အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ်... ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးကို စားသုံးခြင်း
သတ္တမသခင်လေးသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
သူသည် သူ၏နံဘေးရှိ အကြီးအကဲရှားထံသို့ လှည့်ကြည့်ပြီး ညွှန်ကြားလိုက်၏။
"အမှောင်ရိပ်ခန်းမဆောင်ရဲ့ အရန်ခန်းမဆောင်တိုင်းမှာ အထူးဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခု ရှိတယ်လို့ ငါ မှတ်မိတယ်... ဟုတ်လား..."
အကြီးအကဲရှားက ခေါင်းညိတ်လိုက်ပြီး နိမိတ်မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
"အခု... အသံပေးပို့ခြင်း အဆောင်လက်ဖွဲ့ကို သုံးပြီး မဟာယန်မှာရှိတဲ့ အမှောင်ရိပ်ခန်းမဆောင်က အရန်ခန်းမဆောင် သခင်တွေ အားလုံးကို ဆက်သွယ်လိုက်စမ်း... သူတို့ရဲ့အရန်ခန်းမဆောင်တွေက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြင်ဆင်ပြီးတော့ အဲ့ဒီ အထူး ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ကိုသုံးပြီး ဒီကို ရွှေ့လာဖို့ သူတို့ကို ပြောလိုက်..."
ဤစကားကို ကြားသောအခါ အကြီးအကဲရှား ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားတော့သည်။
သူက ဖျောင်းဖျရန် ကြိုးစားလိုက်သည်။
"သခင်လေး... အဲ့ဒီ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့က ဖန်တီးရတာ မလွယ်ကူဘူး... သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ပင်မခန်းမဆောင်က အရန်ခန်းမဆောင် သခင်တွေကို အထူးပေးထားတာပါ... တကယ်လို့ သခင်လေးက ဒီလို လုပ်မယ်ဆိုရင်... အကြီးအကဲ တွေရဲ့ ဝေဖန်တာကို ခံရလိမ့်မယ်..."
သတ္တမသခင်လေး၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"အကြီးအကဲရှား ... မင်း ဒီနေ့ စကားတွေ အရမ်း များနေပြီ..."
"မင်း ငါ့နောက်ကို လိုက်လာတာ ငါးနှစ်ကျော်ပြီ... ငါ့ရဲ့အကျင့်ကို မင်း သိတယ်... ငါ နောက်တစ်ကြိမ် ထပ်မပြောချင်ဘူး..."
"သွားလုပ်တော့... မြန်မြန်လုပ်စမ်း... အကြီးအကဲတွေကို ငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ်..."
"ဒီငယ်သားက အမှားလုပ်မိသွားပါတယ်... သခင်လေး... ခဏလောက် စောင့်ပါ... သူတို့ကို အခုပဲ သွားဆက်သွယ်ပါ့မယ်..."
အကြီးအကဲရှားက ပြန်ဖြေပြီး နံဘေးသို့ အလျှင်အမြန်သွားကာ အသံပေးပို့ခြင်း အဆောင်လက်ဖွဲ့ကို ထုတ်ယူပြီး အလျင်အမြန် ဆက်သွယ်လိုက်၏။
အသက်ရှူချိန်အနည်းငယ်အကြာတွင် အပြာရောင် အလင်းတန်းခြောက်တန်း လင်းလက်လာခြင်းနှင့်အတူ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုခြောက်ဦး လေထဲမှ ထွက်ပေါ်လာပြီး သတ္တမသခင်လေး၏ရှေ့သို့ ရောက်လာကြသည်။
"သတ္တမသခင်လေးကို အရိုအသေပြုပါတယ်..."
သတ္တမသခင်လေးက ခေါင်းညိတ်ပြပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံး ငါ့ကို ပေးစမ်း..."
