အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) ဖန်းကျောက် မြေကမ္ဘာဖျက်ဆီးခြင်း၊ ဖန်းကျောက်နဂါးလိပ် ၏ ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ် လှုပ်ရှားမှု
"အင်း... ငါ့ကို အပြင်ထုတ်ပေး..."
"ခဏနေရင် ခပ်ဝေးဝေးမှာနေ... ဒါက ငါ ပထမဆုံး လှုပ်ရှားတာဆိုတော့... ငါ့သခင်ကို စိတ်ပျက်အောင် လုပ်လို့ မရဘူး..."
ဖန်းကျောက်နဂါးလိပ်၏အသံက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
သွမ်ခုန်းက ခေါင်းညိတ်ပြပြီး သူ၏ခါးမှ စိတ်ဝိညာဉ်သားရဲအိတ်ကို ဖြုတ်လိုက်သည်။
သူသည် အိတ်ကိုချည်နှောင်မှုများအား ဖြည်ရန် စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုလိုက်၏။
ထို့နောက် သူသည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောဘဲ ကီလိုမီတာအနည်းငယ် အဝေးသို့ ပျံသန်းသွားသည်။
"ဂါး..."
ကောင်းကင်ကို တုန်ခါစေသော ဟိန်းဟောက်သံတစ်သံနှင့်အတူ ဖန်းကျောက်နဂါးလိပ်၏ပုံရိပ်သည် ယင်နတ်ဆိုးဂိုဏ်း၏အထက်တွင် ချက်ချင်းထွက်ပေါ်လာသည်။
သူ၏ ဧရာမခန္ဓာကိုယ်သည် မိုးကောင်းကင်ယံကို ဖုံးကွယ်သွားပြီး ယင်နတ်ဆိုးဂိုဏ်း၏ထက်ဝက်ခန့်ကို အမှောင်ထုထဲသို့ ကျရောက်သွားစေပေ၏။
ဖန်းကျောက်နဂါးလိပ်သည် အောက်ဘက်သို့ ငုံ့ကြည့်ပြီး ဦးတည်ချက်တစ်နေရာကို ပစ်မှတ်ထားလိုက်သည်။
သူ၏ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်သည် ကြယ်ပျံတစ်စင်းကဲ့သို့ ကျဆင်းလာပြီး အောက်ဘက်ရှိ မြေကြီးဆီသို့ တိုက်ရိုက်ပြုတ်ကျလာသည်။
"ထူးဆန်းတယ်... ဘာလို့ မှောင်သွားတာလဲ..."
"အစည်းအဝေး မတိုင်ခင်က နေသာနေတယ်လို့ ငါ မှတ်မိပါတယ်..."
အစည်းအဝေးခန်းမထဲမှ ယခုလေးတင် ထွက်လာသော အကြီးအကဲနှစ်ဦးသည် မျက်မှောင်ကြုတ်လိုက်ပြီး မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက သူတို့၏စိတ်အတွင်းတွင် ဖြစ်ပေါ်လာပေ၏။
သူတို့ အလျင်အမြန် မော့ကြည့်လိုက်ကြသည်။
ကောင်းကင်မှ ပြေးဆင်းလာသော ဧရာမသားရဲကြီးကို မြင်သောအခါ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့၏နှလုံးသားများ ကဆုန်စိုင်း ခုန်ပေါက်လာပေ၏။
"မကောင်းတော့ဘူး..."
"သန်မာအားကောင်းတဲ့ နတ်ဆိုးသားရဲတစ်ကောင် တိုက်ခိုက်နေတယ်..."
"မြန်မြန်လေး..."
ဝုန်း...
အကြီးအကဲနှစ်ဦး၏စကား မဆုံးမီမှာပင် ကျဆင်းလာသော ဖန်းကျောက်နဂါးလိပ်ကြောင့် သူတို့သည် အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။
ယင်နတ်ဆိုးဂိုဏ်း၏ အဆောက်အအုံ အများစုသည်လည်း ပြင်းထန်သော သက်ရောက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
ယင်နတ်ဆိုးဂိုဏ်း၏ထက်ဝက်နီးပါးသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားပေ၏။
ဖန်းကျောက်နဂါးလိပ်၏အကြည့်မှာ စူးရှနေသည်။
သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းသည် ယင်နတ်ဆိုးဂိုဏ်းအတွင်းရှိ ထောင့်တစ်နေရာတိုင်းတွင်ရှိနေသော လူများအားလုံးကို ချက်ချင်းပစ်မှတ်ထားလိုက်သည်။
"ဖန်းကျောက် မြေကမ္ဘာဖျက်ဆီးခြင်း..."
