အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) ရွှီမို၏ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်မှု...လင်းရှောင် မိခင်၏ အစစ်အမှန်အထောက်အထား
အချိန်မည်မျှထိ ကုန်လွန်သွားသည်ကို မသိချေ။ လင်းရှောင် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အပြာရောင် အလင်းတန်းများက ထိုအရာများအတွင်း၌ လူးလွန့်နေသည်။
"အမည်...လင်းရှောင်
မျိုးနွယ်စု...လူသားမျိုးနွယ်
နယ်ပယ်...စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်
ဖော်ပြချက်...သူ့ရဲ့ နယ်ပယ်က သာမန်ဖြစ်ပြီး သူ့ရဲ့ ခွန်အားက သင့်လျော်တယ်လို့ ဆိုနိုင်တယ်... သူက စွမ်းရည်ရှိပေမဲ့ အတွေ့အကြုံမရှိသေးတဲ့ လူတစ်ယောက်ပါ..."
"စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းထဲမှာ ပါတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ဆုံးသွားတာ နှမြောစရာပဲ... မဟုတ်ရင် ငါက စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကို တစ်ခါတည်း ချိုးဖောက်ဝင်ရောက်နိုင်လောက်တယ်..."
"ငါ အချိန်တခဏတာ အားထုတ်မှုက တခြားသူတွေရဲ့ ဆယ်စုနှစ်တွေနဲ့ချီတဲ့ ခက်ခဲတဲ့ ကျင့်ကြံခြင်းတွေကို ကျော်လွန်သွားတယ်... ထိပ်တန်းပါရမီနဲ့ ကျင့်ကြံခြင်း ရတနာတွေ ပေါင်းစပ်လိုက်တာက တကယ့်ကို ပျော်စရာ ကောင်းတာပဲ..."
လင်းရှောင်က မတ်တတ်ရပ်ပြီး သူ၏ခန္ဓာကိုယ်ကို အကြောဆန့်လိုက်၏။
"ငါက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးပေမဲ့... ဘုရင်အဆင့် ရုပ်ခန္ဓာကိုယ်ရဲ့ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားနဲ့ သတ္တမအဆင့် နတ်ဘုရားသတ်ဖြတ်ခြင်း ဓားနဲ့ဆိုရင်... သာမန် လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်တောင်မှ ငါ့ရဲ့ ပြိုင်ဘက် လုံးဝဖြစ်မှာ မဟုတ်ဘူး..."
လင်းရှောင်က ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
သူ နောက်ဆုံးတွင် ခွန်အားတချို့ ပိုင်ဆိုင်လာသဖြင့် သူ့ကို ကျွမ်းကျင်သူတစ်ဝက်အဖြစ် သတ်မှတ်နိုင်လေပြီ။
ဒေါက် ဒေါက် ဒေါက်...
ထိုအချိန်မှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"သခင်လေး... အထဲမှာ ရှိလား..."
လီယီ၏အသံ ထွက်ပေါ်လာပေ၏။
"ဝင်ခဲ့..."
လီယီက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး လင်းရှောင်ထံသို့ ချဉ်းကပ်လာသည်။
"သခင်လေး... ဒါတွေက ဒီလေလံပွဲကနေရတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေပါ... တင်သွင်းတဲ့သူတွေကို ပြန်ပေးရမယ့်ဟာတွေကို နုတ်ပြီးသားပါ...ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ..."
လီယီက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ လင်းရှောင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
လင်းရှောင် ထိုအရာကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ကို လီယီ၏ လက်ထဲသို့ ပြန်ပေးလိုက်၏။
"အော်... အထူးဧည့်သည်တော် အခန်း၂က လူက သခင်လေးကို တွေ့ချင်နေတယ်... သူ အပြင်မှာ စောင့်နေတာ ကြာပြီ... သူ့ကို ပြန်လွှတ်လိုက်ရမလား..."
အထူးဧည့်သည်တော် အခန်း၂... အဲ့ဒီလူက အမှောင်ရိပ်ခန်းမဆောင်က တစ်ယောက်ယောက် ဖြစ်ရမယ်... သူတို့က ငါ့ဆီက ဘာလိုချင်တာလဲ...
ဒါပေမဲ့ သူတို့ လာတာ ကောင်းပါတယ်... ငါလည်း သူတို့ကို မေးစရာ ရှိတယ်...
