အခန်း ၃၁
Vol. 4 Ch. 31
ပြိုင်ဘက်ကင်း လေလံရုံ
ဘာသာပြန်သူ-ATY author team
Book 4 Chapter 31 to 40
အခန်း (၃၁) မိုလီ ၏ ဆုံးဖြတ်ချက်...သွမ်ခုန်း ယင်နတ်ဆိုးဂိုဏ်းသို့ ရောက်ရှိသွားခြင်း
မိုလီက လေပူတစ်ချက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။
ထို့နောက် သူက လက်ပူးဆုပ်ပြီး ပြောဆိုသည်။
"ကျေးဇူးအများကြီး တင်ပါတယ် ဥက္ကဋ္ဌလင်း..."
"အခြေအနေက ဒီလိုပါ..."
"ကျွန်တော် မကြာသေးခင်က ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာတချို့နဲ့ ကြုံတွေ့နေရလို့... နတ်ဆိုးသားရဲ တောအုပ်ကို ခရီးတစ်ခေါက် သွားရပါမယ်..."
"ဒါပေမဲ့... ကျွန်တော် ဘယ်တော့ ပြန်လာနိုင်မလဲ ဆိုတာကိုတော့ မသေချာဘူး... ဒါကြောင့် ခင်ဗျား ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်..."
မိုလီသည် လက်ပူးဆုပ်ကာ ဦးညွှတ်လိုက်ပြီး ထိုအနေအထားအတိုင်း အချိန်အတော်ကြာ မတ်တတ်ရပ်နေလေ၏။
သူက လင်းရှောင်၏အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
လင်းရှောင်ကမူ မျက်ခုံးပင့်လိုက်သည်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာလား...
သူ၏မျက်လုံးများပင်လျှင် အပြည့်အဝ ထိုးထွင်းမမြင်နိုင်သော လောကကြီး၏ကလေးငယ်တစ်ယောက်အနေဖြင့် မိုလီထံတွင် မည်ကဲ့သို့ ပြဿနာမျိုး ရှိနေနိုင်မည်နည်း....
မဟုတ်ဘူး... အဲ့ဒါ မမှန်ဘူး...
သူ့ရဲ့ အင်မော်တယ်ရုပ်ခန္ဓာကိုယ်နဲ့များ သက်ဆိုင်နေမလား...
လင်းရှောင်သည် မိုလီ၏ အင်မော်တယ်ရုပ်ခန္ဓာကိုယ် ကို အမှတ်ရပြီး ရုတ်တရက် မော့ကြည့်လိုက်၏။
သူတို့ ယခင်က တွေ့ဆုံခဲ့စဉ်က မိုလီ၏ အင်မော်တယ်ရုပ်ခန္ဓာကိုယ်သည် နိုးထရန် နီးစပ်နေလေပြီ။
သူ့ရဲ့ အင်မော်တယ် ရုပ်ခန္ဓာကိုယ်က မကြာခင် နိုးထလာတော့မှာလား...
လင်းရှောင်က သူ၏အတွေးများကို ထိန်းချုပ်ပြီး သူ၏ ကောင်းကင်ဘုံမျက်လုံးကို ချက်ချင်းအသက်သွင်းလိုက်ရာ အပြာရောင်အလင်းတန်းများ သူ၏ မျက်လုံးများတွင် လည်ပတ်လာသည်။
"မိုလီ
အသက်...၁၆
နယ်ပယ်...စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်
ရုပ်ခန္ဓာကိုယ်...မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ် (အင်မော်တယ်ရုပ်ခန္ဓာကိုယ်...၉၉.၉% နိုးထနေဆဲ...)
ဖော်ပြချက်...တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ အထွတ်အထိပ် ကျင့်ကြံသူ နှစ်ယောက်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်... သူ့ရဲ့ အင်မော်တယ်ရုပ်ခန္ဓာကိုယ်က အခုလောလောဆယ် နိုးထလုနီးပါး ဖြစ်နေပြီးတော့ သူ့ရဲ့ အလားအလာက ပြိုင်ဘက်ကင်းတယ်..."
