပြလိုက်သည်။
အိမ်တစ်လုံးကဲ့သို့ ကြီးမားသော အလောင်းကောင်ကြီးသည် လေလံစင်မြင့်၏ထက်ဝက်ကို ချက်ချင်းနေရာယူသွားသည်။
"ဒါကတော့ နတ်ဆိုးသားရဲတောအုပ် အစွန်အဖျားမှာ ကျက်စားတဲ့ နတ်ဆိုးသားရဲ အရှင်သခင် တစ်ကောင်ဖြစ်တဲ့ ဆဌမ အစောပိုင်းအဆင့် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ရဲ့ အလောင်းပဲ... ဒီသားရဲကို ကျွန်မတို့ရဲ့ ဥက္ကဋ္ဌလင်းကိုယ်တိုင် သွားရောက်ပြီး အမဲလိုက်ခဲ့တာပါ..."
"သူ့ရဲ့ အသားကို စိတ်ဝိညာဉ်ဆေးလုံးတွေအဖြစ် ဖော်စပ်နိုင်ပြီးတော့ သူ့ရဲ့ အရေခွံနဲ့ အရိုးတွေကို လက်နက်တွေ သံချပ်ကာတွေအဖြစ် သွန်းလုပ်နိုင်ပါတယ်... သူ့ရဲ့ တစ်ကိုယ်လုံးက ရတနာတွေချည်းပါပဲ..."
"တကယ်လို့ ဒါကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ရင်... အင်အားစုတစ်ခုရဲ့ ခွန်အားကို သိသိသာသာ တိုးတက်စေမှာ သေချာတယ်..."
"စတင် လေလံစျေး....အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ နဲ့ ညီမျှတယ်..."
ခန်းမထဲရှိ ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြသည်။
ဤသည်မှာ တစ်ချိန်က ဘုရင်ယန်နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သော နတ်ဆိုးသားရဲ အရှင်သခင်တစ်ကောင်ဖြစ်သော်လည်း ယခုအချိန်၌ တိမ်တိုက်ကောင်းကင်လေလံရုံမှ လူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့၏ လည်ပင်းပေါ်ရှိ ပြတ်သားသော ဓားရာကို ကြည့်ရသည်မှာ သူသည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
တိမ်တိုက်ကောင်းကင်လေလံရုံ၏ စွမ်းအားသည် လက်ရှိနေရာတွင် ရှိနေသော ကျင့်ကြံသူများကို နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ဒုတိယထပ်ရှိ သီးသန့် အခန်းများအတွင်းမှ ဧည့်သည်တော်များသည် ပို၍ပင် စိတ်လှုပ်ရှားနေကြပေ၏။
အကယ်၍ သူတို့အနက်မှ တစ်ဦးဦးသာ ဤအလောင်းကောင်ကို ရရှိနိုင်ပါက သူတို့၏နောက်ကွယ်မှ အင်အားစုများ၏အင်အားသည် သေချာပေါက် သိသိသာသာ တိုးတက်လာပေမည်။
ထိုအချိန်ကျပါက သူတို့သည် မဟာယန်နိုင်ငံတွင် အားအကောင်းဆုံး အင်အားစုအဖြစ် တဟုန်ထိုး မြင့်တက်သွားနိုင်သည်။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၁၀၀..."
အထူးဧည့်သည်တော်ခန်း ၆မှ အဘိုးကြီးဝေ့က ပထမဆုံး စတင်၍ လေလံဆွဲခဲ့သည်။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၁၅၀..."
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၁၆၀..."
တခြားအထူးဧည့်သည်တော်အခန်းများမှ ဧည့်သည်များသည်လည်း ဝင်ရောက်၍ လေလံဆွဲကြ၏။
သူတို့ ယူဆောင်လာသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး များမှာ ၅၀၀၀ ဝန်းကျင်ခန့်သာ ရှိသဖြင့် သူတို့၏ လေလံဆွဲမှုများမှာ မမြင့်မားလှချေ။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀၀..."
အထူးဧည့်သည်တော်အခန်း ၇မှ ခရိုင်မြို့တော်ဝန်စုက တခြားသူများအားလုံးကို တိုက်ရိုက် ကျော်တက်သွားခဲ့သည်။
သို့သော် သူသည် အလွန်အမင်း ဝမ်းသာမနေခဲ့ချေ။ ထိုအစား သူက အထူးဧည့်သည်တော်အခန်း၂ ဆီသို့ ကြည့်လိုက်သည်။
"သခင်လေး... ကျွန်တော်တို့ လေလံဆွဲသင့်လား..."
