အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) မိုလီ၏ဖုံးကွယ်မှု...အစ်ကိုတစ်ယောက်ရဲ့ တာဝန်
လင်းရှောင်က သွမ်ခုန်း ထွက်သွားသည်ကို ကြည့်ကာ နေရာတွင်ပင် မတ်တတ်ရပ်နေသည်။
ဤသည်မှာ သွမ်ခုန်း မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်အထိပင်။
သွမ်ခုန်း၏ပုံရိပ်ကို သူ မမြင်နိုင်တော့ချေ။
"ပျံသန်းနိုင်တာ အရမ်းကောင်းတာပဲ... လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်ကို ရောက်တာနဲ့... ဒီကျယ်ပြန့်တဲ့ လောကကြီးကို ငါ သေချာကြည့်ရမယ်..."
ပျံသန်းခြင်းသည် လူသားများအတွက် ထူးခြားသော စိတ်ကူးယဥ်ဆန်မှုတစ်ခုပင်။
ကောင်းကင်ယံတွင် ပျံသန်းပြီး အရာအားလုံးကို အထက်စီးမှ ကြည့်ရသည့် ခံစားချက်ကို မလိုချင်သူဟူ၍ မည်သူမျှ မရှိချေ။
ဝေးကွာသွားသော သွမ်ခုန်းကို ကြည့်ကာ လင်းရှောင် သည် တောင့်တခြင်းမပြုဘဲ မနေနိုင်တော့ချေ။
"ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မှာပါ...ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အမြန်နှုန်းနဲ့ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင်... တစ်လအတွင်းမှာ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး..."
လင်းရှောင်က သူ၏အကြည့်ကို ရုတ်သိမ်းပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ဤသည်မှာ လင်းရှောင် ကြွားလုံးထုတ်နေခြင်း မဟုတ်ချေ။
ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးကို စားသုံးပြီးနောက် သူသည် လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားလေပြီ။
သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ ယခင်ကထက် များစွာပို၍ သာလွန်နေခဲ့သည်။
သူ ပိုင်ဆိုင်ထားသော စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများနှင့် ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်ဝင်ရောက်ရန် သူ့အတွက် လုံးဝမခက်ခဲတော့ပေ။
"နောက်တစ်ခုကတော့... ငါ ပြန်သွားပြီး ကျင့်ကြံသင့်တယ်... လာမယ့်ရက်အနည်းငယ်အတွင်းမှာ စိတ်ဝိညာဉ်ချောက်နက်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားရမယ်..."
"နောက်ပြီးတော့... အဲ့ဒီ မြောက်ပိုင်း မရဏနယ်မြေ မဟာကျမ်းစာစာအုပ်ကို သေချာလေ့လာပြီးတော့ အကုန်လုံးကို မှတ်ထားဖို့ အချိန်ရှာရမယ်..."
"အနာဂတ်မှာ မတော်တဆ ထိပ်သီးအင်အားစုတစ်ခုကို ငါ စော်ကားမိပြီးတော့ သူတို့အကြောင်း ဘာမှမသိတာမျိုး ငါ မဖြစ်ချင်ဘူး..."
ထိုသို့ပြောဆိုပြီးနောက်...
လင်းရှောင်သည် အနောက်ဘက်ခြံဝင်းမှ ထွက်လာပြီး နောက်ရှိ ပင်မခန်းမသို့ ပြန်လာခဲ့သည်။
သူ ဝင်သွားသည်နှင့်တစ်ပြိုင်နက် မြေကြီးပေါ်ရှိ မင်းသား၏အလောင်းကို သတိပြုမိသွားသည်။
"အို... ငါ မေ့လုနီးပါးပဲ..."
"အာဒီနိုစ့်... ဒီကောင်ရဲ့ အလောင်းကို ရှင်းပစ်လိုက်..."
လင်းရှောင်က ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ သခင်..."
