အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) တာအိုလမ်းစဥ် လျှောက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသော သွမ်ခုန်း....လေလံရုံကို အဆင့်မြှင့်တင်ခြင်း
သုံးရက်အကြာတွင် တိမ်တိုက်ကောင်းကင်လေလံရုံရှိရှေးဟောင်းအခန်းတစ်ခန်း အတွင်း၌...
ပလ္လင်ခွေထိုင်နေသော သွမ်ခုန်းသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ သူသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
မလှမ်းမကမ်းရှိ တခြားအခန်းတစ်ခန်းတွင်...
လင်းရှောင်သည် သူ၏ကျင့်ကြံခြင်းကို ပြီးစီးခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး သူ၏လက်ထဲရှိ မြောက်ပိုင်း မရဏနယ်မြေ မဟာကျမ်းစာကို အာရုံစိုက်နေသည်။
သွမ်ခုန်း၏ အဆင့်ချိုးဖျက်ဝင်ရောက်မှု အရှိန်အဝါကို ခံစားရသဖြင့် သူ ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
သူက တီးတိုးရေရွတ်လိုက်သည်။
"ကြည့်ရတာတော့ သွမ်ခုန်း အောင်မြင်သွားပုံပဲ..."
ထို့နောက် လင်းရှောင်က သူ၏လက်ထဲရှိ လျှို့ဝှက် လက်စွဲစာအုပ်ကို သိမ်းဆည်းလိုက်သည်။
သူသည် အခန်းထဲမှ ထွက်လာပြီး ပင်မခန်းမတွင် ထိုင်နေလိုက်၏။
သွမ်ခုန်း ရောက်မလာသေးသည်ကို မြင်သောအခါ သူသည် စနစ်ပိုင်ရှင် အချက်အလက်ပြ စာမျက်နှာကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။
'အိမ်ရှင်...လင်းရှောင်
မျိုးနွယ်...လူသားမျိုးနွယ် / ကမ္ဘာခြားနတ်ဆိုး
နယ်ပယ်... လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် အစောပိုင်းအဆင့်
ရုပ်ခန္ဓာကိုယ်...ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် (ဘုရင်အဆင့်)
သိုင်းပညာ ကျွမ်းကျင်မှုများ... ကျောက်တုံးခွဲလက် (ပထမ အထွတ်အထိပ်အဆင့်)၊ ကျားနက်နှလုံးဖောက်လက်ဝါး (ပဉ္စမအလယ်အလတ်အဆင့်)၊ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် (အဆင့်မဲ့)၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား (သတ္တမ အထွတ်အထိပ်အဆင့်)
နတ်ဘုရားစွမ်းရည် /အင်မော်တယ်နည်းစနစ်... ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း (ထိပ်တန်း နတ်ဘုရားစွမ်းရည်)
စနစ် ဟင်းလင်းပြင်..ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ (ပဉ္စမအဆင့်နိမ့်)၊ ပိုင်ကျဲ့ (ပျံသန်းရေးသားရဲ)၊ ဖန်းကျောက်နဂါးလိပ် (စိတ်ဝိညာဉ်သားရဲ)၊ ကောင်းကင်ချိုးဖျက် မရဏကျား အလောင်း၊ ပုန်းကွယ်ပုစဉ်း ရတနာဝတ်ရုံ၊ ဆဌမအဆင့် ထိပ်တန်းအဆင့် အမွေအနှစ်၊ လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်...အဆင့်နိမ့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့သုံးခု၊ သွေးလွတ်မြောက်ခြင်းနည်းစနစ်၊ ယင်မီးတောက် မရဏအဆောင်လက်ဖွဲ့...
