← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) ဖိတ်စာများ ဝေငှခြင်း...မဟာဓားဂိုဏ်း၏ ကြီးမားသော လောင်းကြေး

လင်းရှောင်သည် ခန်းမထဲရှိ ထိုင်ခုံတစ်ခုဆီသို့ လျှောက်လှမ်းသွားပြီး ထိုင်လိုက်၏။

သူက ဖြည်းညှင်းစွာ ပြောဆိုသည်။

"သွမ်ခုန်း... ကြည့်ရတာတော့ နောက်လေလံပွဲအတွက် အရောင်းမြှင့်တင်ရေးက မင်းအပေါ်မှာပဲ မူတည်နေပြန်ပြီထင်တယ်..."

"အခု လေလံရုံမှာ လုံခြုံရေး အသစ် ရှိနေပြီဆိုတော့... ငါတို့ရဲ့ လက်လှမ်းမီမှုကို ချဲ့ထွင်ရမယ့် အချိန်ရောက်ပြီ..."

"ယန်အောင်းတော်ဝင်နိုင်ငံအတွင်းမှာ... နိုင်ငံငယ်လေးတွေ ရာနဲ့ချီရှိပြီးတော့ အဓိကအင်အားစုဆယ်ခုကျော်နဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားစုနှစ်ခု ရှိတယ်..."

"အဲ့ဒီနေရာတွေအားလုံးကို မင်း အသိပေးဖို့ လိုအပ်တယ်... အထူးသဖြင့် မဟာဓားဂိုဏ်းနဲ့ ပန်းတစ်သောင်းတောင်ကြားဆိုတဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားစုနှစ်ခုကိုပဲ..."

သွမ်ခုန်းက ခေါင်းညိတ်ပြပြီး မေးမြန်းသည်။

"ယန်အောင်းတော်ဝင်နိုင်ငံရဲ့ တော်ဝင်မိသားစုကို ဖိတ်ဖို့လိုသေးလား..."

လင်းရှောင် အနည်းငယ် မျက်မှောင်ကြုတ်ပြီး အချိန်တခဏကြာမျှ စဉ်းစားလိုက်၏။

သူက ပြောဆိုသည်။

"ယန်အောင်းတော်ဝင်နိုင်ငံရဲ့ တော်ဝင်မြို့တော်က မင်းအတွက် နည်းနည်းအန္တရာယ်များနိုင်တယ်... လူတစ်ယောက်ကို သွားပို့ခိုင်းဖို့ နည်းလမ်းတစ်ခု ရှာကြည့်အုံး...တော်ဝင်မြို့တော်ထဲကိုဝင်ဖို့ မကြိုးစားနဲ့..."

ဤစကားကို ကြားပြီးနောက် သွမ်ခုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

သူက ယုံကြည်မှုရှိစွာ ပြောဆိုသည်။

"ပြဿနာ မရှိပါဘူး သခင်လေး... ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ..."

"အရင်တစ်ခေါက်ကလိုပဲ တိုက်ရိုက်ကြေညာလိုက်ရမလား..."

လင်းရှောင်၏ပါးစပ် တွန့်ကွေးသွားပြီး သူ အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။

ကောက်ကျစ်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

သူက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။

"မလုပ်နဲ့..."

"တခြားအင်အားစုတွေကို တိမ်တိုက်ကောင်းကင်လေလံရုံကို အသစ်ပေါ်ထွက်လာတဲ့ လျှို့ဝှက် အင်အားစုတစ်ခုအဖြစ် သတ်မှတ်စေချင်တယ်... ဒါကြောင့် ငါတို့ရဲ့ လုပ်ရပ်တွေက နည်းနည်းလျှို့ဝှက်ဆန်းကြယ်နေရမယ်..."

သူ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ထပ်မံ၍ ပြောဆိုသည်။

"ဖိတ်စာတွေ ပိုလုပ်လိုက်ပါ... လေလံပွဲကို ၂၃ရက်နေရင် ကျင်းပမယ်လို့ ရေးထားပြီး... အဲ့ဒီအင်အားစုတွေဆီ ပို့ပေးလိုက်..."

