အခန်း ၆၁
Vol. 7 Ch. 61
ပြိုင်ဘက်ကင်း လေလံရုံ ( ဇာတ်သိမ်း )
ဘာသာပြန်သူ-ATY author team
Book 7 Chapter 61 to 70
အခန်း (၆၁) လေလံပွဲ စတင်ခြင်း...အကြီးအကဲရွှီ၏ အံ့အားသင့်ဖွယ် တွေ့ရှိမှု
[အထူး ပစ္စည်း... ကောင်းကင်အလွန် ကြယ်ပျံ]
[အဆင့်... အဋ္ဌမ အဆင့်မြင့်]
[ဖော်ပြချက်... ကောင်းကင်ယံ အပြင်ဘက်က ကျဆင်းလာတဲ့ ကျောက်တုံး တစ်တုံးဖြစ်ပြီးတော့ အရမ်းမာကျောပြီး ရှားပါးတဲ့ လက်နက် ဖန်တီးခြင်း ပစ္စည်း တစ်ခု ဖြစ်တယ်...]
[စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့... ချီချည်နှောင်ခြင်း စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့]
[အဆင့်... အဋ္ဌမ အဆင့်မြင့်]
[ဖော်ပြချက်... ဓားချီကို ပိတ်လှောင်နိုင်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားကို ချိတ်ပိတ်နိုင်တဲ့ အထူးစိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ တစ်ခုဖြစ်ပြီးတော့ ဓားကျင့်ကြံသူတွေအပေါ်မှာ အထူးထိရောက်မှုရှိတယ်...]
[သံချပ်ကာ... ကောင်းကင်ရွှေ့ပြောင်းခြင်း နက်နဲသိမ်မွေ့ ဒိုင်းကာ]
[အဆင့်... အဋ္ဌမ အဆင့်မြင့်]
[ဖော်ပြချက်... နဝမအဆင့် သူတော်စင်သားရဲဖြစ်တဲ့ ကောင်းကင်ရွှေ့ပြောင်းခြင်း နက်နဲသိမ်မွေ့လိပ်ရဲ့ အခွံကနေ သွန်းလုပ်ထားပြီးတော့ အရမ်းမာကျောပြီး သူတော်စင်အဆင့် တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိတယ်...]
"ဒါတွေက တကယ်ကို အကောင်းဆုံးတွေပဲ... အားလုံးက သတ္တမအဆင့်အထက် ရတနာတွေချည်းပဲ..."
"ဘာတုံ့ပြန်မှုမှ မရှိသေးပေမဲ့... ဒီရတနာတွေက အရင် လေလံပွဲတွေက ရတနာတွေထက်တောင် ပိုကောင်းနေသလိုပဲ... ဒါက တိမ်မြူခိုးနိုင်ငံ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားတဲ့ ရတနာတွေဆိုတာ သိသာထင်ရှားတယ်..."
"နောက်တစ်ခုကတော့ အရောင်းမြှင့်တင်ဖို့ အချိန်ရောက်ပြီ..."
လင်းရှောင်က အချိန်တခဏကြာမျှ တွေးတောလိုက်၏။
သူသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေဆဲဖြစ်သော သွမ်ခုန်းကို မခေါ်တော့ဘဲ လီယီကိုသာ ဆင့်ခေါ်လိုက်သည်။
သူက ညွှန်ကြားလိုက်သည်။
"လီယီ... သွမ်ခုန်းရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူးဆိုတော့... ဒီအရောင်းမြှင့်တင်ရေးကို မင်းပဲ တာဝန်ယူလိုက်ပါ..."
"ဖိတ်စာတွေကိုတော့ မင်း သင့်တော်သလို ကိုင်တွယ်လို့ရတယ်... လေလံပွဲကို နောက် ရက်နှစ်ဆယ်နေရင် ကျင်းပမယ်လို့ သတ်မှတ်လိုက်မယ်... အဲ့ဒါက ချင်းယွမ်လျှို့ဝှက်နယ်မြေ မပွင့်ခင် လေးရက်အလိုပေါ့..."
"အော်... ပြီးတော့ ဒီလေလံပွဲမှာ သတ္တမအဆင့် အထက် ရတနာတွေအများကြီး ပါဝင်မယ့်အပြင်... သူတော်စင်အဆင့် ရတနာတွေလည်း ပါဝင်မယ်ဆိုတာကို ထည့်ပြောဖို့ မမေ့နဲ့..."