လေလံတုံ့ပြန်မှု အကြိမ်အရေအတွက်... ၀ (၂၃ ရက်အကြာတွင် ပြန်လည်ပြည့်တင်းမည်)
စနစ်တာဝန်... ဒေသတစ်ခုလုံးတွင် နာမည်ကြီးခြင်း
တာဝန် ၁ ...တိမ်တိုက်ကောင်းကင်လေလံရုံ ရဲ့ လူကြိုက်များမှုကို ၁၀ သန်းအထိ တိုးမြှင့်ပြီး... ယန်အောင်းတော်ဝင်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးအောင် လုပ်ပါ... လက်ရှိ တိုးတက်မှု... ၁.၅၉ သန်း / ၁၀ သန်း
တာဝန် ၂ ...ပဉ္စမအဆင့်နဲ့ အထက် ရတနာဆယ်ခုကို လေလံတင်ပါ (စနစ်မှ ရတနာ များ အကျုံးမဝင်ပါ)... လက်ရှိ တိုးတက်မှု ...၀ / ၁၀
ပြီးမြောက်ခြင်း ဆုလာဘ်... အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၁ကတ်၊ နယ်ပယ် အဆင့်မြှင့်တင်ခြင်းကတ် (အိမ်ရှင် သီးသန့်)၁ကတ်၊ အဆင့်မြင့် သိုင်းပညာနည်းစနစ်တစ်တစ်ခု'
စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းမှ စိတ်ဝိညာဉ်စွမ်းအားများ မြှင့်တင်မှုနှင့်အတူ...
လင်းရှောင်၏ ကောင်းကင်ကို အန်တုသော ကျင့်ကြံခြင်း အမြန်နှုန်းသည် တောင်ပံတပ်ထားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
အချိန်နှစ်ရက်အတွင်းမှာပင် သူသည် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့်မှ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် သူသည် ရွှီမို ပေးခဲ့သော မြောက်ပိုင်း မရဏနယ်မြေ မဟာကျမ်းစာကို ဖတ်ရှုရန် နောက်ထပ် တစ်ရက် အချိန်ယူခဲ့လေ၏။
မြောက်ပိုင်း မရဏနယ်မြေ တစ်ခုလုံး၏ အခြေအနေကိုလည်း သူ အကြမ်းဖျင်း နားလည်သွားသည်။
သို့သော် စနစ်မျက်နှာပြင်ပေါ်တွင် ပြသထားသော လူကြိုက်များမှုကို ကြည့်ကာ လင်းရှောင် အနည်းငယ် စိုးရိမ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။
လူကြိုက်များမှုသည် ယခင်ကထက် နှစ်ဆတိုးလာသော်လည်း ၁၀ သန်းနှင့် ဝေးကွာနေဆဲပင်။
ထို့ပြင် မဟာယန်နိုင်ငံတွင် တိမ်တိုက်ကောင်းကင်လေလံရုံ၏ လူကြိုက်များမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရပြီး ထပ်မံ၍ မြင့်တက်လာရန် ခက်ခဲသွားစေခဲ့သည်။
လူကြိုက်များမှုကို ဆက်လက်တိုးမြှင့်ရန် မဟာယန် ပြင်ပမှသာ သူ စတင်နိုင်ပေမည်။
ထိုအချိန်မှာပင်...
သွမ်ခုန်းက ဖြည်းညှင်းစွာ လျှောက်လှမ်းပြီး ဝင်ရောက်လာပေ၏။
သူ အနည်းငယ် ဦးညွှတ်ပြီး ပြောဆိုသည်။
"သခင်... ကျွန်တော်က ကျွန်တော့်ရဲ့တာဝန်ကို အောင်မြင်သွားပါပြီ... သခင့်ရဲ့ လက်အောက်ငယ်သားက အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပါပြီ..."
လင်းရှောင်သည် သူ၏တည်ငြိမ်မှုကို ပြန်လည်၍ ရယူပြီး များစွာဆက်မတွေးတော့ချေ။
သူက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"အင်း... မဆိုးပါဘူး...ငါနဲ့ လိုက်ခဲ့... ဒီနေရာမှာ မင်း အဆင့်ချိုးဖျက်ဝင်ရောက်ဖို့ သိပ်အဆင်မပြေဘူး..."
ထို့နောက်...
လင်းရှောင်က သွမ်ခုန်းကို အနောက်ဘက်ခြံဝင်းသို့ ခေါ်ဆောင်သွားခဲ့လေ၏။
ထို့နောက် သူက စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုနှင့်တူညီသော ဆင့်ခေါ်ခြင်းဇာတ်ကောင် အဆင့်မြှင့်တင်ခြင်းကတ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
သူသည် ထိုအရာကို သွမ်ခုန်းဆီသို့ ပစ်လွှတ်လေသည်။
အဆင့်မြှင့်တင်ခြင်းကတ်သည် အပြာရောင် အလင်းတန်းတစ်တန်းအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး သွမ်ခုန်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
ထို့နောက် သွမ်ခုန်း၏ခန္ဓာကိုယ်သည် အလိုအလျောက် လေထဲသို့ ပျံတက်သွားလေ၏။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် လှည့်စားမှုတစ်ခုကဲ့သို့ တိုးတက်လာပြီး အံ့အားသင့်ဖွယ်ကောင်းသော အရှိန်ဖြင့် လျှင်မြန်စွာ ချိုးဖျက်ဝင်ရောက်သွားသည်။
ဤသည်မှာ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်၊ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်အထိပင်။
တစ်ချိန်တည်းမှာပင် သွမ်ခုန်း၏အရှိန်အဝါ လျှင်မြန်စွာ မြင့်တက်လာသည်။
သူက ထိန်းချုပ်ရန် သတိထားပြီး ကြိုးစားခဲ့သော်လည်း...