တာ့ကျယ်နိုင်ငံရဲ့ မင်းသားနဲ့ ယင်နတ်ဆိုးဂိုဏ်းရဲ့ တည်နေရာကို ငါ ရှာဖွေရမယ်...
ဤအကြောင်းကို တွေးမိသောအခါ လင်းရှောင်က အေးအေးဆေးဆေး ပြောလိုက်သည်။
"မလိုဘူး... သွားပြီး သူတို့ကို အထဲဝင်ခိုင်းလိုက်..."
လီယီက နားလည်ကြောင်း ခေါင်းညိတ်ပြီး ထွက်သွားခဲ့လေ၏။
မကြာမီ အနက်ရောင် ဝတ်စုံဝတ်လူငယ်လေးနှင့် အပြာရောင်ဝတ်ရုံဝတ် အမျိုးသားတို့ အခန်းထဲသို့ ဝင်လာသည်။
သူတို့သည် လင်းရှောင်၏ရှေ့တွင် အတူတကွ မတ်တတ်ရပ်လိုက်ကြ၏။
သူတို့သည် တခြားလူများမဟုတ်ဘဲ အစောပိုင်းက သတ္တမသခင်လေးနှင့် အကြီးအကဲရှားတို့ပင်။
"မင်းတို့က အမှောင်ရိပ်ခန်းမဆောင်ကပဲ... ငါ့ဆီက ဘာလိုချင်လို့လဲ..."
သူတို့ စကားမပြောနိုင်မီမှာပင် လင်းရှောင်က သူတို့ကို မေးခွန်းထုတ်လိုက်သည်။
အစပိုင်းက ဤသည်မှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်လည်း ယခုချိန်၌ အပြာရောင် ဝတ်ရုံဝတ် အမျိုးသား၏ ရင်းနှီးသော ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သူတို့သည် အမှောင်ရိပ်ခန်းမဆောင်မှ ဖြစ်ကြောင်း သူ အတည်ပြုနိုင်လေပြီ။
သတ္တမသခင်လေး အနည်းငယ် ဦးညွှတ်ပြီး လက်ပူးဆုပ်ကာ ပြောဆိုသည်။
"ဥက္ကဋ္ဌလင်းကို နှုတ်ခွန်းဆက်သပါတယ်... ဥက္ကဋ္ဌ လင်း က ငါတို့ရဲ့ အထောက်အထားကို သိပြီးပြီဆိုတော့... ငါတို့က ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ပါဘူး..."
"ငါ့ရဲ့နာမည်က ရွှီမို... အမှောင်ရိပ်စံအိမ်သခင်ရဲ့ သတ္တမမြောက်သားပဲ... ဒီနေ့ ငါက မင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးဖို့ တမင်သက်သက် လာခဲ့တာပါ..."
ရွှီမိုသည် အပိုစကားမပြောဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုလေ၏။
သို့သော် လင်းရှောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ထို့နောက် သူက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းသည်။
"လွှမ်းမိုးမှုရှိတဲ့ အင်အားစုတစ်ခုရဲ့ သခင်လေးတစ်ယောက်အနေနဲ့... မဟာယန်လို နိုင်ငံငယ်လေးဆီကို မင်းကိုယ်တိုင် ရောက်လာသေးတာလား..."
ခါးသီးသော အပြုံးတစ်ခုက ရွှီမို၏နှုတ်ခမ်းများတွင် ထွက်ပေါ်လာပေ၏။
"ငါ လုပ်နိုင်တာ ဘာမှ မရှိပါဘူး... ငါ့ရဲ့... 'ချစ်လှစွာသော' လူအိုကြီးက ငယ်ငယ်တုန်းက ဒဏ်ရာဟောင်းတွေ အများကြီး စုဆောင်းမိတာကြောင့် အချိန်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး..."
"လွန်ခဲ့တဲ့ ဆယ်နှစ်က... အမှောင်ရိပ်ခန်းမဆောင်ရဲ့ ဆက်ခံသူကို ရွေးချယ်ဖို့အတွက်... ငါတို့ မျိုးဆက်တွေကို ငါတို့ရဲ့ ကိုယ်ပိုင် အင်အားစုတွေ တည်ဆောက်ဖို့ အရန်ခန်းမဆောင်အသီးသီးကို သူက တာဝန်ပေးခဲ့တယ်... ငါက မဟာယန်ကို တာဝန်ပေးခံလိုက်ရတာ..."
