အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂) ကောင်းကင်ချိုးဖျက် မရဏကျား၏ အစွယ်များ... စတင်လေလံစျေး တစ်သန်း
အထူးဧည့်သည်တော် အခန်း၂၌....
အမှောင်ရိပ်ခန်းမဆောင်၏ သတ္တမသခင်လေးသည် ကောင်းကင်ချိုးဖျက် မရဏကျား၏ အလောင်းကို မြင်သောအခါ သူ သောက်နေသော လက်ဖက်ရည်ကို ရုတ်တရက် ထွေးထုတ်လိုက်မိသည်။
သူ၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ရိုက်ခတ်သွားပေ၏။
"ကောင်းကင်ချိုးဖျက် မရဏကျားလား..."
"သူ့ရဲ့ အရွယ်အစားကို ကြည့်ရတာ... အရွယ်ရောက်ပြီးသား သားရဲပဲ... ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
နေရာအနှံ့အပြားသို့ ခရီးသွားဖူးသော သတ္တမသခင်လေး၏ စိတ်နှလုံးသားပင်လျှင် ဤအချိန်တွင် ဗြောင်းဆန်သွားပြီး သူ နေရာတွင် အေးခဲတောင့်တင်းသွားသည်။
"ကောင်းကင်ချိုးဖျက် မရဏကျား ..."
အကြီးအကဲရှားသည် ဤနတ်ဆိုးသားရဲကို ရှင်းလင်းစွာ မသိပုံရပြီး ဇဝေဇဝါဖြစ်နေပုံ ပေါက်နေခဲ့သည်။
သတ္တမသခင်လေးက တည်ကြည်လေးနက်သော အမူအရာဖြင့် ရှင်းပြသည်။
"ကောင်းကင်ချိုးဖျက် မရဏကျားက နတ်ဆိုးသားရဲ တောအုပ်ရဲ့ ဗဟိုဧရိယာက ထိပ်တန်းနတ်ဆိုးသားရဲ တစ်ကောင်ပဲ... အဲ့ဒီသားရဲမျိုးနွယ်စုတစ်ခုလုံးက တိမ်တိုက်ထိပ်ဖျားတောင်တန်းမှာ နေထိုင်ကြပြီးတော့ အစစ်အမှန် နတ်ဆိုးသားရဲဘုရင်တစ်ပါးပဲ..."
"သူက မွေးကတည်းက ပဉ္စမအဆင့် ရှိပြီးတော့ အရွယ်ရောက်တဲ့အချိန်မှာ အဋ္ဌမအဆင့်အထိ ရောက်ရှိနိုင်တယ်...သူက ငါ့ရဲ့အဖေလို တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်... သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက အရမ်းထူးခြားပြီး ပြိုင်ဘက်ကင်းတယ်..."
"ကံကောင်းပြီးတော့ ကောင်းကင်ချိုးဖျက် မရဏကျား မျိုးနွယ်စုက မျိုးပွားဖို့ ခက်ခဲတာကြောင့် သူတို့ရဲ့ အရေအတွက်က မများဘူး... မျိုးနွယ်စုတစ်ခုလုံးမှာ အကောင်ရေ ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ပြောကြတယ်..."
"မဟုတ်ရင်... ငါတို့ရဲ့ ချင်းယွမ်ကုန်းမြေအပါအဝင်... နတ်ဆိုးသားရဲတောအုပ်နဲ့ နီးစပ်တဲ့ ဒေသတွေက အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံး ပူးပေါင်းရင်တောင်... ကောင်းကင်ချိုးဖျက် မရဏကျား မျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး..."