ဖန်းကျောက်နဂါးလိပ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ အားအကောင်းဆုံး အဆုံးစွန်တိုက်ခိုက်မှုကို တိုက်ရိုက်ထုတ်လွှတ်လိုက်၏။
ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများ ဖန်းကျောက်နဂါးလိပ်ထံမှ အရူးအမူး ထွက်ပေါ်လာသည်။
ဤသည်က ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို သယ်ဆောင်လာကာ ယင်နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။
အစည်းအဝေးခန်းမ၌....
မြင့်မားသောပလ္လင်ပေါ်တွင် ထိုင်နေသော ယင်နတ်ဆိုးဂိုဏ်းချုပ်သည် အပြင်ဘက်ရှိ လှုပ်ရှားမှုကို ပထမဆုံး အာရုံခံမိသူပင်။
သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပေ၏။
"မကောင်းတော့ဘူး..."
သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းမှ လျှင်မြန်စွာ ထွက်ပေါ်လာသည်။
ဤသည်က သူကိုယ်တိုင်နှင့် အနီးအနားပတ်ဝန်းကျင်ရှိ အကြီးအကဲများကို ချက်ချင်းလွှမ်းခြုံသွားလေ၏။
နောက်တခဏတွင် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
မရေမတွက်နိုင်သော ကတော့ပုံစံ မြေကြီးဆူးချွန်များ မြေကြီးထဲမှ လျှင်မြန်စွာ ထွက်ပေါ်လာပြီး ယင်နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံသူတိုင်းကို တိကျစွာ ထိုးဖောက်သွားသည်။
အော်ဟစ်သံများ မကြားရဘဲ အလွန်အမင်း တိတ်ဆိတ်မှုကသာ လွှမ်းခြုံထားပေ၏။
ယင်နတ်ဆိုးဂိုဏ်းချုပ်မှလွဲ၍ ယင်နတ်ဆိုးဂိုဏ်းမှ တခြားသူများအားလုံး ချက်ချင်းသေဆုံးသွားခဲ့ကြသည်။
သူ ကာကွယ်ပေးထားသော အကြီးအကဲများပင်လျှင် မြေကြီးဆူးချွန်များကြောင့် သူတို့၏ခန္ဓာကိုယ်များကို ထိုးဖောက်ခြင်း ခံလိုက်ရသည်။
ယင်နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးသည် သွေးများဖြင့် နီရဲနေပြီး အချိန်တခဏအတွင်း၌ သွေးများ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပေ၏။
"အား..."
ယင်နတ်ဆိုးဂိုဏ်းချုပ်သည် မြေကြီးဆူးချွန်တစ်ခုကြောင့် ထိုးဖောက်ခံလိုက်ရသော သူ၏ ညာဘက်လက်မောင်းကို ဆုပ်ကိုင်ကာ သူ၏ရှေ့တွင် လဲကျနေသော အကြီးအကဲများကို ကြည့်လိုက်သည်။
သူ၏မျက်နှာတွင် သွေးကြောများ ထောင်ထလာပြီး ကောင်းကင်ကို တုန်ခါစေသော ဟိန်းဟောက်သံတစ်သံကို ပြုလုပ်လိုက်သည်။
"မဟုတ်ဘူး... နှစ်ထောင်ပေါင်းများစွာ ငါ သေချာ စီမံခန့်ခွဲလာခဲ့တဲ့ ငါ့ရဲ့ ယင်နတ်ဆိုးဂိုဏ်း ..."
"ဘယ်သူလဲ..."
"ဘယ်သူလဲ..."
