← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း...ယင်နတ်ဆိုးဂိုဏ်းက မိုင်ငါးထောင် အကွာအဝေးမှာ ရှိတယ်

ထို့နောက် လင်းရှောင်သည် နောက်လှည့်ကာ အနီးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ပြန်ထိုင်လိုက်၏။

သူ အနည်းငယ် မော့ကြည့်လိုက်ရာ စနစ်ပိုင်ရှင် အချက်အလက်ပြစာမျက်နှာက တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

'အိမ်ရှင်...လင်းရှောင်

မျိုးနွယ်...လူသားမျိုးနွယ် / ကမ္ဘာခြားနတ်ဆိုး

နယ်ပယ်... စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာကိုယ်...ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် (ဘုရင်အဆင့်)

သိုင်းပညာ ကျွမ်းကျင်မှုများ... ကျောက်တုံးခွဲလက် (ပထမ အထွတ်အထိပ်အဆင့်)၊ ကျားနက်နှလုံးဖောက်လက်ဝါး (ပဉ္စမအလယ်အလတ်အဆင့်)၊ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် (အဆင့်မဲ့)၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား (သတ္တမ အထွတ်အထိပ်အဆင့်)

နတ်ဘုရားစွမ်းရည် /အင်မော်တယ်နည်းစနစ်... ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း (ထိပ်တန်း နတ်ဘုရားစွမ်းရည်)

စနစ် ဟင်းလင်းပြင်..ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ (ပဉ္စမအဆင့်နိမ့်)၊ ပိုင်ကျဲ့ (ပျံသန်းရေးသားရဲ)၊ ဖန်းကျောက်နဂါးလိပ် (စိတ်ဝိညာဉ်သားရဲ)၊ ကောင်းကင်ချိုးဖျက် မရဏကျား အလောင်း၊ ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံ၊ ဆဌမအဆင့် ထိပ်တန်းအဆင့် အမွေအနှစ်၊ လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်...

လေလံတုံ့ပြန်မှု အကြိမ်အရေအတွက် ... ၀ (၂၉ ရက်အကြာတွင် ပြန်လည်ပြည့်တင်းမည်)

စနစ်တာဝန်...အရပ်မျက်နှာအားလုံးတွင် နာမည်ကြီးခြင်း

၁...တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ ဂုဏ်သတင်းကို ၁၀ သန်းအထိ တိုးမြှင့်ပြီး... ယန်အောင်းတော်ဝင်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးအောင်လုပ်ပါ... လက်ရှိ တိုးတက်မှု.. ၇၃၀၀၀၀ / ၁၀၀၀၀၀၀၀

၂...ပဉ္စမအဆင့်နဲ့အထက် ရတနာ၁၀ခုကို လေလံတင်ပါ (စနစ်မှ ရတနာ များ အကျုံးမဝင်ပါ)... လက်ရှိ တိုးတက်မှု.... ၀ / ၁၀

ပြီးမြောက်ခြင်း ဆုလာဘ်... အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၁ကတ်၊ နယ်ပယ် အဆင့်မြှင့်တင်ခြင်းကတ် (အိမ်ရှင်သီးသန့်) ၁ကတ်၊ အဆင့်မြင့် သိုင်းပညာနည်းစနစ်

အချိန်ကန့်သတ်တာဝန်... ယင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ပါ

တာဝန်ဖော်ပြချက်... တိမ်တိုက်ကောင်းကင်လေလံရုံကို စော်ကားလို့ မရဘူး... ပြီးတော့ ယင်နတ်ဆိုးဂိုဏ်း ရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်လို့ မရဘူး... သုံးရက် အတွင်း ယင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ပါ...

ပြီးမြောက်ခြင်း ဆုလာဘ်...ကျပန်း ပစ္စည်း ကတ် ၁ကတ်၊ စနစ် လုပ်ဆောင်ချက် အသစ်တစ်ခု"

ကောင်းကင်ဘုံမျက်လုံး၏ တိုတောင်းသော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက...

စနစ်ပိုင်ရှင် အချက်အလက်ပြ စာမျက်နှာသည် ပို၍ ပြည့်စုံပြီး အသေးစိတ်ကျသည်မှာ သိသာရှင်းလင်းသည်။

လင်းရှောင် ပိုင်ဆိုင်ထားသမျှ အရာအားလုံးနီးပါးကို စနစ်မျက်နှာပြင်ပေါ်တွင် ပြသထားလေ၏။

"ဒါပေမဲ့ ဒီကမ္ဘာခြားနတ်ဆိုးက ဘာကြီးလဲ..."

