အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ညတွင်းချင်း စိတ်ဝိညာဉ်ချောက်နက်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း... မိုလီ၏ တောင်းဆိုချက်
ထို့နောက် မိုလီက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူသည် ပင်ပန်းနွမ်းနယ်နေသည့်အလား သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ စုံမှိတ်လိုက်၏။
မိုချီသည်လည်း ငိုကြွေးခြင်းကို ရပ်တန့်ကာ မိုလီ ၏ လက်ကို ကိုင်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရချေ။ မိုလီ၏ အသိစိတ်များ တဖြည်းဖြည်း နိုးကြားလာကာ သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ရွှေရောင်အလင်းတန်းများသည် သူ၏မျက်လုံးသူငယ်အိမ်များတွင် လည်ပတ်နေပြီး နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။
အချိန်အတော်ကြာမှသာ ထိုအလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"အစ်ကို... နိုးလာပြီပဲ..."
မိုလီ နိုးလာသည်ကို မြင်သောအခါ မိုချီ အလွန် ဝမ်းသာသွားခဲ့လေ၏။
ထို့နောက် သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အစ်ကို... ဘယ်လိုနေလဲ... နေမကောင်းဖြစ်နေသေးလား..."
မိုလီသည် အလျင်စလို ပြန်မဖြေခဲ့ချေ။ ထိုအစား သူသည် မတ်တတ်ရပ်ကာ သူ၏ခြေလက်များကို ရိုးရှင်းစွာ အကြောဆန့်လေသည်။
သူ၏ ခိုင်မာနေပြီးဖြစ်သော အကြည့်သည် ပို၍ပင် စူးရှလာပေ၏။
ထို့နောက် သူက သူ၏နံဘေးရှိ မိုချီကို လှည့်ကြည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
"အစ်ကို ဘာမှ နေရမခက်တော့ပါဘူး...ဆန့်ကျင်ဘက်အနေနဲ့... အရင်ကထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိတယ်လို့တောင် ခံစားရတယ်..."
"ပြီးတော့... အစ်ကို့မှာ ရှိနေတဲ့ အဖျားရောဂါက လုံးဝပျောက်ကင်းသွားပြီလို့ ကြိုတင်ပြီး ခံစားနေရတယ်..."
မိုလီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်ရပြီး သူ၏လေသံတွင် သေချာမှုများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုတစ်ခုက သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
ဤထူးဆန်းသော ရောဂါသည် သူ့ကို ဆယ့်ခုနစ်နှစ်တိုင်တိုင် ဒုက္ခပေးခဲ့ပြီး ရောဂါပြန်ဖြစ်တိုင်း သူ့ကို ကြီးမားသော နာကျင်မှုများ ဖြစ်စေခဲ့လေ၏။
ယနေ့တွင်မူ သူသည် ထိုအရာကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့လေပြီ။
မိုချီ၏မျက်နှာသည် ဝမ်းသာမှုများဖြင့် လင်းလက်သွားပြီး သူမက မတ်တတ်ထရပ်လိုက်သည်။
သူမက မိုလီ၏ဘယ်ဘက်လက်မောင်းကို ပွေ့ဖက်ပြီး ပြောဆိုသည်။
"တကယ်လား...ဒါက အရမ်းကောင်းတာပဲ..."
မိုလီသည် မိုချီ၏ခေါင်းကို ပွတ်သပ်ပြီး အပြုံးနှင့် ခေါင်းညိတ်လိုက်၏။
ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ လှိုင်းထနေသော်လည်း မရင်းနှီးသော စွမ်းအားကို ခံစားလိုက်ရသည်။
သို့သော် ဤအချိန်တွင် မိုလီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် အဆက်မပြတ် ကြီးထွားနေပြီး ရပ်တန့်မည့် အရိပ်အယောင် မပြသချေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ဤ ကြီးမားသော စွမ်းအားကြောင့် တစ်ပတ်အတွင်း သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားပေမည်။
ဤအကြောင်းကို တွေးမိသောအခါ မိုလီ၏မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း အေးခဲတောင့်တင်းသွားပြီး တည်ကြည်လေးနက်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒီအခြေအနေအရဆိုရင်... ငါ့ရဲ့ခန္ဓာကိုယ်ထဲက ဒီစွမ်းအားကို ထုတ်လွှတ်ဖို့... ငါ တိုက်ပွဲတွေ အများကြီး တိုက်ခိုက်ဖို့ လိုတယ်..."