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် လင်ရှီးမြို့ တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
အချိန်တခဏအတွင်း...
လင်ရှီးမြို့ ရှိ ကျင့်ကြံသူအားလုံးနီးပါး ဒူးထောက်ရက်သား လဲကျသွားကြသည်။
သူတို့သည် တိမ်တိုက်ကောင်းကင်လေလံရုံ အထက် ကောင်းကင်ယံရှိ ပုံရိပ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
လင်ရှီးမြို့ ရှိ တည်းခိုခန်းတစ်ခုအတွင်း၌...
မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် တိတ်ဆိတ်စွာ အနားယူနေခဲ့လေ၏။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားရသဖြင့် သူ ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်..."
မဟာအကြီးအကဲက ပြတင်းပေါက်ကို ချက်ချင်းချိုးဖျက်ပြီး ပြင်ပသို့ ထွက်လာခဲ့သည်။
တိမ်တိုက်ကောင်းကင်လေလံရုံ အထက်ရှိ သွမ်ခုန်းကို မြင်သောအခါ သူ တံတွေးမျိုမချဘဲ မနေနိုင်တော့ချေ။
ထို့နောက် သူသည် သူ၏အရှိန်အဝါကို အလျှင်အမြန် ထိန်းချုပ်ပြီး တည်းခိုခန်းမှ သူ၏အခန်းထဲသို့ တိတ်တဆိတ် ပြန်လည်၍ ဆုတ်ခွာသွားတော့သည်။
သူသည် တံခါးကိုမှီထားပြီး လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်နေပုံ ပေါက်နေသည်။
သူ၏နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေပြီး သူက တီးတိုးရေရွတ်လိုက်၏။
"ဒီတိမ်တိုက်ကောင်းကင်လေလံရုံကို အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်သားရဲအပြင်... တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အားကောင်းသူ တစ်ယောက် စောင့်ကြပ်နေတာပါလား..."
"မဟုတ်ဘူး... ကိစ္စတွေက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေပြီ... ဒီအစွမ်းထက်ပုဂ္ဂိုလ်က သူ့ရဲ့အရှိန်အဝါကို ပြန်ရုတ်သိမ်းပြီးတာနဲ့... ဒါကို ငါ ချက်ချင်းသတင်းပို့ရမယ်..."
"ယန်အောင်းတော်ဝင်နိုင်ငံရဲ့ လက်အောက်က နိုင်ငံငယ်လေးတစ်ခုက အင်အားစုတစ်ခုက ပြင်ပက လျှို့ဝှက်အင်အားစုတစ်ခုနဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေရမယ်..."
ထိုသို့ရေရွတ်ပြီးနောက်...
မဟာဓားဂိုဏ်း၏မဟာအကြီးအကဲသည် ဖုံးကွယ်အဆောင်လက်ဖွဲ့ အများအပြားအား သူ့ကိုယ်သူ အလျင်အမြန် ကပ်လိုက်သည်။
မိုးကောင်းကင်ယံရှိ သွမ်ခုန်းက သူ့အား ရှာတွေ့မည်ကို သူ ကြောက်ရွံ့နေသည်။
အနောက်ဘက်ခြံဝန်းတွင်...
သွမ်ခုန်းသည် အဆင့်မြှင့်တင်ခြင်းကတ်၏ စွမ်းအားကို အပြည့်အဝ စုပ်ယူလိုက်၏။
တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ်၏ စွမ်းအားဖြင့် လိုက်လျောညီထွေ ဖြစ်သွားပြီးနောက် သူ၏အရှိန်အဝါကို အလျှင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။
ထို့နောက် သူသည် လင်းရှောင်၏ရှေ့သို့ လျှင်မြန်စွာ ဆင်းသက်လိုက်ကာ ဒူးတစ်ဖက်ထောက်ပြီး လက်ပူးဆုပ်၍ ပြောဆိုသည်။
"သခင်လေးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်..."