လင်းရှောင် စကားမပြောနိုင်တော့ချေ။

ငါက တခြားမြေကို မျောပါလာတဲ့ သနားစရာ လူတစ်ယောက်လေ... ငါ့ကို ကမ္ဘာခြားနတ်ဆိုးလို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ...

အတွေးတစ်ချက်ဖြင့် လင်းရှောင်သည် စနစ်မျက်နှာပြင်ကို သိမ်းဆည်းလိုက်၏။

ထို့နောက်...

လင်းရှောင်က သူ၏မျက်လုံးများကို စုံမှိတ်ကာ သူ ယခုလေးတင် ရရှိခဲ့သော နတ်ဘုရားစွမ်းရည်ဖြစ်သည့် ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်းကို ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်အကြာတွင်...

လင်းရှောင်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

"အဲ့ဒါက ငါ့ရဲ့ အရင်ဘဝက ဒဏ္ဍာရီတွေထဲက အင်မော်တယ်နည်းစနစ်တစ်ခု တကယ်ကြီး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ပြီးတော့ ဒါက အရမ်းအစွမ်းထက်တယ်..."

လင်းရှောင်၏နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။

မကြာမီက သူ၏နားလည်မှုအတွင်း လင်းရှောင်သည် ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း၏ လုပ်ဆောင်ချက်ကိုလည်း သိရှိခဲ့ရသည်။

ဤသည်မှာ အလွန်အမင်း ကောင်းကင်ကို အန်တုပြီး သဘာဝတရား၏စည်းမျဉ်းများကို လုံးဝဆန့်ကျင်သော နည်းစနစ်တစ်ခုဟုသာ ဖော်ပြနိုင်ပေ၏။

လူတစ်ယောက်သည် နတ်ဘုရား စိတ်ဝိညာဉ်နှစ်ခုကိုသာ ခွဲထုတ်ရန် လိုအပ်ပြီး ထို့နောက် ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်းကို ကျင့်ကြံရပေမည်။

ထိုအချိန်ကျပါက သူသည် တူညီသော ကိုယ်ပွားနှစ်ခုကို ဖန်တီးနိုင်ပေမည်။

မူလခန္ဓာကိုယ်၏ ကျင့်ကြံခြင်းဖြစ်စေ မူလခန္ဓာကိုယ်၏ ရုပ်ခန္ဓာကိုယ်နှင့် သိုင်းပညာကျွမ်းကျင်မှု များပဲဖြစ်ဖြစ် ကိုယ်ပွား များသည် ထိုအရာအားလုံးကို ပိုင်ဆိုင်ပေမည်။

လင်းရှောင်၏ နယ်ပယ် မည်မျှထိ မြင့်မားစေကာမူ ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းက သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အနည်းဆုံး နှစ်ဆတိုးစေမည်ဟု ပြောနိုင်ပေ၏။

ကိုယ်ပွားများနှင့် မူလခန္ဓာကိုယ်ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ပြီးပြည့်စုံသော စိတ်ဝိညာဉ် မရှိခြင်းပင်။

ထို့ကြောင့် ကိုယ်ပွားများတွင် လွတ်လပ်သော အသိစိတ် မရှိချေ။

သူတို့ထံတွင် မူလခန္ဓာကိုယ်၏ အမိန့်များကို လိုက်နာသော အခြေခံနာခံမှု အသိစိတ်သာ ရှိကြသည်။

နောက်ထပ် အရေးကြီးသော အချက်မှာ မူလခန္ဓာကိုယ်သည် ကိုယ်ပွားများ ကြုံတွေ့ရသမျှ အရာအားလုံးကို အကြမ်းဖျင်း အာရုံခံနိုင်ခြင်းပင်။

ဤသည်မှာ သူ့ထံ၌ နောက်ထပ် မျက်လုံးနှစ်စုံ ရှိနေခြင်းနှင့် ကွဲပြားခြားနားမှုမရှိချေ။

ဤအရာအပြင် ကိုယ်ပွားများတွင် နောက်ထပ် ကောင်းကင်ကို အန်တုသော လုပ်ဆောင်ချက်တစ်ခု ကျန်ရှိနေသည်။

ဤသည်မှာ မူလခန္ဓာကိုယ်သည် သူ၏စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ကိုယ်ပွားများထံ အချိန်မရွေး လွှဲပြောင်းပေးနိုင်ပြီး သူတို့ကို ထိန်းချုပ်နိုင်ခြင်း...