အာဒီနိုစ့်သည် လင်းရှောင်၏အရိပ်ထဲမှ အလျှင်အမြန် ပျံသန်းထွက်လာခဲ့သည်။
သူသည် မင်းသား၏အလောင်းကိုဆွဲကာ အပြင်သို့ ထွက်သွားသည်။
ထို့နောက် လင်းရှောင်သည် ခန်းမအတွင်းရှိ အခန်းတစ်ခန်းဆီသို့ လျှောက်လှမ်းသွားသည်။
သူသည် ကျင့်ကြံရန် ပြင်ဆင်လိုက်ပြီး စိတ်ဝိညာဉ်ချောက်နက်နယ်ပယ်သို့ တစ်ဟုန်ထိုး ချိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်လိုက်၏။
သို့သော် သူ လျှောက်လှမ်းသွားနေစဉ်...
လင်းရှောင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ရပ်တန့်လိုက်သည်။
"အော်... ဟုတ်သားပဲ... ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံ က သခင်ကို အသိအမှတ်ပြုဖို့ လိုသေးတာကို ငါ မေ့လုနီးပါးပဲ..."
"သွမ်ခုန်းနဲ့ ဖန်းကျောက်နဂါးလိပ် နှစ်ယောက်လုံး ထွက်သွားကြပြီဆိုတော့... အာဒီနိုစ့် တစ်ယောက်ပဲ ကျန်တော့တာ... သူ့ရဲ့ နယ်ပယ်က နည်းနည်း နိမ့်တယ်...ခုရက်ပိုင်းမှာ ငါ သတိထားနေပြီးတော့ အပြင်မထွက်ဖို့ ကြိုးစားရမယ်..."
"ကြည့်ရတာ ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်းကို အစီအစဉ်ထဲ အမြန်ထည့်ရတော့မယ့်ပုံပဲ... ဒါပေမဲ့ နတ်ဘုရားစိတ်ဝိညာဉ်နှစ်ခု ခွဲထုတ်တာက မရိုးရှင်းဘူး... ဘယ်လောက်ကြာမလဲဆိုတာ ငါ မသိဘူး..."
"ပြီးတော့ အဲ့ဒီ လေလံရုံအဆင့်မြှင့်တင်ခြင်းကတ်ကိုလည်း သုံးသင့်တယ်..."
လင်းရှောင်က တွေးတောလိုက်သည်။
အတွေးတစ်ချက်ဖြင့် အပြာနုရောင် ဝတ်စုံတစ်ထည်က လင်းရှောင်၏လက်ထဲတွင် ထွက်ပေါ်လာသည်။
ဤသည်မှာ လင်းရှောင် မကြာမီကမှ ရရှိခဲ့သော ကာကွယ်ရေးရတနာဖြစ်သည့် ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံပင်။
လင်းရှောင်သည် သူ၏နတ်ဘုရားစိတ်အာရုံတစ်မျှင်ကို ခွဲထုတ်ပြီး ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံနှင့် ပေါင်းစပ်လိုက်၏။
မကြာမီ သူနှင့် ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံကြားရှိ ညင်သာသိမ်မွေ့သော ဆက်သွယ်မှုကို သူ ခံစားလိုက်ရသည်။
ထို့ကြောင့် ကာကွယ်ရေး ရတနာ၏ ရိုးရှင်းသော အသိအမှတ်ပြုခြင်း ပြီးဆုံးသွားသည်။
ထို့နောက်...
ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံသည် ကြယ်ရောင်များအဖြစ် ပြောင်းလဲသွားပြီး လင်းရှောင်၏အဝတ်အစားများထဲသို့ ပေါင်းစပ်သွားပေ၏။
လင်းရှောင်သည် သူ၏ရင်ဘတ်ပေါ်ရှိ ဝတ်စုံကို ထိလိုက်ပြီး လုံးဝလုံခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခုအချိန်၌ သူ၏နံဘေးတွင် သွမ်ခုန်း မရှိလျှင်ပင်...
မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူ များထံမှ ခြုံခိုတိုက်ခိုက်မှုများကို သူ ကြောက်ရွံ့ရန် မလိုတော့ချေ။
သူ ချက်ချင်းဆိုသလိုပင် များစွာပို၍ စိတ်အေးသွားသည်ဟု ခံစားလိုက်ရသည်။
လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
သူသည် အနီးအနားရှိ အခန်းထဲသို့ ဆက်လက်၍ လျှောက်လှမ်းသွားလေ၏။
အခန်းထဲရှိ လက်ဖက်ရည်ထိုင်ခုံပေါ်တွင် သူ ထိုင်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"စနစ်... လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်ကို သုံးမယ်..."
"လေလံရုံမှာ သက်ရှိသတ္တဝါတွေ ရှိနေသေးတာကို တွေ့ရှိရပါတယ်... အသုံးပြုလို့ မရပါဘူး.."
"လေလံရုံ အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်အတွင်းမှာ သက်ရှိသတ္တဝါတွေ ရှိခွင့်မပြုဘူး... အဲ့ဒါက ၃ ရက်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ သိသာထင်ရှားတဲ့ ဆူညံပွက်လောရိုက်မှုတွေ ဖြစ်ပေါ်စေမှာပါ..."
"အဆင့်မြှင့်တင်ခြင်းကတ်ကို မသုံးခင် သင့်တော်သလို စီစဉ်ပေးပါ အိမ်ရှင်..."
စနစ်၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
လင်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။
"သိသာထင်ရှားတဲ့ ဆူညံပွက်လောရိုက်မှု... ပြီးတော့ သုံးရက်လောက် ကြာမယ် ဟုတ်လား..."
"ကြည့်ရတာ သွမ်ခုန်းနဲ့တခြားသူတွေ ပြန်လာတဲ့အထိ ငါ စောင့်ရမယ့်ပုံပဲ..."
"မဟုတ်ရင်... တစ်ယောက်ယောက်က ပြဿနာ လာရှာရင်... ငါနဲ့ အာဒီနိုစ့်တို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."
"အရင်ကျင့်ကြံတာပေါ့..."
လင်းရှောင်က မတ်တတ်ရပ်လိုက်ပြီး လေလံရုံ အဆင့်မြှင့်တင်ရေးကို ယာယီဘေးဖယ်ထားလိုက်၏။
သူ ခုတင်နားသို့ လျှောက်သွားပြီး ပလ္လင်ခွေထိုင်လိုက်သည်။
သူသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
အထူးဧည့်သည်တော် အခန်း ၁....
မိုချီ တစ်ယောက်တည်းသာ လက်ဖက်ရည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အခန်းမှာ အလွတ်ဖြစ်နေခဲ့သည်။
ဤအချိန်တွင် မိုချီက မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။
သူမ၏အကြည့်သည် တံခါး၏ ဦးတည်ရာကို တိတ်တဆိတ် စောင့်ကြည့်နေပြီး တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက်....
မိုလီ၏ပုံရိပ် တံခါးဝတွင် ပေါ်လာပြီး သူ၏လက်ထဲတွင် စိတ်ဝိညာဉ်သားရဲအိတ်တစ်လုံးကို ကိုင်ထားလေ၏။
မိုချီ၏မျက်ခုံးများ ပြေလျော့သွားပြီး တောက်ပသော အလင်းတန်းတစ်တန်း သူမ၏မျက်လုံးများတွင် လင်းလက်သွားသည်။
"အစ်ကို... ပြန်လာပြီပဲ...ဘာလို့ ဒီလောက် ကြာနေတာလဲ... တစ်ခုခု မှားယွင်းသွားပြီလို့ ညီမလေးက ထင်နေတာ..."
