← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) ရွှီမို ၏ ရိုးသားမှု....မိုင်ထောင်ချီ အဝေးမှ မင်းသားကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း

'ဒါဆို အမေက တာ့ကျယ်နိုင်ငံရဲ့ မင်းသမီးပေါ့... ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ အမေက အဖေနဲ့ငါ့ကို အဲ့ဒီအကြောင်း တစ်ခါမှ မပြောဖူးပါဘူး... သူက တာ့ကျယ်နိုင်ငံရဲ့ တော်ဝင်မိသားစုက ရှာတွေ့သွားမှာကို ကြောက်လို့ ဖြစ်မယ်...'

'လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမေက တော်ဝင်မိသားစုရဲ့ အမွေအနှစ် ရတနာကို ယူသွားခဲ့တာဆိုတော့... တာ့ကျယ်နိုင်ငံရဲ့ မင်းသားက ငါ့ရဲ့မိဘတွေကိုသတ်ဖို့ လူတွေလွှတ်တာ အဓိပ္ပါယ်ရှိတယ်...'

လင်းရှောင်က တီးတိုးရေရွတ်ရင်း သက်ပြင်းချလိုက်သည်။

အမှန်တရားအားလုံး နောက်ဆုံး၌ ထွက်ပေါ်လာခဲ့လေပြီ။

သို့သော် လင်းရှောင် အရိပ်အမြွက်မျှပင် မသိသေးသောအရာတစ်ခု ရှိနေပေ၏။

ဤသည်မှာ သူ၏မိခင်က တာ့ကျယ်နိုင်ငံမှ ခိုးယူလာခဲ့သော အမွေအနှစ်၏ တည်နေရာပင်။

'အမေက အမွေအနှစ်ကို အသုံးပြုခဲ့တဲ့ လက္ခဏာ တစ်စက်လေးမှ မပြခဲ့ဘူး... သူက အဲ့ဒါကို သူနဲ့အတူ ယူဆောင်လာပြီးတော့ လုပ်ကြံသူတွေက ယူသွားတာများလား...'

'မဟုတ်ဘူး... ငါ့ရဲ့မိဘတွေက သတိထားတတ်တဲ့ လူတွေပါ... တကယ်လို့ သူတို့ဆီမှာ ဒီလိုရတနာမျိုး ရှိခဲ့ရင်... သူတို့က အဲ့ဒါကို သေချာပေါက် သူတို့နဲ့အတူ သယ်သွားမှာ မဟုတ်ဘူး... လေလံရုံမှာများ ရှိနေမလား... ဒါပေမဲ့ လေလံရုံမှာလည်း ဘာမှ မကျန်ခဲ့ဘူး...'

လင်းရှောင်၏အတွေးများ ယောက်ယတ်ခတ်နေသည်။

သူ၏အတိတ်က မှတ်ဉာဏ်များထဲတွင် သဲလွန်စများကို သူ ကြိုးစား၍ ရှာဖွေနေခဲ့လေ၏။

မကြာမီ...

လင်းရှောင်က တွေးတောခြင်းကို ရပ်တန့်ပြီး တစ်စုံတစ်ခုကို သတိရသွားသ​ည်။

သူ၏မိဘများ အနာဂတ်တွင် သူ၏လက်ထပ်ပွဲအတွက် ပြင်ဆင်ပေးခဲ့သော စေ့စပ်ကြောင်းလမ်း လက်ဆောင်များ...

'အဖေက ငါ့အတွက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းကျောက်စိမ်းတစ်ခု ချန်ထားခဲ့တယ်... အဲ့ဒါကို ငါ ကူးပြောင်းလာပြီး မကြာခင်မှာပဲ ငါ လေလံတင်လိုက်တယ်...'

'အမေက ငါ့အတွက် အဲ့ဒီ မပြည့်စုံတဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးကို ချန်ထားခဲ့တယ်...'

'အဲ့ဒီအချိန်တုန်းက... အဲ့ဒါက အသုံးမဝင်ဘူးလို့ ထင်လို့ ငါက စနစ် ဟင်းလင်းပြင်ထဲမှာပဲ ထားခဲ့တာ...'

'အမွေအနှစ်က အဲ့ဒီ စိတ်ဝိညာဉ်ကျောက်တုံးထဲမှာ များ ရှိနေမလား...'