အရန်ခန်းမဆောင်သခင်များသည် အကြောင်းအရင်းကို မမေးရဲဘဲ သူတို့၏စိတ်ဝိညာဉ်ကျောက်တုံးများကို လွှဲပြောင်းပေးလိုက်ကြသည်။
သတ္တမသခင်လေးက ထိုအရာများကို ရေတွက်ကြည့်ရာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ခန့် ရှိနေလေ၏။
ဤစိတ်ဝိညာဉ်ကျောက်တုံးများသည် မဟာယန်နိုင်ငံတွင်ရှိနေသော အမှောင်ရိပ် အရန်ခန်းမဆောင်၏ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများပင်။ မဟာယန် တော်ဝင် မိသားစုပင်လျှင် ဤမျှထိများများ ရှိမည်မဟုတ်ချေ။ ဤသည်က သူ လေလံဆွဲရန်အတွက် အကြွင်းမဲ့ လုံလောက်သည်။
ဤအချိန်တွင် အထူးဧည့်သည်တော်များနှင့် စင်မြင့်အောက်က ကျင့်ကြံသူများကြားမှ ပြိုင်ဆိုင်မှုသည်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
အဘိုးကြီးဝေ့က လေလံကတ်ပြားကို မြင့်မားစွာ ကိုင်ထားလေသည်။
"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၅၀၀နဲ့ လေလံဆွဲတယ်..."
"ဟမ့်... မင်းတို့ လေလွင့်ကျင့်ကြံသူတွေ... မင်းတို့မှာ ပိုက်ဆံ နည်းနည်းရှိရုံနဲ့... ငါတို့လို အင်အားစုကြီးတွေရဲ့ အမွေအနှစ်နဲ့ နှိုင်းယှဉ်ရဲတယ်ပေါ့... မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ..."
စင်မြင့်အောက်ရှိ သာမန်နေရာမှ လေလံ ကိုယ်စားလှယ်များသည် အလွန်ဒေါသထွက်နေကြသော်လည်း သူတို့ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများ အမှန်တကယ်ကို အလုံအလောက် မရှိခဲ့ကြချေ။
သူတို့သည် သူတို့၏လေလံကတ်ပြားများကို မလိုလားစွာဖြင့်ဖြင့် ချထားလိုက်ရုံသာ တတ်နိုင်တော့သည်။
အထူးဧည့်သည်တော်များသည် အောင်ပွဲက သူတို့၏ လက်တစ်ကမ်းတွင် ရှိနေပြီဟု ထင်နေချိန်မှာပင် အကြီးအကဲရှားက သူ၏လေလံကတ်ပြားကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀..."
အထူးဧည့်သည်တော်များ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
သူတို့၏အကြည့်များသည် မလှမ်းမကမ်းရှိ အထူးဧည့်သည်တော် အခန်း၂သို့ တညီတညွတ်တည်း ရောက်ရှိသွားကြသည်။
သူတို့သည် အထဲတွင် မည်သူရှိနေကြောင်းကို သိချင်ခဲ့ကြသော်လည်း အကြီးအကဲရှား၏ အားကောင်းသော အရှိန်အဝါကြောင့် ကြောက်ရွံ့သွားကြ၏။
သူတို့အားလုံး အလျှင်အမြန် အကြည့်လွှဲလိုက်ကြသည်။
"အရေးမပါလိုက်တာ... အထူးဧည့်သည်တော် အခန်း ၂ ထဲမှာ ဘယ်သူ ရှိနေတာလဲ..."
"သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်ကို အရင်ကလေလံဆွဲခဲ့ပြီးပြီ... စိတ်ဝိညာဉ်ကျောက်တုံး တွေ ဒီလောက် အများကြီး ရှိနေသေးတာလား..."
"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ..."
"ငါတို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ... အထူးဧည့်သည်တော် အခန်း ၂က လူဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး တွေ ဒီလောက်ထိ အများကြီး ရှိနေတယ်... ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းကလည်း အရမ်းအားကောင်းတယ်... သူ့ရဲ့ နောက်ခံက ရိုးရှင်းမှာ မဟုတ်ဘူး..."
