← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) ယန်ဧကရာဇ်၏ လောင်းကြေး... သေလမ်းရှာဖွေခြင်း ဓားမြှောင်ပျံ လက်ဆောင်

ယန်ဧကရာဇ်၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။

သူ၏ ကမ္ဘာမကြေရန်သူသည် အမည်မသိ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေ၏။

ဤသည်မှာ သူ အင်ပါယာကို နှစ်ရာပေါင်းများစွာ အုပ်ချုပ်လာသော သက်တမ်းတစ်လျှောက်၌ အပျော်ရွှင်ဆုံး အချိန်အခိုက်အတန့်ဖြစ်သည်မှာ သေချာပေါက်ပင်။

အချိန်အတော်ကြာပြီးနောက်...

ယန်ဧကရာဇ်သည် သူ၏စိတ်လှုပ်ရှားမှုကို ဖြည်းညှင်းစွာ ငြိမ်သက်သွားစေသည်။

သူ၏ဆင်ခြင်တုံတရား ပြန်လည်၍ ရောက်ရှိလာပြီး သူ စတင်၍ စဉ်းစားဆင်ခြင်တော့သည်။

"ဒါပေမဲ့ ဘယ်သူတော်စင်က လှုပ်ရှားလိုက်တာလဲ..."

"ချင်းယွမ်မြင့်မြတ်နယ်မြေကလား..."

"မဟုတ်ဘူး... အဲ့ဒါက မဖြစ်နိုင်ဘူး... တိမ်မြူခိုးနိုင်ငံနဲ့ ချင်းယွမ်မြင့်မြတ်နယ်မြေက ဆက်ဆံရေး ကောင်းကြတာဆိုတော့ ဒါက အဓိပ္ပာယ် မရှိဘူး..."

ဤအကြောင်းကို တွေးမိသောအခါ...

ယန်ဧကရာဇ်က မျက်မှောင်ကြုတ်ပြီးနောက် သူက ခန့်မှန်းလိုက်သည်။

"တခြားကုန်းမြေက မြင့်မြတ်နယ်မြေတစ်ခုခုက သူတော်စင်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေမလား..."

"အဲ့ဒါလည်း မဖြစ်နိုင်ဘူး..."

"ဘာပဲဖြစ်ဖြစ်... တိမ်မြူခိုးနိုင်ငံက ချင်းယွမ်ကုန်းမြေမှာ ထိပ်တန်းအင်အားစုတစ်ခုပဲ... ဘာလို့ ချင်းယွမ်မြင့်မြတ်နယ်မြေက မတားဆီးရတာလဲ..."

ယန်ဧကရာဇ်၏အတွေးများ လျင်မြန်စွာ ပြေးလွှားနေပေ၏။

ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးတောမိသွားသည်။

သူက ရုတ်တရက် တီးတိုးရေရွတ်လိုက်သည်။

"ဒီသူတော်စင်အဆင့် ကျွမ်းကျင်သူက ချင်းယွမ်ကုန်းမြေကဆိုရင် ဘယ်ကများ ဖြစ်နေမလဲ..."

ပုန်းကွယ်နေတဲ့ အင်အားစု...

ဤစကားလုံးများက ယန်ဧကရာဇ်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့လေ၏။

တစ်ချိန်တည်းမှာပင်...

ယန်ဧကရာဇ်၏ စိတ်ထဲတွင် သူ မကြာသေးမီကမှ သိရှိခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုဖြစ်သော တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို တွေးတောမိသွားသည်။

"ဒီလောက်ကြီးတော့ တိုက်ဆိုင်မှာ မဟုတ်ပါဘူး..."

ယန်ဧကရာဇ်သည် သူ၏ လက်များကို နောက်ပစ်ထားရင်း အချိန်အတော်ကြာသည်အထိ အတွေးများထဲ နစ်မျောနေသည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အလား...

သူက ပြောဆိုလိုက်သည်။

"မဖြစ်ဘူး... ငါ သူတို့ကို သွားတွေ့ရမယ်..."

"တကယ်လို့ အဲ့ဒါက အမှန်ဆိုရင်... ယန်အောင်းတော်ဝင်နိုင်ငံအတွက် ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ဘူး..."

"ငါတောင်မှ အဲ့ဒီကိစ္စနေ သူတော်စင် ဖြစ်လာနိုင်မယ့် အခွင့်အရေးတစ်ခု ရကောင်းရနိုင်တယ်..."

