← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

ပြိုင်ဘက်ကင်း လေလံရုံ

ဘာသာပြန်သူ-ATY author team

Book 6 Chapter 51 to 60

အခန်း (၅၁) တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို တည်ထောင်ခြင်း... စုရှီယု၏အတိတ်

လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးကာ ထိုင်ခုံမှ မတ်တတ်ရပ်လိုက်သည်။

ထို့နောက် သူက တည်ကြည်လေးနက်ဟန်ဆောင်ကာ ပြောဆိုလိုက်၏။

"ဒီအခြေအနေထိ ရောက်လာပြီဆိုတော့... တိမ်တိုက်ကောင်းကင်ခန်းမဆောင်အကြောင်းကို မင်းတို့ကို မိတ်ဆက်ပေးရမယ့် အချိန်ရောက်ပြီ..."

"လီယီ ခန့်မှန်းတာ မှန်တယ်... တိမ်တိုက်ကောင်းကင်ခန်းမဆောင်က တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ နောက်ကွယ်က အင်အားစုပဲ..."

လူတိုင်း၏ ပို၍မျှော်လင့်လာသော အကြည့်များကို ကြည့်ကာ လင်းရှောင် အလွန်စိတ်ကျေနပ်သွားသည်။

သူက ဆက်လက်၍ ပြောဆိုသည်။

"လွန်ခဲ့တဲ့ လအနည်းငယ်က... တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ ဘိုးဘေးက အိပ်စက်ခြင်းကနေ နိုးထလာပြီးတဲ့နော​က် လေလံရုံနားက ဖြတ်သွားရင်း ငါနဲ့ ဆုံတွေ့ခဲ့တယ်..."

"ဘိုးဘေးက ငါ့ရဲ့ အရိုးတည်ဆောက်ပုံက သာမန်မဟုတ်ဘဲ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နေတာကို မြင်တော့... ငါ့ကို သူ့ရဲ့ တစ်ဦးတည်းသော တပည့်ရင်းအဖြစ် လက်ခံခဲ့ပြီး တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို စီမံခန့်ခွဲဖို့ ငါ့ဆီ လွှဲအပ်ပေးခဲ့တယ်..."

"ဒါကြောင့် တိတိကျကျ ပြောရရင်... အခု ငါက တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ သခင်လေးပဲ..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

လူတိုင်း၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအရာများ ထွက်ပေါ်လာပေ၏။

လင်းရှောင်၏ စကားများအပေါ် မည်သူကမျှ မေးခွန်းမထုတ်ခဲ့ကြချေ။

ဤအချိန်တွင်...

မိုလီက မေးမြန်းလိုက်သည်။

"ဥက္ကဋ္ဌလင်း... တိမ်တိုက်ကောင်းကင်ခန်းမဆောင်က ဘယ်လို အဆင့်ရှိတဲ့ အင်အားစုလဲ..."

လင်းရှောင်က အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် သူက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါလည်း သေသေချာချာတော့ မသိဘူး...တိမ်တိုက်ကောင်းကင်ခန်းမဆောင်က အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလတွေတလျှောက်လုံးမှာ လွှမ်းမိုးထားပြီး လောကမှာ နံပါတ်တစ် အင်အားစု ဖြစ်ခဲ့တယ်လို့ပဲ ဘိုးဘေးက ပြောပြခဲ့တာ..."

"နောက်ပိုင်းမှာ အကြောင်းတစ်ခုခုကြောင့်... ခန်းမဆောင်က အဖွဲ့ဝင်တွေအားလုံး အိပ်မောကျသွားခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးနောက် အခုအချိန်ကျမှ လူတချို့က တဖြည်းဖြည်း စပြီးနိုးထလာကြတာ..."

"မင်းတို့ သွမ်ခုန်းကို သိကြတယ် မဟုတ်လား... သူက မကြာသေးခင်ကမှ နိုးထလာတဲ့ တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ အဖွဲ့ဝင်တွေထဲက တစ်ယောက်ပဲ..."

ထိုသို့ ပြောဆိုပြီးနောက်...