ကောင်းကင်ချိုးဖျက် မရဏကျား မျိုးနွယ်စု၏ စွမ်းအားကို တွေးမိသောအခါ သတ္တမသခင်လေး၏ခန္ဓာကိုယ် တုန်ယင်သွားသည်။
ဤသည်မှာ မြင့်မြတ်နယ်မြေများပင်လျှင် လွယ်လင့်တကူ ရန်မစရဲသော တည်ရှိမှုတစ်ခုပင်။
"ဒီ နတ်ဆိုးသားရဲကို ဘယ်လို တည်ရှိမှုမျိုးက သတ်လိုက်တာလဲ မသိဘူး... ကောင်းကင်ချိုးဖျက် မရဏကျားရဲ့ မျိုးနွယ်စု ခေါင်းဆောင်က သူတော်စင်နယ်ပယ်အထက်က ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့မျိုးနွယ်ဝင်တွေကို အရမ်းကာကွယ်ပေးတယ်..."
"သူက ကောင်းကင်ချိုးဖျက် မရဏကျား မျိုးနွယ်စုရဲ့လက်စားစားချေမှုကို မကြောက်ဘူးလား..."
သတ္တမသခင်လေးသည် ထိုကိစ္စကို နားမလည်နိုင်ခဲ့ချေ။
သူ ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။
ထိုအဆင့်က သူ့အတွက် အလွန်ဝေးကွာလွန်းနေသည်။ သူ များစွာတွေးတောနေလျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သူ၏နံဘေးရှိ အကြီးအကဲရှားက သတ္တမသခင်လေး၏ စကားများကို နားထောင်နေသည်။
သူ တံတွေးမမျိုချဘဲ မနေနိုင်တော့ချေ။
သူ၏စိတ်နှလုံးသားတွင်လည်း အလားတူ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
စင်မြင့်ပေါ်တွင်...
လင်းရှောင်က ရှေ့တည့်တည့်သို့ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီနတ်ဆိုးသားရဲက အရမ်းအဖိုးတန်တာကြောင့် ဒီလေလံပွဲမှာ ခန္ဓာကိုယ်တစ်ခုလုံးကို လေလံတင်မှာ မဟုတ်ဘဲနဲ့ သူ့ရဲ့ အစွယ်တစ်ချောင်းကိုပဲ လေလံတင်မှာပါ..."
"သွမ်ခုန်း... ကျေးဇူးပြုပြီး ဘယ်ဘက် အစွယ်ကို ဖြုတ်ပေးပါ..."
ခန်းမအဝင်ဝရှိ သွမ်ခုန်းက ခေါင်းညိတ်ပြလေသည်။
သူသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လင်းရှောင်၏နံဘေးသို့ ချက်ချင်းရောက်ရှိလာသည်။
သူ၏ခြေရင်းရှိ ဧရာမ နတ်ဆိုးသားရဲကြီးကို ကြည့်ကာ သူ ဓားဆွဲမထုတ်မီ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပေ၏။
'အဋ္ဌမအဆင့် နတ်ဆိုးသားရဲ တစ်ကောင်... သခင်လေးက ငါ့ကို တကယ်ကြီး အထင်ကြီးတာပဲ...ငါ အစွမ်းကုန် မကြိုးစားရင်... သူ့ရဲ့အရေပြားကိုတောင် ဖောက်နိုင်မှာ မဟုတ်ဘူး... ငါ အစွမ်းကုန် ကြိုးစားရလိမ့်မယ်...'
သွမ်ခုန်း၏နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် စူးရှတောက်ပသွားပေ၏။
သူ၏ဓားစိတ်ဆန္ဒအားလုံးသည် သူ၏လက်ထဲရှိ ဓားရှည်ထဲသို့ စုစည်းသွားပြီး အစွယ်၏အခြေရှိ အသားတလျှောက်ကို ခုတ်ပိုင်းကာ အစွယ်တစ်ခုလုံးကို အပြည့်အဝ ဆွဲထုတ်နိုင်ခဲ့သည်။
လင်းရှောင်က သွမ်ခုန်းကို ပြန်သွားရန် အချက်ပြလိုက်ပြီး အလောင်းကောင်၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို စနစ်ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်သည်။
သူသည် ၂ မီတာနီးပါး ရှည်လျားသော အစွယ်ကို လေလံစားပွဲပေါ်သို့ ရွှေ့ပြောင်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ... ကောင်းကင်ချိုးဖျက် မရဏကျားဆီက အစွယ် တစ်ချောင်း... ဒါကို ထိပ်တန်း လက်နက်သွန်းလုပ်ခြင်း ပစ္စည်းအဖြစ် အသုံးပြုနိုင်ပြီးတော့ အဲ့ဒီအရာရဲ့ တခြားအသုံးဝင်မှုတွေကိုတော့ မင်းတို့ဘာသာ ရှာဖွေနိုင်တယ်..."
