အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) စနစ်ဆုလာဘ်များကို ပေးအပ်ပြီ... တုံ့ပြန်မှုစတိုးဆိုင် ပွင့်လာပြီ
တိမ်တိုက်ကောင်းကင်လေလံရုံ၏ အနောက်ဘက်ခန်းမ၌...
လင်းရှောင်က ပလ္လင်ခွေထိုင်နေပြီး သူ၏မျက်လုံးများကို စုံမှိတ်ထားကာ သူ၏ချီများ တည်ငြိမ်နေပြီး သူ၏ စိတ်ဝိညာဉ် လွင့်မျောနေသည်။
သူ၏နံဘေးပတ်လည်ရှိ ခြောက်ကပ်နေသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာသည် သူ အချိန်အတော်ကြာ ကျင့်ကြံနေခဲ့ကြောင်း ပြသရန် လုံလောက်သည်။
မကြာမီ လင်းရှောင်၏ခန္ဓာကိုယ်ပေါ်ရှိ ချီများသည် ရုတ်တရက် အဆပေါင်းများစွာ အားကောင်းလာပေ၏။
အားကောင်းသော ချီလှိုင်းလုံးတစ်ခု သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အနီးရှိ ပြတင်းပေါက်ကို တုန်ခါသွားစေသည်။
ထို့နောက်....
လင်းရှောင်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ညစ်ညမ်းသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
"သုံးရက်နဲ့သုံးည ကြိုးစားအားထုတ်ပြီး နောက်ဆုံးတော့ ငါ အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ..."
"တကယ်လို့ ငါ ဆက်ပြီး ကြိုးစားနေမယ်ဆိုရင်... နောက်လမတိုင်ခင် လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်..."
သူ၏ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေကြောင်း ခံစားရသဖြင့် လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
သုံးရက်ဟူသော အချိန်တိုလေးအတွင်းမှာပင် သူ၏ နယ်ပယ်ကို နောက်တစ်ကြိမ် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။
သူသည် လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်နှင့် မဝေးတော့ချေ။
စနစ်၏သတိပေးချက်က လင်းရှောင်၏စိတ်ထဲတွင် မြည်ဟီးလာသည်။
"မျှော်လင့်ထားတဲ့အတိုင်း ပြီးသွားပြီပဲ..."
လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ယင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ခြင်းသည် သူ မျှော်လင့်ထားသည့်အတိုင်းပင်။
မည်သို့ပင်ဖြစ်စေကာမူ သွမ်ခုန်းသည် မည်သည့် အမှားအယွင်းမျှ မရှိဘဲ အချိန်မီ ရောက်ရှိနိုင်သရွေ့...
ဖန်းကျောက်နဂါးလိပ်၏စွမ်းအားဖြင့် တာဝန်ကို လွယ်လင့်တကူ ပြီးမြောက်နိုင်မည်မှာ သေချာပေါက်ပင်။
"ဒီတုံ့ပြန်မှုစတိုးဆိုင်က ဘာအတွက်လဲဆိုတာ အရင် ကြည့်ကြရအောင်..."
"စနစ်ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုအနေနဲ့... အဲ့ဒါက ဆိုးရွားမှာ မဟုတ်ဘူး..."
ထိုသို့ပြောဆိုပြီးနောက်...
လင်းရှောင်က အတွေးတစ်ချက်ဖြင့် တုံ့ဆိုင်းမှု စတိုးဆိုင်၏ အချက်အလက်များကို ဆင့်ခေါ်လိုက်၏။
"ရိုးရိုးရှင်းရှင်း ပြောရရင်... လေလံပွဲပြီးရင် တုံ့ပြန်မှု အမှတ်တွေ ရလာမယ်... ပြီးတော့ တုံ့ပြန်မှုအမှတ်တွေကို ရတနာတွေ လဲလှယ်ဖို့အတွက် အသုံးပြုနိုင်တယ်..."