လင်းရှောင်သည် အနီးအနားတွင် ရပ်နေသော သွမ်ခုန်းကို မျက်စပစ်ပြလိုက်၏။

သွမ်ခုန်းသည် လင်းရှောင်၏ နောက်သို့ အချိန်အတော်ကြာ လိုက်ပါခဲ့သဖြင့် သူ၏ဆိုလိုရင်းကို လျှင်မြန်စွာ နားလည်သွားခဲ့သည်။

သူက ညင်သာစွာ ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"သခင်လေး ပြောတာ မှန်ပါတယ်... ငါက မကြာသေးခင်ကမှ နိုးထလာတဲ့ တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက်ပဲ..."

"နိုးထလာပြီးတဲ့နောက်မှာ... သခင်လေးရဲ့ အမိန့်အရ လေလံရုံကို လာပြီး စောင့်ကြပ်ပေးရတာ..."

တခြားသူများ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။

သွမ်ခုန်း၏ တိကျသော ခွန်အားကို သူတို့ မသိခဲ့ကြသော်လည်း...

သူ၏ ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်သော စွမ်းရည်ကို သူတို့အားလုံး မျက်မြင်တွေ့ရှိခဲ့ကြပြီးဖြစ်သည်။

သွမ်ခုန်းသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထက်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သူတို့ သိထားကြ၏။

ဤမျှထိ မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်ရှိသူတစ်ဦးက တိမ်တိုက်ကောင်းကင်ခန်းမဆောင်၏ သာမန် အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

ဤအကြောင်းကို တွေးမိသောအခါ...

သူတို့သည် တိမ်တိုက်ကောင်းကင်ခန်းမဆောင်၏ စွမ်းအားအတွက် ပို၍ပင် စိတ်လှုပ်ရှားလာကြတော့သည်။

အထူးသဖြင့် သူ၏နံဘေးနားရှိ သွမ်ခုန်းကို ကြည့်နေသော မိုလီပင်။

သူ၏ မျက်လုံးများထဲရှိ လိုလားတောင့်တမှုများက လျှံကျလာလုမတတ် ဖြစ်နေလေ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏အိပ်မက်သည် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်ပင်။

ထို့ပြင် သူ့အတွက် သွမ်ခုန်းသည် သံသယဝင်စရာ မလိုဘဲ အစွမ်းထက် စီနီယာတစ်ယောက် ဖြစ်နေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင်း လင်းရှောင်၏ နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။

အချိန်သင့်ပြီဟု ခံစားလိုက်ရသဖြင့်...

သူသည် လက်ဖက်ရည်စားပွဲမှ ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်၏။

သူ၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု တိမ်တိုက်ကောင်းကင်ခန်းမဆောင်က ပြန်လည် ထွက်ပေါ်လာခါစဆိုတော့... သွေးသစ်တွေ အရေးတကြီး လိုအပ်နေတယ်..."

"မင်းတို့တွေက တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို ဝင်ပြီး အဖွဲ့ဝင်တွေ ဖြစ်ချင်ကြလား..."

"တကယ်လို့ မင်းတို့ ဝင်မယ်ဆိုရင်... မင်းတို့ကို ငါ အထူးဂရုစိုက်ပေးမှာ သေချာတယ်..."

"တကယ်လို့ မဝင်ဘူး ဆိုရင်လည်း... ရတယ်... လေလံရုံရဲ့ သာမန်ဝန်ထမ်းတွေအဖြစ် မင်းတို့ ဆက်နေလို့ ရတယ်..."

"မင်းတို့ရဲ့ ဆန္ဒက ဘယ်လိုလဲ..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

လီညီအစ်ကိုများသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့အားလုံးသည် ဒူးတစ်ဖက် ထောက်ကာ လက်ပူးဆုပ်ပြီး ခိုင်မာပြတ်သားသော အမူအရာများဖြင့် ပြောဆိုလိုက်သည်။

"သခင်လေး... သခင်လေး ကြီးပြင်းလာတာကို ငယ်ငယ်ကတည်းက ကျွန်တော်တို့ စောင့်ကြည့်လာခဲ့တာဆိုတော့... သခင်လေးနောက်ကို မလိုက်စရာ အကြောင်း မရှိပါဘူး..."

"ဒါပေမဲ့..."

"ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က နည်းနည်းနိမ့်ကျနေတယ်... သခင်လေး သဘောမကျဖြစ်မှာကိုပဲ စိုးရိမ်တာပါ..."

လင်းရှောင်က ညင်သာစွာ ခေါင်းခါယမ်းပြပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ခင်ဗျားတို့ ညီအစ်ကို သုံးယောက်က လေလံရုံမှာ ဆယ်စုနှစ်နဲ့ချီပြီး ရှိနေခဲ့တာပဲ... ကျွန်တော် သဘောမကျတာမျိုး မရှိပါဘူး..."

"ခင်ဗျားတို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ် ကိစ္စအတွက်ကတော့... တိမ်တိုက်ကောင်းကင်ခန်းမဆောင်ထဲမှာ ရတနာတွေ မရေမတွက်နိုင်အောင် ရှိတယ်... အဲ့ဒါကို ဖြေရှင်းဖို့ ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်..."

ဤအချိန်တွင်...

မိုလီသည် မိုချီကိုဆွဲကာ သူတို့နှစ်ယောက်လုံး ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မိုလီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဥက္ကဋ္ဌ လင်း... မိုချီနဲ့ ကျွန်တော်လည်း တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို ဝင်ချင်ပါတယ်..."

"အခု ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက တဟုန်ထိုး မြင့်တက်နေပါပြီ... အနာဂတ်မှာ ခင်ဗျားရဲ့ ကြီးမားတဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်..."

"ဥက္ကဋ္ဌ သဘောတူမယ်လို့ မျှော်လင့်ပါတယ်..."

ကျင့်ကြံခြင်း အမြန်နှုန်း တဟုန်ထိုး မြင့်တက်နေတယ်...

အင်မော်တယ် ရုပ်ခန္ဓာကိုယ်က ပါရမီကိုတောင် တိုးတက်စေနိုင်တာလား...

မိုလီ၏ စကားများကို ကြားပြီးနောက်...

လင်းရှောင်သည် မိုလီ၏ ကျင့်ကြံဆင့်နယ်ပယ် အရှိန်အဝါကို အာရုံခံလိုသဖြင့် သူ၏စိတ်စွမ်းအားများကို မသိမသာ ထုတ်လွှတ်လိုက်၏။

သို့သော် သူ၏အာရုံခံနိုင်စွမ်းသည် မိုလီထံသို့ ချဉ်းကပ်ရန်ပင် ခက်ခဲနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

'ဒါက အင်မော်တယ် ရုပ်ခန္ဓာကိုယ်ရဲ့ စွမ်းအားများလား...ကြည့်ရတာ ဒီမဟာနေမင်းအင်မော်တယ် ရုပ်ခန္ဓာကိုယ်ကို ငါ အထင်သေးမိတုန်းပဲ ထင်တယ်...'

လင်းရှောင်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

"လူအများစုက ဘာမှ မလုပ်နိုင်တာ ဖြစ်နိုင်ပေမဲ့..."

"ဒါပေမဲ့ ငါက ကောင်းကင်ဘုံမျက်လုံးကို ပိုင်ဆိုင်ထားတဲ့သူလေ..."

လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ထို့နောက်...

အပြာရောင်အလင်းတန်းများက သူ၏မျက်လုံးများထဲတွင် လှည့်ပတ်သွားပြီး မိုလီ၏ အချက်အလက်များ ထွက်ပေါ်လာပေ၏။

“နာမည်...မိုလီ”

“အသက်... ၁၆”

“နယ်ပယ်... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့်”

“ရုပ်ခန္ဓာကိုယ်... မဟာနေမင်းအင်မော်တယ်ခန္ဓာကိုယ် (အမြင့်ဆုံး အင်မော်တယ် ရုပ်ခန္ဓာကိုယ်)”

“ဖော်ပြချက်... တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ဝန်ထမ်း တစ်ယောက်ဖြစ်ပြီးတော့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် နှစ်ယောက်ရဲ့ သွေးမျိုးဆက်တွေ စီးဆင်းနေတယ်... အထွတ်အထိပ် အင်မော်တယ် ရုပ်ခန္ဓာကိုယ်ကို နိုးထစေခဲ့ပြီး ပြိုင်ဘက်ကင်း အလားအလာ ရှိတယ်...”

'စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့်...လွန်ခဲ့တဲ့ လဝက်လောက်က သူ စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာကို ငါ မှတ်မိတယ်...'

'ကျွတ် ကျွတ်... ဒီကျင့်ကြံခြင်း အမြန်နှုန်းက လှည့်စားမှုတွေ ရှိနေတဲ့ ငါ့ကိုတောင် မီတော့မယ်...သူ့ကို ဂရုတစိုက် ပြုစုပျိုးထောင်ပေးရမယ်... အနာဂတ်မှာ မိုလီက တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ ထောက်တိုင်တစ်ခု သေချာပေါက် ဖြစ်လာမှာပဲ...'

ဤအကြောင်းကို တွေးမိသောအခါ အလင်းတန်းတစ်တန်းက လင်းရှောင်၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

သူက ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။

"ငါ သဘောတူတယ်...မင်းတို့ မောင်နှမ နှစ်ယောက်လုံးကို ကြိုဆိုပါတယ်..."

မိုလီတို့မောင်နှမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ထွက်ပေါ်လာပေ၏။

ထို့နောက်...

လင်းရှောင်၏ အကြည့်က အနည်းငယ် တွေဝေတုံ့ဆိုင်းနေသော စုရှီယုထံသို့ ရောက်ရှိသွားသည်။

တစ်ခါတစ်ရံ သူမသည် အနည်းငယ် အဆော့မက်တတ်သော်လည်း...

သူမက ယခင်က အိမ်ထဲ၌ အမြဲတစေ ပိတ်လှောင်ခံထားရသည်ကို ထည့်သွင်းစဉ်းစားပြီး ယခုချိန်၌ အပျော်အပါးမက်သော အသက် ၁၆ နှစ် အရွယ်ကို ရောက်နေပြီဖြစ်ရာ...

လင်းရှောင်သည် သူမကို နားလည်ပေးနိုင်သည်ဟု ခံစားလိုက်ရ၏။

ထို့ပြင် လေလံရုံ၏ တစ်ဦးတည်းသော လေလံမှူးဖြစ်သည့် စုရှီယုအနေဖြင့် မနိုးထသေးသော သူတော်စင် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် နိုးထလာပါက သူမသည် နောက်ထပ် ပါရမီရှင်တစ်ယောက် သေချာပေါက် ဖြစ်လာပေမည်။

လင်းရှောင် ယခုချိန်တွင် လိုအပ်နေသည်မှာ ပါရမီနှင့် စွမ်းအားရှိသော လက်အောက်ငယ်သားများပင်။

ဆင့်ခေါ်ခြင်းကတ်များကိုသာ အားကိုးနေရခြင်းက လုံးလုံးလျားလျား မလုံလောက်ချေ။

ထို့ကြောင့် ဖြစ်နိုင်လျှင် သူမကို သူ၏အင်အားစုထဲသို့ ဝင်ရောက်လာရန် လင်းရှောင် သေချာပေါက် ဆွဲဆောင်ပေမည်။

ဤအချိန်တွင်...

စုရှီယုသည် သူမမှလွဲ၍ တခြားသူများအားလုံး တိမ်တိုက်ကောင်းကင်ခန်းမဆောင်သို့ ဝင်ရောက်သွားကြသည်ကို မြင်တွေ့မိသည်။

သူမ၏နှလုံးသားထဲတွင် တွေဝေတုံ့ဆိုင်းနေခဲ့သည်။

ထို့နောက် သူမ​၏မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ထင်ဟပ်နေကာ မေးလိုက်သည်။

"ဥက္ကဋ္ဌ... ကျွန်မမှာ တောင်းဆိုစရာ တစ်ခုလောက် ရှိလို့ပါ..."

"တကယ်လို့ ကျွန်မက တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို ဝင်မယ်ဆိုရင်... ဥက္ကဋ္ဌက ကျွန်မကို အကူအညီ တစ်ခုလောက် ပေးနိုင်မလား..."

သူမက အချိန်တခဏကြာမျှ တွေးတောပြီးနောက် အလျှင်အမြန် ထပ်ပြောလိုက်၏။

"ဥက္ကဋ္ဌ သဘောတူမယ်ဆိုရင်..."