"အခု မင်းရဲ့ နယ်ပယ်က အရမ်းမြင့်မားသွားပြီဆိုတော့... မင်းရဲ့ ဓားစိတ်ဆန္ဒက အရင်ကထက် အများကြီး သာလွန်နေမှာ သေချာတယ်... ဖြစ်နိုင်ရင်... ဖိတ်စာတွေထဲမှာ အထင်ကြီးလောက်စရာ တစ်ခုခု ထည့်ဖို့ နည်းလမ်းတစ်ခု ရှာကြည့်အုံး..."

"အတိုချုပ်ပြောရရင်...အဲ့ဒီအင်အားစုတွေက တိမ်တိုက်ကောင်းကင်လေလံရုံက လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတယ်လို့ ခံစားရမယ်... ပြီးတော့ လေလံပွဲကို တက်ရောက်ဖို့ သူတို့ ဆန္ဒရှိအောင် လုပ်ရမယ်..."

သွမ်ခုန်း အချိန်တခဏကြာမျှ တွေးတောလိုက်သည်။ ထို့နောက် သူသည် 'ကောင်းပြီ' ဟူသော လက်ဟန်ပြပြီး ပြောဆိုသည်။

"ပြဿနာ မရှိပါဘူး... ကျွန်တော် အခု သွားပြင်ဆင်လိုက်ပါ့မယ်..."

ထိုသို့ပြောဆိုပြီးနောက်...

သွမ်ခုန်းက နောက်သို့လှည့်လိုက်ပြီး သူ၏ လက်ချောင်းထိပ်လေးဖြင့် ညင်သာစွာ ပွတ်ဆွဲလိုက်၏။

သူ၏ရှေ့ရှိ ဟင်းလင်းပြင်တွင် အက်ကွဲကြောင်း တစ်ခု ချက်ချင်းပွင့်ဟလာခဲ့သည်။

သွမ်ခုန်းက ထိုအထဲသို့ လှမ်းဝင်ပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းနှင့်အတူ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ထိုအရာအားလုံး ရှင်းပြပြီးနောက်...

လင်းရှောင်သည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။

သူသည် လက်ဖက်ရည်တစ်ခွက်ကို အေးအေးဆေးဆေးဖျော်ပြီး ငြိမ်းချမ်းသောအချိန်လေးတစ်ခုကို ဖြည်းညှင်းစွာ ခံစားလိုက်ရသည်။

ထို့နောက် သူ မတ်တတ်ရပ်ပြီး အနီးရှိ အခန်းထဲသို့ ဝင်သွားသည်။

မကြာမီ သူသည် နောက်တစ်ကြိမ် စတင်၍ ကျင့်ကြံလိုက်၏။

နေ့ရက်များနှင့် ညများ ကုန်လွန်သွားပြီး အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

လဝက်ခန့် ကုန်လွန်သွားပြီးနောက်...

ဤအချိန်အတောအတွင်း သွမ်ခုန်းသည် ဝေးလံသော နေရာများသို့ ခရီးသွားခဲ့လေ၏။

သူသည် မိုင်ပေါင်းရာနှင့်ချီ၍ ကျယ်ဝန်းသော ယန်အောင်းတော်ဝင်နိုင်ငံအတွင်း ခေါက်တုံ့ခေါက်ပြန် ကူးသန်းသွားလာနေပြီး အချိန်တခဏမျှ အနားမယူခဲ့ချေ။

မကြာမီ သူသည် ဓားစိတ်ဆန္ဒဖြင့် ရေးထွင်းထားသော ဖိတ်စာများကို အင်အားစုအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်။

နောက်ဆုံးတွင် သွမ်ခုန်းသည် မိုးကောင်းကင်တွင် မြင့်မားစွာ မတ်တတ်ရပ်ကာ အဝေးရှိ ယန်အောင်းတော်ဝင်နိုင်ငံ၏ တော်ဝင်မြို့တော်ကို ကြည့်လိုက်သည်။

"နောက်ဆုံး ပစ်မှတ်..."