လေလံရုံသို့ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး လင်းရှောင်သည် မိုလီ၏အချက်အလက်များကို ပို၍မြင်တွေ့လာရလေ၏။
ဤသည်က ပထမတစ်ကြိမ်ကဲ့သို့ မေးခွန်းထုတ်စရာများသာ ပြည့်နှက်နေခြင်းမျိုး မဟုတ်တော့ချေ။
ထို့ပြင် သူ၏ကောင်းကင်ဘုံမျက်လုံးကို အသက်သွင်းပြီးနောက် လင်းရှောင်သည် မိုလီတွင် မည်သည့်ကိစ္စများ ဖြစ်နေသနည်းဆိုသည်ကို အကြမ်းဖျင်း နားလည်သွားသည်။
'ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ့ရဲ့ အင်မော်တယ်ရုပ်ခန္ဓာကိုယ်က နိုးထတော့မယ်...နတ်ဆိုးသားရဲတောအုပ်ကို သွားချင်တဲ့ သူ့ရဲ့ ဆန္ဒကလည်း နိုးထခြင်းနဲ့ သက်ဆိုင်ရမယ်..."
"ကျွတ် ကျွတ် ကျွတ်... ကောင်းကင်ဘုံမျက်လုံးကတောင် ဒီလောက်ထိ မြင့်မားတဲ့ အကဲဖြတ်မှုကို ပေးထားတာဆိုတော့... သူ နိုးထလာပြီး ပြန်ရောက်လာတဲ့အချိန်ကျရင် ဘယ်လောက်ထိ ကြောက်စရာကောင်းမလဲဆိုတာ ငါ စိတ်ကူးလို့တောင် မရဘူး..."
"ငါ ကံကောင်းပြီးတော့ ညီအစ်ကိုမောင်နှမ နှစ်ယောက်လုံးကို ကြိုပြီးအလုပ်ခန့်ထားမိတာ တော်သေးတယ်..."
ဤအကြောင်းကို တွေးမိသောအခါ လင်းရှောင်၏ နှုတ်ခမ်းထောင့်များ အလိုအလျောက် အထက်သို့ တွန့်ကွေးသွားလေ၏။
သူ စိတ်ကျေနပ်မှုလှိုင်းတစ်ခုကို တိတ်တဆိတ် ခံစားလိုက်ရသည်။
သတိပြန်ဝင်လာပြီးနောက်...
လင်းရှောင်သည် ချောင်းနှစ်ချက်ဟန့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ခွင့်ယူရုံလေးပဲ... ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး..."
"ငါ သဘောတူတယ်... လေလံရုံကလည်း ပြီးသွားပြီဆိုတော့... မင်းအတွက် အားလပ်ရက်လို့ပဲ သဘောထားလိုက်ပါ..."
လင်းရှောင် သဘောတူသည်ကို ကြားသောအခါ မိုလီက နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို မတ်လိုက်သည်။
သူ၏ လေးလံနေသော နှလုံးသားသည် နောက်ဆုံးတွင် အနည်ထိုင်သွားခဲ့လေ၏။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ... တကယ်လို့ ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်ရင်... လေလံရုံကို အလုပ်အကျွေးပြုဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."
မိုလီက အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက်၍ ပြောဆိုသည်။
"နောက်ပြီးတော့... ကျွန်တော် မရှိတဲ့ ရက်တွေမှာ... ကျွန်တော့်ရဲ့ညီမလေးကို ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်..."
"ဥက္ကဋ္ဌ သိတဲ့အတိုင်းပဲ... ကျွန်တော်ရဲ့ညီမလေးက အအေးမိရောဂါ ခံစားနေရပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က အတော်လေး အားနည်းတယ်..."