ယင်နတ်ဆိုးဂိုဏ်းချုပ်သည် ဒေါသဖြင့် လွှမ်းမိုးခံလိုက်ရပြီး အသိစိတ်လွတ်ကာ ပြင်ပသို့ ပြေးထွက်သွားသည်။
အစည်းအဝေး ခန်းမထဲမှ ထွက်လာသည်နှင့်တပြိုင်နက် ဖန်းကျောက်နဂါးလိပ်၏ မြင့်မားသော ပုံရိပ်ကို သူ မြင်တွေ့လိုက်ရသည်။
ယင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု မရှိဘဲ ဒေါသများသာ ရှိနေခဲ့လေ၏။
သူက အော်ဟစ်လိုက်သည်။
"သောက်ရေးမပါတဲ့ နတ်ဆိုးသားရဲ ... သွားသေလိုက်စမ်း..."
"ကျိုးပဲ့အရိပ်လှံ ..."
ယင်နတ်ဆိုးဂိုဏ်းချုပ်သည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ ရှေ့သို့ပြေးဝင်သွားသည်။
သူသည် သူ၏လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအား အမြောက်အများကို စုစည်းပြီး အနက်ရောင်လှံ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်၏။
သူသည် ထိုအရာကို အစွမ်းကုန် အသုံးပြု၍ ဖန်းကျောက်နဂါးလိပ်၏လိပ်ခွံဆီသို့ ထိုးနှက်လေသည်။
သို့သော် ခြစ်ရာတစ်ခုမျှပင် ထွက်ပေါ်မလာခဲ့ချေ။
ဤအချိန်တွင် ဖန်းကျောက်နဂါးလိပ်သည်လည်း သူ၏လိပ်ခွံကို တစ်ခုခုမှ တွန်းနေသည်ဟု ခံစားမိသည်။
သူ၏မျက်လုံးအကြည့် အောက်သို့ ရွေ့လျားသွားပြီး သူ၏ခြေချောင်းအရွယ်အစားခန့်သာရှိသော ယင်နတ်ဆိုးဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
ယင်နတ်ဆိုးဂိုဏ်းချုပ်သည် အချိန်တခဏကြာမျှ မှင်သက်သွားခဲ့လေ၏။
သူ၏အားအကောင်းဆုံး တိုက်ခိုက်မှုက ထိုသားရဲ၏ ကာကွယ်ရေးကိုပင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။
ဤသည်က အဋ္ဌမအဆင့် နတ်ဆိုးသားရဲကြီးတစ်ကောင် ဖြစ်နေသလော...
ကြီးမားသော ခွန်အားကွာဟချက်က သူ၏ ပျောက်ဆုံးသွားသော ဆင်ခြင်တုံတရားကို တဖြည်းဖြည်း ပြန်လည်ယူဆောင်လာခဲ့သည်။
သူ၏ နှလုံးသားထဲရှိ ဒေါသသည် ထိတ်လန့်မှုအဖြစ်သို့ အလျှင်အမြန် ပြောင်းလဲသွားသည်။
နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ သူသည် အလျှင်အမြန် နောက်လှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော် ဖန်းကျောက်နဂါးလိပ်သည် သူ့ကို ဤအခွင့်အရေး ပေးမည် မဟုတ်ချေ။
သူသည် သူ၏ခြေလက်လေးဖက်ကို ကန်ကျောက်ကာ ကျန်းဆယ်ဂဏန်းကျော်အမြင့်သို့ ခုန်တက်လိုက်၏။
ထို့နောက် သူ၏ဧရာမလက်များဖြင့် လျှင်မြန်စွာ ဆောင့်နင်းလိုက်သည်။
ထိုလက်များသည် လေထဲတွင် ထွက်ပြေးနေသော ယင်နတ်ဆိုးဂိုဏ်းချုပ်ကို မြေကြီးပေါ်သို့ ရက်ရက်စက်စက် ကန်ချလိုက်တော့သည်။
သူ မြေကြီးပေါ်မှ မထနိုင်မီမှာပင်...
ဖန်းကျောက်နဂါးလိပ်သည် အလျှင်အမြန် ရှေ့တိုးသွားပြီး နောက်တစ်ချက် ထပ်ကန်လေသည်။
ရုတ်ချည်းဆိုသလိုပင် ယင်နတ်ဆိုးဂိုဏ်းချုပ်သည် အသားပြားတစ်ပုံအဖြစ် နင်းခြေခြင်းခံလိုက်ရလေ၏။
ထို့နောက်...