"အကျဉ်းချုပ် ပြောရရင်... အင်အားစုတွေကို တတ်နိုင်သလောက် အများဆုံး ဆွဲဆောင်ဖို့ ကြိုးစားပါ..."
လီယီက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး သူက ပြောဆိုလိုက်သည်။
"သခင်လေး... ပြဿနာ မရှိပါဘူး..."
"တာဝန် ပြီးမြောက်အောင် လုပ်မယ်လို့ ကျွန်တော် အာမခံပါတယ်..."
"ကျွန်တော် အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်..."
လီယီက ခပ်ဖျော့ဖျော့ ပြုံးကာ ခန်းမထဲမှ ထွက်ခွာသွားသည်။
နောက်တစ်နေ့တွင်...
လီယီသည် မနက်စောစောကတည်းက ထွက်ခွာသွားခဲ့လေ၏။
သူသည် သူ၏သူတော်စင်အဆင့် ဖိအားကို ပေါ်ပေါ်ထင်ထင် ထုတ်လွှတ်ကာ ဖိတ်စာများကို နေရာအနှံ့အပြားသို့ ဝေငှခဲ့သည်။
မကြာမီမှာပင် ချင်းယွမ်ကုန်းမြေတစ်ခုလုံးရှိ သိန်းနှင့်ချီသော အင်အားစုများက ဖိတ်စာများကို လက်ခံရရှိခဲ့ကြသည်။
ကောင်းကင်ယံရှိ နတ်ဘုရားတစ်ပါးနှင့် တူသော လီယီကို ကြည့်ကာ...
သူတို့ အားလုံးသည် လွန်ခဲ့သော ရက်အနည်းငယ်က တိမ်မြူခိုးနိုင်ငံကို ဖျက်ဆီးပစ်ခဲ့သည့် အစွမ်းထက် ကျင့်ကြံသူကို ပြန်လည်အမှတ်ရသွားကြ၏။
တိမ်တိုက်ကောင်းကင်လေလံရုံ၏ နောက်ကွယ်တွင် အနည်းဆုံးအနေဖြင့် ပုန်းကွယ်နေသော မြင့်မြတ်နယ်မြေအဆင့် အင်အားစုတစ်ခု ရှိနေရမည်ဟုလည်း သူတို့ ခန့်မှန်းမိကြသည်။
အချိန်တခဏအတွင်း ချင်းယွမ်ကုန်းမြေတစ်ခုလုံးရှိ လူတိုင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတော့သည်။
အထူးသဖြင့် ဖိတ်စာပေါ်တွင် ရေးသားထားသော အကြောင်းအရာများကို မြင်ပြီးနောက် သူတို့ ပို၍ပင် ရူးသွပ်သွားကြသည်။
သူတော်စင်အဆင့် ရတနာများ ပါဝင်မည့် လေလံပွဲသည် သူတို့၏စိတ်အာရုံများကို ဖမ်းစားသွားခဲ့၏။
ထို့ပြင် ချင်းယွမ်လျှို့ဝှက်နယ်မြေသည် လေလံပွဲ ပြီးပြီးချင်း မကြာမီမှာပင် ပွင့်လာတော့ပေမည်။
ဝှက်ဖဲတစ်ခု ပိုရလေလေ ချင်းယွမ်လျှို့ဝှက်နယ်မြေတွင် သူတော်စင်ရတနာတစ်ခုကို အခမဲ့ ရရှိရန် အခွင့်အရေးတစ်ခု ပိုရလေလေပင်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဤအဆင့်ရှိသော လေလံပွဲတစ်ခုကို မည်သည့် အင်အားစုကမှ မငြင်းဆန်နိုင်သလောက်နီးပါးပင်။
နောက်ပိုင်းကာလများတွင် ချင်းယွမ်ကုန်းမြေတစ်ခုလုံးရှိ အင်အားစုများအားလုံး အလုပ်ရှုပ်နေကြတော့သည်။
သူတို့ အားလုံးသည် လာမည့်လေလံပွဲအတွက် ပြင်ဆင်ရန် စိတ်ဝိညာဉ်ကျောက်တုံးများကို လျှင်မြန်စွာ စုဆောင်းနေကြ၏။
ချင်းယွမ်ကုန်းမြေ အလယ်ဗဟိုရှိ....
ချင်းယွမ်မြင့်မြတ်နယ်မြေ၏ ပင်မခန်းမဆောင်၌...
သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် လျှူယွမ်သည် လီယီထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို အာရုံခံမိခဲ့သွားသည်။
"သူတော်စင်နယ်ပယ် အစောပိုင်းအဆင့်... တိမ်မြူခိုးနိုင်ငံကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ဖို့ဆိုရင်... သူက သူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်နဲ့ အများကြီး အလှမ်းမကွာလောက်ဘူး..."
"သူ့ရဲ့ လုပ်ရပ်တွေက တော်တော်လေး ပေါ်ပေါ်ထင်ထင် ရှိလှချည်လား... သူ့မှာ တကယ်ပဲ ခွန်အား ရှိနေတာလား ဒါမှမဟုတ် လှည့်စားနေတာလား ဆိုတာ ငါ သိချင်မိတယ်..."
"တိမ်တိုက်ကောင်းကင်လေလံရုံ... တိမ်တိုက်ကောင်းကင်ခန်းမဆောင်... ဟမ့်..."
ဒေါသ အရိပ်အယောင်တစ်ခုက လျှူယွမ်၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
ချင်းယွမ်မြင့်မြတ်နယ်မြေသည် ချင်းယွမ်ကုန်းမြေကို နှစ်သောင်းနှင့်ချီ၍ လွှမ်းမိုးထားခဲ့ပြီး ဤသည်မှာ သူတစ်ပါး၏ လွှမ်းမိုးခံရခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းပင်။
"အကြီးအကဲရွှီ... လာမယ့်လေလံပွဲကို သေချာ စောင့်ကြည့်ထားပါ..."
"တကယ်လို့ ဒီတိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ အင်အားက ငါတို့ထက် နိမ့်ကျတယ်ဆိုရင်... ငါတို့ အဲ့ဒါကို ဖျက်ဆီးပစ်ရမယ်..."
"တောင်တစ်လုံးမှာ ကျားနှစ်ကောင် နေလို့မရဘူး... ငါတို့ရဲ့ ချင်းယွမ်မြင့်မြတ်နယ်မြေက ချင်းယွမ်ကုန်းမြေရဲ့ တစ်ခုတည်းသော ကောင်းကင်ဘုံပဲ"
အောက်ဘက်တွင်ရှိနေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲရွှီက ခေါင်းညိတ်လိုက်၏။
မကောင်းဆိုးဝါးဆန်သော အမူအရာတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက တည်ငြိမ်စွာတုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ပါ..."
ထို့နောက် အကြီးအကဲရွှီက ခန်းမဆောင်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
သူ၏အကြည့်က အဝေးရှိ ကောင်းကင်ယံဆီသို့ ကျရောက်သွားသည်။
အချိန်များ ကုန်လွန်သွားကာ...
မကြာမီ ရက်ပေါင်းနှစ်ဆယ် ကုန်ဆုံးသွားခဲ့လေပြီ။
ချင်းယွမ်ကုန်းမြေအနှံ့အပြားမှ အင်အားစုများသည် လင်ရှီးမြို့ အနီးသို့ ရောက်ရှိနေကြ၏။
ကောင်းကင်ယံတွင် ဓားပျံများနှင့် ရထားလုံးများ ဆယ်ပေါင်းများစွာ လွင့်မျောနေပြီး သူတို့အားလုံးသည် လွှမ်းမိုးမှုရှိသော အဆင့်ထက် ကျော်လွန်သည့် အားကောင်းသော အင်အားစုများပင်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ ချင်းယွမ်မြင့်မြတ်နယ်မြေမှ စေလွှတ်လိုက်သော ဧရာမပျံသန်းရေး လှေကြီးပင်။
ထို့ပြင် ရွှမ်းလင်ဂိုဏ်း၊ ကောင်းကင်ဘုံဓားဂိုဏ်း၊ မရဏဝိညာဉ်ဂိုဏ်းနှင့် သွေးအရိပ်ဂိုဏ်းဟူသော ထိပ်တန်း အဓိက ဂိုဏ်းကြီးလေးဂိုဏ်း၏ စိတ်ဝိညာဉ်သားရဲ ယာဉ်များလည်း ပါဝင်သည်။
မြေပြင်ပေါ်ရှိ လေလွင့်ကျင့်ကြံသူများကမူ ပို၍ပင် များပြားလှသည်။
အချိန်တခဏအတွင်း၌ လင်ရှီးမြို့ကို မဆိုထားနှင့် ယန်အောင်းတော်ဝင်နိုင်ငံ တစ်ခုလုံးပင် လူများဖြင့် ပြည့်ကျပ်နေပေ၏။
ကျင့်ကြံသူအများအပြား၏ အကြည့်များသည် ကောင်းကင်ယံရှိ တိမ်တိုက်ကောင်းကင်လေလံရုံဆီသို့ ရံဖန်ရံခါ ရောက်ရှိသွားပြီး လေလံပွဲ စတင်မည့် အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
မကြာမီ လီယီနှင့်သွမ်ခုန်းတို့ လေလံရုံ အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာသည်။
သူတို့က ကျယ်လောင်စွာ အော်ဟစ်၍ ကြေညာလိုက်သည်။
"ပိုင်ဆိုင်မှု စစ်ဆေးခြင်းကို အခု စတင်ပါပြီ... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အနည်းဆုံး ၁၀၀၀၀၀ ပြသနိုင်တဲ့ သူတွေက ဒီလေလံပွဲကို ပါဝင်နိုင်တယ်..."
"စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းကျော် ပြသနိုင်တဲ့ သူတွေကတော့ အထူးဧည့်သည်တော် ခန်းမဆောင်ထဲကို ဝင်ရောက်နိုင်ပြီး... အရင်လာသူ အရင်ရမယ်..."
"ကျေးဇူးပြုပြီး တစ်ယောက်ပြီး တစ်ယောက် တန်းစီကြပါ..."
"စည်းမျဉ်းတွေကို မလိုက်နာတဲ့ သူတွေကတော့... ငါတို့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့..."
လီယီက ခက်ထန်တင်းမာစွာ နှာမှုတ်လိုက်ပြီး သူ၏ သူတော်စင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
သူ၏ စကားသံ အဆုံးသတ်သွားချိန်၌ ထူထပ်သိပ်သည်းလှသော ကျင့်ကြံသူလူအုပ်ကြီး နာခံရို့ကျိုးစွာ တန်းစီလိုက်ကြသည်။
မကြာမီ လေလံပွဲအတွက် နေရာများအားလုံး ပြည့်သွားသည်။
လီယီသည် ကျန်ရှိနေသော တန်းစီနေသည့် လူများကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်၏။
သူက တည်ငြိမ်စွာ ပြောဆိုသည်။
"လေလံပွဲအတွက် နေရာမရှိတော့ပါဘူး... ကျန်တဲ့ သူတွေကတော့ ကျေးဇူးပြုပြီး ပြန်ကြပါ..."
တန်းစီနေသူများအားလုံး သက်ပြင်းချလိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့် ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
တိမ်တိုက်ကောင်းကင်လေလံရုံအတွင်း၌...
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် သူတို့၏ အဆင့်အတန်းအလိုက် မတူညီသော ကြယ်ရောင် ခန်းမဆောင်များထဲသို့ ဝင်ရောက်သွားကြသည်။
ခန်းမဆောင် နံပါတ် ၂ အတွင်း၌...
ချင်းယွမ်မြင့်မြတ်နယ်မြေ၏ အကြီးအကဲရွှီသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့၏။
"အပြင်အဆင်တွေက တော်တော်လေး ကောင်းတာပဲ..."
"ဒါပေမဲ့ ငါတို့မြင့်မြတ်နယ်မြေနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး နိမ့်ကျနေတုန်းပဲ..."
အကြီးအကဲရွှီသည် သူ ရောက်နေသော ခန်းမဆောင်ကို ကြည့်ကာ နှာမှုတ်လိုက်သည်။
ထို့နောက် သူသည် ခန်းမဆောင်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားပြီး ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်သည်။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူသည် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး တိမ်တိုက်ကောင်းကင်လေလံရုံကို စုံစမ်းရန်အတွက် သူ၏စိတ်စွမ်းအားကို တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။
သို့သော် သူ၏ စိတ်စွမ်းအား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတော်စင်အဆင့် ဖိအားတစ်ခုကို သူ ခံစားမိပေ၏။
သူ ထိတ်လန့်သွားပြီး သူ၏ စိတ်စွမ်းအားကို အလျှင်အမြန် ရုပ်သိမ်းလိုက်သည်။
"မဟုတ်ဘူး... အဲ့ဒါက မမှန်ဘူး..."
"ခုဏက အဲ့ဒါက သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဖိအား မဟုတ်ဘူး... သူတော်စင်အဆင့် ရတနာတစ်ခုဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါနဲ့ ပိုတူတယ်..."