အကျပ်အတည်းတစ်ခုတွင်ပင် သူ၏စိတ်ဝိညာဉ်တစ်ခုလုံးကို ကိုယ်ပွားများထံ လွှဲပြောင်းပေးနိုင်လေ၏။

ဤအချိန်တွင် ကိုယ်ပွားများသည် ပြီးပြည့်စုံသော ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်မည်ဖြစ်ပြီး မူလရုပ်ခန္ဓာကိုယ် ဖြစ်လာပေမည်။

ဒါက ငါ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက်တော့ အရမ်းကို ကောင်းလွန်းတယ်...

လင်းရှောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်းနှင့်အတူ အနာဂတ်တွင် သူ လှုပ်ရှားရန် နေရာပို၍ ရရှိလာပေမည်။

ရဲတင်းသော အကြံအစည် အမျိုးမျိုးက လင်းရှောင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

သို့သော် လင်းရှောင်က အလျှင်အမြန် ခေါင်းခါယမ်းလိုက်သည်။

"မဖြစ်ဘူး..."

"တကယ်လို့ ငါက အပြင်ထွက်ပြီး သူတော်စင်နယ်ပယ်အထက်က တည်ရှိမှုတစ်ခုရဲ့ သတိပြုမိတာကို ခံရရင်...သူတို့က ကိုယ်ပွားရဲ့ အရှိန်အဝါကို အခြေခံပြီးတော့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ငါ့ရဲ့ မူလကိုယ်ကို ခြေရာခံမယ်ဆိုရင်... ငါ သေချာပေါက် သေမှာပဲ..."

"ဒီနည်းလမ်းက ငါ့ရဲ့ တာအိုနှလုံးသားကို အနှောင့်အယှက် ပေးလုနီးပါးပဲ..."

"ငါ့ရဲ့ နယ်ပယ်က အခု အရမ်းနိမ့်ပါးနေသေးတယ်... ငါ့ရဲ့အသက်ကို ကယ်တင်ဖို့ကလွဲရင် ကိုယ်ပွားတွေက လောလောဆယ် သိပ်အသုံးမဝင်ဘူး... ပြီးတော့ လေလံရုံမှာလည်း အန္တရာယ် မရှိဘူးဆိုတော့... ငါ အဲ့ဒါကို နောက်မှသုံးဖို့ ချန်ထားလိုက်မယ်..."

ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူများသည် ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်ပြီး တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူများသည် ဟင်းလင်းပြင်အတွင်း၌ အချိန်တခဏကြာမျှ ခရီးသွားလာနိုင်ပေ၏။

သူတော်စင်နယ်ပယ်အထက်ရှိ ကျင့်ကြံသူများသည် လေဟာနယ်ကိုပင် ချိုးဖျက်နိုင်ပြီး အဝေးမှနေ၍ တိုက်ခိုက်နိုင်သည်။

အကယ်၍ သူသာ ထိုကဲ့သို့ သန်မာအားကောင်းသည့် ကျွမ်းကျင်သူ၏ ပစ်မှတ်ထားခြင်းကို ခံရပါက...

လင်းရှောင်တွင် အသက်သုံးချောင်းရှိသည်ကို မဆိုထားနှင့် အသက်ကိုးချောင်းရှိလျှင်ပင် လုံလောက်မည် မဟုတ်ချေ။

ထိုအန္တရာယ်ရှိသော အတွေးများကို သူ ဖယ်ရှားလိုက်၏။

လင်းရှောင်သည် ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်းကို အသုံးပြုရန် အလျင်မလိုခဲ့ချေ။

ထိုအစား သူက တီးတိုးရေရွတ်ကာ တွေးတောနေခဲ့သည်။

"အခုချိန်မှာ အရေးကြီးဆုံးတာဝန်က ယင်နတ်ဆိုးဂိုဏ်းကို အမြန်ဆုံး ဖြေရှင်းဖို့ပဲ..."

"ဘယ်လိုပဲဖြစ်ဖြစ်... နှစ်ရက်ကျော်ကျော်လေးပဲ ကျန်တော့တာဆိုတော့... ငါ မြန်မြန်လုပ်ရမယ်..."

ဤအကြောင်းကို တွေးမိသောအခါ...