သူ၏အကြည့် ပြတ်သားသွားပြီး ကြီးမားသော စိတ်ဝိညာဉ်ရေးရာစွမ်းအားများသည် သူ၏ လက်ချောင်း နှစ်ချောင်းကြားရှိ ဖိတ်စာပေါ်တွင် စုစည်းသွားခဲ့လေ၏။

နောက်ဆုံးတွင် သူ၏လက်ကိုတောက်လိုက်ကာ ဖိတ်စာသည် ကြယ်ပျံတစ်စင်းအလား အင်ပါယာ တော်ဝင်နိုင်ငံဆီသို့ ပျံ့လွင့်သွားသည်။

ဤသည်က အစီရင်ခံစာများကို ပြန်လည်သုံးသပ်နေသော အမတ်ကြီးတစ်ဦး၏ စားပွဲပေါ်တွင် ခိုင်မာစွာ စိုက်ဝင်သွားသည်။

ထို့နောက် သွမ်ခုန်းသည် အလျင်အမြန် နောက်ဆုတ်သွားပြီး မကြာမီ ပျောက်ကွယ်သွားတော့သည်။

အသက်ရှူချိန် အနည်းငယ် အကြာတွင်...

နဂါးဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် သွမ်ခုန်း၏ မူလ နေရာတွင် ချက်ချင်းထွက်ပေါ်လာသည်။

သွမ်ခုန်း၏ချီများ ရှင်းလင်းနေပြီး ခြေရာခံ၍မရကြောင်း သူ သတိပြုမိသွားသည်။

ထို့ကြောင့် သူ ချာခနဲပြန်လှည့်ကာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်၏။

ဖိတ်စာရှိနေသော စားပွဲနံဘေးတွင် သူ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အမတ်ကြီးသည် ရုတ်တရက် ထွက်ပေါ်လာသော ဖိတ်စာကြောင့် ထိတ်လန့်နေခဲ့သည်။

ယခုချိန်၌ နဂါးဝတ်ရုံဝတ် အမျိုးသားကို မြင်သောအခါ သူသည် ပို၍ပင် ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်၏။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီငယ်သားက ဧကရာဇ်ယန်ကို နှုတ်ခွန်းဆက်သပါတယ်..."

ဧကရာဇ် ယန် က သူ့ကို လျစ်လျူရှုထားက ဖိတ်စာကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သူ၏ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုနေရာ၌ ဇဝေဇဝါဖြစ်နေသော အမတ်ကြီးကိုသာ ချန်ထားခဲ့လေ၏။

မိုင်ထောင်ချီ ဝေးကွာသော နေရာတွင်...

မဟာဓားဂိုဏ်း အစည်းအဝေး ခန်းမ၌...

မဟာဓားဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များအားလုံး စုဝေးနေကြပြီး သူတို့သည် ဂိုဏ်းချုပ်၏ လက်ထဲရှိ ဖိတ်စာ ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေကြ၏။

လွန်ခဲ့သော အချိန်တခဏက ဤဖိတ်စာသည် ဂိုဏ်း၏ အကာအကွယ် ဝင်္ကပါကို ရုတ်တရက် ဖြတ်သန်းသွားပြီး ဂိုဏ်းအတွင်းသို့ ကျရောက်လာသည်။

ဤသည်က သူတို့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။

ခန်းမ၏ထိပ်ဆုံးတွင် ထိုင်နေသော မဟာဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ဖိတ်စာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဖိတ်စာပေါ်ရှိ ဓားစိတ်ဆန္ဒဖြင့် ရေးထွင်းထားသော စာလုံးများကို ကြည့်ကာ သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် အနည်းငယ် ပြူးကျယ်သွားပေ၏။

"စိတ်ဝင်စားစရာပဲ... တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ဓားကျင့်ကြံသူတစ်ယောက်နဲ့တောင် ဖိတ်စာတစ်စောင်ကို ပို့လိုက်တာပဲ..."

