အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) ရာထူးစွန့်လွှတ်ရန် ဆုံးဖြတ်ထားသော ယန်ဧကရာဇ်... လေလံပွဲ ပြီးဆုံးခြင်း
ခန်းမဆောင် နံပါတ်၂ အတွင်း၌...
မဟာဓားဂိုဏ်းမှ လူများသည် ကြယ်ရောင်မျက်နှာပြင်ပေါ်တွင် ပြသထားသည့် စိတ်ဝိညာဉ်ချေမှုန်းခြင်းနှင့် ဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့ကို ကြည့်ကာ ကြက်သေသေနေကြသည်။
သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေ၏။
"သူတော်စင်နယ်ပယ်အောက်က ဘယ်သူမဆို ထိမိတာနဲ့ သေချာပေါက် သေဆုံးရမယ်... ငါ နားကြားမမှားဘူး မဟုတ်လား..."
"မဟာအကြီးအကဲ... ဒီအရာက တကယ်လားဆိုတာ သိရအောင် ငါ့ကို တစ်ချက်လောက် ရိုက်စမ်းပါအုံး..."
မဟာဓားဂိုဏ်းချုပ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏နံဘေးရှိ မဟာအကြီးအကဲကို လှုပ်ယမ်းလိုက်သည်။
မဟာအကြီးအကဲသည် ယဉ်ကျေးမှု မရှိစွာပင် သူ၏ ညာဘက်လက်ဝါးတွင် ချီအလွှာတစ်ခုကို စုစည်းပြီး ဂိုဏ်းချုပ်၏မျက်နှာကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်၏။
ပါးပြင်ပေါ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက်...
မဟာဓားဂိုဏ်းချုပ်သည် စိတ်ထိန်းနိုင်တော့ဘဲ ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်သည်။
"ဟား ဟား ဟား... ဒါက အစစ်အမှန်ပဲ... ဒါက အိပ်မက်မဟုတ်ဘူး..."
"ကောင်းကင်ဘုံက ငါတို့မဟာဓားဂိုဏ်းကို တကယ်ကြီး မျက်နှာသာပေးတာပဲ..."
"လက်ရှိအခြေအနေအရဆိုရင်... ဒီစိတ်ဝိညာဉ် အဆောင်လက်ဖွဲ့က ငါတို့ မဟာဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်လာမှာ သေချာတယ်... ဟားဟား..."
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မဟာဓားဂိုဏ်းချုပ်သည် မဟာအကြီးအကဲ၏ပခုံးကို ဖက်ကာ ထပ်မံ၍ ပြောဆိုသည်။
"မဟာအကြီးအကဲ... မင်းရဲ့ ခန့်မှန်းချက်က တကယ့်ကို မှန်ကန်တယ်... ငါတို့ လောင်းကြေးထပ်တာ မှန်သွားပြီ..."
"မဟာအကြီးအကဲ...မင်းက ငါတို့ မဟာဓားဂိုဏ်းရဲ့ ဉာဏ်ကြီးရှင်ပဲ... ငါတို့ ပြန်ရောက်ရင်... ဘိုးဘေးတွေရဲ့ မှတ်တမ်းထဲမှာ မင်းအတွက် နောက်ထပ် စာမျက်နှာသစ်တစ်ခု ဖွင့်ပေးရမယ်... ဟား ဟား ဟား..."
"ဒီကြောက်ဖို့ကောင်းတဲ့ ဝှက်ဖဲနဲ့ဆိုရင်... ငါတို့ မဟာဓားဂိုဏ်းက ပိုပြီးမြင့်မားတဲ့ အဆင့်ကို ရောက်ရှိသွားမှာ သေချာတယ်..."