ဤသည်မှာ အလွန်ဖြစ်နိုင်ခြေများသည်ဟု လင်းရှောင်က ခံစားလိုက်ရသည်။

သို့သော် ရွှီမိုက သူ၏နံဘေးတွင် ရှိနေသေးသဖြင့် ထိုအရာကို နောက်မှသာ ထုတ်ယူပြီး စစ်ဆေးနိုင်ပေမည်။

သူ၏နံဘေးရှိ ရွှီမိုသည် လင်းရှောင် အာရုံလွင့်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်သည်ကို မြင်တွေ့မိလေ၏။

ထို့နောက် သူက မေးမြန်းလိုက်သည်။

"ဥက္ကဋ္ဌလင်း... တာ့ကျယ်နိုင်ငံရဲ့ မင်းသားနဲ့ မင်းရဲ့ကြားမှာ ပဋိပက္ခ တစ်ခုခုများ ရှိနေလို့လား..."

"ဟုတ်တယ်... သေရေးရှင်ရေးရန်ငြိုးပဲ..."

လင်းရှောင်သည် ရွှီမိုကို အေးအေးဆေးဆေး တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အမှောင်ရိပ်ခန်းမဆောင်၏ စွမ်းဆောင်ရည်ဖြင့် အကယ်၍ သူတို့သာ သေချာ စုံစမ်းစစ်ဆေးရန် အားထုတ်မည်ဆိုလျှင်...

တာ့ကျယ်နိုင်ငံနှင့် သူ၏မိခင်ကြားရှိ ဆက်ဆံရေးကို သူတို့ သေချာပေါက် ရှာဖွေတွေ့ရှိနိုင်ပေမည်။

ထိုကြောင့် သူ့ထံ၌ ဖုံးကွယ်စရာ ဘာမျှမရှိချေ။

သူကိုယ်တိုင် သက်သေပြရန် အခွင့်အရေးကောင်း တစ်ခုကို မြင်လိုက်ရသည့်အလား ရွှီမို၏မျက်လုံးများတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူက ချက်ချင်းပြောဆိုလိုက်၏။

"ငါ့ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ အချိန်ပေးပါ... သူ့ကို မင်းရဲ့ရှေ့ကို ရောက်လာအောင် ခေါ်လာပေးမယ့် နည်းလမ်း ငါ့မှာ ရှိပါတယ်..."

လင်းရှောင်၏မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြသော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

မည်သို့ပင်ဖြစ်စေ တာ့ကျယ်နိုင်ငံ၏မြို့တော်သည် ဤနေရာမှနေ၍ မိုင်ထောင်နှင့်ချီပြီး ကွာဝေးသည်။

လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုနေရာသို့ ရောက်ရှိရန် မစားမသောက်ဘဲ သုံးရက်တိုင်တိုင် ပျံသန်းရပေမည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအတွင်း၌...

သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက လှုပ်ရှားခြင်း သို့မဟုတ် အထူးဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း မှော်ရတနာတစ်ခု ရှိခြင်းမှလွဲ၍ ဤှသည်မှာ မဖြစ်နိုင်ချေ။

သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး လှုပ်ရှားရန်မှာ မဖြစ်နိုင်သဖြင့် ဤသည်က ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း မှော်ရတနာသာ ဖြစ်နိုင်သည်။

လင်းရှောင် အချိန်တခဏကြာမျှ တွက်ချက်ကြည့်ပြီးနောက် လက်ဖက်ရည်တစ်ငုံကို အေးအေးဆေးဆေး သောက်ကာ ရွှီမို မည်သို့ လုပ်ဆောင်မည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေ၏။

ရွှီမိုသည် သူ၏ထိုင်ခုံမှ မထခဲ့ချေ။ သူသည် သူ၏ နံဘေးရှိ အကြီးအကဲရှားကို တစ်ချက်သာကြည့်ပြီး အေးအေးဆေးဆေး ပြောဆိုသည်။

"မင်း ဘာလုပ်ရမလဲဆိုတာကို သိမှာပါ... ငါ မင်းကို ပြောပြစရာ မလိုလောက်ပါဘူး..."

အကြီးအကဲရှားသည် တစ်ခုခု ပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းသွားပြီး သူ၏စကားများကို ပြန်မျိုသိပ်လိုက်သည်။

သူသည် ဆက်သွယ်မှု ပြုလုပ်ရန် နံဘေးသို့ တိတ်တဆိတ် သွားလေသည်။

တာ့ကျယ်နိုင်ငံ တော်ဝင်မြို့တော်ရှိ...

အမှောင်ရိပ်ခန်းမဆောင် အရန်ခန်းမဆောင် ဌာနချုပ်၌...

"အစ်ကိုရှား ... မင်း အတည်ပြောနေတာလား... သတ္တမသခင်လေးက ရူးသွားပြီလား..."