သူတော်စင် ဖြစ်လာခြင်းအကြောင်းကို တွေးတောကြည့်ရင်း ယန်ဧကရာဇ်၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

ထိုသို့ ပြောဆိုပြီးနောက်...

ယန်ဧကရာဇ်က လျှင်မြန်စွာ နောက်လှည့်လိုက်သည်။

နောက်တခဏတွင် သူသည် ယန်အောင်းတော်ဝင်နိုင်ငံ၏ ဘဏ္ဍာတိုက် အပြင်ဘက်သို့ ရောက်ရှိသွားပေ၏။

အဝင်ဝရှိ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုနှစ်ဦးက အနည်းငယ် ဦးညွှတ်လိုက်ကာ သူတို့က ပြောဆိုသည်။

"ယန်ဧကရာဇ်ကို အရိုအသေပေးပါတယ်..."

ယန်ဧကရာဇ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး ချက်ချင်းဆိုသလိုပင် သူက အမိန့်ပေးလိုက်သည်။

"တံခါးဖွင့်စမ်း... ဒီဧကရာဇ်က ရတနာတချို့ ယူဖို့ လိုတယ်..."

သို့သော် အဘိုးအို နှစ်ဦးက ခေါင်းခါယမ်းလိုက်ကြ၏။ သူတို့က ပြောဆိုသည်။

"အရှင်မင်းကြီး... ဘိုးဘေးရဲ့ ခွင့်ပြုချက်မရဘဲ ဘဏ္ဍာတိုက်ထဲက ဘာပစ္စည်းမှ ယူလို့မရဘူးလို့ ညွှန်ကြားထားပါတယ်...အရှင်မင်းကြီး မေ့မသွားလောက်ဘူး မဟုတ်လား..."

ယန်ဧကရာဇ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူသည် သူ၏ လက်တစ်ဖက်ကို ရှေ့သို့ထုတ်ကာ တင်းကျပ်စွာဆုပ်ပြီး ပြောဆိုလိုက်၏။

"ဟမ့်... အခု ငါက ယန်ဧကရာဇ်ပဲ... ဒီဧကရာဇ်က မင်းတို့ကို ရွေးချယ်စရာနှစ်ခု ပေးမယ်..."

"ပထမတစ်ခုက... အတားအဆီးနဲ့ တံခါးကို ဒီဧကရာဇ်အတွက် မြန်မြန်ဖွင့်ပေး..."

"ဒုတိယတစ်ခုက... ဒီဧကရာဇ်ရဲ့ အရိုက်ခံပြီးမှ တံခါးကို ဖွင့်ပေး..."

"မင်းတို့ ဘယ်တစ်ခုကို ရွေးမလဲ..."

အဘိုးအို နှစ်ဦးက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် အချင်းချင်း အကြည့်ဖလှယ်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ကြသည်။ သူတို့က ပြောဆိုလိုက်၏။

"ဟူး... အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဝင်ပါ...ကျွန်တော်တို့က စည်းမျဉ်းတွေကို လိုက်နာရုံပါ... နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်..."

စကားပြောဆိုနေစဉ်မှာပင်...

အဘိုးအိုနှစ်ဦးက လက်ဟန်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ရာ ထိုအရာက တံခါးကြီးဆီသို့ လွင့်မျောသွားသည်။

ထို့နောက် ရှေးဟောင်းရွှေရောင်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားသည်။

ယန်ဧကရာဇ်က ခပ်ဖျော့ဖျော့ပြုံးကာ အထဲသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလေ၏။

ဘဏ္ဍာတိုက်သည် ခမ်းနားထည်ဝါနေပြီး ထောင့်တိုင်းတွင် ရတနာများ စုပုံနေသည်။

စိတ်ဝိညာဉ်ကျောက်တုံးများကို တောင်ကုန်းငယ်လေးများအဖြစ် စုပုံထားပြီး မရေမတွက်နိုင်အောင် များပြားလှသည်။

ယန်ဧကရာဇ်က ထိုအရာများကို လျစ်လျူရှုကာ ပို၍နက်ရှိုင်းသောနေရာသို့ ဆက်သွားခဲ့သည်။

မကြာမီ သူသည် ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်ရှိသွားပေ၏။

ဤသည်မှာ အနက်ရောင် လျှို့ဝှက်အခန်းငယ်လေး တစ်ခုဖြစ်ပြီး ယန်အောင်းတော်ဝင်နိုင်ငံ တည်ထောင်ကတည်းက အဖိုးတန်ဆုံး ရတနာများကို သိမ်းဆည်းထားသည်။

