← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) ယင်နတ်ဆိုးဂိုဏ်း၏ ရတနာ...မိုလီ ပြန်လာပြီ

လင်းရှောင်သည် အေးအေးဆေးဆေး ဖြစ်နေပုံဖြင့် သူ၏ထိုင်ခုံတွင် နောက်သို့မှီလိုက်၏။

ထို့နောက် လုပ်စရာဘာမှမရှိသဖြင့် လင်းရှောင်က သွမ်ခုန်း ပေးခဲ့သော သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ကိုင်လိုက်သည်။

သူသည် ထိုအရာများကို သူ၏နဖူးတွင် ဖိထားကာ သူ၏မျက်လုံးများကို စုံမှိတ်ပြီး သူ၏စိတ်စွမ်းအားဖြင့် စတင်၍ စစ်ဆေးလေသည်။

အသက်ရှူချိန်အနည်းငယ်အကြာတွင် လင်းရှောင်က သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုအရာများထဲရှိ ရတနာများကို အကြမ်းဖျင်း သိရှိသွားပေ၏။

ပထမဆုံးအနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ တောင်ကုန်းလေးတစ်ခုစာမျှ ရှိနေသည်။

သွမ်ခုန်းသည် အနည်းငယ်သာ ယူဆောင်လာခဲ့သော်လည်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်းနီးပါးနှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ခန့် ရှိနေသည်။

ထိုအရာအားလုံး ပေါင်းလိုက်လျှင် ဤသည်က လင်းရှောင် လေလံပွဲနှစ်ခုမှ ရရှိခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများထက်ပင် ပို၍များပြားနေသည်။

နှစ်တစ်ထောင် အမွေအနှစ်ရှိသော အဓိက အင်အားစုတစ်ခုသည် အမှန်တကယ်ကို နက်နဲသော အခြေခံအုတ်မြစ်တချို့ ရှိသည်ဟု ပြောနိုင်ပေ၏။

နောက်တစ်ခုအနေဖြင့် ရတနာမျိုးစုံ ရာပေါင်းများစွာ ရှိနေသည်။

စတုတ္ထအဆင့်ရတနာများသည် ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိပြီး ပဉ္စမအဆင့်ရတနာ အခုနှစ်ဆယ်ခန့်ရှိသည်။

ဆဌမအဆင့် ရတနာငါးခုသာရှိပြီး သတ္တမအဆင့် လက်နက် ရတနာတစ်ခု ရှိလေ၏။

ဤရတနာများ၏ အဆင့်များသည် မနိမ့်ပါးသော်လည်း အများစုမှ အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်။

ထိုအရာများသည် အသင်္ချေစိတ်ဝိညာဉ်အလံများ သို့မဟုတ် ထူးဆန်းသော ကူအဆိပ်ကောင်များ ဖြစ်ကြသည်။

ထိုအရာများအနက် အများစုမှာ အဆိပ်ကျင့်ကြံသူ များကဲ့သို့ နတ်ဆိုးကျင့်ကြံသူများ အသုံးပြုသည့် ရတနာများ ဖြစ်ပေ၏။

ဤသည်မှာ စားရန်လည်း သဲတရှပ်ရှပ် လွှင့်ပစ်ရန်မှာလည်း အဆီတဝင်းဝင်းဟူသော ဆိုရိုးစကားအတိုင်းပင်။

ထိုအရာများကို လေလံတင်လျှင်ပင် ဝယ်ယူမည့်သူ ရှိချင်မှ ရှိပေမည်။

မည်သို့ပင်ဆိုစေကာမူ လေလံပွဲတွင် ပါဝင်သူ အားလုံးနီးပါးသည် လမ်းမှန်ကျင့်ကြံသူများ သို့မဟုတ် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

လေလံပွဲသို့ တက်ရောက်ဝံ့သော နတ်​ဆိုးကျင့်ကြံသူဟူ၍ အလွန်နည်းပါးသည်။

"ပဉ္စမအဆင့် ဒါမှမဟုတ် အဲ့ဒီထက်ပိုမြင့်တဲ့ ရတနာ ဆယ်ခုဆိုတဲ့ စနစ်ရဲ့ လိုအပ်ချက်ကို ပြည့်မီဖို့... ယင်နတ်ဆိုးဂိုဏ်းရဲ့ ရတနာ တွေကို ငါ အားကိုးနိုင်မယ်လို့ အစက ထင်ခဲ့တာ..."