လင်းရှောင်သည် ရွှီမို ပေးခဲ့သော "မြောက်ပိုင်း မရဏနယ်မြေ မဟာကျမ်းစာ " စာအုပ်ကို ထုတ်ယူ၍ လျှင်မြန်စွာ ဖတ်ရှုလိုက်သည်။

မကြာမီ ယင်နတ်ဆိုးဂိုဏ်း၏ တည်နေရာကို သူ ရှာတွေ့ခဲ့သည်။

ဤသည်မှာ ယန်အောင်းတော်ဝင်နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ တောင်ခြေတစ်ခုတွင် ဖြစ်ပေ၏။

ဒီနေရာကနေ မိုင်ငါးထောင်လောက် ဝေးတာလား...

"ငါ အစကတော့ အာဒီနိုစ့်ကို လွှတ်ချင်ခဲ့တာ... ဒါပေမဲ့ အဲ့ဒါက အလုပ်ဖြစ်မယ် မထင်ဘူး..."

"မိုင် ၅၀၀၀ဆိုတာ အရမ်းဝေးတယ်... အာဒီနိုစ့် အချိန်မီ ရောက်နိုင်မှာ မဟုတ်ဘူး..."

"ကြည့်ရတာ ဖန်းကျောက်နဂါးလိပ်ကို ပို့ဖို့ သွမ်ခုန်းကို ငါ လွှတ်ရတော့မယ့်ပုံပဲ..."

လင်းရှောင်က တီးတိုးရေရွတ်လိုက်၏။

ထို့နောက်...

လင်းရှောင်၏ စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ လည်ချောင်းတွင် ချက်ချင်းစုစည်းသွားပြီး အသံပေးပို့လိုက်သည်။

"သွမ်ခုန်း... ခဏလောက် ဒီနေရာကို လာပါအုံး...ငါ မင်းကို ပေးစရာ တာဝန်တစ်ခု ရှိတယ်..."

အသက်ရှုချိန်အနည်းငယ် အကြာတွင်...

သွမ်ခုန်းက လင်းရှောင်၏ရှေ့သို့ လျှောက်လှမ်းလာပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ မေးလိုက်သည်။

"သခင်လေး... ဘာအမိန့်ပေးစရာများ ရှိလို့လဲ..."

လင်းရှောင်သည် စက္ကူတစ်ရွက်ကို ထုတ်ယူကာ ယင်နတ်ဆိုးဂိုဏ်း၏ အသေးစိတ်တည်နေရာကို ရေးမှတ်လိုက်၏။

သူက စက္ကူကို သွမ်ခုန်း၏လက်ထဲသို့ ထည့်ပေးပြီး ညွှန်ကြားလိုက်သည်။

"ဒါက ယင်နတ်ဆိုးဂိုဏ်းရဲ့ တည်နေရာပဲ... နှစ်ရက်အတွင်း မင်း အဲ့ဒီကို ရောက်ရမယ်... ပြီးရင် ငါ မင်းကို ပေးထားတဲ့ စိတ်ဝိညာဉ်သားရဲကို လွှတ်ပေးပြီး ယင်နတ်ဆိုးဂိုဏ်းကို တစ်ခါတည်း အမြစ်ပြတ်သုတ်သင်လိုက်..."

စိတ်ဝိညာဉ်သားရဲလား...

သွမ်ခုန်း အချိန်တခဏကြာမျှ မှင်သက်သွားသည်။

"ငါနဲ့ လိုက်ခဲ့..."

လင်းရှောင်က အေးအေးဆေးဆေး ပြောဆိုသည်။

လင်းရှောင် မတ်တတ်ရပ်ပြီး သွမ်ခုန်းနှင့်အတူ ပင်မ ခန်းမမှ ထွက်လာသည်။

သူတို့သည် လေလံရုံ၏ ကျယ်ဝန်းသော အနောက်ဘက်ခြံဝင်းသို့ သွားခဲ့ကြ၏။

လေလံရုံ၏ အနောက်ဘက်ခြံဝင်းသည် မီတာရာပေါင်းများစွာ ကျယ်ဝန်းပြီး မြင့်မားသော နံရံများဖြင့် ကာရံထားကာ အလွန်သီးသန့်ဆန်သည်။

"ငါ့ရဲ့ ကာကွယ်ရေး စိတ်ဝိညာဉ်သားရဲ ထွက်လာခဲ့စမ်း ..."

