← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ အဘိုးအို....ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့က သူ့ရဲ့ စွမ်းအားကို ပြသလိုက်တယ်

သူ့ရှေ့ရှိ ဆူးမြှီးဝံပုလွေ၏အလောင်းကို ကြည့်ပြီးနောက် သူ၏ကိုယ်ပိုင်လက်သီးကို ကြည့်ကာ မိုလီ၏ မျက်လုံးများ ပို၍စူးရှလာခဲ့သည်။

"ငါ့ရဲ့ နယ်ပယ်က စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့... ငါ့ရဲ့ ခွန်အားက ဒီလောက်တောင် တိုးတက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"အရင်ကဆိုရင် အဲ့ဒီထူးဆန်းတဲ့စွမ်းအားရဲ့ အကူအညီနဲ့တောင်... ဒုတိယအဆင့် နတ်ဆိုးသားရဲ ကို ငါ မနည်းအနိုင်ယူခဲ့ရတာ... အခုတော့ အဲ့ဒီအဆင့်သားရဲကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပြီ..."

"ကြည့်ရတာ ငါ နိုးထလာတဲ့ ရုပ်ခန္ဓာကိုယ်က တွေ့ရအများဆုံး အမျိုးအစား မဟုတ်ဘူးထင်တယ်... အဲ့ဒီအရာရဲ့ တိကျတဲ့ အဆင့်ကိုပဲ ငါ မသိတာ..."

စကားပြောဆိုနေရင်း မိုလီသည် သစ်ပင်ဆီသို့ ပြန်လည်၍ လျှောက်လှမ်းသွားပြီး မြေကြီးပေါ်မှ လှံရှည်ကို ကောက်ကိုင်လိုက်သည်။

သူ ခပ်ဖျော့ဖျော့ပြုံးကာ ထပ်မံ၍ ပြောဆိုသည်။

"ငါ လေလံရုံကို ပြန်ရောက်ရင်... ဥက္ကဋ္ဌလင်းကို အဲ့ဒီအကြောင်း မေးလို့ရမှာပါ..."

"အခုလက်ရှိ ငါ့ရဲ့ အများကြီး တိုးတက်လာတဲ့ စွမ်းအားနဲ့ဆိုရင်... လေလံရုံရဲ့ လုံခြုံရေးဌာနမှာတောင် ဝင်လို့ရနိုင်တယ်... ဒါဆိုရင် ငါ ကျင့်ကြံဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရရုံတင်မကဘူး... ဥက္ကဋ္ဌလင်းရဲ့ ကျေးဇူးကိုလည်း ပြန်ဆပ်နိုင်မယ်..."

မိုလီသည် နေဝင်သွားသည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ကျနေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူသည် သူ လာရာလမ်းဘက်သို့ လှည့်ကြည့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် အေးစက်သောအသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာပေ၏။

"ဟီး ဟီး ဟီး... ကောင်လေး... ထွက်သွားဖို့ အရမ်းမလောပါနဲ့အုံး...ဒီဘိုးဘေးက မင်းကို မေးစရာ ရှိသေးတယ်..."

မိုလီ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

သူသည် အသံလာရာနှင့် ဆန့်ကျင်ဘက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် နောက်ဆုတ်ပြီး ရှေ့သို့ စူးစိုက်၍ ကြည့်လိုက်သည်။

"ဘယ်သူ စကားပြောနေတာလဲ..."

မိုလီက မျက်မှောင်ကြုတ်ပြီး သူ၏လက်ထဲရှိ လှံရှည် ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

သူ ပတ်ဝန်းကျင်ကို အလျှင်အမြန် ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ။

ထို့နောက် သူ၏စိတ်ဝိညာဉ်ချီကို တိတ်တဆိတ် အသက်သွင်းကာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရသေးပေ။

မိုလီ၏မျက်နှာအမူအရာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။

ဤအခြေအနေက တစ်ဖက်လူ၏နယ်ပယ်သည် သူ့ထက် များစွာသာလွန်နေကြောင်း ညွှန်ပြနေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ဤသည်က အနည်းဆုံးအနေဖြင့် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယခုလောလောဆယ်တွင် သူ ယှဉ်ပြိုင်နိုင်ခြင်းမရှိသော လူတစ်ယောက်ပင်။

"ကောင်လေး... မင်းက တော်တော်လေး သတိထားတတ်တာပဲ...မစိုးရိမ်ပါနဲ့... ဒီဘိုးဘေးက လူဆိုး မဟုတ်ပါဘူး..."