"အထဲကလူက မဟာယန် တော်ဝင်မိသားစုက ဒါမှမဟုတ် မဟာယန်အပြင်ဘက်က အင်အားစု တစ်ခုက ဖြစ်မယ်လို့ ငါ ထင်တယ်... ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ သူနဲ့ မယှဉ်နိုင်ဘူး..."
အထူးဧည့်သည်တော်တစ်ဦးက အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တခြား အထူးဧည့်သည်တော်များသည် တိုးညှင်းစွာ သက်ပြင်းချလိုက်ကြပြီး သူတို့အားလုံး ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် ကြီးမားသော အမြတ်အစွန်းတစ်ခုကို ရရှိရန် နီးစပ်နေခဲ့လေပြီ။
သို့သော် အထူးဧည့်သည်တော်အခန်း ၂ မှ အမည်မသိ အထူးဧည့်သည်တော်တစ်ဦး ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။
ထိုကြောင့် သူတို့ လက်လျှော့ရန်သာ ရွေးချယ်နိုင်တော့သည်။
လေလံစင်မြင့်ပေါ်တွင် လင်းရှောင်က အထူးဧည့်သည်တော် အခန်း၂သို့ လှည့်ကြည့်လိုက်၏။
"စိတ်ဝင်စားစရာပဲ..."
"ကြည့်ရတာ အထူးဧည့်သည်တော် အခန်း ၂ ထဲက လူက ရိုးရှင်းပုံ မပေါ်ဘူး... ငါ အထင်မမှားဘူးဆိုရင်... သူက အမှောင်ရိပ်ခန်းမဆောင်က ဖြစ်ရမယ်... ပြီးတော့ သူ့ရဲ့အဆင့်အတန်းကလည်း မနိမ့်ဘူး..."
ထို့နောက် လင်းရှောင်က အကြည့်လွှဲပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ဘယ်သူမှ ဆက်ပြီး လေလံမဆွဲတော့ဘူးဆိုတော့... ဒီအစွယ်က အထူးဧည့်သည်တော်အခန်း၂က ဧည့်သည်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ..."
ထို့နောက် လင်းရှောင်က ထပ်မံ၍ ပြောဆိုသည်။
"ဒီလေလံပွဲ ပြီးဆုံးသွားပါပြီ... အားပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်..."
"တိမ်တိုက်ကောင်းကင်လေလံရုံက လစဉ်လတိုင်း လေလံပွဲတစ်ခု ကျင်းပမှာဖြစ်ပြီး... လေလံပွဲတိုင်းက ဒီတစ်ခုထက် နိမ့်ကျမှာ မဟုတ်ပါဘူး... ခင်ဗျားတို့ ပြန်ရောက်သွားရင် သတင်းဖြန့်ပေးဖို့ မျှော်လင့်ပါတယ်... ကျေးဇူးတင်ပါတယ်..."
"အားလုံးကို နှုတ်ဆက်ပါတယ်..."
လင်းရှောင်က စကားပြောဆိုပြီးနောက် သူ နောက်ပြန်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
အထူးဧည့်သည်တော် အခန်း၂၌...
"ငါတို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ မြန်မြန်သွားရှင်းပြီး... ဥက္ကဋ္ဌလင်းနဲ့ သွားတွေ့သင့်တယ်..."
"တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး ငါတို့ရဲ့ အရင်ခန့်မှန်းချက်တွေ မှားသွားတယ်... ကြည့်ရတာ နောက်ပိုင်းကျရင် ငါတို့ရဲ့ ဗျူဟာ ကို ပြောင်းရမယ့်ပုံပဲ..."
"တကယ်လို့ ငါက တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ အကူအညီကို ရနိုင်ရင်... အမှောင်ရိပ်ခန်းမဆောင် ရဲ့ နောက်ထပ် ခန်းမဆောင်သခင်က ငါ ဖြစ်လာမှာ သေချာတယ်..."