လင်းရှောင်သည် အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ပစ္စည်းများ၏တန်ဖိုးကို မသိချေ။
ထို့ကြောင့် သူသည် စနစ်တာဝန်ကို ပြီးမြောက်နိုင်မည့် စျေးနှုန်းတစ်ခုကို ပေါ့ပေါ့ပါးပါး သတ်မှတ်လိုက်၏။
"စတင် လေလံစျေး....အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀၀..."
လက်ရှိနေရာတွင် ရှိနေသော လူအများစုမှာ မဟာယန်မှ ကျင့်ကြံသူများဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံး အများအပြားရှိမည်မဟုတ်ကြောင်း တွေးမိသဖြင့် လင်းရှောင်က ထပ်မံ၍ ပြောဆိုလိုက်သည်။
"အဋ္ဌမအဆင့်ပစ္စည်းတွေက မယုံနိုင်လောက်အောင် ရှားပါးပါတယ်... ဒါကြောင့် မင်းတို့အားလုံး လက်လွတ်မခံကြပါနဲ့..."
"ဒါပေမဲ့ ဧည့်သည်တချို့မှာ ရန်ပုံငွေ အလုံအလောက် မရှိနိုင်တာကို ထည့်သွင်းစဉ်းစားပြီးတော့...ဒီတစ်ကြိမ်မှာတော့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ငါက ချွင်းချက်တစ်ခု ပြုလုပ်ပြီး လူအများစုကို ရန်ပုံငွေတွေ စုပေါင်းပြီး အတူတူ လေလံဆွဲဖို့ ခွင့်ပြုမယ်..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်....
စင်မြင့်အောက်က ပရိသတ်များ ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်သွားတော့သည်။
"ဟမ်... အဋ္ဌမအဆင့်လား... အဲ့ဒါက အဋ္ဌမအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ပဲ... ဆဌမ အလယ်အလတ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်လို့ ငါ ထင်ခဲ့တာ..."
"ဒါကြောင့် သေသွားပြီးတဲ့ နောက်မှာတောင် အရမ်း ကြောက်စရာကောင်းနေတာပဲ...ဒါက အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
"သတ္တမအဆင့်ပစ္စည်းတွေက လွန်ခဲ့တဲ့ အနှစ်တစ်ရာ အတွင်း မဟာယန်မှာ အကြိမ်အနည်းငယ်ပဲ ထွက်ပေါ်ခဲ့ဖူးတာ... ဒီလေလံပွဲမှာ အဋ္ဌမအဆင့် ပစ္စည်းတစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး... ဒါက တကယ့်ကို မျက်စိပွင့်သွားစေတာပဲ..."
ဤအချိန်တွင် ကျင့်ကြံသူတစ်ဦးက လူတိုင်းကို ရုတ်တရက် သတိပေးလိုက်၏။
"လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က သတ္တမအဆင့် ပစ္စည်းတစ်ခုကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်နဲ့ ရောင်းရတယ်လို့ ငါ မှတ်မိတယ်... ဒီအစွယ်ရဲ့ စတင်လေလံစျေးက ၁ သန်းတည်းဆိုတော့... အဲ့ဒါက ကြီးမားတဲ့ အမြတ်အစွန်းတစ်ခုပဲ..."
"ဒီမှာ ကျင့်ကြံသူတွေ အများကြီး ရှိတာ... ငါတို့ အားလုံး ရန်ပုံငွေတွေ စုပေါင်းဝယ်ယူပြီးတော့ ပြန်ရောင်းရင်... ငါတို့အားလုံး ချမ်းသာသွားမှာ မဟုတ်ဘူးလား..."