"ကြည့်ရတာ အဲ့ဒီလောက် မရိုးရှင်းတဲ့ပုံပဲ... ဒီအထဲမှာ တခြားနည်းလမ်းနဲ့ အသုံးပြုလို့ရတဲ့ ရတနာတချို့ ပါဝင်ဖို့ ငါ မျှော်လင့်ရတော့မယ်..."

ခါးသီးသော အပြုံးတစ်ခုက လင်းရှောင်၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာသည်။

ထို့နောက် သူသည် ရှုပ်ပွနေသော ရတနာပုံကို ဖြည်းညှင်းစွာ စတင်၍ ရွေးချယ်တော့သည်။

သူ၏ ကောင်းကင်ဘုံမျက်လုံး အကူအညီဖြင့်...

မည်သည့်ရတနာမျှ လင်းရှောင်၏အမြင်အာရုံအောက်မှ မလွတ်မြောက်နိုင်ချေ။ ထိုအရာများ၏ အချက်အလက်များအားလုံး ထွက်ပေါ်လာပေ၏။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ ကြာမြင့်ပြီးနောက်...

လင်းရှောင်က နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

ထိုနတ်ဆိုးရတနာများကြားမှ အတော်အသင့် ပုံမှန်ဖြစ်သော ရတနာအနည်းငယ်ကို သူ ရွေးချယ်လိုက်ပေသည်။

ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ထို ရတနာများကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။

လင်းရှောင်က ထိုအရာများကို လက်ဖက်ရည် စားပွဲပေါ်တွင် သပ်ရပ်စွာ စီရီထားလိုက်သည်။

စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့.. အဆင့်နိမ့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့

အဆင့်...ပဉ္စမ အထွတ်အထိပ်အဆင့်

ဖော်ပြချက်... စိတ်ဝိညာဉ်စွမ်းအားနဲ့ အသက်သွင်းပြီးနောက်... အသုံးပြုသူကို မိုင်တစ်ရာ အကွာအဝေးမှာရှိတဲ့ နေရာတစ်ခုဆီ ကျပန်း နေရာရွှေ့ပြောင်းပေးနိုင်တယ်...

သိုင်းပညာနည်းစနစ်...သွေးလွတ်မြောက်ခြင်းနည်းစနစ်

အဆင့်....ပဉ္စမ အဆင့်နိမ့်

ဖော်ပြချက်....အသုံးပြုသူရဲ့ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ သွေးအနှစ်သာရတစ်စိတ်တစ်ပိုင်းကို လောင်ကျွမ်းစေပြီးတော့ သွေးအလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲပြီး အရမ်းမြန်ဆန်တဲ့ ထွက်ပြေးမှုတစ်ခုကို လုပ်ဆောင်နိုင်တယ်...

...

ဆေးလုံး...သွေးလောင်ကျွမ်းခြင်း ဆေးလုံး

အဆင့်...ပဉ္စမ ထိပ်တန်းအဆင့်

ဖော်ပြချက်...စားသုံးပြီးချိန်မှာ ကျင့်ကြံခြင်းကို ယာယီ တိုးမြှင့်ပေးနိုင်ပေမဲ့ အာနိသင် ပြယ်သွားပြီးနောက် အချိန်အတော်ကြာ အားနည်းတဲ့ ကာလတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်...

စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့...ယင်မီးတောက် မရဏအဆောင်လက်ဖွဲ့

အဆင့်... ဆဌမ ထိပ်တန်းအဆင့်

ဖော်ပြချက်...ယင်နတ်ဆိုးဂိုဏ်းရဲ့ ထူးခြားတဲ့ လျှို့ဝှက် စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့တစ်ခု ဖြစ်ပြီးတော့ တစ်ခုစီတိုင်းက သန့်စင်ဖို့အတွက် သက်ရှိစိတ်ဝိညာဉ် တစ်သောင်းကို ယ​ဇ်ပူဇော်ဖို့ လိုအပ်ပြီး ဖန်တီးဖို့ အရမ်းခက်ခဲတယ်... စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီးတော့ ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်....