အနက်ရောင် လက်ဆောင်သေတ္တာများထဲတွင် ရတနာ သုံးခုတည်းသာ ရှိနေသည်။

ယန်ဧကရာဇ်သည် အချိန်တခဏမျှ တွေးတောပြီးနောက် အလယ်ရှိ လက်ဆောင်သေတ္တာကို တိုက်ရိုက် ယူလိုက်သည်။

ထို့နောက် သူသည် ဘဏ္ဍာတိုက်ထဲမှ လျင်မြန်စွာ ပြန်ထွက်လာခဲ့၏။

သူသည် အဘိုးအို နှစ်ဦးကို ခပ်ဖျော့ဖျော့ ပြုံးပြပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

"ဘာလို့ နိမိတ်မကောင်းတဲ့ ကြိုတင်ခံစားချက်တစ်ခု ရနေတာလဲ..."

"ယန်ဧကရာဇ် ဘာရတနာ ယူသွားလဲဆိုတာကို အထဲဝင်ပြီး မြန်မြန်စစ်ကြည့်ကြရအောင်..."

အဘိုးအို နှစ်ဦးသည် တံတွေးမျိုမချဘဲ မနေနိုင်တော့ချေ။

သူတို့နှစ်ယောက်သား စစ်ဆေးရန် ဘဏ္ဍာတိုက်ထဲသို့ အလျင်အမြန် ဝင်သွားကြသည်။

"ထူးဆန်းတယ်... ဘာလို့ ဘာမှ ပျောက်မသွားသလို ခံစားရတာလဲ..."

"အရှင်မင်းကြီးက ဒီအတိုင်း လာကြည့်ရုံသက်သက်များလား..."

အဘိုးအို နှစ်ဦးသည် အချိန်အတော်ကြာအောင် စစ်ဆေးခဲ့သော်လည်း ဘာမှပျောက်ဆုံးနေပုံ မပေါ်ကြောင်း တွေ့ရှိလိုက်ရသည်။

"မဖြစ်နိုင်ဘူး... အဲ့ဒါက မဖြစ်နိုင်ဘူး..."

အဘိုးအိုနှစ်ဦးအနက်မှ တစ်ဦးက နေရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။

စကားတစ်ခွန်းမျှ မပြောဘဲ သူသည် ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ အပြေးသွားတော့သည်။

အနက်ရောင် လျှို့ဝှက်ခန်းထဲတွင် လက်ဆောင်သေတ္တာနှစ်ခုတည်းသာ ကျန်ရှိတော့သည်ကို မြင်သောအခါ...

သူ၏မျက်နှာအမူအရာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။

သူက ပြောဆိုလိုက်၏။

"မကောင်းတော့ဘူး... လွန်ခဲ့တဲ့ နှစ်ငါးရာက နဝမမြောက် ယန်ဧကရာဇ် ချင်းယွမ်လျှို့ဝှက်နယ်မြေမှာ ရှာတွေ့ခဲ့တဲ့ ဓားမြှောင်လေး ပျောက်သွားပြီ..."

"ယန်ဧကရာဇ် ရူးသွားတာလား..."

"မဖြစ်ဘူး... တံခါးပိတ် ကျင့်ကြံနေတဲ့ ဘိုးဘေးကို ငါတို့ ချက်ချင်းအကြောင်းကြားမှ ရမယ်..."

မြင့်မားသော ကောင်းကင်ယံတွင်...

ယန်ဧကရာဇ်၏နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။

သူသည် မဟာယန်နိုင်ငံဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။

မကြာမီမှာပင်...

တိမ်တိုက်ကောင်းကင်လေလံရုံ အတွင်း၌...

သွမ်ခုန်းနှင့်စုရှီယုတို့သည် လင်းလုံတောင်တန်းမှ ပြန်လည်ရောက်ရှိလာကြ၏။

လင်းရှောင်က သူတို့ကို ရိုးရှင်းစွာ နှုတ်ခွန်းဆက်သပြီးနောက် အနားယူရန် ပြောလိုက်သည်။

ထို့နောက်...

လင်းရှောင်သည် ကျင့်ကြံရန် သူ၏ အခန်းသို့ ပြန်တော့မည့် အချိန်မှာပင်...

သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းဖြင့် လျှင်မြန်စွာ ချဉ်းကပ်လာနေသော ယန်ဧကရာဇ်၏ ပုံရိပ်ကို သူ ချက်ချင်းတွေ့ရှိလိုက်သည်။

"ယန်ဧကရာဇ်လား..."