"ကြည့်ရတာတော့ နောက်ရက်နည်းနည်းလောက်ကြာရင် နတ်ဆိုးသားရဲ တောအုပ်ကို ငါ သွားရတော့မယ့်ပုံပဲ..."
"အဲ့ဒီနေရာမှာ အဆင့်နိမ့် နတ်ဆိုးသားရဲတွေ အများကြီး ရှိတယ်... ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက အားကောင်းတဲ့ စွမ်းအားနဲ့ဆိုရင်... အန္တရာယ် ကြီးကြီးမားမား မရှိနိုင်ဘူး..."
"ဒါပေမဲ့... ဒီကိစ္စကို မိုချီကို ငါ ဖုံးကွယ်ထားရမယ်... ငါ မသွားခင်... ဥက္ကဋ္ဌလင်းဆီမှာလည်း ခွင့်တောင်းရဦးမယ်..."
"အဲ့ဒီအချိန်ကျရင် ဥက္ကဋ္ဌလင်း ကူညီနိုင်မယ်လို့ မျှော်လင့်မိတယ်..."
မိုလီ၏အတွေးများ လျှင်မြန်စွာ ယောက်ယတ်ခတ်နေပြီး အဖြေတစ်ခုကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။
ထိုအရာမှာ သူ နတ်ဆိုးသားရဲများကို အမဲလိုက်ရန်အတွက် နတ်ဆိုးသားရဲတောအုပ်သို့ အလျှင်အမြန် သွားရန်ပင်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော စွမ်းအားများကို သူ သုံးစွဲပစ်ရန် လိုအပ်ပေ၏။
ထိုသို့ပြုလုပ်မှသာ သူ၏ခန္ဓာကိုယ် ပေါက်ကွဲမသွားစေရန် ကာကွယ်နိုင်ပေမည်။
သတိပြန်ဝင်လာပြီးနောက် မိုလီသည် တည်ငြိမ်ဟန်ဆောင်လိုက်ပြီး မည်သည့် ထူးခြားသော အမူအရာကိုမျှ မပြသခဲ့ချေ။
သူသည် မိုချီ၏ သေးငယ်သောလက်ကို ညင်သာစွာ ကိုင်လိုက်ပြီး အထူးဧည့်သည်တော်အခန်းထဲမှ ထွက်လာစဉ် ပြောဆိုလိုက်သည်။
"ဆေးသွားဝယ်ကြရအောင်... အစ်ကို့ရဲ့ ရောဂါက ပျောက်လုနီးပါး ဖြစ်နေပြီဆိုတော့... ညီမလေးရဲ့ ရောဂါလည်း ကျန်ခဲ့လို့ မဖြစ်ဘူး..."
မိုချီက ခေါင်းညိတ်ပြပြီး မိုလီ၏နောက်သို့ လိမ္မာစွာ လိုက်ပါသွားသည်။
"နောက်ပြီးတော့... ညီမလေးရဲ့ ဆေးကို ဝယ်ပြီးရင်... အစ်ကို အိမ်ကို ခဏပြန်သွားဖို့ လိုလိမ့်မယ်... တောင်အောက် မဆင်းခင် ပစ္စည်းတချို့ ယူလာဖို့ မေ့သွားတယ်...ညီမလေးရဲ့ အအေးမိရောဂါက မပျောက်သေးဘူးဆိုတော့... အစ်ကိုနဲ့ ပြန်မလိုက်ခဲ့နဲ့တော့... လေလံရုံမှာပဲ ဘေးကင်းကင်း နေရစ်ပါ..."
မည်သည့်အရာကိုမျှ မသိသော မိုချီသည် အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီလေ... ညီမလေး နားလည်ပါပြီ..."