ထိုစကားကိုပြောဆိုနေရင်း ပုံရိပ်တစ်ခုက ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။

ဤသည်မှာ သားရဲသားရေဝတ်စုံကို ဝတ်ဆင်ထားပြီး မြွေခေါင်းတုတ်ကောက်ကို ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦးပင်။

သူ၏မျက်လုံးများ အနည်းငယ် မှေးစင်းနေပြီး သူ၏ သားကောင်ကို ကြည့်နေသော မုဆိုးတစ်ယောက်အလား မိုလီကို စိုက်ကြည့်နေပေ၏။

သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်၌ အစစ်အမှန်မဟုတ်သော အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးထားသည်။

သူက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"ကောင်လေး... ဒီဘိုးဘေးက မင်းရဲ့ အရိုး တည်ဆောက်ပုံက သာမန်မဟုတ်တာကို မြင်တယ်... မင်းက ရှားပါးတဲ့ ကျင့်ကြံခြင်းပါရမီရှင် တစ်ယောက်ပဲ..."

"ဒီဘိုးဘေးက မင်းကို တပည့်အဖြစ် လက်ခံပြီး ကူညီချင်တယ်... မင်း ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပြီးပြီလား..."

သားရဲသားရေဝတ်စုံဝတ်ဘိုးဘေး၏ နှုတ်ခမ်းများ အနည်းငယ် ပို၍ကွေးတက်သွားပြီး သူ၏ အပြုံးမှာ ပို၍ပင် အတုအယောင်ဆန်နေသည်။

မိုလီသည် ငယ်ရွယ်သော်လည်း လူသားများ၏စိတ်နှလုံးသားသည် နတ်ဆိုးသားရဲ များထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိထားလေ၏။

သူ၏ရှေ့ရှိ သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးထံတွင် ကောင်းသောရည်ရွယ်ချက် မရှိနိုင်ခြေ အလွန်များကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ထို့ကြောင့် သူက ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ် စီနီယာ... ဒီဂျူနီယာက အင်အားစု တစ်ခုကို ဝင်ပြီးပြီမလို့... ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး... စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်..."

မိုလီ စကားပြောနေစဉ် သူသည် တိတ်တဆိတ်ဖြင့် နောက်ထပ် ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။

သားရဲသားရေဝတ်စုံဝတ် ဘိုးဘေး၏ မျက်နှာအမူအရာ သုန်မှုန်သွားသည်။

'သောက်ရေးမပါလိုက်တာ... သူက တကယ်ကြီး အင်အားစုတစ်ခုကို ဝင်ပြီးပြီပဲ...မဟုတ်ဘူး... စိတ်ဝိညာဉ် ခန္ဓာကိုယ်ရှိတဲ့ လူတစ်ယောက်နဲ့ ဆုံရခဲတယ်... ငါ ထပ်ကြိုးစားကြည့်ရမယ်...ဒီကောင်လေးက တော်တော်လေး ဉာဏ်ကောင်းပုံရတယ်... သူ ငါ့ကို လိမ်နေတာလည်း ဖြစ်နိုင်တယ်..."

သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးက တီးတိုးရေရွတ်လိုက်ပြီး လက်လျှော့ရန် ဆန္ဒမရှိသေးချေ။

သူသည် နောက်ထပ် အတုအယောင် အပြုံးတစ်ခုကို သူ၏မျက်နှာပေါ်၌ အတင်းအကြပ် ဖန်တီးပြီး အေးအေးဆေးဆေး ပြောလိုက်၏။

"ကောင်လေး... ဒီဘိုးဘေးက မဟာယန်နိုင်ငံအနှံ့အပြားမှာ နှစ်ရာနဲ့ချီပြီး သွားလာခဲ့ဖူးတယ်... မင်းရဲ့ ဘိုးဘေးကို ငါ သိကောင်း သိနိုင်တယ်..."

"မင်း ဘယ် အင်အားစုက လာတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား..."