မိုလီ၏အသံ တဖြည်းဖြည်း တိမ်ဝင်သွားလေ၏။
လင်းရှောင်က ဤကိစ္စကြောင့် စိတ်မကျေမနပ် ဖြစ်မည်ကို သူ စိုးရိမ်နေပုံရသည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည် လေလံရုံ သို့ ကံကောင်း၍ ဝင်ရောက်လာနိုင်သော သန့်ရှင်းရေးသမား တစ်ဦးမျှသာ ဖြစ်နေသည်။
ပြောရမည်ဆိုလျှင် သူ့ထံ၌ တောင်းဆိုပိုင်ခွင့် မရှိချေ။
သို့သော် လင်းရှောင်က တွေဝေတုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်လိုက်သည်။
သူက အာမခံချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
"မင်းက တိမ်တိုက်ကောင်းကင်လေလံရုံကို ဝင်ဖို့ ရွေးချယ်ခဲ့ပြီဆိုတော့... ဒါက သဘောတရားအရရော ဝတ္တရားအရပါ ဒီဥက္ကဋ္ဌ လုပ်သင့်တဲ့ အရာတွေပဲ..."
"သွားတော့... မင်းရဲ့ညီမလေးကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကို ငါ တာဝန်ပေးလိုက်မယ်... သူ့ရဲ့ ဆံပင်တစ်မျှင်ကိုတောင် ဘယ်သူမှ မထိခိုက်စေရဘူးဆိုတာ ငါ အာမခံတယ်..."
လင်းရှောင်၏ စကားများကို ကြားသောအခါ မိုလီ သည် ရှင်းပြ၍မရသော ကျေးဇူးတင်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူသည် သူ၏ရှေ့ရှိ လင်းရှောင်ကို စူးစိုက်၍ ကြည့်လိုက်၏။
ကျေးဇူးတင်မှု မျိုးစေ့လေးတစ်စေ့သည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် အမြစ်တွယ်သွားတော့သည်။
ထို့နောက်...
မိုလီ၏အကြည့် ခိုင်မာပြတ်သားသွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ ဒူးတစ်ဖက် ထောက်လိုက်သည်။
သူ၏ မျက်နှာတွင် ယခင်က မရှိခဲ့ဖူးသော ဆုံးဖြတ်ချက်နှင့် ပြတ်သားမှုများ ပေါ်လွင်နေသည်။
သူက ခေါင်းကိုငုံ့ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဥက္ကဋ္ဌလင်း... ကျွန်တော်မှာ ခင်ဗျားရဲ့ ကြီးမားတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ နည်းလမ်း မရှိပါဘူး..."
"တကယ်လို့ ကျွန်တော် မတော်တဆမှုဖြစ်ပြီး အသက်ရှင်ရက် ပြန်မလာနိုင်ခဲ့ဘူးဆိုရင်... မိုချီကို ကျွန်တော်တို့ အရင်က နေခဲ့တဲ့ တောင်ငယ်လေးဆီ ပြန်ပို့ပေးဖို့အတွက် လူတစ်ယောက်နဲ့အတူ စေလွှတ်ပေးဖို့ ကျွန်တော်က ရိုးရိုးသားသား တောင်းဆိုပါတယ်..."
"တကယ်လို့ ကျွန်တော်သာ အသက်ရှင်ရက် ပြန်လာနိုင်ရင်... တိမ်တိုက်ကောင်းကင်လေလံရုံကို အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ်..."
ထိုသို့ပြောဆိုပြီးနောက်...
မိုလီသည် ပြတ်သားစွာ မတ်တတ်ထရပ်ပြီး ထွက်ခွာသွားရန် နောက်လှည့်လိုက်၏။
"ခဏနေအုံး..."
"မင်းက အတွေ့အကြုံယူဖို့ သွားမှာဆိုတော့... ငါ့ဆီမှာ အသုံးမပြုရသေးတဲ့ စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခုရှိတယ်... အဲ့ဒါကို မင်းကို ပေးမယ်..."
မိုလီ ထွက်သွားတော့မည်ကို မြင်သောအခါ လင်းရှောင်က အလျင်အမြန် ပြောလိုက်သည်။
ထို့နောက်...