ထို့ပြင် လဲလှယ်၍ရသော ရတနာများသည် လင်းရှောင် ယခင်က လေလံတုံ့ပြန်မှုရရှိခဲ့သော ရတနာများ၏ တစ်စိတ်တစ်ပိုင်းပင်။
"ဒါဆို... ငါ့မှာ တုံ့ပြန်မှုအမှတ်တွေ လုံလောက်မယ်ဆိုရင်... နောက်ထပ် ဖန်းကျောက်နဂါးလိပ်တစ်ကောင် ဒါမှမဟုတ် ဖန်းကျောက်နဂါးလိပ် အုပ်စုတစ်ခုလုံး ရနိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား..."
"ဒါဆိုရင် ငါက ပြိုင်ဘက်ကင်း ဖြစ်သွားပြီ မဟုတ်လား... ဟား ဟား ဟား..."
"ဖန်းကျောက်နဂါးလိပ်က တုံ့ပြန်မှု စတိုးဆိုင်ထဲမှာ ရှိနေလား မသိဘူး..."
လင်းရှောင်သည် ရာနှင့်ချီသော ဖန်းကျောက်နဂါးလိပ်များကို သူ စီမံကွပ်ကဲပြီး ထင်ရာစိုင်းနေသည့် မြင်ကွင်းကို တွေးတောမိလေ၏။
သူ စိတ်ကျေနပ်အားရစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
မျှော်လင့်ချက် အရိပ်အယောင်တစ်ခုဖြင့် သူသည် တုံ့ပြန်မှုစတိုးဆိုင်ကို အလျှင်အမြန် ဖွင့်လိုက်၏။
"ဟူး... ဖန်းကျောက်နဂါးလိပ် မရှိဘူး... နှမြောစရာပဲ..."
"နဂါးလိပ် တပ်ဖွဲ့တစ်ခု ဖွဲ့ဖို့ ငါ မျှော်လင့်နေခဲ့တာ..."
စိတ်ပျက်မှု အရိပ်အယောင်တစ်ခုက လင်းရှောင်၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
မည်သို့ပင်ဖြစ်စေကာမူ ဖန်းကျောက်နဂါးလိပ်သည် လိပ်နက်သွေးမျိုးဆက်ရှိသော စိတ်ဝိညာဉ်သားရဲတစ်ကောင်ပင်။
ထိုသားရဲသည် သူ၏နယ်ပယ်ထက်ကျော်လွန်၍ ရန်သူများကို သတ်ဖြတ်ရန်မှာ အားစိုက်ထုတ်စရာ မလိုဘဲ သူ၏အလားအလာမှာ အလွန်အမင်း ကောင်းမွန်လေ၏။
အကယ်၍ ထိုကဲ့သို့သားရဲမျိုး နောက်ထပ်ကောင်ရေအနည်းငယ် ထပ်ရနိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။
ကံမကောင်းစွာဖြင့် ဖန်းကျောက်နဂါးလိပ်သည် သူ ဆန္ဒရှိသကဲ့သို့ တုံ့ပြန်မှုစတိုးဆိုင်တွင် ရှိမနေခဲ့ချေ။
"ဒီတုံ့ပြန်မှုစတိုးဆိုင်ထဲက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းက တော်တော်လေး ကောင်းတယ်... တကယ်လို့ ငါ ကျင့်ကြံဖို့ နည်းနည်းလောက် လဲလှယ်နိုင်မယ်ဆိုရင်... တစ်ရက်အတွင်း အဆင့်ငယ်တစ်ခုကို ချိုးဖောက်ဝင်ရောက်ဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး..."
"ဒါပေမဲ့ ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီး လည်း တုံ့ပြန်မှုစတိုးဆိုင်ထဲ ရောက်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"အဲ့ဒါက တော်တော်စျေးကြီးတာပဲ... တုံ့ပြန်မှု အမှတ် ၆၆၀၀၀၀ တောင် ကျသင့်တယ်... အဲ့ဒီက အစွန်းထွက်အကြွေလေးနဲ့တင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းနှစ်ခု ဝယ်လို့ ရတယ်..."