မိုလီက မျက်မှောင်ကြုတ်လိုက်သည်။

ဤသားရဲသားရေဝတ်စုံဝတ် ဘိုးဘေးသည် သူ့ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း သူ သိထားသည်။

ယခုချိန်၌အကောင်းဆုံး နည်းလမ်းသည် ထိုဘိုးဘေးကို ဟန့်တားရန်အတွက် အားကောင်းသော အင်အားစုတစ်ခုအကြောင်း ထုတ်ဖော်ပြောဆိုရန်ပင်။

သို့သော် မိုလီသည် တောင်ပေါ်မှ လူငယ်လေးတစ်ဦးသာဖြစ်ပြီး မဟာယန်နိုင်ငံတော်ရှိ အင်အားစုငယ်များကိုပင် မသိချေ။

အားကောင်းသော အင်အားစုများကို သူ မည်သို့ သိနိုင်မည်နည်း။

သူ တိမ်တိုက်ကောင်းကင်လေလံရုံမှ ဖြစ်ကြောင်း ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

သူ့ရှေ့ရှိ ဘိုးဘေး၏စွမ်းအားသည် နားလည်ရခက်သဖြင့် လေလံရုံသို့ ပြဿနာများ သယ်ဆောင်လာနိုင်ပေ၏။

သူ လေလံရုံကို များစွာအကြွေးတင်နေပြီဖြစ်ရာ ဥက္ကဋ္ဌလင်းအတွက် ပြဿနာများ ထပ်မံ၍ မပေးနိုင်ချေ။

ထို့ကြောင့် မိုလီသည် စကားမပြောနိုင်ဘဲ ဝေ့လည်ကြောင်ပတ်ဖြစ်နေတော့သည်။

မိုလီ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးသည် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပုံရသည်။

သူ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်တန်းလင်းလက်သွားပေ၏။

"ဟီး ဟီး ဟီး... ကောင်လေး... မင်း ဘာလို့ စကားမပြောတာလဲ..."

"ဘာလို့လဲဆိုတော့ မင်းက ဘယ်အင်အားစုကိုမှ မဝင်ရသေးလို့ မဟုတ်လား..."

သူ စကားပြောနေစဉ် ဒေါသနှင့် ရူးသွပ်မှု အရိပ်အယောင်တစ်ခု သားရဲသားရေဝတ်စုံဝတ် ဘိုးဘေး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းက ဒီဘိုးဘေးကို လှည့်စားရဲလောက်အောင် သတ္တိရှိလှချည်လား... ဒီဘိုးဘေးက မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပြုမှာ မဟုတ်ဘူး..."

"မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်တော့..."

"ဒီဘိုးဘေးကို မင်းရဲ့ တိုက်ပွဲကို မြင်ခွင့်ပြုဖို့ ဘယ်သူက မင်းကို ပြောလို့လဲ..."

"အထူးရုပ်ခန္ဓာကိုယ်ရှိတဲ့ မင်းလို ကောက်ကျစ်တဲ့ ကောင်လေးကို ငါ အလွတ်မပေးနိုင်ဘူး..."

မိုလီ၏ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ နောက်သို့လှည့်ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။

သို့သော် သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးသည် မည်သည့်ထိတ်လန့်မှုမျှ မပြသခဲ့ချေ။

ခြေလှမ်းတစ်ချက် ရွေ့လျားလိုက်ရုံဖြင့် သူသည် မိုလီ ၏ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပေ၏။

မိုလီ အလျှင်အမြန် ရပ်တန့်လိုက်ရသည်။

သူ၏ရှေ့ရှိ သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးကို ကြည့်ကာ သူ၏မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းသွားသည်။

"ဟက် ဟက်... မင်း ထွက်ပြေးလို့ မရပါဘူး... ဒီဘိုးဘေးနောက်ကို လိမ်လိမ်မာမာ လိုက်ခဲ့စမ်း..."

"စိတ်ဝိညာဉ် ခန္ဓာကိုယ် ဒါမှမဟုတ် ရတနာရုပ်ခန္ဓာကိုယ်တောင် ရှိတဲ့သူတစ်ယောက်... သူ့ဆီကနေ ဘယ်လောက်ထိကောင်းတဲ့ လူသားဆေးလုံးတစ်လုံး ဖော်စပ်နိုင်မလဲ ဆိုတာ ငါ စိတ်ကူးလို့တောင် မရဘူး... ဟား ဟား ဟား..."

သားရဲသားရေဝတ်စုံဝတ် ဘိုးဘေး၏ နှုတ်ခမ်းများ မြင့်မားစွာ ကွေးတက်သွားခဲ့လေ၏။

သူက တောင်ဝှေးကိုကိုင်ကာ မိုလီထံသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

အေးစက်သော အပြုံးတစ်ခု သူ၏ရှုံမဲ့နေသော မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

မိုလီက အံ့ကြိတ်ပြီး သူ၏နှလုံးသားထဲတွင် မလိုလားမှုများ ပြည့်နှက်နေသည်။

"မဟုတ်ဘူး... ငါ ဒီမှာ လဲကျလို့ မဖြစ်ဘူး..."