"သူက ငါ့ကို လာရှာတဲ့ပုံပဲ... ပြီးတော့ တော်တော်လေး အရေးတကြီး ဖြစ်နေပုံရတယ်..."

မကြာမီမှာပင်...

လီယီက ပင်မတံခါးပေါက်မှ ဝင်ရောက်လာပြီး သူက ပြောဆိုသည်။

"သခင်လေး... ယန်အောင်းတော်ဝင်နိုင်ငံရဲ့ ယန်ဧကရာဇ်က သခင်လေးနဲ့ တွေ့စရာရှိတယ်လို့ ပြောပါတယ်..."

လင်းရှောင်က မျှော်လင့်ထားပြီး ဖြစ်သဖြင့် ခေါင်းညိတ်လိုက်သည်။

သူက ပြောဆိုလိုက်၏။

"သူ့ကို အထဲဝင်ခိုင်းလိုက်..."

လီယီက ခေါင်းညိတ်ပြပြီး ပင်မခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်သွားတော့သည်။

မကြာမီ...

ယန်ဧကရာဇ် ဝင်ရောက်လာသည်။

လင်းရှောင်က အနီးရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ..."

ယန်ဧကရာဇ်သည် အားနာမနေဘဲ လင်းရှောင်၏ နံဘေးတွင် ဝင်ထိုင်လိုက်၏။

"ယန်ဧကရာဇ်... ဒီဥက္ကဋ္ဌဆီက လိုအပ်တာ တစ်ခုခု ရှိလို့လား..."

လင်းရှောင်က မေးမြန်းသည်။

ယန်ဧကရာဇ်က အချိန်တခဏမျှ တွေးတောလိုက်သည်။

သူက သတိထားပြီး မေးမြန်းလိုက်၏။

"ဥက္ကဋ္ဌလင်း... ငါ တစ်ခုခုကို အတည်ပြုချင်လို့ပါ..."

"မနေ့က တိမ်မြူခိုးနိုင်ငံကို ဖျက်ဆီးပစ်လိုက်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်က မင်းနဲ့ သက်ဆိုင်နေသလားဆိုတာ သိချင်လို့ပါ..."

လင်းရှောင် အထင်လွဲမည်ကို စိုးရိမ်သည့်အလား သူက အလျင်အမြန် ထပ်ပြောလိုက်သည်။

"ဥက္ကဋ္ဌလင်း... မင်းရဲ့ အင်အားစုကို စုံစမ်းဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိပါဘူး..ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့..."

လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးပြီး လက်ဖက်ရည်ကို ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်သည်။

သူသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပြောဆိုလိုက်၏။

"ဟုတ်ပါတယ်...တိမ်မြူခိုးနိုင်ငံက ငါ့ရဲ့လူတွေကို ခြုံခိုတိုက်ခိုက်ရဲတယ်ဆိုတော့... ဒီဥက္ကဋ္ဌက သူတို့ကို အလွတ်မပေးနိုင်ဘူး..."

ယန်ဧကရာဇ်၏မျက်လုံးများ တောက်ပသွားသည်။

နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူက အနက်ရောင် လက်ဆောင်သေတ္တာကို ထုတ်ယူလိုက်သည်။

သူက ရိုသေလေးစားစွာ ပြောဆိုသည်။

"ဥက္ကဋ္ဌလင်း... မင်းက ယန်အောင်းတော်ဝင်နိုင်ငံအတွက် အစွမ်းထက် ရန်သူတစ်ယောက်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားပေးခဲ့တယ်..."

"ဒါက မင်းအတွက် ငါ အထူးပြင်ဆင်ထားတဲ့ ကျေးဇူးတုံ့ပြန်လက်ဆောင်ပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ... မင်း စိတ်ကျေနပ်မယ်လို့လည်း ငါ မျှော်လင့်ပါတယ်..."

ထိုသို့ ပြောဆိုနေစဉ်...