လင်းရှောင်က လူငယ်တို့၏တက်ကြွမှု အနည်းငယ်ဖြင့် အော်ဟစ်လိုက်သ​ည်။

ဖန်းကျောက်နဂါးလိပ်သည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပေ၏။

ထိုသားရဲ၏ ဧရာမပုံရိပ်သည် လေထဲမှ ထွက်ပေါ်လာပြီး သူတို့၏လမ်းကို ချက်ချင်းပိတ်ဆို့လိုက်သည်။

ဤသည်က သွမ်ခုန်းကို ထိတ်လန့်သွားစေခဲ့သည်။

အိမ်နှစ်လုံးစာ အရွယ်အစားရှိသော ဆူးချွန်များပါသည့် လိပ်ခွံနှင့် မီတာဆယ်ဂဏန်းကျော် မြင့်သော ခန္ဓာကိုယ်...

မယုံနိုင်လောက်အောင် တောင့်တင်းသော ခြေလက်များနှင့် ထူထဲပြီး သန်မာအားကောင်းသော အမြှီး...

ထို့ပြင် ဆူးချွန်များစွာ ပါရှိသည့် ဧရာမ လိပ်ခေါင်းကြီး...

ဤသည်က ထိုသားရဲ၏အမြှီးတွင် မြွေခေါင်းမပါခြင်းမှလွဲ၍ ဒဏ္ဍာရီလာ လိပ်နက်နှင့် အနည်းငယ် ဆင်တူလေ၏။

"ဖန်းကျောက်နဂါးလိပ်

မျိုးနွယ်... နတ်ဆိုးသားရဲ မျိုးနွယ်စု

နယ်ပယ်....သတ္တမ အလယ်အလတ်အဆင့်

ဖော်ပြချက်...လိပ်နက်သွေးမျိုးဆက် အနည်းငယ် ပါဝင်တဲ့ စိတ်ဝိညာဉ်လိပ်တစ်ကောင်ဖြစ်ပြီး... ကြီးမားတဲ့ အလားအလာနဲ့ အရမ်းသန်မာအားကောင်းတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်... အဆင့်ငယ်လေးတွေကို ကျော်လွန်ပြီးတော့ အလွယ်တကူ တိုက်ခိုက်နိုင်ပြီး သူ့ရဲ့ လိပ်နက်သွေးမျိုးဆက်ကို အသက်သွင်းလိုက်ရင်... သူတော်စင် တစ်ဦးကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်"

လင်းရှောင်သည် သူ၏ကောင်းကင်ဘုံမျက်လုံးကို တိတ်တဆိတ် အသက်သွင်းလိုက်ရာ သူ၏ရှေ့ရှိ ဖန်းကျောက်နဂါးလိပ်၏ အချက်အလက်များကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

"လိပ်နက်သွေးမျိုးဆက် ... ဒါက မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတစ်ခုပဲ..."

လင်းရှောင်၏နှုတ်ခမ်းများက အပြုံးဖျော့ဖျော့လေး တစ်ခုအဖြစ် ကွေးတက်သွားခဲ့လေ၏။

"သ... သခင်..."

ထိုအချိန်မှာပင် ဖန်းကျောက်နဂါးလိပ်က ပါးစပ်ဟလိုက်သည်။

သူ၏အသံထွက်မှာ သိပ်မမှန်သော်လည်း သူသည် အမှန်တကယ်ပင် လူသားဘာသာစကားကို ပြောဆိုခဲ့သည်။

လင်းရှောင် ဆွံ့အမသွားဘဲ မနေနိုင်တော့ချေ။

"နဂါးလိပ်... မင်း တကယ် စကားပြောနိုင်တာလား...ဒါက လိပ်နက် သွေးမျိုးဆက်ကြောင့်များလား..."

လင်းရှောင်က သူ၏မေးစေ့ကို ပွတ်သပ်ကာ အနည်းငယ် ဇဝေဇဝါဖြစ်နေပုံ ရလေ၏။

သို့သော် သူ များစွာမစဉ်းစားတော့ဘဲ ဆက်လက်၍ ပြောဆိုလိုက်သည်။

"မင်းကို သွမ်ခုန်းရဲ့ အမိန့်တွေကို နားထောင်အောင် ဘယ်လို လုပ်ရမလဲလို့ ငါ တွေးနေတာ... အခုတော့ ပြဿနာ မရှိတော့ဘူးထင်တယ်..."