လက်နက် ...သွေးငိုကြွေးခြင်းမိစ္ဆာဓား

အဆင့်...သတ္တမ အဆင့်နိမ့်

ဖော်ပြချက်... အတော်အသင့် ကောင်းမွန်တဲ့ နတ်ဆိုးဓားတစ်လက် ဖြစ်ပြီးတော့ သက်ရှိသတ္တဝါတစ်ကောင်ကို သတ်လိုက်တိုင်း... အဲ့ဒီအရာရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ယာယီတိုးမြှင့်ပေးနိုင်တယ်

ရတနာအမျိုးအစားငါးမျိုးသာ သူ ရွေးထုတ်နိုင်ခဲ့ပြီးထိုအရာများအနက် အဆင့်နိမ့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ သုံးခု၊ ယင်မီးတောက် မရဏအဆောင်လက်ဖွဲ့ နှစ်ခုနှင့် တခြားအရာများ တစ်ခုစီ ပါဝင်ပေသည်။

ထိုအရာအားလုံးပေါင်းလိုက်လျှင် ရတနာစုစုပေါင်း ရှစ်ခု ရှိလေ၏။

လင်းရှောင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက်တီးတိုးရေရွတ်လိုက်သည်။

"ဒီလို ကြည့်ရရင်... ငါ အရင်က ရခဲ့တဲ့ အမွေအနှစ် ကျောက်စိမ်းအရိုးနဲ့ဆိုရင်... နောက်ထပ် ပဉ္စမအဆင့် ရတနာတစ်ခုရတာနဲ့ လုံလောက်သွားပြီ..."

"ဟူး... လေလံတင်ဖို့ တင်သွင်းလာတဲ့ ရတနာတွေအပေါ်မှာပဲ ငါ မျှော်လင့်ရတော့မှာပဲ..."

"လေလံရုံရဲ့ ဂုဏ်သတင်းက မကြာသေးခင်က အရမ်း မြင့်တက်လာတော့... ရတနာတွေ လာတင်သွင်းဖို့ ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်လောက်တယ်..."

"ပဉ္စမအဆင့်နဲ့အထက် ရတနာတွေရှိဖို့ မျှော်လင့်ရတာပဲ..."

"မရှိရင်တော့...အဲ့ဒီနတ်ဆိုးရတနာတွေနဲ့ပဲ ငါ စမ်းကြည့်ရမှာပဲ..."

လင်းရှောင်က လက်ဖက်ရည်တစ်ငုံကို ဖြည်းညှင်းစွာ သောက်လိုက်သည်။

ထို့နောက် သူသည် အင်္ကျီလက်ကို ခေါက်လိုက်ပြီး စားပွဲပေါ်ရှိ ရတနာများကို သူ၏စနစ်ဟင်းလင်းပြင် ထဲသို့ ထည့်လိုက်၏။

ထိုအချိန်မှာပင်...

ပင်မခန်းမ၏ အပြင်ဘက်မှ ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။

သူက တည်ငြိမ်သော ခြေလှမ်းများဖြင့် လင်းရှောင်၏ ရှေ့သို့ လျှောက်လှမ်းလာသည်။

လင်းရှောင် မော့ကြည့်လိုက်ရာ ရောက်လာသူမှာ လေ့ကျင့်ရေးမှ ပြန်လာသော မိုလီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

မိုလီ၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိသိသာသာ ပြောင်းလဲနေသော အရှိန်အဝါကို မြင်သောအခါ..

လင်းရောင်သည် တစ်ခုခုကို ချက်ချင်းခန့်မှန်းမိပြီး သူ၏ကောင်းကင်ဘုံမျက်လုံးကို တိတ်တဆိတ် အသက်သွင်းလိုက်၏။

'အမည်...မိုလီ

အသက်..၁၆

နယ်ပယ်... စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာကိုယ်...မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ်

ဖော်ပြချက်...တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ ဝန်ထမ်း တစ်ယောက်ဖြစ်ပြီးတော့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ နှစ်ယောက်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်... သူ့ရဲ့ အင်မော်တယ်ရုပ်ခန္ဓာကိုယ်က နိုးထသွားပြီဖြစ်ပြီးတော့ သူ့ရဲ့ အလားအလာက လောကမှာ ပြိုင်ဘက်ကင်းတယ်...'