လူတိုင်း၏မျက်လုံးများ တောက်ပသွားပြီး ကြီးမားသော အမြတ်အစွန်းတစ်ခုကို ရရှိရန် မျှော်လင့်ချက်အား သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကို စတင်စုဆောင်းကြ၏။
"အဲ့ဒါက အဓိပ္ပာယ်ရှိတယ်... ငါ့ဆီမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀ ရှိသေးတယ်... ငါ အကုန် ထည့်မယ်..."
"ငါ့ဆီမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၈၀၀ ကျန်သေးတယ်..."
ဒုတိယထပ်ရှိ အထူးဧည့်သည်တော်အခန်းများအတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း အငြိမ်မနေနိုင်ကြတော့ချေ။
ခရိုင်မြို့တော်ဝန်စုမှလွဲ၍ သူတို့အားလုံးသည် အထူးဧည့်သည်တော်အခန်းများမှ ထွက်လာပြီး တန်ပြန် အစီအစဉ်များကို ဆွေးနွေးရန် စင်္ကြန်လမ်းတွင် စုဝေးလိုက်ကြသည်။
အဘိုးကြီးဝေ့က ပထမဆုံး စကားပြောဆိုသည်။
"စင်မြင့်အောက်က ကျင့်ကြံသူတွေကို ဒီလောက်ထိ ကြီးမားတဲ့ အမြတ်အစွန်းကို ရခွင့် မပေးနိုင်ဘူး... ငါတို့တွေလည်း လေလံဆွဲဖို့ စိတ်ဝိညာဉ်ကျောက်တုံး တွေကို စုစည်းသင့်တယ်... ပြီးရင် တန်ဖိုးကို အညီအမျှ ခွဲဝေယူကြမယ်..."
"သဘောတူတယ်... စိတ်ဝိညာဉ်ကျောက်တုံး ပိုထည့်တဲ့သူက ပိုပြီးများများ ရလိမ့်မယ်..."
"ကောင်းတယ်... ငါ့ဆီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၇၃၁တုံး ရှိတယ်..."
"ဟင်... စုလီ က ဘာလို့ ထွက်မလာတာလဲ..."
ခရိုင်မြို့တော်ဝန်စုကို မတွေ့ရသဖြင့် အဘိုးကြီးဝေ့ အနည်းငယ် အံ့အားသင့်သွားသည်။
"သူ့ကို ထားလိုက်တော့... သူက တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ရဲ့ အလောင်းကောင်ကို ခုဏက လေလံဆွဲထားတာဆိုတော့... သူ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ကျန်တော့မှာ မဟုတ်ဘူး... ငါတို့ ဆက်လုပ်ကြတာပေါ့..."
အထူးဧည့်သည်တော်အခန်း ၇၌...
"အစ်ကိုစု ... ခင်ဗျားဆီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ထောင်လောက် ကျန်သေးတယ် မဟုတ်လား... ဘာလို့ သူတို့နဲ့ သွားမပေါင်းတာလဲ..."
အကြီးအကဲမိုက မမေးဘဲ မနေနိုင်တော့ချေ။
ခရိုင်မြို့တော်ဝန်စုက ခေါင်းခါလိုက်ပြီး လက်ဖက်ရည် တစ်ငုံကို အေးအေးဆေးဆေး သောက်လိုက်၏။
"လောဘဆိုတာ အဆုံးအစမရှိဘူး... အဋ္ဌမအဆင့် ရတနာက ငါတို့ရဲ့ သေးငယ်တဲ့ မဟာယန်က ကိုင်တွယ်နိုင်မယ့် အရာ မဟုတ်ဘူး... လူတစ်ယောက် ဘယ်လောက်ပဲ ရည်မှန်းချက် ကြီးကြီး... ကိုယ့်ဗိုက်က ခံနိုင်ရည် ရှိမရှိကို စဉ်းစားရမယ်... ငါတို့က ဒီ အရှုပ်အထွေးထဲကနေ ရှောင်နေတာ ပိုကောင်းတယ်..."