လင်းရှောင်က ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။

"သခင်... သတ္တမအဆင့် နတ်ဆိုးသားရဲတွေက ဉာဏ်ရည် ဖွံ့ဖြိုးလာလို့... လူစကား ပြောနိုင်တာပါ... ကျွန်တော်ရဲ့ သွေးမျိုးဆက်ကြောင့် မဟုတ်ပါဘူး..."

ဖန်းကျောက်နဂါးလိပ်က ရိုးသားစွာ ရှင်းပြလိုက်၏။

"..."

"ကြည့်ရတာ ငါ တကယ်ကို စာများများဖတ်ဖို့ လိုနေပြီ... မဟုတ်ရင် နောက်ပိုင်းကျရင် ငါ တုံးအတာ အရမ်းသိသာသွားလိမ့်မယ်..."

လင်းရှောင်၏နှုတ်ခမ်းများက ခါးသီးသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

ထို့နောက် လင်းရှောင်သည် ဖန်းကျောက်နဂါးလိပ် ၏ ခြေဖဝါးဆီသို့ သွားကာ ပြင်းပြင်းထန်ထန်ပုတ်ပြီး ညွှန်ကြားလိုက်၏။

"ဖန်းကျောက်နဂါးလိပ် ... သွမ်ခုန်း မင်းကို အဲ့ဒီနေရာ​ဆီ ပို့ပြီးတာနဲ့ ငါ့အတွက် ယင်နတ်ဆိုးဂိုဏ်းကို မြန်မြန်ဖျက်ဆီးပေးပါ..."

"ပြီးရင် သွမ်ခုန်းနဲ့အတူ မြန်မြန်ပြန်လာခဲ့... အချိန်မဆွဲနဲ့..."

ဖန်းကျောက်နဂါးလိပ်က ခေါင်းညိတ်လိုက်၏။

"သခင်... စိတ်မပူပါနဲ့... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."

လင်းရှောင်က ခေါင်းညိတ်လိုက်သည်။

သူသည် ဧရာမ စိတ်ဝိညာဉ်သားရဲအိတ် တစ်လုံးကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ စိတ်ဝိညာဉ်လိပ်ကို အထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် သွမ်ခုန်းကို လှည့်ကြည့်ပြီး စိတ်ဝိညာဉ်သားရဲအိတ်ကို လက်ကမ်းပေးကာ ပြောဆိုသည်။

"နှစ်ရက်အတွင်း... ဖန်းကျောက်နဂါးလိပ်ကို ယင်နတ်ဆိုးဂိုဏ်းဆီ ပို့ပေးပါ....ယင်နတ်ဆိုးဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပြီးတာနဲ့ သူတို့ရဲ့ ဘဏ္ဍာတိုက် ကို မြန်မြန်ရှာဖွေရမယ်... စိတ်ဝိညာဉ်ကျောက်တုံး တွေနဲ့ စတုတ္ထအဆင့် ဒါမှမဟုတ် အဲ့ဒီအထက်က ရတနာတွေကိုပဲ ယူလာခဲ့..."

"တကယ်လို့ တခြားအင်အားစုတွေက ကျင့်ကြံသူ တွေ ရောက်လာရင်... ချက်ချင်း ထွက်လာရမယ်... အချိန်တိုအတွင်းမှာ... ဖန်းကျောက်နဂါးလိပ်ရဲ့ တည်ရှိမှုကို ဘယ်သူ့ကိုမှ ငါ မသိစေချင်သေးဘူး..."

သွမ်ခုန်းသည် စိတ်ဝိညာဉ်သားရဲအိတ်ကို ယူကာ သူ၏ခါးတွင် ချိတ်ဆွဲလိုက်၏။

ထို့နောက် သူက ခပ်ဖျော့ဖျော့ပြုံးကာ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"နားလည်ပါပြီ... သခင်လေး... ကျေးဇူးပြုပြီး စိတ်ချပါ...ခရီးကနည်းနည်းဝေးတော့... ကျွန်တော် အရင် သွားနှင့်ပါ့မယ်..."

သွမ်ခုန်းသည် လက်ပူးဆုပ်ကာ လင်းရှောင်ကို ဦးညွှတ်လိုက်၏။

ထို့နောက် သူသည် မြေကြီးပေါ်သို့ ​ခြေဆောင့်နင်းကာ လေထဲသို့ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

All Chapters