လင်းရှောင်သည် သူ၏စနစ်ဟင်းလင်းပြင်ထဲမှ ကြက်သွေးရောင် စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလေသည်။
သူသည် ထိုအရာကို လက်ဖက်ရည်စားပွဲပေါ်တွင် တင်လိုက်၏။
"ဒါက ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ဖြစ်ပြီးတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခုပဲ..."
"အဲ့ဒါက ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး... ဒါကြောင့် မင်း ယူသွားလိုက်ပါ... တကယ်လို့ အန္တရာယ်နဲ့ ကြုံရင် မင်းအသက်ကို ကယ်တင်နိုင်လိမ့်မယ်..."
မိုလီက ခြေလှမ်းများကို ရပ်တန့်ပြီး နောက်သို့ပြန်လှည့်လာသည်။
သူက လက်ဖက်ရည်စားပွဲပေါ်ရှိ ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို ကြည့်လိုက်သည်။
အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူသည် လက်ဆန့်တန်းကာ ထိုအရာကို လက်ခံလိုက်၏။
ထို့နောက် သူက လင်းရှောင်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။
သူသည် စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီးနောက် ခန်းမထဲမှ လျှင်မြန်စွာ ထွက်ခွာသွားသည်။
ထို့နောက်...
မိုလီက မိုချီကို ခေါ်ဆောင်သွားသည်ကို သူ မြင်တွေ့ပြီးနောက်မှသာ...
ထိုအချိန်မှသာ လင်းရှောင်သည် သူ၏ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပြီး သူ၏နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ သူ၏အကြံအစည် အောင်မြင်သွားသည့်အလားပင်။
"အခက်အခဲ ရောက်နေချိန်မှာ ကူညီပေးတာ... ခွဲခွာခါနီးမှာ ကြင်နာတဲ့ ကတိတစ်ခု ပေးတာ... ဘယ်သူကများ အဲ့ဒါကို ငြင်းဆန်နိုင်မှာလဲ..."
"အခုဆို သူတို့ လေလံရုံမှာ ဆက်နေဖို့ ဆန္ဒရှိလောက်ပြီမလား..."
"ဒါက ကြီးမားတဲ့ အမြတ်အစွန်းပဲ... ငါလည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်သွားပြီပဲ... ဟားဟား..."
လင်းရှောင်က အော်ဟစ်ရယ်မောလိုက်သည်။
သူသည် သူ၏အခန်းထဲရှိ ခုတင်ဆီသို့ ပြန်သွားပြီး ပလ္လင်ခွေထိုင်လိုက်၏။
ထို့နောက် သူက လေထုထဲသို့ဦးတည်ပြီး ပြောဆိုသည်။
"အာဒီနိုစ့်... နောက်ရက်အနည်းငယ်အတွင်းမှာ မိုချီကို စောင့်ရှောက်ပြီး ကာကွယ်ပေးပါ... ငါ့နောက်ကို လိုက်နေစရာ မလိုတော့ဘူး..."
လင်းရှောင်က သူ၏ နောက်ဆုံး ညွှန်ကြားချက်ကို ပေးပြီးနောက် သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။
သူသည် ကျင့်ကြံခြင်းအခြေအနေသို့ လျှင်မြန်စွာ ဝင်ရောက်သွားပေ၏။
"ဟုတ်ကဲ့ပါ သခင်..."
လင်းရှောင်၏အရိပ်ထဲမှ အာဒီနိုစ့်က ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
သူသည် အမှောင်ရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အခန်းထဲမှ ပြေးထွက်သွားတော့သည်။
အနောက်ဘက်ခန်းမ၏ အပြင်ဘက် စင်္ကြန်လမ်းတွင်....
"အစ်ကို... အစ်ကိုနဲ့ ဥက္ကဋ္ဌက ခုဏက ဘာတွေ ပြောနေကြတာလဲ..."
"ဘာလို့ အစ်ကို့ရဲ့အသံက အရမ်းတိုးနေတာလဲ... ညီမလေး ဘာမှ မကြားရဘူး..."