'မျှော်လင့်ထားတဲ့အတိုင်း သူ့ရဲ့ အင်မော်တယ် ရုပ်ခန္ဓာကိုယ် က နိုးထလာခဲ့ပြီပဲ... သူ့ရဲ့အသွင်အပြင်တစ်ခုလုံး ပြောင်းလဲသွားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး...'

လင်းရှောင်က သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။

ထို့နောက် သူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုသည်။

"မိုလီ ... ကြည့်ရတာတော့ မင်းရဲ့ လေ့ကျင့်ရေးက အောင်မြင်ခဲ့ပုံပဲ... မင်းရဲ့ ရုပ်ခန္ဓာကိုယ် နိုးထလာတဲ့အတွက် ဂုဏ်ပြုပါတယ်...ငါ့ဆီကနေ လိုအပ်တာ ရှိလို့လား..."

အံ့အားသင့်မှု အရိပ်အယောင်တစ်ခုက မိုလီ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။ သူက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။

"ဥက္ကဋ္ဌလင်း... ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ..."

"ငါက မင်းကို ခုလေးတင် ပြောပြမလို့..."

လင်းရှောင်သည် လက်ဖက်ရည်စားပွဲပေါ်ရှိ လက်ဖက်ရည်ကို အေးအေးဆေးဆေး အရသာခံ၍ သောက်လေသည်။

သူက နက်နဲသိမ်မွေ့ဟန်ဆောင်ကာ တည်ငြိမ်သော လေသံဖြင့် ပြောဆိုသည်။

"ဒီဥက္ကဋ္ဌက ကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ အရာအားလုံးကို သိတယ်... ငါ သိတာတွေ အများကြီး ရှိသေးတယ်..."

"ဥပမာအနေနဲ့... မင်း နိုးထလာတဲ့ ရုပ်ခန္ဓာကိုယ်က မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ် မဟုတ်လား..."

လင်းရှောင် ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။

"ဥက္ကဋ္ဌလင်း... ခင်ဗျား... ခင်ဗျားက အရမ်းအံ့အားသင့်စရာ ကောင်းတာပဲ...ကျွန်တော် သတိလစ်သွားပြီးနောက်မှာမှ ကျွန်တော် နိုးထလာတဲ့ ရုပ်ခန္ဓာကိုယ်က မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ် ဆိုတာကို ကျွန်တော် သိခဲ့ရတာ..."

"ကျွန်တော် ရုပ်ခန္ဓာကိုယ်တစ်ခု နိုးထလာလိမ့်မယ်လို့ ဥက္ကဋ္ဌက ကြိုသိနေလို့... ကျွန်တော့်ကို လေ့ကျင့်ဖို့ လွှတ်လိုက်တာလား..."

သူ၏ ရုပ်ခန္ဓာကိုယ် ထုတ်ဖော်ခံလိုက်ရခြင်းအတွက် မိုလီသည် မည်သည့် ထိတ်လန့်မှုကိုမျှ မခံစားရချေ။

ဆန့်ကျင်ဘက်အနေဖြင့် လင်းရှောင်၏ အရာအားလုံးကို သိမြင်နိုင်စွမ်းကြောင့် သူ၏မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

လင်းရှောင် သည် သူတို့ အခက်အခဲဆုံး အချိန်တွင် ကူညီပေးခဲ့ပြီး သူ၏ နှလုံးသားထဲတွင် လင်းရှောင်ကို ကျေးဇူးရှင်တစ်ဦးအဖြစ် ကြာမြင့်စွာကတည်းက သတ်မှတ်ထားခဲ့သည်။

ထို့ပြင် လင်းရှောင်သည် သူ့ကို အဖိုးတန် ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို ပေးခဲ့ပြီး ထိုအရာက သူ၏ အသက်ကိုပင် ကယ်တင်ပေးခဲ့လေ၏။

မိုလီသည် ဤကျေးဇူးတရားများအားလုံးကို သူ၏ နှလုံးသားထဲတွင် ကြာမြင့်စွာကတည်းက ရေးထွင်းထားခဲ့သည်။

ရုတ်တရက် မိုလီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး တစ်စုံတစ်ခုကို သူ ရုတ်တရက် သတိရသွားသည်။

မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး ဒီလောက်ထိ တိုက်ဆိုင်နိုင်မှာလဲ...