မိုချီ၏လေသံတွင် မကျေနပ်မှု မရှိဘဲ ညင်သာသိမ်မွေ့သော စိုးရိမ်ပူပန်မှုသာ ပါဝင်နေသည်။
မိုလီက မိုချီ၏နံဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
သူက အပြုံးနှင့် ပြောလိုက်၏။
"အာကွီကို သွားပြန်ယူတော့... ကြီးကြပ်ရေးမှူး လီယီ က ငါတို့ ဆေးသွားဝယ်မယ် ဆိုတာကို ကြားပြီးတော့ ငါ့ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ပေးဖို့ လုပ်နေတယ်... အဲ့ဒါက ဥက္ကဋ္ဌ လင်းရဲ့ ညွှန်ကြားချက်လို့ ပြောတယ်..."
"လေလံရုံက ငါတို့အပေါ် လုံလောက်အောင် ကောင်းမွန်နေပါပြီ... ငါ ငြင်းဖို့ ကြိုးစားခဲ့သေးတယ်..."
"ဒါပေမဲ့ ကြီးကြပ်ရေးမှူး လီယီက အရမ်းစိတ်အားထက်သန်နေတော့... နောက်ဆုံးမှာ ငါ လက်ခံလိုက်ရတယ်..."
"ဥက္ကဋ္ဌလင်းရဲ့ ကျေးဇူးတွေ ငါတို့အပေါ် ပိုပိုပြီး များလာပြီ..."
မိုလီ၏ပါးစပ်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူက အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ငါတို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေနဲ့ဆိုရင်... လေလံရုံကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး... ဒီဘဝမှာ ဒီကျေးဇူးတွေကို ငါတို့ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး ထင်တယ်..."
မိုချီက ခပ်ဖျော့ဖျော့ပြုံးပြီး သူမက တိုးညှင်းစွာ ပြောလိုက်၏။
"ဥက္ကဋ္ဌလင်းတို့က လူကောင်းတွေပါ... ငါတို့က တိမ်တိုက်ကောင်းကင်လေလံရုံကို အစွမ်းကုန် အလုပ်အကျွေးပြုဖို့ပဲလိုတယ်..."
မိုချီက အချိန်တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထပ်မံ၍ ပြောဆိုသည်။
"အစ်ကို... အခု ငါတို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး တွေ ဒီလောက်ထိ အများကြီး ရှိနေပြီဆိုတော့... အစ်ကို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀လောက် ဖယ်ထားလိုက်ပါ..."
"ညီမလေး အတွက် ဆေးဝယ်ဖို့ အကုန်လုံး မသုံးပါနဲ့..."
"အစ်ကို့မှာ အမြဲတမ်း အားကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်မျိုး ရှိတယ်ဆိုတာ ညီမလေး သိပါတယ်..."
မိုလီသည် တွေဝေတုံ့ဆိုင်းသွားပေ၏။ သို့သော် သူက အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။
"မလုပ်ပါဘူး... ညီမလေး ရဲ့ ရောဂါ မပျောက်မချင်း... ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အစ်ကို မသုံးဘူး..."
"ညီမလေးရဲ့ ရောဂါက ပိုပြီးအရေးကြီးတယ်..."
"ညီမလေးကို ကောင်းကောင်း စောင့်ရှောက်မယ်လို့ အဘိုးကို အရင်က အစ်ကို ကတိပေးထားခဲ့တယ်လေ..."
မိုလီ၏လေသံတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့်ပြည့်နှက်နေသည်။
မိုချီ၏မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး မိုလီ၏မျက်နှာကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။
သူမက အသနားခံသော လေသံဖြင့် တိုးညှင်းစွာ ပြောဆိုသည်။
"အစ်ကို... ကျေးဇူးပြုပြီး ညီမလေးရဲ့စကားကို နားထောင်ပါ..."
မိုလီက ခေါင်းခါယမ်းရန် ဟန်ပြင်လိုက်သော်လည်း သူ လှည့်ကြည့်မိချိန်တွင် မိုချီ၏ တည်ကြည်လေးနက်သော အကြည့်ကို မြင်တွေ့လိုက်ရသည်။
သူက ညင်သာစွာ သက်ပြင်းချပြီး နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။
"အစ်ကိုက ညီမလေးရဲ့စကားကို နားထောင်ပါ့မယ်... ဒါပေမဲ့ ကျန်တဲ့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ကို ညီမလေးအတွက် ဆေးဝယ်ဖို့ သုံးရမယ်..."