"ငါ့ရဲ့ညီမလေးက ရောဂါဝေဒနာ ခံစားနေရပြီ... တကယ်လို့ သူ့ရဲ့ တစ်ဦးတည်းသော မိသားစု ဖြစ်တဲ့ ငါ့ကို သူ ဆုံးရှုံးလိုက်ရရင်... သူ ခံနိုင်ရည်မရှိတဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်..."

"ပြီးတော့ ဥက္ကဋ္ဌလင်းနဲ့ ကြီးကြပ်ရေးမှူး လီယီတို့ရဲ့ ကျေးဇူးကို ငါ ပြန်မဆပ်ရသေးဘူး..."

"ဘာပဲဖြစ်ဖြစ်... ငါ အသက်ရှင်ရက် ပြန်သွားရမယ်..."

မိုလီ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုများ ပြည့်နှက်နေသည်။

သူ၏အတွေးများ လျှင်မြန်စွာ ယောက်ယတ်ခတ်နေပြီး မည်ကဲ့သို့ ထွက်ပြေးရမည်ကို တွေးတောနေပေ၏။

ဤကဲ့သို့ အရေးကြီးသော အချိန်လေးမှာပင် လင်းရှောင် သူ့ကို ပေးခဲ့သော ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို သူ ရုတ်တရက် သတိရသွားသည်။

ဤစိတ်ဝိညာဉ်အဆောင်လက်ဖွဲ့သည် မည်သည့်အဆင့်၌ရှိသည်ကို သူ မသိသော်လည်း ဤအချိန်၌ တခြားနည်းလမ်း မရှိတော့ပုံရသည်။

ဤအကြောင်းကို တွေးတောမိသောအခါ မိုလီသည် သူ၏အင်္ကျီအတွင်းမှ သွေးစွန်းနေသော ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို အလျင်အမြန် ထုတ်ယူလိုက်၏။

သူသည် ထိုအရာကို လက်ချောင်းနှစ်ချောင်းဖြင့်ညှပ်ကာ အသက်သွင်းရန်အတွက် စိတ်ဝိညာဉ်ချီ အနည်းငယ်အား ထည့်သွင်းလိုက်သည်။

ထို့နောက် ဝှစ်ခနဲအသံနှင့်အတူ ထိုအရာကို သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးဆီသို့ လျင်မြန်စွာ ပစ်ပေါက်လိုက်သည်။

မီတာဒါဇင်ပေါင်းများစွာ အကွာအဝေးရှိ သားရဲသားရေဝတ်စုံဝတ်ဘိုးဘေးက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

မိုလီ၏လှုပ်ရှားမှုကို သူ သတိပြုမိပြီးဖြစ်သည်။

သို့သော် သူ မရှောင်တိမ်းဘဲ ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို မောက်မာထောင်လွှားစွာ ရင်ဆိုင်လိုက်သည်။

သူ၏အမြင်အရ မိုလီသည် အားနည်းသော စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။

ထိုကြောင့် မိုလီထံ၌ အစွမ်းထက်သော စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ ရှိနေရန်မှာ မဖြစ်နိုင်ချေ။

"ရုန်းကန်နေတဲ့ ပုရွက်ဆိတ်လေးပဲ..."

"ဒီဘိုးဘေးက စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် နှောင်းပိုင်းအဆင့်က နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ... ငါ့ရဲ့ နတ်ဆိုးကျင့်ကြံနည်းစနစ်က ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေတာ တော်တော်ကြာပြီ..."

"မဟာယန်နိုင်ငံရဲ့ ခရိုင်မြို့တော်ဝန်တွေတောင်မှ ငါ့ကိုတွေ့ရင် လမ်းဖယ်ပေးရတာ... သာမန် စိတ်ဝိညာဉ်..."

သားရဲသားရေဝတ်စုံဝတ်ဘိုးဘေး၏ စကားများ ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရသည်။

ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့သည် သားရဲသားရေဝတ်စုံဝတ်ဘိုးဘေးထံ ချဉ်းကပ်လာသည်နှင့်အမျှ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးကို ချက်ချင်းဝါးမျိုသွားပေ၏။

မကြာမီ ကြက်သွေးရွှေရောင် မီးတောက်များ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

သားရဲသားရေဝတ်စုံဝတ်ဘိုးဘေး မတ်တတ်ရပ်နေခဲ့သောနေရာတွင် ဖုန်မှုန့်ပါးပါးလေးတစ်လွှာသာ ကျန်ရစ်ခဲ့သည်။

"ဒီလောက်... ဒီလောက်ထိ အားကောင်းတဲ့ စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ ..."