"တခြားအင်အားစုတွေကို အကြောင်းပြချက် မရှိဘဲ စော်ကားတာနဲ့ အထူးဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲတာက အမှောင်ရိပ်ခန်းမဆောင်ရဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ... တာ့ကျယ်နိုင်ငံ ရဲ့ မင်းသားကို အရှင်လတ်လတ် ဖမ်းတာကတော့ ထည့်ပြောဖို့တောင် မလိုတော့ဘူး..."

"မင်းသားဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိတယ်မဟုတ်လား... သူက တာ့ကျယ်ဧကရာဇ်ရဲ့ ညီအရင်းလေ... ဒီလိုလုပ်တာက အနာဂတ်မှာ တာ့ကျယ်နိုင်ငံမှာရှိတဲ့ ငါတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ဖျက်ဆီးခံရလိမ့်မယ်..."

"သတ္တမသခင်လေးကို စည်းမျဉ်းတွေကို မမေ့ဖို့ မင်း မြန်မြန်သတိပေးလိုက်ပါ... အထူး အခြေအနေတွေကလွဲရင် ငါတို့ အမှောင်ရိပ်ခန်းမဆောင်က ကြားနေ အဖြစ် အမြဲတမ်း ရပ်တည်ရမယ်..."

တာ့ကျယ်နိုင်ငံ၏ မြို့တော်၌...

အမှောင်ရိပ်ခန်းမဆောင်၏ အပြာရောင် ဝတ်ရုံဝတ်အကြီးအကဲတစ်ဦးက အဆက်မပြတ် စကားပြောဆိုနေခဲ့သည်။

အကြီးအကဲရှားက ခေါင်းခါယမ်းလိုက်၏။ ဤသည်က စည်းမျဉ်းများကို ချိုးဖောက်ကြောင်း သူ သိသော်လည်း သူ ဘာမှမတတ်နိုင်ချေ။

"အစ်ကိုလီ ... ငါ့ကို ဒါတွေ ပြောနေလည်း အလကားပဲ... သခင်လေး ရွှီမိုက ဆုံးဖြတ်ပြီးသွားပြီ... အကျိုးဆက်တွေအားလုံးကို သူပဲ တာဝန်ယူလိမ့်မယ်... မင်းက မင်းရဲ့ အလုပ်ကိုသာ မင်းလုပ်ပါ..."

"မြန်မြန်လုပ်ဖို့ မမေ့နဲ့... သခင်လေး ရွှီမိုက လောနေတယ်... တကယ်လို့ မင်း အချိန်ဆွဲနေရင်... သခင်လေးရဲ့ နည်းလမ်းတွေကို မင်း သိပါတယ်..."

အကြီးအကဲရှား၏လေသံက တည်ကြည်လေးနက်နေသည်။

အထူးသဖြင့် နောက်ဆုံး စကားအနည်းငယ်တွင် သူ၏လေသံကို တမင်သက်သက် အလေးအနက်ထား၍ ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။

တစ်ဖက်လူအား ညှိနှိုင်းရန်အတွက် သူသည် မည်သည့် အခွင့်အရေးမျှ ချန်မထားခဲ့ချေ။

"ဟုတ်ကဲ့... ဟုတ်ကဲ့... သူ့ကို ဖမ်းဖို့ အခုပဲ ငါကိုယ်တိုင် သွားလိုက်ပါ့မယ်..."

အကြီးအကဲရှား၏စကားကို ကြားသောအခါ တစ်ဖက်ရှိ အပြာရောင် ဝတ်ရုံဝတ် အကြီးအကဲ၏ခန္ဓာကိုယ်တွင် ချက်ချင်းဆိုသလိုပင် ချွေးစေးများ ထွက်လာတော့သည်။

သူသည် အလျင်အမြန် သဘောတူကြောင်း ပြောဆိုလိုက်၏။

အမှောင်ရိပ်ခန်းမဆောင်၏ သခင်လေးများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်း မရှိသူဟူ၍ မည်သူမျှ မရှိချေ။

သူသည် အကြီးအကဲတစ်ဦးမျှသာ ဖြစ်သဖြင့် သူတို့ကို လွယ်လင့်တကူ ရန်မစရဲချေ။

ထို့နောက်...

သူသည် ပြတင်းပေါက်ကို တိုက်ရိုက်ချိုးဖျက်ပြီး တာ့ကျယ်နိုင်ငံ၏ မြို့တော် အတွင်းပိုင်းသို့ လျှင်မြန်စွာ ပျံသန်းသွားသည်။

သိပ်မကြာမီ...