"ကျွန်မ... ကျွန်မ အခုကစပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မရရင်တောင်... လေလံရုံကို စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုပါ့မယ်..."

စုရှီယု၏ စိတ်အားထက်သန်နေသော မျက်လုံးများကို ကြည့်ကာ...

လင်းရှောင်သည် အနည်းငယ် သိချင်စိတ် မဖြစ်ဘဲ မနေနိုင်တော့ချေ။

သူက မေးမြန်းလိုက်သည်။

"ဘာအကူအညီလဲ..."

လင်းရှောင် စကားပြောဆိုသည်ကို မြင်သောအခါ...

စုရှီယု၏မျက်လုံးများတွင် အလင်းတန်းတစ်တန်း လင်းလက်သွားပြီး သူမက အလျင်အမြန် ပြောဆိုသည်။

"ဥက္ကဋ္ဌလင်း... အခြေအနေက ဒီလိုပါ..."

"ကျွန်မရဲ့ အမေက တိမ်မြူခိုးနိုင်ငံက အင်အားစု တစ်ခုကပါ... ပြီးတော့ သူက အဖေနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး ကျွန်မကို မွေးဖွားခဲ့တာပါ..."

"လွန်ခဲ့တဲ့ ငါးနှစ်က နေ့တစ်နေ့မှာ... အမေ့ရဲ့ အင်အားစုက လူတွေ ရောက်လာပြီးတော့ အကြောင်းပြချက် တစ်ခုခုကြောင့် အမေက သူတို့နဲ့ တိုက်ခိုက်ခဲ့တယ်..."

"အဖေက ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု တစ်ခုနဲ့တင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်..."

ဝမ်းနည်းမှု အရိပ်အယောင်တစ်ခုက စုရှီယု၏ မျက်လုံးများတွင် ထွက်ပေါ်လာပေ၏။

သူမ၏အသံ တဖြည်းဖြည်း တိုးညှင်းသွားပြီး သူမက ဆက်လက်၍ ပြောဆိုသည်။

"နောက်ပိုင်းမှာ... အမေက လက်နှစ်ဖက်တည်းနဲ့ လက်လေးဖက်ကို မယှဉ်နိုင်တော့ဘဲ... ရှုံးနိမ့်သွားတယ်..."

"ပြီးတော့ သူ့ဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ... အဖေနဲ့ ကျွန်မရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ဖို့ လျှို့ဝှက် နည်းစနစ်တစ်ခုကို သူ အသုံးပြုခဲ့တယ်..."

"နောက်ဆုံးမှာ... အမေက ရိုက်သတ်ခံလိုက်ရပြီးတော့ သူ့ရဲ့ အလောင်းကို အဲ့ဒီလူအုပ်က ယူဆောင်သွားခဲ့ကြတယ်..."

စုရှီယု၏ မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း ဝဲတက်လာပေ၏။

သူမ၏ရှေ့ရှိ လင်းရှောင်ကို ကြည့်ကာ သူမက ပြောဆိုလိုက်သည်။

"ကျွန်မက အမေ့အတွက် လက်စားချေဖို့ မမျှော်လင့်ပါဘူး... အမေ ချန်ထားခဲ့တဲ့ မြေပုံအတိုင်း သူ့ရဲ့ အစစ်အမှန်သင်္ချိုင်းဂူကို သွားလည်ခွင့် ရဖို့ပဲ ကျွန်မ မျှော်လင့်တာပါ..."

"ဥက္ကဋ္ဌလင်းက ကျွန်မရဲ့ မိဘကျေးဇူးဆပ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်..."

ထိုသို့ ပြောဆိုပြီးနောက် စုရှီယုသည် အထိန်းအကွပ်မဲ့စွာ ရှိုက်ငိုနေခဲ့လေပြီ။

သူမ၏နံဘေးရှိ တခြားသူများအားလုံး တိတ်ဆိတ်နေကြသည်။

လေလံရုံတွင် အတက်ကြွဆုံး ကောင်မလေး ဖြစ်ပုံရသော စုရှီယု၏စိတ်နှလုံးသားထဲတွင် ဤကဲ့သို့ ကြေကွဲဖွယ် ကိစ္စတစ်ခု ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

All Chapters