မိုလီသည် ပြာအဖြစ် လောင်ကျွမ်းသွားသော သားရဲသားရေဝတ်စုံဝတ် ဘိုးဘေးကို ကြည့်ကာ တခဏကြာမျှ မှင်သက်သွားသည်။

သူသည် အသက်ပြင်းပြင်းရှူထုတ်ပြီး သူ၏တည်ငြိမ်မှုကို ပြန်လည်၍ ရယူလိုက်သည်။

ထို့နောက် သူက ထပ်မံ၍ တီးတိုးရေရွတ်လိုက်၏။

"ဥက္ကဋ္ဌလင်း ငါ့ကို ပေးခဲ့တဲ့ စိတ်ဝိညာဉ် အဆောင် လက်ဖွဲ့က ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် ချက်ချင်းသတ်ဖြတ်နိုင်တယ်..."

"အဲ့ဒါက အနည်းဆုံး စတုတ္ထအဆင့် စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်ရမယ်... ဥက္ကဋ္ဌလင်းက အရမ်းရက်ရောလွန်းတယ်..."

မိုလီ၏မျက်လုံးများတွင် ရှင်းပြ၍မရသော စိတ်ခံစားမှုတစ်ခုကို ပြသနေသည်။

တိမ်တိုက်ကောင်းကင်လေလံရုံအပေါ် သူ၏ အသိအမှတ်ပြုမှု ပို၍ပင် နက်ရှိုင်းလာသည်။

ထို့နောက် မိုလီသည် သားရဲသားရေဝတ်စုံဝတ် ဘိုးဘေး၏ ပြာများဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေ၏။

ပြင်းထန်သော လေတိုက်ခတ်မှုတစ်ခုဖြင့် ပြာများ အားလုံး လွင့်စင်သွားတော့သည်။

မည်းမှောင်နေသော မြေကြီးပေါ်တွင် ငွေရောင် လက်စွပ်တစ်ကွင်း တဖြည်းဖြည်း ထွက်ပေါ်လာသည်။

"တကယ့်ကို ဒဏ္ဍာရီလာ သိုလှောင်လက်စွပ် ရှိတာပဲ..."

မိုလီက ခပ်ဖျော့ဖျော့ပြုံးပြီး သိုလှောင်လက်စွပ် ကို ကောက်ယူကာ သူ၏ညာဘက်လက်တွင် စွပ်လိုက်၏။

ထို့နောက် သူက ထိုအရာကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။

"ဝိုး... စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ... အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီပြီး ရှိနေတယ်..."

"ပြီးတော့ ထူးဆန်းတဲ့ ရတနာတချို့လည်း ရှိနေတယ်... ငါ ချမ်းသာပြီ..."

မိုလီ၏မျက်လုံးများ တောက်ပသွားသည်။

သူ၏ဘဝတသက်တာလုံးတွင် ဤမျှထိများပြားသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

သို့သော် သူ အလျင်အမြန် ခေါင်းခါယမ်းလိုက်၏။

သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုများ ထင်ဟပ်နေကာ တီးတိုးရေရွတ်လိုက်သည်။

"မဟုတ်ဘူး... ဒါက ဥက္ကဋ္ဌရဲ့ စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့နဲ့ သတ်ခဲ့တာ... ဥက္ကဋ္ဌကိုင်တွယ်ဖို့ ငါ အဲ့ဒါကို ပြန်ယူသွားသင့်တယ်..."

"ငါ့ရဲ့အသက်အတွက် ဥက္ကဋ္ဌ ကို ငါ အကြွေးတင်နေတယ်... ငါ ဒီလောက်ထိ လောဘကြီးလို့ မရဘူး..."

ထိုသို့ပြောဆိုပြီးနောက် မိုလီသည် သိုလှောင်လက်စွပ် ကို ချွတ်ကာ သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူက ဘေးဘီဝဲယာကို ကြည့်လိုက်၏။

သူ လာခဲ့သော လမ်းငယ်လေးကို လျှင်မြန်စွာ ရှာတွေ့ခဲ့ပြီး လမ်းတလျှောက် အလျှင်အမြန် ထွက်ခွာသွားတော့သည်။

All Chapters