စကားပြောဆိုနေရင်း သူတို့နှစ်ဦးသည် လေလံရုံမှ ထွက်လာခဲ့ကြပြီး မြို့လယ်ရှိ ဆေးဆိုင်ကြီးဆီသို့ ဦးတည်သွားကြ၏။
နောက်တစ်နေ့နံနက်တွင် ပလ္လင်ခွေထိုင်နေသော လင်းရှောင်က သူ၏မျက်လုံးများကို တိတ်တဆိတ် ဖွင့်လိုက်သည်။
အပြုံးဖျော့ဖျော့လေးတစ်ခုက သူ၏နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။
'အိမ်ရှင်...လင်းရှောင်
မျိုးနွယ်...လူသားမျိုးနွယ် / ကမ္ဘာခြားနတ်ဆိုး
နယ်ပယ်... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အစောပိုင်းအဆင့်
ရုပ်ခန္ဓာကိုယ်...ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် (ဘုရင်အဆင့်)
သိုင်းပညာ ကျွမ်းကျင်မှုများ... ကျောက်တုံးခွဲလက် (ပထမ အထွတ်အထိပ်အဆင့်)၊ ကျားနက်နှလုံးဖောက်လက်ဝါး (ပဉ္စမအလယ်အလတ်အဆင့်)၊ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် (အဆင့်မဲ့)၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား (သတ္တမ အထွတ်အထိပ်အဆင့်)
နတ်ဘုရားစွမ်းရည် /အင်မော်တယ်နည်းစနစ်... ချီတစ်ချက်က သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း (ထိပ်တန်း နတ်ဘုရားစွမ်းရည်)
စနစ် ဟင်းလင်းပြင်..ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ (ပဉ္စမအဆင့်နိမ့်)၊ ပိုင်ကျဲ့ (ပျံသန်းရေးသားရဲ)၊ ဖန်းကျောက်နဂါးလိပ် (စိတ်ဝိညာဉ်သားရဲ)၊ ကောင်းကင်ချိုးဖျက် မရဏကျား အလောင်း၊ ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံ၊ ဆဌမအဆင့် ထိပ်တန်းအဆင့် အမွေအနှစ်၊ လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်...
လေလံတုံ့ပြန်မှု အကြိမ်အရေအတွက် ... ၀ (၂၈ ရက်အကြာတွင် ပြန်လည်ပြည့်တင်းမည်)
စနစ်တာဝန်...အရပ်မျက်နှာအားလုံးတွင် နာမည်ကြီးခြင်း
၁...တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ ဂုဏ်သတင်းကို ၁၀ သန်းအထိ တိုးမြှင့်ပြီး... ယန်အောင်းတော်ဝင်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးအောင်လုပ်ပါ... လက်ရှိ တိုးတက်မှု.. ၇၃၀၀၀၀ / ၁၀၀၀၀၀၀၀
၂...ပဉ္စမအဆင့်နဲ့အထက် ရတနာ၁၀ခုကို လေလံတင်ပါ (စနစ်မှ ရတနာ များ အကျုံးမဝင်ပါ)... လက်ရှိ တိုးတက်မှု.... ၀ / ၁၀
ပြီးမြောက်ခြင်း ဆုလာဘ်... အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၁ကတ်၊ နယ်ပယ် အဆင့်မြှင့်တင်ခြင်းကတ် (အိမ်ရှင်သီးသန့်) ၁ကတ်၊ အဆင့်မြင့် သိုင်းပညာနည်းစနစ်
အချိန်ကန့်သတ်တာဝန်... ယင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ပါ
တာဝန်ဖော်ပြချက်... တိမ်တိုက်ကောင်းကင်လေလံရုံကို စော်ကားလို့ မရဘူး... ပြီးတော့ ယင်နတ်ဆိုးဂိုဏ်း ရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်လို့ မရဘူး... သုံးရက် အတွင်း ယင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ပါ...