မဟာအကြီးအကဲ၏ မျက်နှာတွင် ဂိုဏ်းချုပ်၏ စကားများကို ကြားပြီးနောက် အောင်ပွဲခံသော အမူအရာများ ထွက်ပေါ်လာသည်။
သူ မနည်းဖိနှိပ်ထားရသော သူ၏နှုတ်ခမ်းထောင့်များက အလိုအလျောက် မြင့်မားစွာ ကွေးတက်သွားလေ၏။
ထို့နောက် သူသည်လည်း ဂိုဏ်းချုပ်နှင့်အတူ အော်ဟစ်ရယ်မောလိုက်သည်။
ထိုအချိန်မှာပင်...
နံဘေးနားရှိ အကြီးအကဲတစ်ဦးက တစ်စုံတစ်ခုကို တွေးတောမိသွားပုံရသည်။
သူသည် မဟာအကြီးအကဲနှင့် ဂိုဏ်းချုပ်၏ နံဘေးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး တိုးညှင်းစွာ ပြောဆိုသည်။
"အဟွတ်..."
"ဂိုဏ်းချုပ်... မဟာအကြီးအကဲ... ကျေးဇူးပြုပြီး အသံကို နည်းနည်းလျှော့ရယ်ကြပါဦး... နံရံမှာ နားတွေရှိတယ်ဆိုတာ သတိထားပါအုံး..."
မဟာဓားဂိုဏ်းချုပ်သည် အစပိုင်းတွင် ဇဝေဇဝါဖြစ်သွားလေ၏။
ထို့နောက် သူ တစ်ခုခုကို နားလည်သဘောပေါက်သွားပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်းပျောက်ကွယ်သွားသည်။
သူသည် မဟာအကြီးအကဲကို အလျှင်အမြန် ဆွဲခေါ်သွားပြီး တိတ်တဆိတ် အသံပေးပို့လိုက်သည်။
"မဟာအကြီးအကဲ... ယန်ဧကရာဇ်က အနီးအနားက ခန်းမဆောင်တစ်ခုမှာ ရှိနေတုန်းပဲလေ... ဒီစိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ကို လေလံဆွဲတာက တကယ်ကြီး အဆင်ပြေပါ့မလား..."
"မဟာအကြီးအကဲလည်း သိမှာပါ... ရာထူးဩဇာကြီးမားလွန်းရင် အရှင်သခင်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတာကို..."
"ငါတို့ မဟာဓားဂိုဏ်းက ယန်အောင်းတော်ဝင်နိုင်ငံရဲ့ ညာလက်ရုံးအဖြစ် နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့ပြီးတော့... တော်ဝင်နန်းတွင်းနဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့ပေမဲ့..."
"တကယ်လို့ ဒီစိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ကို လေလံဆွဲလိုက်ရင်... ယန်ဧကရာဇ်က အထင်လွဲသွားမှာကို ငါ စိုးရိမ်တယ်..."
မဟာအကြီးအကဲသည် ဂိုဏ်းချုပ်၏ စကားကို နားထောင်ပြီးနောက် သူက ဂရုမစိုက်သကဲ့သို့ ပြုံးလိုက်သည်။
သူက အေးအေးဆေးဆေး ပြောဆိုသည်။
"ဂိုဏ်းချုပ်... မင်းက တော်ဝင်နန်းတွင်းကို သွားပြီးတော့ ဧကရာဇ်ကို အရိုအသေပေးတာ အကြိမ်ရေနည်းလွန်းလို့ လက်ရှိ ယန်ဧကရာဇ်ရဲ့ အကြောင်းကို နားလည်မှု လွဲနေတာပါ..."
"ကျယ်ပြန့်တဲ့ ယန်အောင်းတော်ဝင်နိုင်ငံ တစ်ခုလုံးမှာ... ရာဇပလ္လင်ကို အမုန်းဆုံးသူက ယန်ဧကရာဇ်ပဲ..."
"တကယ်လို့ မင်းက ယန်ဧကရာဇ်ကို ပုန်ကန်ချင်တယ်လို့ သွားပြောမယ်ဆိုရင်... သူက ဒေါသထွက်မှာ မဟုတ်ဘူး... ပလ္လင်ကို မင်းဆီ ပျော်ပျော်ကြီး လွှဲပေးသွားမှာ..."