လင်းရှောင် ခေါင်းညိတ်ပြပြီး တစ်ခုခုကို အကြမ်းဖျင်း နားလည်သွားကာ အေးအေးလူလူ ပြောလိုက်သည်။
"ဒါဆိုရင်... ဆက်ခံသူဖြစ်ဖို့က မင်းတို့ တည်ထောင်တဲ့ အင်အားစုတွေရဲ့ အရွယ်အစားနဲ့ သက်ဆိုင်တယ် မဟုတ်လား..."
"တိမ်တိုက်ကောင်းကင်လေလံရုံကို မင်းရဲ့ အင်အားစုထဲဝင်ဖို့အတွက် တောင်းဆိုဖို့ ဒီနေရာကို လာတာတော့ မဟုတ်လောက်ဘူးမလား..."
လင်းရှောင်၏အကြည့်သည် ရွှီမိုကို စူးစိုက်၍ကြည့်နေစဉ် တည်ကြည်ပြတ်သားလာခဲ့သည်။
ရွှီမိုက အလျင်အမြန် ခေါင်းခါယမ်းပြီး သူက ရှင်းပြလိုက်၏။
"ဥက္ကဋ္ဌလင်း... မင်း အထင်လွဲနေပြီ... ငါက ဘယ်လိုလုပ်ပြီးတော့ ဒီလိုအတွေးမျိုး တွေးရဲမှာလဲ... ငါက မင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတချို့ ဆွေးနွေးဖို့ ရောက်လာတာပါ..."
လင်းရှောင်က သူ၏အကြည့်ကို ရုပ်သိမ်းပြီး လက်ဖက်ရည်နှစ်ခွက် ငှဲ့လိုက်သည်။
"ထိုင်ပြီး စကားပြောကြတာပေါ့..."
ရွှီမိုသည် အနီးရှိ ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ကာ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သတိထား၍ မေးမြန်းသည်။
"ဥက္ကဋ္ဌလင်း... ငါ အရင်ဆုံး တခြားတစ်ခုကို မေးလို့ ရမလား..."
ဒီကောင်လေးက ဘာလို့ ဒီလောက်ထိ အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ...
လင်းရှောင် အနည်းငယ် စိတ်မရှည်ဖြစ်နေသော်လည်း သူ ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် သူသည် တစ်ဖက်လူ၏အကူအညီကို လိုအပ်ပေမည်။
"ခုဏက လေလံရုံမှာ ထွက်ပေါ်လာတဲ့ ကောင်းကင်ချိုးဖျက် မရဏကျားကို... တိမ်တိုက်ကောင်းကင်လေလံရုံက အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက်က သတ်လိုက်တာလား..."
ရွှီမိုသည် လင်းရှောင်ကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့ပေ၏။
လင်းရှောင်က တိတ်ဆိတ်နေပြီး ခေါင်းညိတ်ပြလိုက်သည်။
သူ လိုချင်သော အဖြေကို ရသွားသဖြင့် ရွှီမို၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
"ဖြစ်ပုံက ဒီလိုပါ...အခုချိန်ကနေ သုံးလအကြာမှာ... ငါတို့ အမှောင်ရိပ်ခန်းမဆောင်ရဲ့ ပင်မခန်းမဆောင်က အင်အားစုတွေကြားမှာ ပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ဥက္ကဋ္ဌလင်းက စေတနာကို ပြသဖို့ လူတစ်ယောက် လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်..."
လင်းရှောင် အထင်လွဲမည်ကို စိုးရိမ်သဖြင့် သူက အလျင်အမြန် ထပ်ပြောလေသည်။
"ဥက္ကဋ္ဌလင်း... စိတ်ချပါ... တိုက်ခိုက်ဖို့ လုံးဝလိုအပ်မှာ မဟုတ်ပါဘူး... မင်းရဲ့ ထောက်ခံမှုကို ပြသရုံပါပဲ...ဘယ်လို သဘောရလဲ..."
လင်းရှောင်သည် လက်ဖက်ရည် တစ်ငုံကို အေးအေးဆေးဆေး သောက်လိုက်ပြီး အလျင်စလို ပြန်မဖြေခဲ့ချေ။
ထိုအစား သူက မေးမြန်းလိုက်သည်။
"ငါ အထင်မမှားဘူးဆိုရင်... အဲ့ဒီပြိုင်ပွဲက မင်းတို့ရဲ့ ဆက်ခံသူကိစ္စနဲ့ သက်ဆိုင်တယ် မလား... တကယ်လို့ ငါ သဘောတူရင်... မင်း ငါ့ကို ဘာပေးနိုင်မလဲ..."