ပြီးမြောက်ခြင်း ဆုလာဘ်...ကျပန်း ပစ္စည်း ကတ် ၁ကတ်၊ စနစ် လုပ်ဆောင်ချက် အသစ်တစ်ခု'
အမှန်တကယ်ကို တစ်ညတည်းဖြင့် လင်းရှောင်သည် ကျင့်ကြံဆင့်နယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပေ၏။
သူ၏ အဆင့်ချိုးဖျက်ဝင်ရောက်မှု အမြန်နှုန်းမှာ သူ စိတ်ကူးယဥ်တွေးတောထားသည်ထက်ပင် ပို၍မြန်ဆန်နေသည်။
ခုတင်ပေါ်ရှိ ခြောက်ကပ်နေသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာကို ကြည့်ကာ လင်းရှောင်က အလွန်စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး များ၏ စိတ်ဝိညာဉ်စွမ်းအားများသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ သန့်စင်နေပေ၏။
ဤသည်က လင်းရှောင် တစ်ညတည်းဖြင့် အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း၏ အကြီးမားဆုံး အကြောင်းအရင်းလည်း ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများ၏ ကုန်ဆုံးမှုနှုန်းမှာ သူ တွေးထင်ထားသည်ထက် ပို၍မြန်ဆန်ပြီး တစ်ညတည်းဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးအများအပြားကို အသုံးပြုခဲ့ရသော်လည်း အဆင့်ချိုးဖျက်ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပြဿနာတစ်ခု လုံးဝမဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ လင်းရှောင်သည် လေလံပွဲ တစ်ခုကို ယခုလေးတင် ကျင်းပခဲ့ပြီးဖြစ်ရာ သူသည် အတော်လေး ချမ်းသာနေလေပြီ။
"သွမ်ခုန်း ပြန်မလာခင်... နောက်ထပ် နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်ဖို့ ငါ ထပ်ပြီးကြိုးစားရမယ်..."
လင်းရှောင်သည် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်၏။
ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ထွက်ပေါ်လာသည်။
လင်းရှောင်က စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ပြီး ကျင့်ကြံခြင်းကို ပြန်လည်၍ စတင်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် ခန်းမ၏အပြင်ဘက်မှ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာသည်။
လင်းရှောင်က မျက်မှောင်ကြုတ်လိုက်၏။
သွမ်ခုန်း ထွက်သွားပြီဖြစ်ပြီး အာဒီနိုစ့်က သူ၏ အရိပ်ထဲတွင် အမြဲတစေ ရှိနေသည်။
သူသည် လီယီနှင့်တခြားသူများကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကို မနှောင့်ယှက်ရန် ပြောထားခဲ့သည်။
ဘယ်သူများ ဖြစ်နိုင်မလဲ...
လင်းရှောင်၏ လက်ရှိနယ်ပယ်သည် မနိမ့်ကျတော့သဖြင့် သူ၏အာရုံခံနိုင်စွမ်းမှာ ယခင်ကထက် များစွာပို၍ သာလွန်နေသည်။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် တစ်ချက်လွှမ်းခြုံလိုက်ရုံဖြင့် အပြင်ဘက်တွင် မည်သူရှိနေကြောင်းကို သူ လျှင်မြန်စွာ သိရှိလိုက်၏။
"အော်... သူတို့ပဲ... ဒီလောကကြီးရဲ့ ကလေးတွေက ငါ့ဆီက ဘာလိုချင်လို့လဲ..."
"သူတို့ ထွက်ပြေးဖို့ ကြိုးစားနေတာတော့ မဟုတ်လောက်ဘူးမလား... အဲ့ဒါတော့ မဖြစ်ဘူး..."
လင်းရှောင်က ခုတင်ပေါ်မှ အလျင်အမြန်ဆင်းပြီး ခန်းမထဲသို့ ဝင်လိုက်သည်။
"ဝင်ခဲ့..."
သူ စကားပြောနေစဉ် လင်းရှောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများက ခန်းမ၏ပင်မတံခါးကို တွန်းဖွင့်လိုက်သည်။
ထို့နောက် မိုလီနှင့်မိုချီတို့သည် လင်းရှောင်၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
လင်းရှောင်က လက်ဖက်ရည်စားပွဲနားရှိ ထိုင်ခုံဆီသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်သည်။
ထို့နောက် သူက လက်ဖက်ရည်နှစ်ခွက်ကို ပေါ့ပေါ့ပါးပါး ဖျော်စပ်လေသည်။
"လာ... ထိုင်ပြီး လက်ဖက်ရည် အရင်သောက်ကြရအောင်..."
မိုချီသည် ခြေလှမ်းတစ်လှမ်းလှမ်းကာ ရှေ့သို့ လျှောက်သွားရန် ပြင်လိုက်သော်လည်း မိုလီက သူမကို လက်တစ်ဖက်ဖြင့် တားလိုက်၏။
"ငါ ဥက္ကဋ္ဌနဲ့ စကားပြောစရာရှိတယ်... ညီမလေး အပြင်မှာ နေခဲ့..."