"တိမ်တိုက်ကောင်းကင်လေလံရုံ ... ထူးဆန်းတယ်... ဒီအင်အားစုအကြောင်း ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."

ထို့နောက် သူသည် ဖိတ်စာကို စားပွဲပေါ်သို့ တင်လိုက်သည်။

မဟာဓားဂိုဏ်း၏ အကြီးအကဲများအားလုံး ထိုအရာကို စစ်ဆေးကြည့်ပြီးနောက် ဖိတ်စာပေါ်ရှိ ဓားစိတ်ဆန္ဒကြောင့် အံ့အားသင့်သွားသည်။

သူတို့အားလုံးသည် အံ့အားသင့်မှု အမူအရာများကို ပြသခဲ့ကြ၏။

ထို့နောက်...

မဟာဓားဂိုဏ်း၏ ဂိုဏ်းချုပ်က တိုးညှင်းသောလေသံဖြင့် မေးမြန်းသည်။

"မဟာအကြီးအကဲက ပြန်မလာသေးဘူး... အကြီးအကဲတို့... ဘယ်လိုထင်လဲ..."

အသက်ကြီးသော အကြီးအကဲတစ်ဦးက ပထမဆုံး စကားပြောဆိုသည်။

"ဒီ အဘိုးကြီး ယုံကြည်တာက... အကြီးအကဲ တစ်ယောက် လွှတ်လိုက်ရင် လုံလောက်ပြီ... ဘာပဲဖြစ်ဖြစ် မဟာယန်နိုင်ငံတော်က ငါတို့နဲ့ သိပ်မဝေးပါဘူး..."

"တကယ်လို့ လူတွေ အရမ်းများများသွားရင်... ငါတို့ မရှိတဲ့အချိန် တခြားအင်အားစုတွေက အခွင့်ကောင်း ယူသွားနိုင်တယ်..."

"ဒီနည်းနဲ့... ငါတို့က အဲ့ဒီကျွမ်းကျင်သူကို မျက်နှာသာပေးရာရောက်သလို... ဂိုဏ်းရဲ့သိက္ခာ ကျမသွားအောင်လည်း ကာကွယ်နိုင်လိမ့်မယ်..."

ထိုအကြီးအကဲ စကားပြောဆိုပြီးနောက် တခြားအကြီးအကဲများသည်လည်း စတင်၍ ဆွေးနွေးလိုက်ကြ၏။

နောက်ဆုံးတွင် ဤသည်မှာ အကြံကောင်း တစ်ခုဖြစ်ကြောင်း သူတို့အားလုံး သဘောတူလိုက်ကြသည်။

ထိုအချိန်မှာပင်...

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ဓားပျံ ကို စီးနင်းကာ ခန်းမထဲသို့ အလျှင်အမြန် ပျံသန်း၍ ဝင်ရောက်လာသည်။

မဟာဓားဂိုဏ်းချုပ်၏မျက်လုံးများ တောက်ပသွားပြီးသူက အလျင်အမြန် ပြောလိုက်၏။

"မဟာအကြီးအကဲ ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."

"မင်းက ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ဉာဏ်အကောင်းဆုံးပဲ... တိမ်တိုက်ကောင်းကင်လေလံရုံက ပို့လိုက်တဲ့ ဒီ ဖိတ်စာကို မြန်မြန် လာကြည့်ပါအုံး..."

"ငါတို့ ဒါကို ဘယ်လိုမျိုး ကိုင်တွယ်တာ အကောင်းဆုံး ဖြစ်မယ်လို့ မင်း ထင်လဲ..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် လင်ရှီးမြို့ မှ ယခုလေးတင် ပြန်လည်၍ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။

သူ ယခုလေးတင် အသက်ရှူချောင်သွားခဲ့ခြင်း ဖြစ်ပေ၏။

'တိမ်တိုက်ကောင်းကင်လေလံရုံ ' ဟူသော စကားလုံးများကို ကြားလိုက်ရသဖြင့် သူ၏နှလုံးခုန်နှုန်းများ တဖန်ပြန်၍ မြန်ဆန်လာသည်။

'အဲ့ဒီ တိမ်တိုက်ကောင်းကင်လေလံရုံတော့ မဖြစ်နိုင်ပါဘူး...'