"ထားလိုက်တော့... ငါ ဒီကို လာတုန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ကျော်လောက်ပဲ ယူလာခဲ့တာ... နောက်ဆုံး ပိတ်ပွဲပစ္စည်းအတွက် ချန်ထားလိုက်ရအောင်... ဒီအလောင်းကောင်က ငါတို့အတွက် သိပ်ပြီးအရေးမပါဘူး..."
အသက်ရှူချိန်အနည်းငယ် အကြာတွင်...
အထူးဧည့်သည်တော်အခန်း၂မှ လေလံမဆွဲသည်ကို မြင်သောအခါ ခရိုင်မြို့တော်ဝန်စုသည်လည်း သက်ပြင်းချနိုင်ခဲ့လေ၏။
ပျော်ရွှင်မှုအရိပ်အယောင်တစ်ခုက သူ၏မျက်နှာပေါ်တွင် အလိုအလျောက် ထင်ဟပ်လာသည်။
သူ၏နံဘေးတွင် ရှိနေသော အဘိုးကြီးမိုသည်လည်း အလားတူ စိတ်လှုပ်ရှားနေသည်။
ပြီးပြည့်စုံသော ဆဌမအဆင့် နတ်ဆိုးသားရဲ အလောင်းကောင်တစ်ခုသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ထက် ပို၍တန်ဖိုးရှိမည်မှာ သေချာပေါက်ပင်။ သူတို့သည် အမှန်တကယ်ကို ကြီးမားသော အမြတ်အစွန်းတစ်ခုအား ရရှိခဲ့ခြင်း ဖြစ်ပေ၏။
"တခြား ဘယ်သူလေလံဆွဲဦးမလဲ..."
"ဒါဆိုရင် အထူးဧည့်သည်တော်အခန်း ၇က လေးစားအပ်တဲ့ ဧည့်သည်တော်ကို တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ရဲ့ အလောင်းကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."
စုရှီယူသည် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့၏ အလောင်းကို သိမ်းဆည်းပြီး လေလံစားပွဲသို့ ပြန်လည်၍ လျှောက်လှမ်းသွားသည်။
"နောက်တစ်ခုကတော့... နောက်ဆုံး ပိတ်ပွဲပစ္စည်းကို ကျွန်မတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံက ဥက္ကဋ္ဌလင်းကိုယ်တိုင် လေလံတင်ပေးမှာပါ... ဧည့်သည်တော်တွေအားလုံး ခဏစောင့်ပေးကြပါ..."
ထိုစကားကိုပြောဆိုပြီးနောက်...
စုရှီယူက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လူတိုင်းကို ညင်သာစွာ ဦးညွှတ်အရိုအသေပြုကာ လေလံစင်မြင့်မှ ထွက်ခွာသွားသည်။
မည်သူမျှ ထင်မှတ်မထားသောအရာမှာ...
စင်မြင့်အောက်ရှိ ကျင့်ကြံသူများသည် ဆူညံပွက်လောရိုက်ခြင်း သို့မဟုတ် ဆွေးနွေးခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြခြင်းပင်။
သူတို့အားလုံးသည် တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပိုင်ရှင်ကို စော်ကားမိမည်အား ကြောက်ရွံ့နေပုံရသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
လျှို့ဝှက်ဆန်းကြယ်သော ဥက္ကဋ္ဌလင်းနှင့် နောက်ဆုံး ပိတ်ပွဲပစ္စည်းမှာ မည်သည့်အရာ ဖြစ်မည်နည်းဟု သူတို့ သိချင်နေကြ၏။
တတိယထပ်ရှိ သီးသန့်ခန်း၌...
"တုံ့ပြန်မှု အောင်မြင်ပါတယ်... အိမ်ရှင်က အဆငါးရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ပဉ္စမ အထွတ်အထိပ်အဆင့် ကာကွယ်ရေး မှော်ရတနာဖြစ်တဲ့ ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."