ရွှီမိုက ပြောဆိုသည်။
"မင်း ခန့်မှန်းတာ မှန်ပါတယ်... သုံးလအတွင်း လုပ်မယ့် အင်အားစုပြိုင်ပွဲက ဆက်ခံသူကိစ္စနဲ့ တကယ်ကြီး သက်ဆိုင်နေတယ်..."
"တကယ်လို့ မင်းက လူတစ်ယောက်လွှတ်ပြီး ပါဝင်ပေးမယ်ဆိုရင်... ပြီးတော့ ငါ့ဘက်ကနေ ထောက်ခံပေးမယ်ဆိုရင်... ငါ အမှောင်ရိပ်ခန်းမဆောင်ရဲ့ ခန်းမဆောင်သခင် ဖြစ်လာတာနဲ့... မင်း လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးဖို့ ငါ အစွမ်းကုန် ကြိုးစားပေးနိုင်တယ်..."
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ထပ်မံ၍ ပြောဆိုသည်။
"ငါ အထင်မမှားဘူးဆိုရင်... မင်းရဲ့နောက်က လျှို့ဝှက်အင်အားစုက အခုမှ ထွက်ပေါ်လာတာဆိုတော့... သူတို့ အလိုအပ်ဆုံးက ဒီလက်ရှိလောကကြီးအကြောင်း သတင်းအချက်အလက်တွေ မဟုတ်လား..."
"အမှောင်ရိပ်ခန်းမဆောင်က လုပ်ကြံသတ်ဖြတ်မှုတွေ အတွက် တာဝန်ရှိတဲ့ လုပ်ကြံသူ အဖွဲ့အစည်း တစ်ခု ဖြစ်ရုံတင် မကဘူး...ဒီအင်အားစုရဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကလည်း ချင်းယွမ်ကုန်းမြေတစ်ခုလုံးမှာ ထိပ်တန်းအဆင့် ဖြစ်တာကြောင့် မင်းရဲ့ လိုအပ်ချက်တွေကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်..."
ရွှီမိုသည် ယုံကြည်မှုရှိနေပြီး အမှောင်ရိပ်ခန်းမဆောင်၏ ထောက်လှမ်းရေးစွမ်းရည်များကို အပြည့်အဝ ယုံကြည်နေခဲ့လေ၏။
လင်းရှောင်၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး သူ၏စိတ်နှလုံးသား တုန်ရီသွားသည်။
ဤရွှီမိုသည် အမှန်တကယ်ကို ထက်မြက်လှသည်။
ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ ထောက်လှမ်းရေး အမှန်တကယ်ကို ဖြစ်နေသည်။
သို့သော် ရွှီမိုကို ကြည့်ရသည်မှာ သူ အထင်လွဲနေပုံ ရပြီး တိမ်တိုက်ကောင်းကင်လေလံရုံသည် လျှို့ဝှက်အင်အားစုတစ်ခု၏ ထောက်ပံ့မှုကို ရရှိထားသည်ဟု တွေးထင်နေပုံရသည်။
အဲ့ဒါလည်း ကောင်းပါတယ်... သွမ်ခုန်းလို လူတွေရဲ့ တည်ရှိမှုကို ရှင်းပြနိုင်တာပေါ့...
လင်းရှောင်သေချာ စဉ်းစားကြည့်ရာ ငြင်းဆန်ရန် အကြောင်းပြချက်မရှိဟု ခံစားလိုက်ရသည်။
ဤှသည်မှာ ထောက်ခံမှုပေးရန် လူတစ်ယောက် စေလွှတ်ရုံသာ ဖြစ်သဖြင့် အလွန်လွယ်ကူသော အလုပ်တစ်ခုပင်။
"ကောင်းပြီ... ငါ သဘောတူတယ်...ဒါပေမဲ့ မင်းကို အရင်ဆုံး မေးစရာ မေးခွန်းတချို့ ရှိတယ်..."
လင်းရှောင် သဘောတူသည်ကို ကြားသောအခါ ရွှီမို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများတွင် ထွက်ပေါ်လာသည်။
သူက တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်၏။
"ပြဿနာ မရှိပါဘူး ဥက္ကဋ္ဌလင်း... မေးပါ... ငါ ရွှီမိုက... ငါ သိသမျှ အကုန်လုံးကို ဖြေပေးမယ်လို့ အာမခံပါတယ်..."