သူက စိတ်ထဲမှ တွေးတောလိုက်သည်။

ထို့နောက် သူသည် စားပွဲပေါ်ရှိ ဖိတ်စာကို အလျှင်အမြန်ယူလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်းဆိုသလိုပင် စတင်၍ ဖတ်ရှုတော့သည်။

ဖိတ်စာပေါ်ရှိ ရင်းနှီးသော ဓားစိတ်ဆန္ဒချီကို ခံစားလိုက်ရသာပြင် ဖိတ်စာပေါ်တွင် ချန်ထားခဲ့သော လိပ်စာ အချက်အလက်များကြောင့်...

ဤဖိတ်စာသည် ထိုလျှို့ဝှက်ဆန်းကြယ်သော လေလံရုံ မှဖြစ်ကြောင်း သူ သေချာသွားသည်။

"တခြားဒေသက မြင့်မြတ်နယ်မြေ အင်အားစု တစ်ခုက... ဘာလို့ ဒီလောက်တောင် ထင်ပေါ်နေရတာလဲ..."

"တောင်တစ်လုံးမှာ ကျားနှစ်ကောင် ရှိလို့မရဘူး... သူက ချင်းယွမ်မြင့်မြတ်နယ်မြေကို မကြောက်ဘူးလား..."

ဤသည်မှာ ဤအချိန်တွင် မဟာအကြီးအကဲ၏စိတ်ထဲမှ အကြီးမားဆုံးသံသယပင်။

"မဟုတ်ဘူး..."

"သူက ချင်းယွမ်မြင့်မြတ်နယ်မြေရဲ့ တည်ရှိမှုကို မသိလို့ပဲဖြစ်ဖြစ်... ချင်းယွမ်မြင့်မြတ်နယ်မြေကို လုံးဝမကြောက်လို့ပဲဖြစ်ဖြစ်..."

"တိမ်တိုက်ကောင်းကင်လေလံရုံက လျှို့ဝှက် အင်အားစုတစ်ခုများ ဖြစ်နေမလား..."

ဤဖြစ်နိုင်ခြေကို သူ ရုတ်တရက် တွေးတောမိသွားသည်။

ထို့ပြင် သူ ထိုအကြောင်းကို ပို၍တွေးတောလေလေ ပို၍အဓိပ္ပါယ်ရှိပုံရလေလေပင်။

ထို့နောက်...

သူ၏ မျက်လုံးများထဲရှိ ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုများသည် တဖြည်းဖြည်း ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

အသစ်ထွက်ပေါ်လာသော လျှို့ဝှက်အင်အားစုတစ်ခုနှင့် မိတ်ဆွေဖွဲ့ရခြင်း၏ အကျိုးကျေးဇူးများမှာ အလွန်သိသာထင်ရှားသည်။

ထို့ပြင် ဤကဲ့သို့ အင်အားစုက ဖွင့်လှစ်သော လေလံရုံတွင် မယုံနိုင်လောက်အောင် တန်ဖိုးရှိသော ပစ္စည်းများ သေချာပေါက် ရှိနေပေမည်။

ဤအကြောင်းကို တွေးတောမိသောအခါ...