ဖန်းကျောက်နဂါးလိပ်သည် ယင်နတ်ဆိုးဂိုဏ်း၏ အနောက်ရှိ တောင်ကုန်းငယ်လေးဆီသို့ ဦးတည်၍ အော်ငေါက်လိုက်သည်။
"မင်းတို့ အဘိုးကြီး နှစ်ယောက်... သေချင်ယောင် ဆောင်မနေနဲ့တော့... မြန်မြန်ထွက်လာခဲ့စမ်း..."
တောင်ကုန်းငယ်လေးပေါ်တွင်...
အနက်ရောင် ခေါင်းတလားနှစ်လုံး မြေကြီးထဲမှ ထွက်ပေါ်လာသည်။
"သောက်ရေးမပါလိုက်တာ... ငါတို့ကို ရှာတွေ့သွားပြီ... မြန်မြန်ပြေး..."
ခေါင်းတလားများသည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီးနောက် ပိန်လှီလှီအဘိုးအိုနှစ်ဦး ထွက်ပေါ်လာပေ၏။
"လူခွဲပြီး ပြေးကြစို့..."
အဘိုးအိုတစ်ဦးက အော်ဟစ်ပြီး နောက်သို့ ပျံသန်းသွားသည်။
တခြားအဘိုးအိုက ဤအရာကို မြင်သောအခါ တခြားဦးတည်ရာသို့ အလျှင်အမြန် ပျံသန်းသွားသည်။
ဖန်းကျောက်နဂါးလိပ်က တောင်ကုန်းငယ်လေးပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်သည်။
ဦးတည်ရာနှစ်ခုသို့ ထွက်ပြေးနေသော အဘိုးအိုများကို ကြည့်ကာ...
သူ၏ဧရာမ ခေါင်းကြီးဖြင့် ဘယ်ညာလှည့်ကြည့်နေပြီး ဘာလုပ်ရမည်ကို အချိန်တခဏကြာသည်အထိ မသိတော့ချေ။
ထိုအချိန်မှာပင်...
မီတာတစ်ထောင်အကွာအဝေးရှိ သွမ်ခုန်းသည် ဖန်းကျောက်နဂါးလိပ် နေရာတွင် ကြက်သေသေနေသည်ကို မြင်တွေ့မိသည်။
သူက အလျှင်အမြန် အသံပေးပို့လိုက်၏။
"နဂါးလိပ်... မင်းက နောက်ကို ထွက်ပြေးနေတဲ့ တစ်ယောက်နောက် လိုက်သွား... နောက်တစ်ယောက်ကို ငါ ကိုင်တွယ်မယ်..."
ထိုသို့ပြောဆိုပြီးနောက် သွမ်ခုန်းသည် အဖြူရောင် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ အလျှင်အမြန် လိုက်သွားခဲ့သည်။
ဖန်းကျောက်နဂါးလိပ်က ခေါင်းညိတ်လိုက်သည်။
သူ၏ ဧရာမခန္ဓာကိုယ်သည် လျှို့ဝှက် နည်းစနစ် တစ်ခုကို အသုံးပြု၍ အဆအနည်းငယ်ခန့် သေးငယ်သွားပေ၏။
ထို့နောက် သူသည် သူ၏ခြေလက်လေးဖက်ကို ဆောင့်နင်းကာ နောက်ရှိ အဘိုးအိုနောက်သို့ လျှင်မြန်စွာ လိုက်သွားခဲ့သည်။
ဤအဘိုးအိုနှစ်ဦးသည် ယင်နတ်ဆိုးဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်နှစ်ဦးပင်။ သူတို့တွင် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းရှိကြ၏။
သို့ရာတွင် သူတို့၏သက်တမ်းကျန်ရှိချိန်မှာ တိုတောင်းနေပြီဖြစ်ပြီး သူတို့၏စွမ်းအားမှာလည်း များစွာကျဆင်းသွားခဲ့လေပြီ။
သိပ်မကြာမီ အဘိုးအိုတစ်ယောက်ကို ဖန်းကျောက်နဂါးလိပ်က ဖမ်းမိသွားသည်။
နောက်ထပ်စကားတစ်ခွန်းမျှမပြောဘဲ ဖန်းကျောက်နဂါးလိပ်သည် အေးစက်သော ချီတစ်ငုံကို စုစည်းကာ ရှေ့သို့ ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်၏။
လေထဲရှိ အဘိုးအိုသည် မတုံ့ပြန်နိုင်မီမှာပင် ရေခဲတိုင်တစ်တိုင်အဖြစ် ချက်ချင်းဆိုသလိုပင် အေးခဲတောင့်တင်းသွားသည်။
ထို့နောက်...