မဟာဓားဂိုဏ်းချုပ်သည် ဇဝေဇဝါ ဖြစ်သွားပေ၏။
လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက ပြင်ပအရေးကိစ္စများအားလုံးကို မဟာအကြီးအကဲထံ လွှဲပြောင်းပေးပြီးနောက် သူ အပြင်သို့ ထွက်ခဲလှသည်။
သူသည် လက်ရှိယန်ဧကရာဇ်အကြောင်းကို အမှန်တကယ်ပင် များများစားစား မသိခဲ့ချေ။
သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မဟာအကြီးအကဲ... အဲ့ဒါက ဘာလို့လဲ..."
မဟာအကြီးအကဲက ခပ်ဖျော့ဖျော့ပြုံးပြီး ရှင်းပြသည်။
"ယန်အောင်းတော်ဝင်နိုင်ငံရဲ့ နယ်မြေက အဆုံးအစမရှိ ကျယ်ပြန့်ပြီးတော့... အတွင်းပိုင်းမှာ အင်အားစုတွေ မရေမတွက်နိုင်အောင် ရှိသလို အသေးစား ပဋိပက္ခတွေကလည်း အမြဲတမ်း ဖြစ်ပွားနေတယ်..."
"ယန်ဧကရာဇ်က နေ့တိုင်း သူ့ရဲ့အရပ်ထက်တောင် မြင့်မားတဲ့ အစီရင်ခံစာတွေကို ကိုင်တွယ်ဖြေရှင်းနေရတာ... ဒါကို တွေးကြည့်ရုံနဲ့တင် နှိပ်စက်ခံနေရသလိုပဲ... အကြောင်းပြချက် မရှိဘဲ ဘယ်သူက ယန်ဧကရာဇ် ဖြစ်ချင်မှာလဲ..."
"လက်ရှိယန်ဧကရာဇ်က ဘိုးဘေးနဲ့ တိုက်ခိုက်ရာမှာ ရှုံးနိမ့်သွားလို့ ပလ္လင်ပေါ်ကို အတင်းအကြပ် တက်ခဲ့ရတယ်လို့ ပြောကြတယ်... သူက ဒီပလ္လင်ကို လွှင့်ပစ်ဖို့တောင် စောင့်မနေနိုင်တော့ဘူး..."
"ပြီးတော့ တော်ဝင်မိသားစုမှာ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် မဟာကျင့်ကြံသူ ခြောက်ယောက် ရှိတယ်ဆိုတာ လူသိရှင်ကြား ဖြစ်နေတာမလို့... သူတို့က ဒီစိတ်ဝိညာဉ်ချေမှုန်းခြင်းနဲ့ ဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ကြောက်နေမှာ မဟုတ်ဘူး..."
"ဒါကြောင့်... ဂိုဏ်းချုပ်... မင်း ဘာမှ စိတ်ပူစရာ မလိုဘူး... စိတ်ချလက်ချနဲ့ လေလံဆွဲလိုက်ပါ..."
မဟာဓားဂိုဏ်းချုပ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ထို့နောက် သူသည် ထပ်မံ၍ အော်ဟစ်ရယ်မောလိုက်၏။
ထို့နောက် သူ ရှေ့သို့ တိုးလာပြီး လေလံဈေးကို လျှင်မြန်စွာ ရိုက်ထည့်လိုက်သည်။
ခန်းမဆောင် နံပါတ် ၂ ... "၁၀၀၁၀၀၀၀..."
မဟာဓားဂိုဏ်းက လေလံဆွဲလိုက်သည်နှင့် တပြိုင်နက် မျှော်လင့်ထားသည့်အတိုင်း မည်သူမျှ ဆက်လက်၍ လေလံမဆွဲတော့ချေ။
လင်းရှောင်သည်လည်း ဆက်မစောင့်တော့ဘဲ တိုက်ရိုက်ကြေညာလိုက်သည်။
"ဒါဆိုရင် ဒီစိတ်ဝိညာဉ်ချေမှုန်းခြင်းနဲ့ ဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့ကို ဈေးပေါပေါနဲ့ အောင်မြင်စွာ ရရှိသွားတဲ့ ခန်းမဆောင် နံပါတ် ၂ က ဧည့်သည်ကို ဂုဏ်ပြုပါတယ်..."