အကြီးအကဲရွှီသည် ဗဟုသုတ ကြွယ်ဝသူ တစ်ဦး ဖြစ်သဖြင့် ပုံမှန်မဟုတ်သော အခြေအနေကို လျင်မြန်စွာ သတိပြုမိသွားသည်။
ထို့နောက် သူသည် သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။
သူ၏နံဘေးရှိ ထိုင်ခုံများနှင့် လက်ဖက်ရည်စားပွဲများအပြင် ပတ်ဝန်းကျင်ရှိ တခြားအရာအားလုံးကို ကြည့်ကာ သူက တီးတိုးရေရွတ်လိုက်၏။
"ဘာလို့ ဒီသစ်သား ပရိဘောဂတွေက ဒီလောက်ထိ ရင်းနှီးနေရတာလဲ..."
"ဘာလို့ အဲ့ဒါတွေက မဟာအကြီးအကဲရဲ့ နဝမအဆင့် သူတော်စင် သစ်သားဓားနဲ့ နည်းနည်းဆင်တူနေတာလဲ..."
ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည့်အလား အကြီးအကဲရွှီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒီနေရာက အရာအားလုံးကို သူတော်စင်အဆင့် စိတ်ဝိညာဉ်သစ်သားနဲ့ ပြုလုပ်ထားတာများ ဖြစ်နေမလား..."
ဤအကြောင်းကို တွေးမိသောအခါ အကြီးအကဲရွှီက သူ၏ သိုလှောင်လက်စွပ်ထဲမှ အဋ္ဌမအဆင့် ဓားမြှောင်ငယ်တစ်လက်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
သူသည် အနီးရှိ လက်ဖက်ရည် စားပွဲဆီသို့ ထိုဓားမြှောင်ဖြင့် ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်၏။
ရလဒ်အနေဖြင့် လက်ဖက်ရည် စားပွဲပေါ်တွင် ခြစ်ရာ အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး ထိုအသေးအဖွဲ ပျက်စီးမှုကြောင့် သူတော်စင်အရှိန်အဝါ လှိုင်းလုံးတစ်ခုက လေထဲသို့ ပျံ့နှံ့သွားတော့သည်။
အကြီးအကဲရွှီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါက တကယ်ကြီးပဲ"
"ဒါဆိုရင် ဒီလေလံရုံက ဘယ်လောက်တောင် အဖိုးတန်လိုက်မလဲ..."
"တကယ်လို့ ဒီပရိဘောဂတွေ အားလုံးကို လက်နက်တွေ ဖန်တီးဖို့ အသုံးပြုမယ်ဆိုရင်... သူတော်စင်လက်နက် ဘယ်လောက်ထိ ဖန်တီးနိုင်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."
"ပြီးတော့ ဒီလေလံရုံက အရမ်းကျယ်ဝန်းတယ်..."
အကြီးအကဲရွှီ၏စိတ်နှလုံးသားထဲတွင် ပြင်းထန်သော လောဘများ ထွက်ပေါ်လာသည်။
သို့သော် သူသည် ထိုအရာကို လျင်မြန်စွာ ဖိနှိပ်လိုက်၏။
ထို့နောက် သူသည် ခေါင်းကို ဘယ်ညာခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် စစ်ဆေးကာ သူ၏စိတ်ထဲမှ တွေးလိုက်သည်။
"ငါ ပြန်ရောက်ရင် ဒီတိမ်တိုက်ကောင်းကင်လေလံရုံ ကိုယ်တိုင်က သဘာဝ ရတနာသိုက်တစ်ခု ဖြစ်နေတယ်ဆိုတာ ဂိုဏ်းချုပ်ကို ပြောပြရမယ်..."
"ပထမဆုံးအနေနဲ့ ငါ သေချာစောင့်ကြည့်မယ်... တကယ်လို့ တိမ်တိုက်ကောင်းကင်လေလံရုံမှာ ထိပ်တန်း သူတော်စင်ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် စောင့်ကြပ်နေတာ မရှိဘူးဆိုရင်... အဲ့ဒါကို ဖြိုချပြီး ရတနာတွေအားလုံးကို သိမ်းပိုက်ဖို့ ဂိုဏ်းရဲ့ အင်အားကို အစွမ်းကုန် အသုံးပြုရမယ်... အဲ့ဒီအချိန်ကျရင် ချင်းယွမ်မြင့်မြတ်နယ်မြေက နောက်ထပ်အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်..."
"ဟီးဟီးဟီး..."
ဤအကြောင်းကို တွေးမိသောအခါ အကြီးအကဲရွှီ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။