"နောက်ပိုင်းမှာ ငါတို့ တွေ့တဲ့အချိန်ကျရင်... အစစ်အမှန် အရင်းအနှီးတချို့ကို ငါ ရင်းနှီးမြှုပ်နှံရလိမ့်မယ်..."
သတ္တမသခင်လေးသည် သူ၏ထိုင်ခုံမှ ထလိုက်၏။
သူသည် လက်ဝှေ့ယမ်းပြကာ ယခုလေးတင် တည်နေရာကူးပြောင်းလာသော အရန်ခန်းမဆောင်သခင်ခြောက်ဦးကို ပြန်လွှတ်လိုက်သည်။
ထို့နောက် သူသည် အကြီးအကဲရှားကို ခေါ်ဆောင်ကာ အထူးဧည့်သည်တော်အခန်းထဲမှ ထွက်လာခဲ့သည်။
အနောက်ဘက်ခန်းမတွင် လင်းရှောင်သည် ထိုင်ခုံတစ်ခုကိုရှာပြီး ထိုင်လိုက်၏။
"ထက်မြက်မှု ဖော်ထုတ်ခြင်း ၁...တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ လူကြိုက်များမှုကို ၁၀၀၀၀၀ အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု ...၇၂၅၈၀၆ / ၁၀၀၀၀၀ (ပြီးမြောက်ပါပြီ)
၂ ....လေလံရုံ ရဲ့ အရောင်းအဝယ် ပမာဏကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း အထိ တိုးမြှင့်ပါ... လက်ရှိ တိုးတက်မှု... ၃၂၇၀၀၀၀ / ၂၀၀၀၀၀၀ (ပြီးမြောက်ပါပြီ)"
"စနစ်တာဝန် တွေ့ရှိပါသည်...ထက်မြက်မှု ဖော်ထုတ်ခြင်း ပြီးမြောက်သွားပါပြီ... ဆုလာဘ်များကို ပေးအပ်နေသည်.."
"လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ် တစ်ကတ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."
"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်သားရဲပျံ ပိုင်ကျဲ့ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."
"ဘုရင်အဆင့် ရုပ်ခန္ဓာကိုယ်ဖြစ်တဲ့ ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."
"စနစ် တာဝန်အသစ်တွေ ဖန်တီးလိုက်ပါပြီ... ကျေးဇူးပြုပြီး ကိုယ်တိုင်စစ်ဆေးပါ..."
စနစ်၏အသံ ထွက်ပေါ်လာခဲ့ပြီး တာဝန်ပြီးမြောက်ခြင်းအတွက် ဆုလာဘ်များကို လျှင်မြန်စွာ ပေးအပ်ခဲ့လေ၏။
ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် အသက်ဝင်လာသည့် အချိန်အခိုက်အတန့်တွင် လင်းရှောင်သည် ထူးဆန်းပြီး အားကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းတွင် လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။
သူ၏အရိုးများအားလုံးသည် သက်သောင့်သက်သာရှိသော လှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူ၏အသိစိတ်သည် ဗလာဟင်းလင်းအခြေအနေသို့ ချက်ချင်းနစ်မြုပ်သွားပေ၏။
အချိန်မည်မျှထိ ကုန်လွန်သွားသည် မသိချေ။ လင်းရှောင်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏ခန္ဓာကိုယ်ကို ရိုးရှင်းစွာ စစ်ဆေးကြည့်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အဆပေါင်း ဆယ်နှင့်ချီ၍ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။
သူ၏ ယခင်ကိုယ်ပွားကို လက်သီးတစ်ချက်တည်းဖြင့် အမှုန်အမွှားအဖြစ် ခြေမွှဖျက်ဆီးနိုင်သည်ဟု ပြောလျှင် ချဲ့ကားပြောဆိုရာ ရောက်မည်မဟုတ်ချေ။
ကံမကောင်းစွာဖြင့် ရုပ်ခန္ဓာကိုယ်များသည် တိုက်ခိုက်ရေးစွမ်းအား သို့မဟုတ် အထူးအကျိုးသက်ရောက်မှု တချို့ကိုသာ ပေးစွမ်းနိုင်ပြီး ပါရမီကို မတိုးတက်စေနိုင်ပေ။