"ဒါပေမဲ့ ဥက္ကဋ္ဌလင်းက လက်ဖက်ရည် ဖျော်ထားပြီးပြီလေ... ကျွန်မ မသွားရင် ရိုင်းရာကျမှာ မဟုတ်ဘူးလား..."
မိုလီက မိုချီ၏ပါးလေးကို ဆွဲလိမ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အစ်ကို ပြောတာ နားထောင်..."
မိုချီက အချိန်တခဏကြာမျှ စဉ်းစားပြီး မိုလီ၏စကားကို နားထောင်ရန် ရွေးချယ်လိုက်သည်။
သူမသည် တံခါးဝတွင် လိမ္မာစွာ နေခဲ့လေ၏။
ထို့နောက် မိုလီသည် လင်းရှောင်၏နံဘေးရှိ ထိုင်ခုံသို့ သူတစ်ယောက်တည်း လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်သည်။
သူသည် ယခုလေးတင် ဖျော်ထားသော လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်၏။
ထို့နောက် သူ မတ်တတ်ပြန်ရပ်ပြီး သူ၏လက်ကို ပူးဆုပ်၍ ပြောဆိုသည်။
"ဥက္ကဋ္ဌလင်း... ကျွန်တော် ခင်ဗျားကို အကူအညီ တစ်ခုလောက် တောင်းချင်ပါတယ်..."
ဒီကောင်လေးက ငါ့ကို မယုံသေးဘူးပဲ... သူ့ညီမလေး ကို အရမ်းကာကွယ်လွန်းတယ်...
လင်းရှောင်သည် တံခါးဝရှိ မိုချီကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ပြီး ခါးသီးသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။
ထို့နောက် သူက အပြုံးနှင့် ပြောလိုက်၏။
"လွတ်လွတ်လပ်လပ် ပြောပါ... မင်း ထွက်ပြေးဖို့ အစီအစဉ် မရှိသရွေ့... အဆင်ပြေပါတယ်..."
မိုလီက သူ၏ခေါင်းကို အလျှင်အမြန် ခါယမ်းပြီး ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
"လေလံရုံက ကျွန်တော်တို့ကို ကောင်းကောင်းဆက်ဆံထားတာပါ... ဒီကျေးဇူးကို မဆပ်ရသေးသရွေ့ ကျွန်တော်တို့ ထွက်သွားမှာ မဟုတ်ပါဘူး..."
"ဥက္ကဋ္ဌကို တောင်းဆိုစရာကိစ္စလေးရှိလို့ လာခဲ့တာပါ..."
သူ စကားပြောနေစဉ် မိုလီသည် တံခါးဝရှိ မိုချီကို နောက်ပြန်လှည့်ကြည့်လိုက်၏။
အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ မျက်မှောင်ကြုတ်ကာ တောင်းဆိုလိုက်သည်။
"မိုချီကို ဒါတွေ မကြားစေချင်ဘူး... ဥက္ကဋ္ဌ လင်း... ခင်ဗျား အဲ့ဒါကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်မလား..."
လင်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ မိုလီနှင့် မိုချီတို့၏ ဆက်ဆံရေးကို သူ သိထားပြီးဖြစ်ကာ သူတို့သည် သွေးသားရင်းချာ မောင်နှမများ ဖြစ်မည်မှာ သေချာပေါက်ပင်။
မိုလီသည် မိုချီ ကို သူ သွားလေရာနေရာတိုင်းသို့ ခေါ်သွားလေ့ရှိပြီး သူမကို အမြဲတစေ ကာကွယ်ပေးလေ၏။
သူတို့နှစ်ဦးသည် ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်သည်ဟု ပြောနိုင်သည်။
ယခုအချိန်၌ မိုလီတွင် သူ၏ ညီမလေးကို မသိစေချင်သော ကိစ္စတစ်ခု ရှိနေခဲ့သည်။
သူ မိုချီကို တံခါးဝတွင် ထားခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဒီကိစ္စက ရိုးရှင်းပုံ မပေါ်ဘူး...
လင်းရှောင် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူ့ကိုယ်သူနှင့် မိုလီကို လွှမ်းခြုံရန် စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုလိုက်သည်။
"ပြီးပြီ... မင်းရဲ့ စိတ်ထဲမှာ ရှိတာကို ပြောပါ... မင်းရဲ့ညီမလေး ဘာမှ ကြားမှာ မဟုတ်ဘူး..."
Book 3 end.