ဖန်းကျောက်နဂါးလိပ်သည် အဘိုးအို၏အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး ယင်နတ်ဆိုးဂိုဏ်းဆီသို့ ပြန်လည်၍ ပျံသန်းသွားသည်။
တခြားတစ်ဖက်ရှိ အဘိုးအိုသည် လျင်မြန်စွာ ထွက်ပြေးနေခဲ့သည်။
သွမ်ခုန်း သူ့ထံသို့ ပို၍ပို၍ နီးကပ်လာသည်ကို မြင်သောအခါ သူ၏နှလုံးသားအတွင်း၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့လေ၏။
"မဟုတ်ဘူး... သူက ကောင်းကင်အက်ကွဲခြင်းနယ်ပယ်မှာ မဟုတ်ဘူး..."
သွမ်ခုန်း သူ့ထံသို့ ပို၍ပို၍ နီးကပ်လာသည်နှင့်အမျှ အဘိုးအိုသည် တစ်ဖက်လူ၏နယ်ပယ်ကိုလည်း သိမြင်လာခဲ့သည်။
"သောက်ရေးမပါလိုက်တာ... သာမန် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကများ ဒီဘိုးဘေးရဲ့နောက်ကို လိုက်ဖမ်းရဲတယ်ပေါ့..."
"ဟမ့်... ဒီဘိုးဘေးက အိုနေပြီ ဆိုပေမဲ့... ငါက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က အနိုင်ကျင့်လို့ရတဲ့သူမျိုး လုံးဝမဟုတ်ဘူး..."
သွမ်ခုန်းသည် မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ်တွင်သာ ရှိနေကြောင်း သိလိုက်ရသဖြင့် အဘိုးအို၏မျက်နှာ ဒေါသကြောင့် သုန်မှုန်သွားသည်။
သူသည် ဆက်မပြေးတော့ရန် ဆုံးဖြတ်ပြီး လေထုထဲတွင် ရပ်တန့်လိုက်သည်။
"ကြည့်ရတာ ငါက အထင်သေးခံနေရပုံပဲ...ဒါပေမဲ့ ဒါက ကိစ္စတွေကို ပိုလွယ်သွားစေတာပေါ့..."
သွမ်ခုန်းသည် မလှမ်းမကမ်းတွင် ရပ်နေသော အဘိုးအိုကို ကြည့်ကာ သူ၏ နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထင်ဟပ်လာသည်။
သူ ထိတ်လန့်မသွားရုံသာမက အနည်းငယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် သူ၏ညာဘက်လက်ဖြင့် ခါးရှိ ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။
"ကောင်းကင်ဖြတ်တောက်ခြင်းဓားချက် ..."
အဘိုးအိုနှင့် မီတာရာအနည်းငယ် အကွာအဝေးတွင် ရှိနေစဉ် သွမ်ခုန်းက သူ၏ လက်ထဲရှိ ဓားကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ထိုဝှေ့ယမ်းမှုနှင့်အတူ မြင်တွေ့နိုင်ရန်ခက်ခဲသော ကြည်လင်သည့် ဓားချီတစ်ခု ထွက်ပေါ်လာသည်။
ဓားချီသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် အဘိုးအို ဆီသို့ ပြေးဝင်သွားခဲ့လေ၏။
"မကောင်းတော့ဘူး..."
အဘိုးအို၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သေစေနိုင်သော ခြိမ်းခြောက်မှု ခံစားချက်တစ်ခုက သူ၏နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။
သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင်...
ကြည်လင်သည့် ဓားချီသည် သူ၏လည်ပင်းကို ဖြတ်တောက်သွားခဲ့လေပြီ။
"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."