"ဒီလေလံပွဲ ပြီးဆုံးသွားပါပြီ... ဧည့်သည်တော်တွေအားလုံး ပြန်လို့ရပါပြီ..."
"အော်... ပြီးတော့ တစ်ခု သတိပေးချင်တာက..."
"တိမ်တိုက်ကောင်းကင်လေလံရုံက လစဉ်လတိုင်း ဒီလေလံပွဲလို ခမ်းနားတဲ့ လေလံပွဲတွေကို ကျင်းပမှာဖြစ်ပြီးတော့... တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ အမြဲတမ်း ပံ့ပိုးမှုတွေနဲ့အတူ အဖိုးတန် ရတနာတွေ အများကြီး ပါဝင်မှာပါ... အားလုံးပဲ လက်လွတ်မခံကြဖို့ မျှော်လင့်ပါတယ်..."
ထိုသို့ ပြောဆိုပြီးနောက်...
လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးကာ သူ၏လက်ကို ရှေ့သို့ဝှေ့ယမ်းလိုက်၏။
လေလံရုံ၏ ထိန်းချုပ်မှုမှတဆင့် သူသည် လေလံပစ္စည်းများအားလုံးကို သက်ဆိုင်ရာ ကြယ်ရောင်အလင်းတန်းများအတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။
ထို့နောက် ကြယ်ရောင်အလင်းတန်းများအတွင်း၌ အပြင်ဘက်သို့ ဦးတည်နေသော ဝဲဂယက်တစ်ခုစီ ပွင့်လာသည်။
လင်းရှောင်သည် အနည်းငယ် ဦးညွှတ်လိုက်ပြီး လူတိုင်း၏အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့လေပြီ။
လင်ရှီးမြို့ အတွင်း၌...
တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါးပေါက်မှ လူရိပ်များ အဆက်မပြတ် ထွက်ပေါ်လာကြသည်။
အချိန်တိုအတွင်းမှာပင် လင်ရှီးမြို့တစ်မြို့လုံး ထပ်မံ၍ ပြည့်ကျပ်သွားတော့သည်။
မိုးကောင်းကင်ယံတွင်...
ကျန်းတစ်ရာ ရှည်လျားသော ကျောက်သားဓားပေါ်သို့ မဟာဓားဂိုဏ်းမှ လူများသည် တစ်ယောက်ပြီး တစ်ယောက် တက်သွားကြ၏။
ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ် အထက်ရှိ လေလွင့်ကျင့်ကြံသူ အများအပြားသည် မဟာဓားဂိုဏ်းမှ လူများထံသို့ သူတို့၏အကြည့်များကို ပို့လွှတ်လိုက်ကြသည်။
မဟာဓားဂိုဏ်းသည် ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာခဲ့ခြင်းပင်။
မဟာဓားဂိုဏ်းသည် ခန်းမဆောင် နံပါတ် ၂ မှ အထူးဧည့်သည်တော်များ ဖြစ်ကြောင်းကို ခန့်မှန်းရန် သူတို့ စဉ်းစားနေရန်ပင် မလိုချေ။
လူတွေက စည်းစိမ်အတွက် သေကြသလို... ငှက်တွေကလည်း အစာအတွက် သေကြတယ်...
မဟာဓားဂိုဏ်းမှ ရရှိသွားခဲ့သော ရတနာနှစ်ခုကို တွေးမိသောအခါ လေထဲရှိ ကျင့်ကြံသူ ရာပေါင်းများစွာ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာကြသည်။
သူတို့သည် တိတ်တဆိတ် ဆွေးနွေးနေကြသည့်အလား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သို့သော် မဟာဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သည် အနည်းငယ်မျှ ထိတ်လန့်နေခြင်းမရှိဘဲ ပြုံးရယ်နေသည်။
သူတို့သည် ဤကဲ့သို့ အခြေအနေမျိုးကို ကာကွယ်ရန်အတွက် အကြီးအကဲများအားလုံးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက်...