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ဂိုဏ်းချုပ် ကို နံဘေးသို့ အလျှင်အမြန် ဆွဲခေါ်သွားလေ၏။

ထို့နောက် သူ၏အတွေ့အကြုံများကို တည်ကြည်လေးနက်စွာ ပြန်လည်၍ ပြောပြလိုက်သည်။

တိမ်တိုက်ကောင်းကင်လေလံရုံသည် လျှို့ဝှက် အင်အားစုတစ်ခု ဖြစ်နေကြောင်း သူ၏ခန့်မှန်းချက်ကိုလည်း ပြောပြခဲ့သည်။

သူက တည်ကြည်လေးနက်စွာ ပြော​ဆိုသည်။

"လျှို့ဝှက်အင်အားစုတစ်ခု ထွက်ပေါ်လာတဲ့အချိန်မှာ... သူ့တို့မှာ နောက်ခံမရှိသေးဘူး... အဲ့ဒီအချိန်မှာ သူတို့နဲ့ မိတ်ဆွေဖွဲ့တာက... ဂိုဏ်းချုပ် ... အဲ့ဒါက ဘယ်လောက်ထိ အကျိုးရှိမလဲဆိုတာ မင်း သိမှာပါ..."

မဟာဓားဂိုဏ်းချုပ်က အားတက်သရော ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ခန်းမ၏ရှေ့သို့ ပြန်လည်၍ လျှောက်လှမ်းသွားပြီး ကျယ်လောင်သောအသံဖြင့် အမိန့်ပေးလိုက်၏။

"ငါ့နဲ့ မဟာအကြီးအကဲရဲ့ ဆုံးဖြတ်ချက်အရ..."

"ငါတို့ရဲ့ မဟာဓားဂိုဏ်းမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေထဲက ရှစ်ဆယ်ရာခိုင်နှုန်းကို ယူသွားမှာဖြစ်ပြီးတော့ အကြီးအကဲတွေအားလုံး အဲ့ဒီလေလံပွဲကို အတူတကွ တက်ရောက်ရမယ်..."

ခန်းမအတွင်းရှိ အကြီးအကဲများသည် ထိုစကားကို ကြားချိန်၌ ချက်ချင်းဆိုသလိုပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြ၏။

"ဂိုဏ်းချုပ် ... မင်း ရူးသွားပြီလား..."

"ငါတို့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ရာခိုင်နှုန်း... အဲ့ဒါက မဟာဓားဂိုဏ်းရဲ့ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားမှုပဲ... အဲ့ဒါတွေကို လေလံပွဲတစ်ခုအတွက် ဖြုန်းတီးဖို့ မလိုပါဘူး..."

"ဒါ့ပြင်... ဂိုဏ်းအတွင်းက အဆင့်မြင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေအားလုံး ထွက်သွားရင်... ငါတို့ မရှိတဲ့အချိန်မှာ တစ်ယောက်ယောက်က အခွင့်ကောင်း ယူသွားရင် ဘယ်လိုလုပ်မလဲ..."

မဟာဓားဂိုဏ်းချုပ်သည် အစည်းအဝေးစားပွဲကို ရိုက်ပုတ်လိုက်သည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီကိစ္စကို ငါ ဆုံးဖြတ်ပြီးပြီ... ဘာကန့်ကွက်မှုကိုမှ ခွင့်မပြုဘူး..."

"မဟာအကြီးအကဲနဲ့ ငါ့ဆီမှာ ဒီဆုံးဖြတ်ချက်ကို ချရတဲ့ အကြောင်းပြချက် ကောင်းကောင်း ရှိတယ်... ဒါပေမဲ့ တစ်ယောက်ယောက်ဆီကနေ သတင်းပေါက်ကြားသွားမှာကို ကာကွယ်ဖို့အတွက်... ငါ အခု ရှင်းမပြနိုင်သေးဘူး..."

"ဒီခရီးစဉ်က အရမ်းအရေးကြီးတယ်... တကယ်လို့ ငါတို့ လောင်းကြေး မှန်ခဲ့ရင်... ဒါက ငါတို့ရဲ့ မဟာဓားဂိုဏ်း ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာဖို့ အခွင့်အရေးပဲ..."

အကြီးအကဲများအားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။

သို့သော် မဟာအကြီးအကဲနှင့် ဂိုဏ်းချုပ်တို့၏ တည်ကြည်လေးနက်သော အမူအရာများကို မြင်သောအခါ...

သူတို့သည် ထပ်မပြောရဲတော့ဘဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။

All Chapters