"ကာကွယ်ရေး မှော်ရတနာ... ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံ
အဆင့် ...ပဉ္စမအဆင့် အထွတ်အထိပ်အဆင့်
ဖော်ပြချက် ....ရှားပါး နတ်ဆိုးသားရဲဖြစ်တဲ့ ပုန်းကွယ်ပုစဉ်းရဲ့ တောင်ပံတွေနဲ့ ဖန်တီးထားတဲ့ ရတနာဝတ်ရုံ တစ်ခုပါ... လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်အထိ ရှိတဲ့ တိုက်ခိုက်မှုတွေ အားလုံးကို ခံနိုင်ရည် ရှိတယ်... ဒီအရာမှာ ပုန်းကွယ်ပုစဉ်း ရဲ့ အထူးကိုယ်ပျောက်စွမ်းရည် ပါဝင်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားနဲ့ အသက်သွင်းလိုက်တာနဲ့ လုံးဝကိုယ်ပျောက်သွားစေနိုင်တယ်..."
.....
"တုံ့ပြန်မှု အောင်မြင်ပါတယ်... အိမ်ရှင်က အဆတစ်ထောင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ ဆဌမ အထွန်အထိပ်အဆင့် ရတနာဖြစ်တဲ့ နဂါးသတ်ရတနာဓားကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."
"လက်နက်... နဂါးသတ်ရတနာဓား
အဆင့်.... ဆဌမ အထွတ်အထိပ်အဆင့်
ဖော်ပြချက်...တိုက်ခိုက်မှုတိုင်းဟာ အပြင်းထန်ဆုံး ထိခိုက်မှု ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ၉၉၉ဆကို ဖြစ်စေတယ်... ဓားကို အသုံးပြုတဲ့အချိန်မှာ အားကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်း ပါဝင်ပြီးတော့ ပြန်လည်ကောင်းမွန်ဖို့ ခက်ခဲတဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေတယ်... နဂါး မျိုးနွယ်စုသားရဲတွေကို တိုက်ခိုက်တဲ့အချိန်မှာ ထိခိုက်ပျက်စီးမှု နှစ်ဆ ဖြစ်စေတယ်..."
"တုံ့ပြန်မှု အောင်မြင်ပါတယ်... အိမ်ရှင်က အဆတစ်သောင်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ သတ္တမ ပထွတ်အထိပ်အဆင့် ရတနာဖြစ်တဲ့ ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."
"စိတ်ဝိညာဉ်ဆေးပင်...ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီး
အဆင့်...သတ္တမ အထွတ်အထိပ်အဆင့်
ဖော်ပြချက်...နဂါးသွေး အနည်းငယ်နဲ့ ရေလောင်းပြီး စိုက်ပျိုးထားတဲ့ စိတ်ဝိညာဉ် ဆေးပင်တစ်ပင် ဖြစ်တယ်... စားသုံးပြီးနောက် မရီဒါန်းတွေကို ကျယ်ပြန့်အောင် ဖွင့်ပေးပြီးတော့ ချဲ့ထွင်ပေးနိုင်တယ်...ဒါက ရိုးတွင်းခြင်ဆီကို သန့်စင်ပေးပြီးတော့ ကြွက်သားတွေကို အားကောင်းစေပြီး အရမ်းရှားပါးတယ်..."
"တုံ့ပြန်မှု အောင်မြင်ပါတယ်... အိမ်ရှင်က အဆရှစ်ရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ အဋ္ဌမ အစောပိုင်းအဆင့် နတ်ဆိုးသားရဲဖြစ်တဲ့ ကောင်းကင်ချိုးဖျက် မရဏကျားရဲ့ ပြီးပြည့်စုံတဲ့ အလောင်းကောင်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."
"နတ်ဆိုးသားရဲ အလောင်းကောင်.... ကောင်းကင်ချိုးဖျက် မရဏကျား
နယ်ပယ်... အဋ္ဌမ အစောပိုင်းအဆင့်
ဖော်ပြချက်....ကောင်းကင်ချိုးဖျက် မရဏကျား မျိုးနွယ်စုဝင် တစ်ကောင်ဖြစ်ပြီးတော့ နတ်ဆိုးသားရဲတွေကြားမှာ ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခုဖြစ်တယ်...ဒီသားရဲက ရှားပါးပြီး သန်မာအားကောင်းပါတယ်...သူ့ရဲ့ ခန္ဓာကိုယ်က လက်နက်သွန်းလုပ်ခြင်းနဲ့ ဆေးဖော်စပ်ခြင်း ပါဝင်ပစ္စည်းတွေအတွက် အရမ်းကောင်းမွန်ပြီးတော့ ထူးခြားတဲ့တန်ဖိုး ရှိတယ်..."
...