"ခဏနေရင် မြို့ထဲကို ဆေးသွားဝယ်ကြတာပေါ့..."
"ဒီလောက် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးနဲ့ဆိုရင်... ညီမလေးရဲ့ ရောဂါကို တစ်ခါတည်း ပျောက်ကင်းအောင် ကုသနိုင်လောက်တယ်..."
မိုချီက ညင်သာစွာ ခေါင်းညိတ်လိုက်၏။
သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဒါဆိုရင် ငါတို့ အခု သွားကြရအောင်... လေလံရုံကို ရှင်းလင်းဖို့ ငါတို့ စောစောပြန်လာလို့ ရတာပေါ့..."
မိုလီက မတ်တတ်ထရပ်ပြီး မိုချီကို ထိုင်ခုံမှ ထရန်အတွက် ကူညီပေးရန် လက်ဆန့်တန်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
မိုလီ၏ခန္ဓာကိုယ်အတွင်းတွင် မီးလောင်နေသကဲ့သို့ ပူလောင်သော နာကျင်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အွတ်... အား...
"ကျက်သရေမရှိလိုက်တာ... ဘာလို့ မကြာသေးခင်ကစပြီး ဒီလောက်ထိ ခဏခဏ ဖြစ်နေရတာလဲ..."
မိုလီသည် သူ၏လက်ကို အလျှင်အမြန် ရုပ်သိမ်းလိုက်ပြီး ရင်ဘတ်ကို ဖိကာ မြေကြီးပေါ်တွင် နာကျင်စွာ ဒူးထောက်လိုက်၏။
"အစ်ကို... ဘာဖြစ်လို့လဲ..."
"အစ်ကို တစ်ခုခု မဖြစ်စေနဲ့နော်... ညီမလေး မှာ အစ်ကိုပဲ ရှိတော့တာ..."
မိုချီ၏စိတ်သည် တခဏကြာမျှ ဗလာဟင်းလင်း ဖြစ်သွားတော့သည်။
ကြည်လင်သော မျက်ရည်များသည် သူမ၏ မျက်နှာပေါ်သို့ စီးကျလာတော့သည်။
သူမသည် ထိုင်ခုံမှ အလျင်အမြန် ထလာပြီး မိုလီ၏ နံဘေးသို့ ရောက်လာကာ သူ၏ လက်ကို ဖမ်းဆုပ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း မိုလီ၏လက်မှ ပြင်းထန်သော အပူရှိန်တစ်ခု ထွက်ပေါ်လာပြီး မိုချီ၏လက်ကို တွန်းဖယ်လိုက်သည်။
"အစ်ကို... ဘာလို့ ဒီလောက်ထိ ပူနေရတာလဲ... ညီမလေး... ညီမလေး ဘာလုပ်ရမလဲ..."
မိုချီသည် မိုလီ၏ ပူလောင်နေသော လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရန် သူမ၏ အေးစက်သော လက်များကို နောက်တစ်ကြိမ် အသုံးပြုလေသည်။
ဤသည်မှာ မိုလီကို ပို၍သက်သာလာစေရန် သူမ မျှော်လင့်၍ ပြုလုပ်ခြင်းပင်။
"အော်... ဟုတ်သားပဲ... ဥက္ကဋ္ဌ လင်း..."
ထို့နောက် မိုချီသည် လင်းရှောင်ကို သတိရသွားခဲ့လေ၏။
"ဥက္ကဋ္ဌလင်းက အရမ်းသဘောကောင်းတာ... သူ့မှာ သေချာပေါက် အဖြေတစ်ခု ရှိမှာပဲ..."
မိုချီသည် မိုလီ၏လက်ကို လွှတ်လိုက်ပြီး နောက်လှည့်ကာ လင်းရှောင်ကို သွားရှာရန် ဟန်ပြင်လေသည်။
"နေဦး... နေဦး..."