ဘာမှမသိသော မိုချီက သူမ၏ခေါင်းကို တိမ်းစောင်းကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
မိုလီက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ဘာမှမဖြစ်ပါဘူး... ငါက ဥက္ကဋ္ဌကို ခွင့်တောင်းရုံလေးပါ... သူ သဘောတူလိုက်တယ်... သူက ငါ့ကို စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခုတောင် ပေးလိုက်သေးတယ်..."
"ငါ မရှိတဲ့ အချိန်မှာ... မင်းက ဥက္ကဋ္ဌရဲ့စကားကို နားထောင်ရမယ်... ဟိုဟိုဒီဒီ လျှောက်မသွားနဲ့နော်... နားလည်လား..."
မိုချီက နာခံရို့ကျိုးစွာ ခေါင်းညိတ်လိုက်၏။
"နောက်ပြီးတော့... မင်း ဝယ်ထားတဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေကို အချိန်မှန်မှန်သောက်ဖို့ မမေ့နဲ့...ငါ ပြန်လာတဲ့အခါ... မင်းရဲ့ ရောဂါ ပျောက်သွားတာကို တွေ့ရဖို့ မျှော်လင့်တယ်..."
မိုလီက ခပ်ဖျော့ဖျော့ ပြုံးကာ မိုချီ၏ခေါင်းကို ထပ်မံ၍ ပွတ်သပ်ပြီး သူမကို သူမ၏အခန်းသို့ ပြန်ပို့ပေးလိုက်သည်။
ထို့နောက် မိုလီသည် အနည်းငယ် ဖြူရော်နေသော မိုချီကို နောက်ဆုံးတစ်ချက် ကြည့်လိုက်၏။
သူ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ သူ၏ မျက်လုံးများတွင် တုံ့ဆိုင်းမှုအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ပြတ်သားမှုများ လင်းလက်လာသည်။
သူသည် တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါးမှ ပြတ်ပြတ်သားသား ထွက်ခွာခဲ့သည်။
မိုင်ထောင်ချီဝေးကွာသော နေရာတွင်....
နက်ရှိုင်းပြီး လူသူကင်းမဲ့သော တောင်ကြားတစ်ခု ရှိနေသည်။
ဤနေရာတွင် အားကောင်းသော နတ်ဆိုးကျင့်ကြံသူ ဂိုဏ်းတစ်ဂိုဏ်း ရှိနေလေ၏။ ဤသည်မှာ ယင်နတ်ဆိုးဂိုဏ်းပင်။
ဤအချိန်တွင် ယင်နတ်ဆိုးဂိုဏ်း၏ အစည်းအဝေး ခန်းမတွင် ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ယင်နတ်ဆိုးဂိုဏ်းတပည့်တစ်ဦး၏ အသတ်ခံရမှုအကြောင်းကို ဆွေးနွေးနေကြသည်။
"ဟမ့်... မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ယောက်တည်းပဲရှိတဲ့ အင်အားစုငယ်လေးတစ်ခုက ငါ့ရဲ့တပည့်ရင်းကို သတ်ရဲတယ်ပေါ့... ခွင့်မလွှတ်နိုင်ဘူး..."
"ဂိုဏ်းချုပ် ... ဒီသောက်ရေးမပါတဲ့ လေလံရုံကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ ဘယ်အကြီးအကဲကို ငါတို့ လွှတ်သင့်လဲ..."
ရှေ့ဆုံးတွင် ထိုင်နေသော မဟာအကြီးအကဲသည် ဒေါသထွက်နေပေ၏။
"ငါတို့ယင်နတ်ဆိုးဂိုဏ်းက တခြားလူတွေကို အနိုင်ကျင့်လာခဲ့တာချည်းပဲ... မသိနားမလည်တဲ့ အင်အားစုတစ်ခုက ငါတို့ကို ရန်လာစရဲတာမျိုး တစ်ခါမှ မရှိခဲ့ဘူး..."