"ပြီးတော့ ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့က တုံ့ပြန်မှုအမှတ် ၁၅၀၀ ပဲ ကျသင့်တာ... ဒီလို ကြည့်ရရင်... လက်ဆောင်အဖြစ် ပေးထားတဲ့ တုံ့ပြန်မှု အမှတ် ၁၀၀၀၀၀က တော်တော်လေး များတာပဲ..."
လင်းရှောင်က တီးတိုးရေရွတ်လိုက်သည်။
"ပထမဆုံး... စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်း တစ်ခု ငါ လဲလှယ်မယ်... အမြန်ဆုံး အဆင့်ချိုးဖျက်ဝင်ရောက်ဖို့က အရေးကြီးတယ်... ငါ့ကို အမြဲတမ်း တခြားလူတွေက ကာကွယ်စောင့်ကြပ်နေတာမျိုး မလိုချင်ဘူး..."
"အရေးပေါ် အခြေအနေတွေအတွက် ကျန်တဲ့ တုံ့ပြန်မှုအမှတ်တွေကို ငါ ချန်ထားမယ်..."
ဆုံးဖြတ်ချက်ချပြီးနောက်...
လင်းရှောင်သည် သူ့ရှေ့ရှိ တုံ့ပြန်မှု စတိုးဆိုင် မျက်နှာပြင်ကို ညင်သာစွာ ပုတ်လိုက်၏။
တုံ့ပြန်မှုအမှတ်များသည် ၁၀၀၀၀၀မှ ၇၀၀၀၀သို့ ချက်ချင်း ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာပင်...
စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းတစ်ခုက စနစ် ဟင်းလင်းပြင်ထဲတွင် လေထုထဲမှ ထွက်ပေါ်လာသည်။
ထို့နောက်...
လင်းရှောင်သည် အချိန်တခဏကြာမျှ စဉ်းစားပြီး တီးတိုးရေရွတ်လိုက်၏။
"ငါ ကျင့်ကြံနေတာ သုံးရက်ရှိပြီ... အချိန်ကို တွက်ကြည့်ရရင်... သွမ်ခုန်းနဲ့တခြားသူတွေ အခုလောက်ဆိုရင် ပြန်ရောက်နေလောက်ပြီ မဟုတ်လား..."
လင်းရှောင်၏နတ်ဘုရားစိတ်အာရုံ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။
မကြာမီ သူ၏နတ်ဘုရားစိတ်အာရုံသည် အခန်းကို ဖြတ်ကျော်သွားပြီး ခန်းမထဲရှိ သွမ်ခုန်းကို အာရုံခံမိသွားသည်။
"သွမ်ခုန်း ရတနာတွေများ ရှာတွေ့ခဲ့လား မသိဘူး... ငါ အပြင်ထွက်ပြီး ကြည့်လိုက်မယ်..."
လင်းရှောင်က တွေးတောလိုက်၏။
သူ ဖြည်းညှင်းစွာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်သည်။
ထို့နောက် သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာခဲ့တော့သည်။
ခန်းမထဲတွင်...
သွမ်ခုန်းသည် တိုင်လုံးတစ်ခုကိုမှီ၍ ရင်ဘတ်ပေါ် လက်ပိုက်ကာ မျက်လုံးများကို စုံမှိတ်ပြီး အနားယူနေခဲ့သည်။
လင်းရှောင် အခန်းထဲမှ ထွက်လာသည်ကို ခံစားရသဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
"သခင်... ထွက်လာပြီပဲ...သခင်ရဲ့ ကျင့်ကြံခြင်းက နောက်တစ်ကြိမ် တိုးတက်လာပြီးတော့ နောက်ထပ် နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."