"ငါတို့က အခုလေးတင် ကြီးမားတဲ့ အမြတ်အစွန်း တစ်ခုကို ရခဲ့တာ... အဲ့ဒါက လုံလောက်ပြီ..."
အကြီးအကဲမို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
အစောပိုင်းက ထိုနေရာတွင် ရှိနေသော စိတ်အားထက်သန်သည့် ကျင့်ကြံသူများကဲ့သို့ပင် သူသည် အဋ္ဌမအဆင့် ပစ္စည်းတစ်ခု၏ ကြီးမားသော တန်ဖိုးကိုသာ တွေးတောနေခဲ့သည်။
အချိန်တခဏမျှ သူတို့သည် ထိုအရာကို ဆုပ်ကိုင်ထားနိုင်မလည်လောဆိုသည့် မေးခွန်းကို သူ မေ့လျော့သွားခဲ့သည်။
လူတွေ စိတ်လိုက်မာန်ပါ ဖြစ်တာက မိစ္ဆာပဲ... လောဘက ဉာဏ်ပညာကို ဖျက်ဆီးတယ်လို့ ပြောကြတယ်...
ယခုချိန်၌ အကြီးအကဲမိုသည် ဤအရာကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့လေပြီ။
အထူးဧည့်သည်တော်အခန်း ၂၌...
သတ္တမသခင်လေးသည် ယခုအချိန်၌ သူ၏စိတ်အတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ငြိမ်သက်စေပြီး သူ တည်ငြိမ်သွားခဲ့လေပြီ။
"သခင်လေး... ငါတို့ လေလံဆွဲသင့်လား..."
အကြီးအကဲရှားက မေးမြန်းသည်။
သတ္တမသခင်လေးသည် အကြီးအကဲရှားကို တစ်ချက် ကြည့်ပြီး ပြတ်ပြတ်သားသား ပြောဆိုသည်။
"မင်း မေးဖို့တောင် လိုလို့လား..."
"ဒါက အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ပစ္စည်းတစ်ခုပဲ... ဒီအရာရဲ့ အရွယ်အစားကို ကြည့်ရတာ... အညစ်အကြေးတွေကို ဖယ်ရှားပြီးရင်... အဋ္ဌမအဆင့် လက်နက်တစ်ခု သွန်းလုပ်ဖို့ဆိုတာ လုံးဝပြဿနာမရှိဘူး..."
"လူအိုကြီးက မကြာခင်မှာ တံခါးပိတ်ကျင့်ကြံကနေ ထွက်လာတော့မှာနဲ့ အတော်ပဲ... ဒါက အကောင်းဆုံး ဂုဏ်ပြုလက်ဆောင်တစ်ခု ဖြစ်လာလိမ့်မယ်... ငါတို့ အဲ့ဒါကို ရအောင် ယူရမယ်..."
သတ္တမသခင်လေး၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် အထက်သို့ ကွေးတက်သွားခဲ့ပေ၏။
"အဲ့ဒီထက်ပိုတာက... လေလံစျေးက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းတည်း ဖြစ်နေတာပဲ... ဒါက အလကားရတာနဲ့ ဘာကွာလို့လဲ... ဒီ ဥက္ကဋ္ဌ လင်းက တကယ့်ကို ရက်ရောပြီး စိတ်သဘောထား ကြီးမြတ်တာပဲ..."
"တိမ်တိုက်ကောင်းကင်လေလံရုံနဲ့ လာပူးပေါင်းတာက မှန်ကန်တဲ့ ရွေးချယ်မှုပဲဆိုတာ ငါ သိတယ်... ငါတို့ ပူးပေါင်းဆောင်ရွက်မှုတောင် မစရသေးဘူး... သူက ငါ့ကို ဒီလောက်ထိ ကြီးမားတဲ့ လက်ဆောင်ကြီး ပေးနေပြီ... ဟားဟား..."