ယန်ဧကရာဇ်သည် လက်ဆောင်သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အတွင်းရှိ ရတနာ ပေါ်လွင်လာသည်။

ဤသည်မှာ လက်ချောင်းအရွယ်အစားခန့်ရှိသော အနက်ရောင် ဓားမြှောင်ငယ်တစ်လက်ပင်။

[လျှို့ဝှက်လက်နက်... သေလမ်းရှာဖွေခြင်း ဓားမြှောင်ပျံ]

[အဆင့်... နဝမ အဆင့်နိမ့်]

[ဖော်ပြချက်...သူတော်စင် ဒဿမအဆင့် စိတ်ဝိညာဉ်သစ်သားဖြစ်တဲ့ ယင်ကျွယ်သစ်သားနဲ့ ဖန်တီးထားတဲ့ တစ်ခါသုံး သူတော်စင်အဆင့် လျှို့ဝှက်လက်နက် တစ်ခုဖြစ်တယ်... အသုံးပြုတဲ့အခါ သတိထားမိဖို့ အရမ်းခက်ခဲပြီးတော့ အားကောင်းတဲ့ ထိုးဖောက်နိုင်စွမ်း ရှိပြီး သူတော်စင်အဆင့် ကျွမ်းကျင်သူတွေကိုတောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်တယ်...]

'အဲ့ဒါက တကယ့်ကို သူတော်စင် လက်နက်တစ်ခုပဲ... ယန်အောင်းတော်ဝင်နိုင်ငံမှာ ဒီလို ပစ္စည်းကောင်းမျိုး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...ကြည့်ရတာ ယန်အောင်းတော်ဝင်နိုင်ငံက အစွမ်းကုန် ကြိုးစားနေတဲ့ပုံပဲ...'

လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် လက်ကို ရှေ့သို့ဝှေ့ယမ်းလိုက်ပြီး လက်ဆောင်သေတ္တာကို စနစ်ဟင်းလင်းပြင်ထဲသို့ အားနာမနေဘဲ ထည့်လိုက်သည်။

ထိုအချိန်မှာပင်...

ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ယန်ဧကရာဇ်... ဒီအဘိုးကြီးအတွက် အခုချက်ချင်း ထွက်လာခဲ့စမ်း..."

"ငါတို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းလာခဲ့တဲ့ လျှို့ဝှက် ရတနာကို ခွင့်ပြုချက်မရှိဘဲ ယူရဲတယ်ပေါ့... ကြည့်ရတာ အရင်တုန်းက သင်ခန်းစာက မလုံလောက်သေးတဲ့ပုံပဲ..."

"မြန်မြန် ထွက်လာပြီး အရိုက်ခံလိုက်စမ်း..."

လက်ဖက်ရည် ထိုင်ခုံပေါ်ရှိ...

ယန်ဧကရာဇ်၏မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူက မသိစိတ်မှ တီးတိုးရေရွတ်လိုက်သည်။

"မဟုတ်ဘူး... အဲ့ဒီ လူအိုကြီးဘိုးဘေးက တံခါးပိတ် ကျင့်ကြံတာကနေ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ..."

"ပြီးသွားပြီပဲ... ဒီဧကရာဇ်က အခု သူ့ကို အနိုင်မယူနိုင်သေးဘူး..."

"မဖြစ်ဘူး... ငါ နည်းလမ်းတစ်ခု စဉ်းစားမှ ရမယ်..."

ယန်ဧကရာဇ် စကားပြောဆိုနေစဉ်...

သူ၏အကြည့်က နံဘေးရှိ လင်းရှောင်အပေါ်သို့ ကျရောက်သွားပေ၏။

သူ တံတွေးမျိုချပြီး ပြောဆိုလိုက်သည်။

"ဥက္ကဋ္ဌလင်း... ငါ့ကို အကူအညီလေးတစ်ခုလောက် ပေးနိုင်မလား..."

"အပြင်မှာ အော်ဟစ်နေတဲ့ အဲ့ဒီ လူအိုကြီးကို သင်ခန်းစာပေးဖို့ လူတစ်ယောက်လောက် လွှတ်ပေးနိုင်မလား... သူ့ကို မသတ်လိုက်ဖို့ပဲ လိုတယ်..."

လင်းရှောင်၏ နှုတ်ခမ်းများ အထိန်းအကွပ်မဲ့စွာ တွန့်ကွေးသွားသည်။

သို့သော် ယန်ဧကရာဇ် ပေးခဲ့သော ဓားမြှောင်လေးကို တွေးမိကာ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်က အလွန်လွယ်ကူသော ကိစ္စတစ်ခုမျှသာ ဖြစ်ပေ၏။

ထို့နောက်...

လင်းရှောင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"လီယီ... အပြင်မှာ အော်ဟစ်နေတဲ့ကောင်ကို သွားပြီး သင်ခန်းစာ ပေးလိုက်... သူ့ကို မသတ်ဖို့ပဲလိုတယ်..."

All Chapters