တာ့ကျယ်နိုင်ငံရှိ မင်းသားစံအိမ်၌...

"သောက်ရေးမပါလိုက်တာ..."

"တာဝန်ခံလီ ... မင်း ဘာလုပ်ချင်တာလဲ... ငါက လက်ရှိ ဧကရာဇ်ရဲ့ ညီအရင်းပဲ... မင်းတို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်က ကြားနေအဖွဲ့အစည်း တစ်ခု မဟုတ်ဘူးလား... မင်းတို့က တာ့ကျယ်နိုင်ငံရဲ့ စီးပွားရေးကို မလိုချင်တော့ဘူးလား..."

"ငါ မင်းကို ပြောမယ်... တကယ်လို့ မင်း ငါ့ကို တစ်ခုခု လုပ်ရဲရင်... မင်းတို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်ခွဲက တာ့ကျယ်နိုင်ငံမှာ ဆက်ပြီးလည်ပတ်နိုင်တော့မှာ မဟုတ်ဘူး..."

သူ၏ခြေလက်များကို မှော်ရတနာများဖြင့် ချည်နှောင်ခံထားရပြီး ဖရိုဖရဲ ဖြစ်နေသော မင်းသားသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

ဤအချိန်တွင် သူ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ သူသည် သူ၏အခန်းထဲတွင် ကာမဂုဏ် စည်းစိမ်များကို ခံစားနေခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် နောက်စက္ကန့်တွင် အမှောင်ရိပ်ခန်းမဆောင် ၏ တာဝန်ခံလီသည် ရုတ်တရက် ဝင်ရောက်လာသည်။

ထို့နောက် တစ်ဖက်လူသည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို ဖမ်းဆီးလိုက်၏။

သူ၏ ဖြည့်ထားသော 'ကျည်ဆန်' ကို ပစ်လွှတ်၍ မရတော့ဘဲ ယခုအချိန်၌ သူသည် ဒေါသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

"မင်း ငါပြောတာကို ကြားလား... ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း..."

"..."

မင်းသားသည် ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ အဆက်မပြတ် ကျိန်ဆဲနေသည်။

နံဘေးဘက်တွင်...

အကောင်းဆုံး စိတ်သဘောထား ရှိလျှင်ပင် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော တာဝန်ခံလီသည် ဤအချိန်တွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားလိုက်ရသည်။

သူသည် မင်းသားကို စူးရဲစွာကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်၏။

"မင်း ကျိန်ဆဲလို့ ပြီးပြီလား...မင်း လောနေတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး မလောပါနဲ့... မင်းကို သတ္တမသခင်လေးဆီ မကြာခင် ပို့ပေးပါ့မယ်..."

"သခင်လေးက မင်းကို တွေ့ချင်နေတာဆိုတော့... သူ မင်းကို သက်သောင့်သက်သာ သေခွင့်ပြုမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... အဲ့ဒီအချိန်ကျရင် မင်း ဆက်ပြီး ကျိန်ဆဲနိုင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့... ဟမ့်..."

တာဝန်ခံလီသည် စကားပြောဆိုနေစဉ် သူ၏လက်ထဲတွင် အပြာရောင် စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ထားပြီး ထိုအရာထဲသို့ စိတ်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထည့်သွင်းနေသည်။

အသက်ရှူချိန်အနည်းငယ် အကြာတွင်...

အပြာရောင် စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့သည် အပြည့်အဝ အားပြည့်သွားပြီး တောက်ပသော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်၏။

တာဝန်ခံလီသည် ထိုအဆောင်လက်ဖွဲ့ကို လက်ဖြင့်တောက်ပြီး မင်းသား၏နဖူးပေါ်သို့ တင်းကြပ်စွာ ဖိကပ်လိုက်သည်။

မင်းသားသည် ထိတ်လန့်သွားပြီး နိမိတ်မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

"ဒါက ဘာလဲ... မင်း..."

မင်းသား၏စကား မဆုံးမီမှာပင် သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပျောက်ကွယ်သွားပေ၏။

ထိုအချိန်မှာပင်....

မင်းသားစံအိမ်၏ ပင်မတံခါးသည် ဝုန်းခနဲအသံကြီးနှင့်အတူ ပေါက်ကွဲကာ ပွင့်အံ့ထွက်သွားခဲ့သည်။

ထို့နောက် တာ့ကျယ်ဧကရာဇ်သည် အစောင့်အများအပြားနှင့်အတူ ဝင်ရောက်လာသည်။

အစောင့်များသည် ရှေ့သို့ အုံနှင့်ကျင်းနှင့် တိုးဝင်လာပြီး တာဝန်ခံလီကို လျှင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။

"မင်းသား ဘယ်မှာလဲ..."