သူ၏ စိတ်ဝိညာဉ်သွေးကြောများသည် ယခင်ကအတိုင်းပင် ဆံပင်မျှင်ကဲ့သို့ ပါးလွှာပြီး တိုတောင်းကာ အားနည်းနေဆဲပင်။
"အခုတော့... မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
စကားတစ်ခွန်းမျှ မဆိုဘဲ လင်းရှောင်သည် လေလံ ဆုလာဘ်အဖြစ် သူ ရရှိခဲ့သော ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးကို ထုတ်ယူလိုက်သည်။
သူသည် ထိုအရာကို လက်တစ်ဖက်ဖြင့် ကိုင်ကာ သေချာစွာ ကြည့်ရှုစစ်ဆေးလေသည်။
ထိုသစ်သီး၏ ပုံပန်းသဏ္ဍာန်နှင့် အရွယ်အစားသည် နဂါးမောက်သီးတစ်လုံးနှင့် ဆင်တူပုံ ရလေ၏။
သို့သော် သစ်သီး၏အရောင်မှာ ရွှေရောင်ဖြစ်ပြီး အလွန်အဖိုးတန်ပုံရသည်။
တစ်ချိန်တည်းမှာပင် သင်းပျံ့သောရနံ့တစ်ခုက ထိုသစ်သီးထံမှ အဆက်မပြတ် ပျံ့လွင့်လာပြီး လင်းရှောင်၏စိတ်အာရုံများကို အဆက်မပြတ် လှုံ့ဆော်နေခဲ့သည်။
လင်းရှောင်သည် အသက်ပြင်းပြင်း ရှူသွင်းပြီး ပလ္လင်ခွေထိုင်ကာ ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးတစ်လုံးလုံးကို အကိုက်အနည်းငယ်ဖြင့် စားလိုက်၏။
ထိုအရာ သူ၏အစာအိမ်ထဲသို့ ဝင်ရောက်သွားသည့် အချိန်အခိုက်အတန့်တွင် သစ်သီး၏ဆေးဘက်ဝင် အာနိသင်များ ချက်ချင်းဆိုသလိုပင် အသက်ဝင်လာခဲ့သည်။
မရေမတွက်နိုင်သည့် နွေးထွေးသော လျှပ်စီးကြောင်းများသည် လင်းရှောင်၏ဝမ်းဗိုက်အောက်ပိုင်းတွင် လှိုင်းထလာတော့သည်။
နွေးထွေးသော လျှပ်စီးကြောင်းများသည် သူ၏ သွေးကြောများအတိုင်း အပြင်ဘက်သို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားပြီး သူ၏မရီဒါန်းများကို အဆက်မပြတ် အားဖြည့်ပေးနေခဲ့သည်။
မကြာမီ လင်းရှောင်၏မရီဒါန်းများအားလုံး ပွင့်သွားသော်လည်း ဆေးဘက်ဝင်အာနိသင်များမှာ ကုန်ဆုံးရန် ဝေးကွာနေဆဲပင်။
ကျန်ရှိနေသော နွေးထွေးသည့် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်အတွင်း ဆက်လက်၍စီးဆင်းနေပြီး သူ၏မရီဒါန်းများကို အဆက်မပြတ် ချဲ့ထွင်နေပေ၏။
တစ်ချိန်တည်းမှာပင် မရီဒါန်းများသည် သစ်ကိုင်းများကဲ့သို့ အတက်အလက်များစွာ ထွက်ပေါ်လာပြီး ထိုအရာများ၏ အရေအတွက် တိုးလာသည်။ နာရီဝက်အကြာတွင် လင်းရှောင် သည် ညစ်ညမ်းသောချီများကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။
သူ၏တစ်ကိုယ်လုံးတွင် သက်သောင့်သက်သာရှိသော လှိုင်းတစ်ခုကို သူ ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား လင်းရှောင်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာပေ၏။
အချိန်တိုလေးအတွင်းမှာပင် လင်းရှောင်၏ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်။
ထို့ပြင် သူ၏ကျင့်ကြံဆင့်စွမ်းအားများသည် အဆက်မပြတ် မြင့်တက်နေဆဲပင်။
"ဒါက ထိပ်တန်းပါရမီတစ်ခုရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းလား... မျက်စိတစ်မှိတ်အတွင်းမှာတင် ငါက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ကို ရောက်တော့မလို ခံစားနေရတယ်... ဒါက အရမ်းအံ့အားသင့်စရာ ကောင်းတာပဲ..."