တစ်ယောက်ယောက်က ငါ့ကို အန္တရာယ်ပြုမယ် ဆိုတာကို ဥက္ကဋ္ဌလင်းက ကြိုသိနေလို့... ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို ငါ့ကို ပေးခဲ့တာများလား...

ဤအကြောင်းကို တွေးမိသောအခါ....

မိုလီသည် သူ၏ရှေ့ရှိ နက်နဲသိမ်မွေ့သော လင်းရှောင်ကို ကြည့်လိုက်၏။

သူ၏မျက်လုံးများတွင် ကြည်ညိုလေးစားမှုနှင့် ကျေးဇူးတင်မှုအနည်းငယ် ပို၍ပီပြင်ထင်ရှားလာသည်။

ထို့နောက် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံ ရကာ နောက်ထပ်စကားတစ်ခွန်းမျှ မပြောဘဲ လင်းရှောင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။

သူက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

"ဥက္ကဋ္ဌလင်းရဲ့ နတ်ဘုရား စွမ်းရည်တွေက အရမ်းမြင့်မားတယ်... ခင်ဗျားရဲ့ ကြီးမားတဲ့ကျေးဇူးကို မိုလီက စိတ်နှလုံးသားထဲမှာ ရေးထွင်းထားပါ့မယ်..."

"တကယ်လို့ ကျွန်တော် အနာဂတ်မှာ တစ်ခုခု အောင်မြင်ခဲ့ရင်... ခင်ဗျားအတွက် မီးကိုဖြတ် ရေကို ဖြတ်ပြီး အလုပ်အကျွေးပြုပါ့မယ်..."

မိုလီ၏ ရုတ်တရက်လုပ်ရပ်က လင်းရှောင်ကို အချိန်တခဏကြာမျှ မှင်သက်သွားစေသည်။

မိုလီ၏ဒူးများ မြေကြီးနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင်...

ထူးဆန်းသော နေရခက်မှု ခံစားချက်တစ်ခုက လင်းရှောင်၏တစ်ကိုယ်လုံးကို ချက်ချင်းပြည့်နှက်သွားသည်။

လင်းရှောင်က တိတ်တဆိတ် တွေးတောမိလေ၏။

"ဒီအခြေအနေက မကောင်းဘူး..."

သူက မိုလီကို အလျှင်အမြန် ထူပေးလိုက်သည်။

ထိုနေရခက်မှု ချက်ချင်းပျောက်ကွယ်သွားပြီး လင်းရှောင်က နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

သူ ဟန်ဆောင်၍ ချောင်းနှစ်ချက်ခန့်ဟန့်လိုက်၏။

ထို့နောက် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုသည်။

"ဒီလို အခမ်းအနားတွေ လုပ်ဖို့ မလိုပါဘူး... ဒီဥက္ကဋ္ဌ က လေလံရုံရဲ့အဖွဲ့ဝင်တွေကို ပြုစုပျိုးထောင်ချင်ရုံ သက်သက်ပဲ... ဒါက ငါ့ရဲ့ တာဝန်သက်သက်ပဲ..."

"နောက်ပြီးတော့... အနာဂတ်မှာ မင်းနဲ့ မိုချီတို့ ငါ့ကို တွေ့ရင်... ဒီလောက်ထိ အရိုအသေပေးဖို့ မလိုပါဘူး... ဒါက အရမ်းယဉ်ကျေးလွန်းနေတယ်..."

မိုလီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် သားရဲသားရေဝတ်စုံဝတ် အဘိုးအို၏သိုလှောင်လက်စွပ်ကို ထုတ်ယူလေသည်။

သူသည် ထိုအရာကို လင်းရှောင်ထံသို့ လက်ကမ်းပေးလိုက်ပြီး ပြောဆိုသည်။

"ဒါက လေ့ကျင့်ရေးတုန်းက အန္တရာယ်နဲ့ ကြုံရချိန်မှာ ခင်ဗျား ပေးခဲ့တဲ့ ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကိုသုံးပြီးတော့ အဲ့ဒီလူကိုသတ်ပြီး ရခဲ့တာပါ..."

"ဒီအထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများနဲ့ စတုတ္ထအဆင့် ရတနာတချို့ ပါဝင်တယ်... အဲ့ဒါတွေကို ခင်ဗျားကို ပေးပါတယ်..."