"ဒီလေလံပွဲအတွက် တုံ့ပြန်မှု ကံကြမ္မာက တကယ်ကို ကောင်းတာပဲ... အကြိမ်တိုင်း အဆက မနိမ့်ဘူး..."
လင်းရှောင်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားလေ၏။
လေလံတုံ့ပြန်မှုမှ ရရှိသော ရတနာများကို သူ အလွန်အမင်း စိတ်ကျေနပ်နေသည်။
"ဒါပေမဲ့ ဘယ်ရတနာကို လေလံတင်ရမလဲ..."
ယခင် လေလံပွဲကဲ့သို့ပင် လင်းရှောင်သည် သူ၏ ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ဤတစ်ကြိမ်တွင် တုံ့ပြန်မှုရတနာများထဲမှ တစ်ခုကို လေလံတင်ရန် စီစဉ်ထားသည်။
လေလံပွဲတစ်ခုသို့ လူများကို ဆွဲဆောင်ရန် အရေးအကြီးဆုံးအရာမှာ လေလံပစ္စည်းများ၏ ဆွဲဆောင်မှုဖြစ်ပြီး တစ်နည်းအားဖြင့် ထိုအရာများ၏တန်ဖိုးပင်။
ထိုသို့မဟုတ်ပါက တိမ်တိုက်ကောင်းကင်လေလံရုံတွင် အစွမ်းထက်ပုဂ္ဂိုလ်များစွာ ရှိနေလျှင်ပင် လူများကို လေလံပွဲသို့ လာရောက်ပါဝင်ရန် ဆွဲဆောင်နိုင်မည့် ရတနာကောင်းများ မရှိပါက ဘာအကျိုးရှိမည်နည်း....
ထို့ပြင် စနစ်တာဝန်၏ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း အရောင်းအဝယ် ပမာဏကို မပြည့်မီသေးချေ။
လင်းရှောင် နောက်ထပ်တစ်လ ထပ်မစောင့်ချင်ပေ။
ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် သူသည် တန်ဖိုးကြီးရတနာ နောက်တစ်ခုကို လေလံတင်ရပေမည်။
လင်းရှောင် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မျက်မှောင်ကြုတ်ကာ မည်သည့်အရာကိုမျှ မစွန့်လွှတ်ချင်သကဲ့သို့ ခံစားနေရလေ၏။
ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံသည် အဆင့်အနိမ့်ဆုံး ဖြစ်သော်လည်း ဤသည်မှာ အသက်ကို ကယ်တင်နိုင်သော ကာကွယ်ရေး မှော်ရတနာတစ်ခုပင်။
ထို့ပြင် ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံသည် ပြီးပြည့်စုံသော ကိုယ်ပျောက်ခြင်း အကျိုးသက်ရောက်မှုကိုလည်း အသက်သွင်းနိုင်သည်။
ဤသည်ကို သူ၏ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်း နည်းစနစ်နှင့် ပေါင်းစပ်လိုက်ပါက မည်သူမျှ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဤသည်မှာ ချုံခိုတိုက်ခိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း နှစ်ခုလုံးအတွက် အလွန်ကောင်းမွန်သော အရာတစ်ခုပင်။
ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးအတွက်ကမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဤကဲ့သို့ ရတနာမျိုးသည် လင်းရှောင် လက်ရှိတွင် အလိုအပ်ဆုံးအရာ ဖြစ်သဖြင့် ထိုအရာကို လေလံတင်ရန်မှာ မဖြစ်နိုင်ချေ။
နဂါးသတ်ရတနာဓားသည် ဆဌမ အထွတ်အထိပ်အဆင့်အထိ မြင့်မားပြီး အထူး အကျိုးသက်ရောက်မှုများ ပါဝင်လေ၏။
ထို့ပြင် လင်းရှောင်အတွက် လက်ရှိတွင် သင့်လျော်သော လက်နက်တစ်ခု လိုအပ်နေသည်။
ထိုဓားကို လေလံပွဲတွင် ရောင်းချခြင်းက ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး လင်းရှောင်သည်လည်း ထိုအရာကို မစွန့်လွှတ်လိုချေ။
နောက်ဆုံးတွင် ကောင်းကင်ချိုးဖျက် မရဏကျား အလောင်းရှိပြီး ဤသည်မှာ အဆင့်အမြင့်ဆုံးပင်။
အဋ္ဌမအဆင့် ထိပ်တန်းနတ်ဆိုးသားရဲ တစ်ကောင်လုံး၏အလောင်းဖြစ်ပြီး သူ၏တစ်ကိုယ်လုံးသည် ရတနာများပင်။
အကယ်၍ လင်းရှောင်သည် ထိပ်တန်း လက်နက်သွန်းလုပ်သူတစ်ဦး၏ အကူအညီကို ရယူနိုင်ပါက....