"ဥက္ကဋ္ဌလင်းကို ထပ်ဒုက္ခမပေးပါနဲ့... အစ်ကို ခဏနေရင် ကောင်းသွားမှာပါ..."
မိုလီသည် မိုချီကို ဆွဲကာ လက်တစ်ဖက်ဖြင့် ထောက်ပြီး မတ်တတ်ရပ်ရန် ရုန်းကန်လိုက်၏။
မိုချီသည် အလျင်အမြန် နောက်လှည့်ကာ မိုလီကို ထိုင်ခုံပေါ်တွင် ပြန်ထိုင်နိုင်ရန် ဂရုတစိုက် ကူညီပေးလိုက်သည်။
"အစ်ကို... အစ်ကို ဘာတွေ ဖြစ်နေတာလဲ..."
မိုလီ၏မျက်နှာတွင် အကျပ်ရိုက်နေသော အမူအရာတစ်ခု ထွက်ပေါ်လာပြီး တွေဝေတုံ့ဆိုင်းနေခဲ့သည်။
"အစ်ကို..."
သူ၏နံဘေးရှိ မိုချီ၏ စိုးရိမ်နေသော အကြည့်ကို ကြည့်ကာ သူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"တကယ်တော့... အစ်ကို မွေးလာပြီးတဲ့နောက်မှာ... ညီမလေးလိုမျိုး ရောဂါ တစ်ခု ရှိခဲ့တယ်..."
"ဒါပေမဲ့ ညီမလေးရဲ့ ရောဂါက အေးစက်တဲ့ အအေးမိရောဂါ ဖြစ်ပြီးတော့ အစ်ကို့ရဲ့ရောဂါက ပူလောင်တဲ့ အဖျားရောဂါပဲ..."
မိုချီက သူမ၏ခေါင်းကို ပြင်းထန်စွာ ရိုက်ခံနှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
မိုလီသည်လည်း ဤနှစ်များတလျှောက်လုံး ထူးဆန်းသော ရောဂါတစ်ခုကြောင့် မည်ကဲ့သို့ ဝေဒနာမျိုး ခံစားခဲ့ရမည်နည်းကို သူမ တွေးတောလိုက်မိသည်။
ထို့ပြင် ဤကိစ္စကို သူမ လုံးဝမသိခဲ့သဖြင့် သူမကို ပို၍ပင် ငိုကြွေးစေခဲ့လေ၏။
သူမက ရှိုက်ငိုရင်း ဆက်လက်၍ မေးလိုက်သည်။
"ဒါဆို ဘာလို့ အဘိုးနဲ့ညီမလေးကို အရင်က မပြောခဲ့တာလဲ..."
မိုလီသည် သူ၏ ရင်ဘတ်ကို လက်ဖြင့် ထုကာ ပူလောင်သော လေပူများကို မှုတ်ထုတ်ပြီး သူက ပြတ်သားစွာ ပြောဆိုသည်။
"ဘာလို့လဲဆိုတော့ အစ်ကိုက ညီမလေးရဲ့ အစ်ကို ဖြစ်နေလို့ပဲ... အဲ့ဒီတုန်းက အဘိုးက အိုနေပြီ... ပြီးတော့ ညီမလေးကလည်း ငယ်သေးတယ်... အစ်ကိုက မိသားစုကို ထောက်ပံ့ရမယ်..."
"ဒါ့ပြင်... အစ်ကို့ရဲ့ အဖျားရောဂါဖြစ်တဲ့ အကြိမ်အရေအတွက်က မများဘူး... ပြီးတော့ ရောဂါလက္ခဏာတွေကလည်း အတော်လေး သက်သာတယ်... မကြာသေးခင်ကမှ ပိုဆိုးလာတာပါ..."
"အစ်ကို ခဏနေရင် ကောင်းသွားမှာပါ... ညီမလေး အရမ်းစိတ်ပူစရာ မလိုပါဘူး..."
မိုလီသည် လက်ဆန့်တန်းကာ မိုချီ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။