လင်းရှောင်က လက်ဝှေ့ယမ်းပြပြီး ထိုအရာများကို လက်မခံခဲ့ချေ။

သူက အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါ မယူပါဘူး... မင်း ရခဲ့တာဆိုတော့ အဲ့ဒါက မင်း ပိုင်တာပဲ..."

"အဲ့ဒါလည်း ဟုတ်တာပဲ... ခင်ဗျားရဲ့ ကြီးမားတဲ့ နတ်ဘုရား စွမ်းရည်တွေနဲ့ဆိုရင်... ဒါကို ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား လိုအပ်မှာ မဟုတ်ပါဘူး..."

မိုလီက အချိန်တခဏကြာမျှ စဉ်းစားလိုက်၏။

သူ ခပ်ဖျော့ဖျော့ပြုံးကာ သိုလှောင်လက်စွပ်ကို သူ၏ လက်တွင် ပျော်ရွှင်စွာ ဝတ်ဆင်လိုက်သည်။

ထို့နောက် သူ မိုချီ၏ ရောဂါကို ရုတ်တရက် သတိရသွားသည်။

သူ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။

"ဥက္ကဋ္ဌလင်း... ခင်ဗျားက ကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ အရာအားလုံးကို သိတယ်ဆိုတော့... ကျွန်တော့် ညီမလေးရဲ့ အအေးမိရောဂါက ဘာဖြစ်နေတာလဲ ဆိုတာကို ပြောပြနိုင်မလား..."

"ခင်ဗျားမှာ အဲ့ဒါကို ကုသဖို့ နည်းလမ်း ရှိလား..."

မိုလီ၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်ကာလင်းရှောင်သည် တံတွေးမျိုမချဘဲ မနေနိုင်တော့ချေ။

'သောက်ရေးမပါလိုက်တာ... ငါ စကားလွန်သွားပြီ ထင်တယ်...အရင်က ငါ့ရဲ့ ကောင်းကင်ဘုံမျက်လုံးတွေနဲ့တောင် ထိုးထွင်းမမြင်နိုင်ခဲ့တာ... ငါ ဘယ်လိုလုပ်ပြီး ဒါကို သိနိုင်မှာလဲ...လောလောဆယ်တော့ အဲ့ဒါက သူ့ရဲ့ မနိုးထသေးတဲ့ ရုပ်ခန္ဓာကိုယ်နဲ့ သက်ဆိုင်တယ်လို့ပဲ ငါ ခန့်မှန်းနိုင်တယ်... ငါ လောင်းကြေးထပ်ရမှာပဲ..."

သူ၏တည်ငြိမ်မှုကို ပြန်လည်ရယူပြီးနောက် လင်းရှောင်က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

"မင်းရဲ့ညီမလေးမှာလည်း မနိုးထသေးတဲ့ ရုပ်ခန္ဓာကိုယ်တစ်ခုရှိတယ်... ပြီးတော့ သူ့ရဲ့ အအေးမိရောဂါက သူ့ရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ သက်ဆိုင်နေတယ်..."

"သူ့ရဲ့ ရုပ်ခန္ဓာကိုယ် နိုးထလာတာနဲ့... သူ အဆင်ပြေသွားမှာပါ..."

မိုလီက လင်းရှောင်၏စကားများကို နားထောင်နေသည်။ သူ၏အဖျားရောဂါ ပျောက်ကွယ်သွားပြီးနောက် သူ၏ရုပ်ခန္ဓာကိုယ် နိုးထလာခဲ့ကြောင်း သူ ပြန်လည်၍ အမှတ်ရသွားသည်။

ထို့နောက် သူသည် မိုချီ၏အအေးမိရောဂါကို တွေးတောမိပြီး ရုတ်တရက် နားလည်သွားသည်။

သူက လက်ပူးဆုပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ...ဒါဆိုရင် ကျွန်တော် မိုချီ ကို အရင်သွားကြည့်လိုက်ပါဦးမယ်... နှုတ်ဆက်ပါတယ် ဥက္ကဋ္ဌ..."

ထိုသို့ပြောဆိုပြီးနောက်...

မိုလီက ပင်မခန်းမတံခါးမှ ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။

All Chapters