အဋ္ဌမအဆင့် လက်နက်များနှင့် ကာကွယ်ရေး မှော်ရတနာ အများအပြားကို သွန်းလုပ်ရန် ပြဿနာ မရှိချေ။
ထိုအရာ၏ တန်ဖိုးအတိအကျကိုမူ သူ မသိချေ။
ဤအရာသည် လင်းရှောင် တန်ဖိုးသတ်မှတ်နိုင်သော အပိုင်းထက် ကျော်လွန်နေလေပြီ။
ထိုသားရဲ၏အသားကို အဋ္ဌမအဆင့် ထိပ်တန်းသွေးဝိညာဉ်ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး ထိုအရာများသည်လည်း အလားတူ အဖိုးမဖြတ်နိုင်ချေ။
အကယ်၍ အလောင်းကောင်တစ်ခုလုံးကို လေလံတင်လိုက်ပါက အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်မည်မှာ သေချာပေါက်ပင်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက်...
လင်းရှောင်သည် ရုတ်တရက် အကြံတစ်ခု ရသွားပြီး ပြဿနာနှစ်ခုလုံးကို ပြေလည်စေမည့် အဖြေတစ်ခုကို စဉ်းစားမိသွားသည်။
ထို့နောက်...
သူသည် တတိယထပ်ရှိ သီးသန့်ခန်းမှ ခုန်ချပြီး လေလံစင်မြင့်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်၏။
သူက ဖြည်းညှင်းစွာ နောက်လှည့်ကာ သူ့ရှေ့ရှိ လူအုပ်ကြီးကို မျက်နှာမူလိုက်သည်။
စင်မြင့်အောက်ရှိ ကျင့်ကြံသူများ အားလုံးသည် လင်းရှောင်၏ အသွင်အပြင်ကို မြင်တွေ့ချိန်၌ အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် လင်းရှောင်သည် အလွန် ငယ်ရွယ်လွန်းသောကြောင့်ပင်။ တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဥက္ကဋ္ဌလင်းသည် အနည်းဆုံးအနေဖြင့် လူလတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ယောက် ဖြစ်မည်ဟု သူတို့ မူလက တွေးထင်ခဲ့ကြ၏။
မထင်မှတ်ဘဲ သူသည် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦး ဖြစ်နေခဲ့သည်။
ထို့ပြင် လင်းရှောင်ထံမှ မည်သည့် ချီအရိပ်အယောင်ကိုမျှ သူတို့ အာရုံမခံနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူတို့၏စိတ်နှလုံးသားများထဲတွင် ပို၍ပင် ထိတ်လန့်သွားကြသည်။
ပုံမှန်အားဖြင့် ဤအခြေအနေမျိုးသည် ကျင့်ကြံဆင့်နယ်ပယ် ကြီးမားစွာ ကွာခြားသောအချိန်မှသာ ဖြစ်ပေါ်လေ့ရှိသည်။
လူတိုင်းသည် လင်းရှောင်ကို လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်အဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်ကြ၏။
"လေးစားအပ်တဲ့ ဧည့်သည်တော်တို့... ကျွန်တော်ကတော့ တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ဥက္ကဋ္ဌပါ... ကျွန်တော့်ကို ဥက္ကဋ္ဌလင်းလို့ပဲ ခေါ်လို့ရပါတယ်... ခင်ဗျားတို့အားလုံးကို ဒီလေလံပွဲကနေ ထပ်ပြီးကြိုဆိုပါတယ်..."
လင်းရှောင်၏စကား မဆုံးမီမှာပင်...
စင်မြင့်အောက်ရှိ လူများသည် လက်ခုပ်တီးလိုက်ကြပြီး ပတ်ဝန်းကျင်အခြေအနေကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
"ကျွန်တော် အချိန်မဖြုန်းတော့ဘူး... လေလံပွဲက အဓိကပဲလေ...နောက်ဆုံး ပိတ်ပွဲပစ္စည်းကတော့ ခုဏက နတ်ဆိုးသားရဲ အလောင်းကောင်နဲ့ ဆင်တူတယ်... နတ်ဆိုးသားရဲတစ်ကောင်နဲ့လည်း သက်ဆိုင်ပေမဲ့ သူ့ရဲ့ သွားတစ်ချောင်းတည်းကို ရောင်းချမှာပါ..."