လင်းရှောင်က ခေါင်းညိတ်လိုက်၏။
သူ၏အကြည့်က စနစ်ပိုင်ရှင် အချက်အလက်ပြ စာမျက်နှာသို့ ပြန်လည်၍ ရောက်ရှိသွားသည်။
သူသည် စနစ်ဟင်းလင်းပြင်ထဲရှိ လေလံရုံအဆင့်မြှင့်တင်ခြင်းကတ်ကို ကြည့်လိုက်သည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူသည် သွမ်ခုန်းကို ညွှန်ကြားလိုက်၏။
"မင်း သွားပြီးတော့ လေလံရုံထဲက လူတိုင်းကို ဆယ့်ငါးမိနစ်အတွင်း လေလံရုံထဲကနေ ထွက်သွားဖို့ ပြောလိုက်ပါ...ငါ့အမိန့်လို့ပဲ ပြောလိုက်ပါ..."
"ဟုတ်ကဲ့ပါ..."
သွမ်ခုန်းက တုံ့ပြန်အဖြေပေးလေသည်။
သူ ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး သူ၏ အားကောင်းသော စိတ်စွမ်းအားဖြင့် လေလံရုံအတွင်းရှိ လူများအားလုံးကို ချက်ချင်းပစ်မှတ်ထားလိုက်သည်။
ထို့နောက် သူက တည်ကြည်လေးနက်သော လေသံဖြင့် အသံပေးပို့လိုက်၏။
"ဥက္ကဋ္ဌက လူတိုင်းကို ဆယ့်ငါးမိနစ်အတွင်း လေလံရုံ ကနေ ထွက်သွားဖို့ အမိန့်ပေးထားတယ်... အချိန်ဆွဲခွင့် မရှိဘူး..."
ထို့နောက်...
လင်းရှောင်သည်လည်း အချိန်မဆွဲတော့ဘဲ သွမ်ခုန်းနှင့်အတူ အနောက်ဘက်ခြံဝင်းမှ ထွက်ခွာလာခဲ့သည်။
မကြာမီ...
လေလံရုံအတွင်းရှိ အစေခံမလေးများ၊ လီညီအစ်ကိုများ၊ စုရှီယု၊ မိုလီ၊ မိုချီ နှင့် တခြားသူများ အားလုံး လေလံရုံ၏ ပင်မတံခါးမှ ထွက်လာခဲ့ကြသည်။
သူတို့အားလုံး၏ မျက်နှာများတွင် သံသယ အရိပ်အယောင်များ ရှိနေပြီး အစေခံမလေးများ၏ မျက်နှာအမူအရာများတွင်လည်း ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပြသနေသည်။
လမ်းပေါ်တွင် ဖြတ်သွားသော ကျင့်ကြံသူများသည် ဤအခြေအနေကို မြင်တွေ့ခဲ့ကြ၏။
သူတို့အားလုံးသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်ကာ စောင့်ကြည့်နေကြသည်။
ကြီးကြပ်ရေးမှူး တစ်ဦးအနေဖြင့် လီယီသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး လင်းရှောင်က ပင်မတံခါးရှေ့တွင် လက်နောက်ပစ်၍ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူ အလျှင်အမြန် ရှေ့သို့လျှောက်လှမ်းသွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သခင်လေး... လေလံရုံမှာ ပြဿနာ တစ်ခုခု ရှိလို့လား...ဘာလို့ ဒီလိုမျိုး ရုတ်တရက်ကြီး ဆူညံပွက်လောရိုက်သွားတာလဲ..."
လင်းရှောင်က အလျင်စလို ပြန်မဖြေခဲ့ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
သူ၏ရှေ့ရှိ အနည်းငယ် ယိုယွင်းနေသော တိမ်တိုက်ကောင်းကင်လေလံရုံကို ကြည့်ကာ သူက တည်ငြိမ်စွာ ပြောဆိုသည်။
"အခု တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းနေပြီဆိုတော့... သင့်တော်သလို ပြန်မွမ်းမံသင့်တာပေါ့..."
ထိုသို့ပြောဆိုပြီးနောက်...