မဟာဓားဂိုဏ်းမှ လူများသည် သူတို့၏ နယ်ပယ် ဖိအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှတ်လိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် အစိုင်အခဲတစ်ခုအဖြစ် စုစည်းသွားပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မြေကြီးပေါ်သို့ ချက်ချင်းဖိနှိပ်လိုက်တော့သည်။
ထို့နောက် မဟာဓားဂိုဏ်းချုပ်၏ ထိန်းချုပ်မှုအောက်တွင်...
ကျောက်သားဓားသည် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားပြီး အချိန်တိုအတွင်းမှာပင် မိုင်ဆယ်နှင့်ချီ၍ ရောက်ရှိသွားလေ၏။
"ဟား ဟား ဟား... ငါတို့ ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတယ်..."
"သွားကြစို့... ဂိုဏ်းကို အမြန်ပြန်ကြမယ်... တံခါးပိတ်ကျင့်ကြံနေတဲ့ ဘိုးဘေးက ဂိုဏ်းကို စောင့်ကြပ်နေတာဆိုတော့... ပန်းတစ်သောင်းတောင်ကြားက လောဘတက်လာရင်တောင် ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
ထိုအချိန်မှာပင်...
အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာလို့ ဒီလောက် မြန်မြန်ပြေးနေကြတာလဲ...ဒီဧကရာဇ်တောင် မီအောင် မနည်းလိုက်လာရတယ်..."
ထိုစကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...
သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော ယန်ဧကရာဇ်သည် ကျောက်သားဓားပေါ်တွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။
မဟာဓားဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာများ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားပြီး သူတို့အားလုံး လက်ပူးဆုပ်ကာ ဦးညွှတ်လိုက်ကြ၏။
"ယန်ဧကရာဇ်ကို အရိုအသေပေးပါတယ်..."
ယန်ဧကရာဇ်က သူတို့ကို မတ်တတ်ရပ်ရန် အချက်ပြကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏လက်များကို နောက်ပစ်ထားရင်း သူက ဖြည်းညှင်းစွာ ပြောဆိုသည်။
"စိတ်မပူပါနဲ့... ဒီဧကရာဇ်က ဓားပြ မဟုတ်ပါဘူး... မင်းတို့ ရထားတဲ့ ရတနာတွေကို ငါ စိတ်မဝင်စားဘူး..."
"မင်းတို့က ယန်အောင်းတော်ဝင်နိုင်ငံကို နှစ်ထောင်ပေါင်းများစွာကြာအောင် အလုပ်အကျွေးပြုခဲ့ပြီးတော့ တော်ဝင်နန်းတွင်းအတွက် စစ်ပွဲတွေ တိုက်ခိုက်ပေးခဲ့တာဆိုတော့ မင်းတို့ရဲ့ သစ္စာစောင့်သိမှုက သိသာထင်ရှားတယ်..."
"အဲ့ဒီ လူအိုကြီးဖြစ်တဲ့ ဘိုးဘေးသာ အသက်ရှင်မနေဘူးဆိုရင်... တော်ဝင်နန်းတွင်းကို စီမံခန့်ခွဲဖို့ မင်းတို့ဆီကို ငါ လွှဲပေးချင်တာ..."
မဟာဓားဂိုဏ်းမှ အကြီးအကဲများ၏ နှုတ်ခမ်းထောင့်များ အထိန်းအကွပ်မဲ့စွာ တွန့်ကွေးသွားကြသည်။
ယန်ဧကရာဇ်၏နှုတ်ဖျားမှ ဤကဲ့သို့ ပုန်ကန်သည့် စကားများ ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြချေ။
ယန်ဧကရာဇ်က ဂရုမစိုက်ဘဲ ဆက်လက်၍ ပြောဆိုသည်။
"ဒီဧကရာဇ်က မင်းတို့ကို ကျေးဇူးတင်စကားပြောဖို့ သီးသန့်လာခဲ့တာပါ..."