"အဲ့ဒီမြို့ငယ်လေးကို ဖျက်ဆီးပစ်ဖို့ အကြီးအကဲနှစ်ယောက်ကို တိုက်ရိုက်စေလွှတ်သင့်တယ်လို့ ငါ အကြံပြုတယ်... ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းကို စော်ကားတဲ့ အကျိုးဆက်တွေကို လောကကြီးကို သိစေရမယ်..."
တခြားအကြီးအကဲတစ်ဦးက ဒေါသတကြီး ပြောဆိုသည်။
အမြင့်ဆုံးနေရာတွင် ထိုင်နေသော ယင်နတ်ဆိုးဂိုဏ်းချုပ်သည် အနည်းငယ် ပျင်းရိစွာ သမ်းဝေပြီး ခေါင်းညိတ်လိုက်၏။
ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သော သူ့အတွက် ဤသည်က အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်သည်။
ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။
"ဒါဆို ဒုတိယအကြီးအကဲနဲ့ တတိယ အကြီးအကဲကို သွားခိုင်းလိုက်ပါ..."
"မင်းတို့နှစ်ယောက်လုံးက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွေဆိုတော့... အင်အားစုငယ်လေးတစ်ခုကို ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုနေတယ်..."
အကြီးအကဲများ၏ထိုင်ခုံနေရာတွင် ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲတို့ မတ်တတ်ထရပ်ပြီး အမိန့်ကို လက်ခံကြောင်း လက်ပူးဆုပ်၍ ပြောဆိုလိုက်ကြသည်။
"စိတ်ချပါ ဂိုဏ်းချုပ် ... သုံးရက်အတွင်း အဲ့ဒီမြို့ငယ်လေးမှာ လူတစ်ယောက်မှ အသက်ရှင်ရက် မကျန်စေရဘူးလို့ ငါတို့ အာမခံပါတယ်..."
ထိုသို့ပြောဆိုပြီးနောက်...
သူတို့နှစ်ဦးသည် နောက်လှည့်ကာ အစည်းအဝေး ခန်းမထဲမှ အေးအေးဆေးဆေး ထွက်သွားခဲ့ကြ၏။
ထိုအချိန်မှာပင်...
ယင်နတ်ဆိုးဂိုဏ်းမှ မိုင်အနည်းငယ်ကွာဝေးသော နေရာတွင်....
ရုပ်ရည်ချောမောသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် ငွေရောင်ဓားရှည်တစ်လက်ကို စီးနင်းကာ ယင်နတ်ဆိုးဂိုဏ်းဆီသို့ လျှင်မြန်စွာ ပျံသန်းလာသည်။
သူ၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် ဖြတ်သန်းသွားသော ကျင့်ကြံသူများသည် သူ၏နောက်ချန်ပုံရိပ်ကိုသာ မြင်တွေ့နိုင်သည်။
ဤလူမှာ လင်ရှီးမြို့ မှ ခရီးရှည်ထွက်ခွာလာခဲ့သော သွမ်ခုန်းပင်။
အချိန်တခဏအကြာတွင်....
သွမ်ခုန်းသည် ယင်နတ်ဆိုးဂိုဏ်းမှ မီတာရာပေါင်းများစွာ အကွာအဝေးတွင်ရှိသော မိုးကောင်းကင်ယံသို့ ပျံသန်းလာသည်။
တောင်ကြားထဲရှိ ယင်နတ်ဆိုးဂိုဏ်း အဆောက်အအုံများကို မြင်တွေ့ချိန်မှသာ သူသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေ၏။
"နောက်ဆုံးတော့ ရောက်ပြီပဲ... နှစ်ရက်နီးပါး အပြေးအလွှား လာခဲ့ရတာ... အချိန်ကန့်သတ်ချက်ကို ကျော်လွန်လုနီးပါးပဲ..."
"ကျန်တာတွေကတော့ သခင်လေးရဲ့ စိတ်ဝိညာဉ်သားရဲအပေါ်မှာပဲ မူတည်တော့တယ်..."