လူတိုင်း၏ ဇဝေဇဝါဖြစ်နေသော အကြည့်များအောက်တွင် လင်းရှောင်သည် သူ၏အင်္ကျီလက်ကို ရှေ့သို့ဝှေ့ယမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူက စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်သည်။
"စနစ်... လေလံရုံ အဆင့်မြှင့်တင်ခြင်းကတ်ကို သုံးပါ..."
'တိမ်တိုက်ကောင်းကင်လေလံရုံအတွင်း၌ သက်ရှိသတ္တဝါများမရှိကြောင်း တွေ့ရှိရပါသည်... လေလံရုံ စတင် အဆင့်မြှင့်တင်နေပါပြီ...
ဆူညံပွက်လောရိုက်မှုက နည်းနည်းကြီးမားပါလိမ့်မယ်... ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ အိမ်ရှင်...'
စနစ်၏အသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...
ပြိုင်ဘက်ကင်းသော ကြီးမားသည့် စွမ်းအားတစ်ရပ်က လေထုထဲမှ ထွက်ပေါ်လာပြီး တိမ်တိုက်ကောင်းကင်လေလံရုံတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။
ထို့နောက် ရွှေရောင်အက္ခရာများသည် လေလံရုံ ၏ မျက်နှာပြင်ပေါ်တွင် စီးဆင်းသွားပြီး အလွန်အမင်း တောက်ပနေပေ၏။
ထို့နောက်...
ရွှေရောင်အက္ခရာများသည် လေလံရုံကို ဧရာမ အလင်းလုံးကြီးတစ်ခုအဖြစ် ရစ်သိုင်းလွှမ်းခြုံသွားသည်။
လောကကြီးကို တုန်ခါစေသော မြည်ဟီးသံကြီးနှင့်အတူ...
တိမ်တိုက်ကောင်းကင်လေလံရုံတစ်ခုလုံးသည် ရွှေရောင်အက္ခရာများဖြင့် လေထုထဲသို့ မြှောက်တင်ခြင်းခံလိုက်ရပြီး ကောင်းကင်ယံတွင် မီတာရာပေါင်းများစွာအမြင့်၌ မျောလွင့်နေသည်။
ရွှေရောင်အက္ခရာများသည် လျှင်မြန်စွာ လင်းလက်သွားပြီး လူများကို တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်စေသော နတ်ဘုရားအလင်းတန်းတစ်တန်းကို ထုတ်လွှတ်ထားသည်။
ဤမျှ ကြီးမားသော ဆူညံပွက်လောရိုက်မှုကို ဖုံးကွယ်ထားရန် မည်သို့မျှ မဖြစ်နိုင်ချေ။
လင်ရှီးမြို့တစ်မြို့လုံးသည် ကောင်းကင်တွင် လွင့်မျောနေသော ဧရာမအလင်းလုံးကြီးကို သတိပြုမိကြ၏။
သူတို့၏ စိတ်ကူးယဉ်တွေးတောနိုင်မှုထက် ကျော်လွန်နေသော ဤကြီးမားသည့် စွမ်းအားကို မြင်တွေ့ရသူတိုင်း သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့၏စိတ်နှလုံးသားများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး အချိန်တခဏကြာသည်အထိ သူတို့ ကြက်သေသေသွားသည်။
မကြာမီ....
မရေမတွက်နိုင်သောလူများ၏ မျက်လုံးအကြည့်များအောက်တွင် အလင်းလုံးကြီးမှ စူးရှသော အလင်းတန်းတစ်တန်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
သက်ရောက်မှု မရှိသော လင်းရှောင်မှလွဲ၍ တခြားလူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြသည်။
ဤအချိန်အတောအတွင်း၌ အလင်းရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပေ၏။
တိမ်တိုက်များကြားတွင် ကောင်းကင်ဘုံရှိ အင်မော်တယ်နန်းတော်တစ်ခုကဲ့သို့ လေလံရုံတစ်ခု ထွက်ပေါ်လာသည်။
အလွန်လှပသော ရွှေရောင်တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် အားမာန်ပါပြီး အရှိန်အဝါမြင့်မားသော စာလုံးတချို့ကို ရှင်းလင်းစွာ ရေးထွင်းထားသည်။
'တိမ်တိုက်ကောင်းကင်လေလံရုံ'
Book 4 end.