"မင်းတို့ မဟာဓားဂိုဏ်းက ကံကောင်းတာပဲ... စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ယူလာခဲ့ပြီးတော့ တိမ်တိုက်ကောင်းကင်လေလံရုံက နောက်ဆုံး ပိတ်ပွဲရတနာကို ရရှိသွားခဲ့တယ်... အနာဂတ်မှာ မင်းတို့ရဲ့ အင်အားတွေက မြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာတယ်..."
ယန်ဧကရာဇ်က အချိန်တခဏကြာမျှ ရပ်တန့်သွားကာ စဥ်းစားတွေးတောပြီးနောက် သူက ထပ်မံ၍ ပြောဆိုသည်။
"ဒီလို ဖြစ်လာမှတော့... ဒီဧကရာဇ်က မင်းတို့ မဟာဓားဂိုဏ်းကို ငါတို့ယန်အောင်းတော်ဝင်နိုင်ငံရဲ့ အကာအကွယ်မဟာဂိုဏ်းအဖြစ် ကြေညာလိုက်တယ်..."
"အိမ်နီးချင်း တိမ်မြူခိုးနိုင်ငံက မကြာသေးခင် နှစ်တွေအတွင်းမှာ လွှမ်းမိုးမှုရှိတဲ့ အင်အားစု နောက်တစ်ခုကို ရရှိခဲ့ပြီးတော့ သူတို့ရဲ့ အရှိန်အဟုန်က အားကောင်းနေတယ်... အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းတို့ မဟာဓားဂိုဏ်းကို လွှဲအပ်လိုက်မယ်..."
"ငါတို့ ယန်အောင်းတော်ဝင်နိုင်ငံနဲ့ တိမ်မြူခိုးနိုင်ငံက နှစ်တစ်သောင်းကြာ တိုက်ခိုက်နေခဲ့ကြပြီးတော့ ဒါက အဆုံးမရှိတဲ့ ပဋိပက္ခတစ်ခုပဲ... အဲ့ဒါကို ဘာမှ လုပ်လို့ မရဘူး..."
"မင်းတို့ မဟာဓားဂိုဏ်းက မြန်မြန်ဆန်ဆန် ကြီးထွားလာပြီးတော့ မင်းတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်..."
ယန်ဧကရာဇ်၏ စကားများကို ကြားပြီးနောက် မဟာဓားဂိုဏ်းချုပ်သည် လျှင်မြန်စွာ ရှေ့သို့တိုးလာခဲ့၏။
သူသည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ယန်ဧကရာဇ်..."
"မဟာဓားဂိုဏ်းက တော်ဝင်နန်းတွင်းအပေါ် ထာဝရ သစ္စာစောင့်သိပြီးတော့ တော်ဝင်နန်းတွင်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အခက်အခဲတွေကို ဆက်ပြီးဖြေရှင်းပေးသွားပါ့မယ်..."
ယန်ဧကရာဇ်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ နောက်လှည့်ကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
လင်ရှီးမြို့၏အထက် ကောင်းကင်ယံတွင်...
ယန်ဧကရာဇ်သည် တိမ်တိုက်များပေါ်တွင် မတ်တတ်ရပ်နေပေ၏။
အောက်ဘက်ရှိ တိမ်တိုက်ကောင်းကင်လေလံရုံကို ငုံ့ကြည့်ရင်း ပျော်ရွှင်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
သူက တိုးညှင်းသော လေသံဖြင့် ရေရွတ်လိုက်သည်။
"တိမ်တိုက်ကောင်းကင်ခန်းမဆောင်... လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ အင်အားစုတစ်ခု... မင်းက ငါတို့ ယန်အောင်းတော်ဝင်နိုင်ငံအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမလား..."
"တိမ်မြူခိုးနိုင်ငံနဲ့ နှစ်တစ်သောင်းကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ အချိန်တန်ပြီ ထင်တယ်..."