နတ်ဆိုးသားရဲသွား တစ်ချောင်းလား...
စင်မြင့်အောက်ရှိလူတိုင်း ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် တစ်ယောက်မျှ မေးခွန်းထုတ်ရန် ရှေ့ထွက်မလာခဲ့ကြချေ။
သူတို့သည် သိချင်စိတ်ဖြင့် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားပြီး လေလံစင်မြင့်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤသည်က လျှို့ဝှက်ဆန်းကြယ်သော ဥက္ကဋ္ဌလင်းကိုယ်တိုင် လေလံတင်ပေးမည်ဖြစ်ပြီး နောက်ဆုံး ပိတ်ပွဲပစ္စည်း ဖြစ်နေသဖြင့်....
မစဉ်းစားဘဲနှင့်ပင် ဤသည်မှာ ရိုးရှင်းမည်မဟုတ်ကြောင်း သူတို့ သိထားကြသည်။
လင်းရှောင်သည် လေလံစင်မြင့်၏အစွန်းသို့ ဆုတ်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဝုန်းခနဲ အသံကြီးနှင့်အတူ....
ကောင်းကင်ချိုးဖျက် မရဏကျား၏ အလောင်းကောင်သည် လေထဲမှ ထွက်ပေါ်လာပြီး လေလံစင်မြင့်တစ်ခုလုံးပေါ်၌ ပြည့်နှက်သွားသည်။
ထိုသားရဲအလောင်း၏ အလွန်ကြီးမားသော အရွယ်အစားမှာ တောင်ကုန်းလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဤသည်မှာ အစောပိုင်းက တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ထက် နှစ်ဆကျော် ပို၍ကြီးမားပေ၏။
ထိုသားရဲ၏ အနက်နှင့်အဖြူ ရောယှက်နေသော အမွှေးအမျှင်များ၊ ချွန်ထက်ပြီး ကွေးကောက်နေသော အစွယ်များနှင့် ကျောပေါ်ရှိ ဧရာမ အဖြူရောင် တောင်ပံနှစ်စုံ..
သက်ရှိချီ အရိပ်အယောင် တစ်စက်လေးမျှ မရှိသော်လည်း ထိုသားရဲအလောင်းသည် အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်း ကြီးမားနေဆဲပင်။
အားနည်းသည့် ကျင့်ကြံသူတချို့သည် နေရာတွင်ပင် သတိလစ်သွားသည်အထိ ကြောက်လန့်သွားသည်။
တခြားကျင့်ကြံသူများသည်လည်း ကြက်သီးမွှေးညှင်းများထသွားပြီး သူတို့၏နှလုံးသားများတွင် ကြီးမားသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
"ဒီလောကမှာ ဒီလို ဧရာမ နတ်ဆိုးသားရဲကြီးက ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ... ကြောက်စရာကောင်းလိုက်တာ... ငါတို့ ကျင့်ကြံသူတွေက ဒါကို ခုခံနိုင်ပါ့မလား..."
"အရမ်းကြောက်စရာကောင်းတာပဲ... ခုဏက နတ်ဆိုးသားရဲ အရှင်သခင်ထက် အများကြီးပိုပြီး ကြောက်စရာကောင်းတယ်လို့ ခံစားရတယ်... ဒါက နတ်ဆိုးသားရဲတောအုပ်ရဲ့ အတွင်းပိုင်းမှာနေတဲ့ နတ်ဆိုးသားရဲတစ်ကောင်များ ဖြစ်နေမလား..."
"ဒီနတ်ဆိုးသားရဲ အလောင်းကောင်က ဘယ်လို ရောက်လာလဲဆိုတာကိုပဲ ငါ သိချင်တယ်... တစ်ယောက်ယောက်က ဒီလိုအရာမျိုးကို လေလံတင်ဖို့ လာပေးတာ မဖြစ်နိုင်ဘူး... တိမ်တိုက်ကောင်းကင်လေလံရုံက လူတွေကိုယ်တိုင် သွားပြီးအမဲလိုက်ခဲ့တာ များလား..."
စင်မြင့်အောက်ရှိ ကျင့်ကြံသူများသည် သူတို့၏အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ဘဲ အချင်းချင်း စတင်၍ တိုင်ပင်ဆွေးနွေးလိုက်ကြ၏။