သတ္တမသခင်လေးသည် သူ၏ အေးစက်သော ပုံစံကို ဆက်လက် ထိန်းသိမ်းမထားတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက်...
စင်မြင့်အောက်မှ ကျင့်ကြံသူအားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီကို လင်းရှောင် တွေ့လိုက်ရသည်။
ထို့နောက် သူက ပြောဆိုလိုက်၏။
"အဟွတ် အဟွတ်... ကဲ အားလုံးပဲ... လေလံဆွဲတာကို စတင်လို့ ရပါပြီ..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
သာမန်လေလံခန်းမထဲမှ တစ်စုံတစ်ယောက်က သူ၏ လေလံကတ်ပြားကို မြှောက်လိုက်သည်။
"ငါတို့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၁၀၀၀၀နဲ့ လေလံဆွဲတယ်..."
ဒုတိယထပ်ရှိ အထူးဧည့်သည်တော်အခန်း ၉တွင်...
သူတို့ စုပေါင်းထားသော စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများကို ကိုင်ဆောင်ထားသော အဘိုးကြီးဝေ့ထံတွင်လည်း ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။
သူသည် သူ၏လေလံကတ်ပြားကို မြှောက်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
"ဟမ့်... ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀၀နဲ့ လေလံဆွဲတယ်..."
ကျင့်ကြံသူရာပေါင်းများစွာထံမှ စိတ်ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားသော တစ်ဖက်လူသည် အလွယ်တကူ လက်လျှော့မည် မဟုတ်ဘဲ သူတို့၏ လေလံကတ်ပြားကို ထပ်မံ၍ မြှောက်လိုက်သည်။
"ငါတို့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၁၀၀၀၀နဲ့ လေလံဆွဲတယ်..."
ထိုနည်းအတိုင်း နှစ်ဖက်လုံး အလျှော့ပေးရန် ဆန္ဒမရှိဘဲ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြတော့သည်။
အထူးဧည့်သည်တော်အခန်း ၂၌...
သတ္တမသခင်လေးသည် သူ၏ နဖူးကို ညင်သာစွာ အကြိမ်အနည်းငယ် ပုတ်လိုက်၏။
"ကျက်သရေမရှိလိုက်တာ... ငါ ခုဏက အရမ်းစိတ်လှုပ်ရှားသွားလို့... ဥက္ကဋ္ဌလင်းက စိတ်ဝိညာဉ်ကျောက်တုံးတွေ စုစည်းခွင့် ပြုတယ်လို့ ပြောခဲ့တာကို မေ့သွားတယ်..."
"တခြားအထူးဧည့်သည်တော်အခန်းတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံး ပေါင်းရင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ကျော်လောက် ရှိနေလိမ့်မယ်..."
"ငါ့ဆီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၄၀၀၀ လောက်ပဲ ကျန်တော့တာ... လုံးဝမလုံလောက်တဲ့ပုံပဲ... အဲ့ဒီ စိတ်ဝိညာဉ်ဆေးပင်ကို ငါ လေလံမဆွဲခဲ့သင့်ဘူး..."
သတ္တမသခင်လေးက မျက်မှောင် တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
သူသည် ဤအဋ္ဌမအဆင့် နတ်ဆိုးသားရဲ၏ အစွယ် ကို လက်လွတ်မခံချင်ချေ။
သူ ထိုအကြောင်းကို တွေးတောနေစဉ်မှာပင်...
သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများတွင် ထွက်ပေါ်လာသည်ကို သူ မထိန်းချုပ်နိုင်ခဲ့ချေ။
"မဟုတ်ဘူး... အဲ့ဒါက စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်... ပြီးတော့ တခြားသခင်လေးတွေ အဲ့ဒီသတင်းကို ကြားသွားရင် မကောင်းဘူး..."
သူ အလျှင်အမြန် ခေါင်းခါလိုက်ပြီး သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်သွားသည်။