သွမ်ခုန်းက လင်းရှောင်၏နယ်ပယ်အရှိန်အဝါကို ခံစားမိသဖြင့် ခပ်ဖျော့ဖျော့ပြုံးကာ ဂုဏ်ပြုလိုက်သည်။
ထို့နောက်...
သွမ်ခုန်းသည် အနက်ရောင်နှင့်ငွေရောင် သိုလှောင်လက်စွပ်နှစ်ကွင်းအပြင် သူ၏ခါးရှိ စိတ်ဝိညာဉ်သားရဲအိတ်ကိုလည်း ထုတ်ယူလိုက်သည်။
သူက ထိုအရာအားလုံးကို လင်းရှောင်ထံသို့ လက်ကမ်းပေးပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အနက်ရောင် သိုလှောင်လက်စွပ်က ယင်နတ်ဆိုးဂိုဏ်းချုပ်ရဲ့ ပစ္စည်းပါ..."
"အရင်က သခင်ပေးခဲ့တဲ့ ငွေရောင်လက်စွပ်ထဲမှာ... ယင်နတ်ဆိုးဂိုဏ်းက ရှာတွေ့ခဲ့တဲ့ ရတနာတွေပါတယ်..."
"ဒါပေမဲ့... နောက်ပိုင်းမှာ ကျင့်ကြံသူတစ်ယောက် ရောက်လာလို့... အရင်က သခင့်ရဲ့ ညွှန်ကြားချက်တွေအရ... ကျွန်တော်တို့ တိုက်ရိုက်ထွက်လာခဲ့ပြီးတော့ အဆင့်မြင့်တဲ့ ရတနာတချို့ကိုပဲ ယူလာခဲ့တယ်..."
လင်းရှောင်သည် သိုလှောင်လက်စွပ်များကို လက်ခံပြီး စိတ်ဝိညာဉ်သားရဲအိတ်ကို သူ၏ခါးတွင် ချိတ်ဆွဲလိုက်သည်။
ထို့နောက် သူသည် သွမ်ခုန်း၏ပခုံးကို ပုတ်ကာ စိတ်ကျေနပ်စွာပြုံးပြီး ပြောဆိုသည်။
"ကောင်းကောင်း လုပ်ခဲ့တယ်...ငါ မင်းကို နောက်မှ ဆုချမယ်..."
သွမ်ခုန်းသည် သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းကာ လက်ပူးဆုပ်ပြီး ပြောလိုက်၏။
"ဒါက ကျွန်တော် လုပ်သင့်တဲ့ အရာပါ..."
ထို့နောက်...
သွမ်ခုန်းက အချိန်တခဏကြာမျှ စဉ်းစားပြီး ထပ်မံ၍ ပြောဆိုသည်။
"အော်... ပြီးတော့ သခင်... မကြာသေးခင်က ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း မတည်မငြိမ်ဖြစ်နေတာကို ခံစားရတယ်... ရက်နည်းနည်းကြာရင် အဆင့်ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်..."
"အဲ့ဒီအချိန်ကျရင်... ကျွန်တော်က သခင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် ကျေးဇူးပြုပြီး သတိထားပါ..."
သွမ်ခုန်း၏စကားကို ကြားသောအခါ လင်းရှောင်၏ မျက်နှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။
သူသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကို မပြသဘဲ မနေနိုင်တော့ချေ။
သူ စီစဉ်ထားပြီး ဖြစ်လေ၏။
ထိုဆင့်ခေါ်ခြင်းဇာတ်ကောင် အဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုရန် သွမ်ခုန်းအား သူ ပေးအပ်ပေမည်။
ဤနည်းဖြင့် သွမ်ခုန်းသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် မဟာကျင့်ကြံသူ တစ်ဦး ဖြစ်လာပေမည်။
ထိုသို့ဖြစ်လာပါက လေလံရုံ၏လုံခြုံရေးသည်လည်း ပို၍အာမခံချက်ရှိလာနိုင်သည်။
ယခုချိန်၌ သွမ်ခုန်းသည် ကျင့်ကြံဆင့် ချိုးဖျက်ဝင်ရောက်တော့မည် ဖြစ်ရာ ဤသည်က လင်းရှောင်၏ ဆုံးဖြတ်ချက်ကို သံသယဝင်စရာမလိုဘဲ ခိုင်မာသွားစေသည်။
သွမ်ခုန်းသည် ကျင့်ကြံဆင့် အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ပြီးနောက် ထိုအဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုလိုက်မည်ဆိုလျှင်...