တာ့ကျယ်ဧကရာဇ်သည် တာဝန်ခံလီကို စူးရဲစွာ ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်၍ မေးလိုက်၏။

တာဝန်ခံလီက ပြန်မဖြေဘဲ ပတ်ဝန်းကျင်ရှိ အစောင့်များကို အေးအေးဆေးဆေး တစ်ချက်ကြည့်လိုက်သည်။

သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှုများ အနည်းငယ်ပို၍ ပြင်းထန်လာသည်။

"ငါ့ညီ ဘယ်မှာလဲလို့ မင်းကို မေးနေတယ်လေ..."

တာ့ကျယ်ဧကရာဇ်က ထပ်မံ၍ အော်ဟစ်လိုက်သည်။

တာဝန်ခံလီက ပြန်မဖြေသေးသော်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်လေးတစ်ခုက သူ၏ မျက်လုံးများတွင် ထွက်ပေါ်လာပေ၏။

"ကြည့်ရတာ အမှောင်ရိပ်ခန်းမဆောင်က တိတ်ဆိတ်နေတာ အရမ်းကြာသွားလို့... လူတွေက ပိုပိုပြီး အလေးမထားကြတော့တာပဲ..."

"ခွေးတွေ ကြောင်တွေတောင် အပြင်ထွက်လာပြီး အမှောင်ရိပ်ခန်းမဆောင်ကို ဟောင်ရဲနေကြပြီ..."

"စကားနားမထောင်တဲ့ ခွေးတွေကို သင်ခန်းစာတစ်ခု ပေးဖို့လိုတယ်..."

တာဝန်ခံလီက အေးစက်စက်နှာမှုတ်ပြီး သူ၏ ညာဘက်လက်ကို ညင်သာစွာမြှောက်ကာ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို သယ်ဆောင်လာသည့် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။

ဤသည်က ပတ်ဝန်းကျင်ရှိ အစောင့်များ၏ ခန္ဓာကိုယ်အထက်ပိုင်းကို သွေးမြူများအဖြစ်သို့ ချက်ချင်းဖောက်ခွဲလိုက်သ​ည်။

သွေးစွန်းနေသော ခြေထောက်များသာ နေရာတွင် မတ်မတ်ရပ်၍ ကျန်နေရစ်ခဲ့သည်။

"မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ဒါက လုပ်ကြံသူ အဖွဲ့အစည်းတစ်ခု သက်သက်မဟုတ်လား... သူ့ရဲ့ နယ်ပယ်က တော်ဝင်တပ်မှူးထက်တောင် ဘယ်လိုလုပ်ပြီး မြင့်နေနိုင်မှာလဲ..."

တာ့ကျယ်ဧကရာဇ်၏နယ်ပယ်မှာ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်သာ ဖြစ်သဖြင့် သူ အလွန်ကြောက်လန့်သွားပြီး သူ၏ခြေထောက်များ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ခွေလဲကျသွားသ​ည်။

သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပေ၏။

တာဝန်ခံလီက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

"စည်းမျဉ်းတွေ ချိုးဖောက်မိမှာကို ငါ မကြောက်ဘူးဆိုရင်... မင်းလို ခွေးတစ်ကောင်ကို ငါ တကယ် ကိုင်တွယ်ချင်တယ်..."

"မှတ်ထား... ငါတို့ရဲ့ အမှောင်ရိပ်ခန်းမဆောင်က ငါတို့ရဲ့ လုပ်ရပ်တွေမှာ နှိမ့်ချပြီးနေတယ်ဆိုပေမဲ့... ငါတို့ကို အထင်မသေးနဲ့..."

"မင်း နားလည်လား... ခွေး ဧကရာဇ်..."

တာဝန်ခံလီက စကားပြောဆိုပြီးနောက် ကြောက်ရွံ့မှုကြောင့် မြေကြီးပေါ်တွင် ဒူးထောက်နေသော ဧကရာဇ်ကို တံတွေးထွေးလိုက်သည်။

သူ၏စိတ်နှလုံးသားထဲတွင် စိတ်ကျေနပ်မှုလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ယခင် စိတ်အနှောင့်အယှက်ဖြစ်မှုများ အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေ၏။

ထို့နောက်...

သူသည် သူ၏ခြေဖျားကိုလှုပ်ခတ်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

All Chapters