လင်းရှောင်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ လောကကြီး တုန်လှုပ်သွားလောက်အောင် ကြီးမားသော အပြောင်းအလဲများကို ခံစားလိုက်ရပြီး ပျော်ရွှင်မှု လှိုင်းတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။
အကယ်၍ လင်းရှောင်၏မရီဒါန်းများသည် ယခင်က ပြန့်ကျဲနေသော ပါးလွှာသည့် အရာများဖြစ်ပြီး ပိတ်ဆို့နေခဲ့ပါက ယခုချိန်၌ သူ၏မရီဒါန်းများသည် အချင်းချင်း ချိတ်ဆက်နေသော မရေမတွက်နိုင်သည့် စမ်းချောင်းများ ချောမွေ့စွာ စီးဆင်းနေသကဲ့သို့ ဖြစ်နေခဲ့လေ၏။
သူ ကူးပြောင်းလာကတည်းက လင်းရှောင်သည် ကျင့်ကြံရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း တစ်ဆို့နေသကဲ့သို့ ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများကို လုံးလုံးလျားလျား စုပ်ယူ၍ မရနိုင်ခဲ့ချေ။
ယခု၌မူ လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာသည်။
တစ်ခုက ကောင်းကင်ဘုံတွင်ရှိပြီး တခြားတစ်ခုက မြေပြင်ပေါ်တွင် ရှိနေသည်။
ကျင့်ကြံခြင်းထိရောက်မှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
"တကယ်လို့ စိတ်ဝိညာဉ်စွမ်းအားတွေသာ လုံလောက်မယ်ဆိုရင်... တစ်လအတွင်း စိတ်ဝိညာဉ်ချောက်နက်နယ်ပယ်ကို ရောက်နိုင်လောက်တယ်လို့ ငါ ထင်တယ်..."
"ဒါက ဘုရင်အဆင့် ရုပ်ခန္ဓာကိုယ်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံလား..."
လင်းရှောင်၏နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။
သူ၏ အားနည်းသော နယ်ပယ်သည် နောက်ဆုံးတွင် ရှေ့သို့ တွန်းပို့ခံရလေပြီ။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူသည် ယခင်က ဆုလာဘ်အဖြစ် ရရှိခဲ့သော ဆဌမအဆင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကို ထုတ်ယူလိုက်၏။
သူ၏ပါရမီမှာ အလွန်ညံ့ဖျင်းလွန်းသဖြင့် လင်းရှောင် သည် ထိုအရာကို ယခင်က အသုံးမပြုခဲ့ချေ။
ယခုအချိန်၌ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအား များသည် သူ၏ကျင့်ကြံခြင်းအမြန်နှုန်းကို မမီနိုင်တော့သဖြင့် ဤသည်က အသုံးဝင်လာခဲ့သည်။
လင်းရှောင်က သူ၏မျက်လုံးများကို စုံမှိတ်ပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
သူသည် ကျင့်ကြံခြင်းအခြေအနေသို့ လျှင်မြန်စွာ ဝင်ရောက်သွားတော့သည်။