လင်းရှောင်က ခေါင်းညိတ်ပြပြီး သူက အေးအေးဆေးဆေး ပြောဆိုသည်။
"မဟာယန်နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ တာ့ကျယ်နိုင်ငံ ရဲ့ မင်းသားကို မင်း သိလား..."
တာ့ကျယ်နိုင်ငံလား...
ရွှီမိုက မျက်မှောင်ကြုတ်လိုက်သည်။
ချင်းယွမ်မြင့်မြတ်နယ်မြေ၏သူတော်စင် သို့မဟုတ် သူတော်စင်မိန်းမပျို အကြောင်း မေးလျှင်ပင် သူ ဖြေနိုင်သည်။ နိုင်ငံငယ်လေး တစ်ခုရှိ ဤကဲ့သို့ အသေးအဖွဲ လူတစ်ယောက်အကြောင်းကို သူ မည်သို့ သိနိုင်မည်နည်း။ သူ၏အတွေးများ လျင်မြန်စွာ ပြေးလွှားနေပြီး တာ့ကျယ်နိုင်ငံနှင့် သက်ဆိုင်သမျှ အရာအားလုံးကို ရှာဖွေနေခဲ့လေ၏။
နောက်ဆုံးတွင် တာ့ကျယ်နိုင်ငံနှင့် သက်ဆိုင်သော မှတ်ဉာဏ်အချို့ကို သူ ရှာတွေ့ခဲ့သည်။
သူက ချက်ချင်းပြောလိုက်သည်။
"တာ့ကျယ်နိုင်ငံရဲ့ မင်းသားအကြောင်း ငါ မသိပေမဲ့... တာ့ကျယ်နိုင်ငံအကြောင်း အရင်က ကြားဖူးတာလေးတွေ ရှိတယ်... အဲ့ဒါက တာ့ကျယ်နိုင်ငံရဲ့ တော်ဝင်မိသားစုနဲ့ သက်ဆိုင်နေတယ်..."
"လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က... တာ့ကျယ်နိုင်ငံရဲ့ တော်ဝင်မိသားစုက အရမ်း အရေးကြီးတဲ့ အမွေအနှစ်တစ်ခုကို ဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်... တာ့ကျယ်နိုင်ငံရဲ့ မင်းသမီးက အဲ့ဒါကို ခိုးသွားတာလို့ ပြောကြတယ်..."
"အဲ့ဒီနောက်မှာ... အဲ့ဒီမင်းသမီးက အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားပြီးတော့ တာ့ကျယ်နိုင်ငံက ဒီနှစ်တွေ တလျှောက်လုံး သူ့ကို ရှာဖို့ လူတွေ လွှတ်နေခဲ့တာ... လုံးဝ လက်မလျှော့ဘူး..."
လင်းရှောင်၏မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမ ရှိဘဲ သူက ခေါင်းခါယမ်းလိုက်သည်။
ဤသတင်းစကားများသည် သူ၏မိဘများနှင့် သက်ဆိုင်ပုံ မပေါ်ချေ။
ငါ့ရဲ့အမေက အဲ့ဒီမင်းသမီး မဖြစ်နိုင်ဘူး မဟုတ်လား...
မဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကဆိုတော့... တကယ်ပဲ ဖြစ်နိုင်တယ်...
လင်းရှောင်၏မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းမေးလိုက်၏။
"အဲ့ဒီမင်းသမီးရဲ့ နာမည်က ဘယ်သူလဲ..."
ရွှီမိုက အချိန်တခဏမျှ စဉ်းစားပြီးနောက် သူက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ယွမ်... ဟန်... တစ်ခုခုလို့ ထင်တယ်..."
"အော်... ယွမ်ဟန်ယွီ... အဲ့ဒါ သူ့ရဲ့နာမည်ပဲ..."
ရွှီမို ရုတ်တရက် သတိရသွားပြီး သူ၏လေသံမှာ ပို၍ပြတ်သားလာသည်။
"ဒါဆိုရင် အဲ့ဒီလိုကိုး... ငါ နားလည်ပြီ..."
လင်းရှောင်သည် ထိုနာမည်ကို ကြားသောအခါ သူ၏ နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။
သူ့မိခင်၏နာမည်မှာလည်း ယွမ်ဟန်ယွီ ဖြစ်နေသည်။