အဘိုးအို၏ခေါင်းသည် ခန္ဓာကိုယ်မှ ချက်ချင်းပြတ်တောက်သွားခဲ့လေ၏။
သူ၏ ခေါင်းမဲ့အလောင်းကို ကြည့်ကာ သူ၏ နှလုံးသားအတွင်း၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် မည်သည်ကြောင့် ဤမျှထိ သန်မာအားကောင်းနေသည်ကို သူ နားမလည်နိုင်ခဲ့ချေ။
အချိန်တိုလေး အတွင်းမှာပင်...
အဘိုးအို၏အလောင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။
သွမ်ခုန်းသည် အဘိုးအို၏အလောင်းကို တစ်ချက် ကြည့်လိုက်ရာ သူ ဝတ်ဆင်ထားသော စုတ်ပြဲနေသည့် အဝတ်အစားများမှလွဲ၍ ဘာမှမရှိချေ။
သူ ခေါင်းခါလိုက်ပြီး သူ၏ဓားဖြင့် နောက်သို့ပျံသန်းသွားသည်။
မကြာမီ...
သွမ်ခုန်းသည် ပျက်စီးနေသော ယင်နတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်လာခဲ့လေ၏။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အာရုံခံမိပြီးနောက်...
သူသည် ထိုနေရာတွင် ရောက်ရှိနေပြီဖြစ်သော ဖန်းကျောက်နဂါးလိပ်အား ပြောလိုက်သည်။
"မင်းရဲ့ အာရုံခံနိုင်စွမ်းက ငါ့ထက် ပိုပြီးအားကောင်းတယ်... တကယ်လို့ ကျင့်ကြံသူတွေ လာရင်... ငါ့ကို ပြောဖို့ မမေ့နဲ့..."
"ငါ ရတနာတွေ သွားစုဆောင်းလိုက်ဦးမယ်..."
ထိုသို့ပြောဆိုပြီးနောက်...
သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းကို အားကိုး၍ သွမ်ခုန်းသည် ရတနာတချို့၏ တည်နေရာကို လျှင်မြန်စွာ ရှာတွေ့ခဲ့သည်။
သူ အလျင်အမြန် ပျံသန်းသွားပြီး သူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ ထိုအရာများကို လျှင်မြန်စွာ သိမ်းဆည်းလိုက်သည်။
အချိန်တခဏကြာမျှ ရှာဖွေပြီးနောက်...
ဖန်းကျောက်နဂါးလိပ်သည် အဝေးသို့ မော့ကြည့်ကာ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
"အဝေးကြီးက ဘယ်ဘက်ကနေ တစ်ယောက်ယောက် လာနေတယ်..."
"ဒါပေမဲ့ သူက သိပ်မအားကောင်းဘူး... တိုက်ခိုက်လို့ ရတယ်..."
သို့သော် သွမ်ခုန်းက ခေါင်းခါယမ်းကာ သူ လုပ်နေသောအရာကို ရပ်တန့်ပြီး ပြောလိုက်သည်။
"သခင်လေးက လူသိမခံဖို့ ညွှန်ကြားထားတာ... ထားလိုက်တော့...ငါတို့ သွားကြစို့..."
ထိုသို့ပြောဆိုရင်း သွမ်ခုန်းသည် ခါးမှ စိတ်ဝိညာဉ်သားရဲအိတ်ကို ထုတ်ယူလိုက်၏။
ဖန်းကျောက်နဂါးလိပ်က ခေါင်းညိတ်ပြပြီး သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် သူသည် စိတ်ဝိညာဉ်အလင်းတန်းတစ်တန်းအဖြစ် လျှင်မြန်စွာ ပြောင်းလဲပြီး စိတ်ဝိညာဉ်သားရဲအိတ် ထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက်...
သွမ်ခုန်းက သူ၏လက်ချောင်းနှစ်ချောင်းကို လှုပ်ရှားလိုက်သည်။
သူ၏ခါးရှိ ဓားရှည်သည် ပျံသန်း၍ထွက်လာပြီး ဓားပျံကိုစီးနင်းကာ အဝေးသို့ ပျံသန်းသွားခဲ့လေ၏။