သွမ်ခုန်းသည် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ဦးအဖြစ် တဟုန်ထိုး မြင့်တက်သွားပေမည်။
ထိုအချိန်ကျလျှင် တိမ်တိုက်ကောင်းကင်လေလံရုံ သည်လည်း လွှမ်းမိုးမှုရှိသော အင်အားစု များကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စွမ်းအားများ ရှိလာပေမည်။
ဤအကြောင်းကို တွေးမိသောအခါ...
လင်းရှောင်သည် ပျော်ရွှင်မှုလှိုင်းလုံးကြီးတစ်ခုကို ခံစားမိလေ၏။
လင်းရှောင်က သူ၏အတွေးများကို ပြန်လည်၍ စုစည်းပြီးနောက် သွမ်ခုန်းကိုကြည့်ကာ အပြုံးနှင့် ပြောဆိုသည်။
"မင်းရဲ့ အဆင့်ချိုးဖျက်ဝင်ရောက်မှုကိုပဲ အာရုံစိုက်ပါ... မမေ့နဲ့... ငါတို့ဆီမှာ အခြေအနေကို ထိန်းထားပေးမယ့် ဖန်းကျောက်နဂါးလိပ် ရှိနေသေးတယ်..."
"မင်းရဲ့ အဆင့်ချိုးဖျက်ဝင်ရောက်မှုအတွက် သွားပြီးပြင်ဆင်တော့... တကယ်လို့ မင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်ရင်... လီယီဆီ သွားယူလိုက်ပါ..."
"မင်း အဆင့်ချိုးဖျက်ဝင်ရောက်ပြီးတာနဲ့... တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ်ကို တစ်ခါတည်း ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးမယ့်လက်ဆောင် ငါ မင်းကို ပေးမယ်..."
သွမ်ခုန်းသည် လင်းရှောင်၏ ယုတ္တိမရှိသော စကားများကို မေးခွန်းမထုတ်ခဲ့ချေ။
ထိုအစား စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
သူက လက်ပူးဆုပ်ကာ ဦးညွှတ်ပြီး ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်... ကျွန်တော် သွားပါတော့မယ်..."
ထိုသို့ပြောဆိုပြီးနောက်...
သွမ်ခုန်းသည် ဖြည်းညှင်းစွာ နောက်လှည့်ကာ တည်ငြိမ်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
သွမ်ခုန်း ထွက်ခွာသွားသည်ကို ကြည့်ကာ...
လင်းရှောင်က သူ၏မျက်နှာပေါ်ရှိ အပြုံးကို ပြန်ရုတ်သိမ်းလိုက်သည်။
သူသည် ခန်းမ၏အလယ်ဗဟိုရှိ လက်ဖက်ရည် ထိုင်ခုံဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားကာ ထိုင်ချလိုက်၏။
ထို့နောက် သူသည် သူ၏လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်လိုက်သည်။
"သွမ်ခုန်း တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အချိန်ကျရင်... သူ့ကို တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာအောင် ကူညီဖို့ အဆင့်မြှင့်တင်ခြင်းကတ်ကို ငါ သုံးမယ်..."
"ပြီးရင် လေလံရုံကို အဆင့်မြှင့်ဖို့ အဲ့ဒီ လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်ကို ငါ သုံးမယ်..."
"ကျွတ် ကျွတ် ကျွတ်...ငါ့ရဲ့အခြေအနေတွေက တကယ့်ကို ပိုကောင်းလာပြီပဲ..."