← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) သူတော်စင်ဘုရင်အဆင့် စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ်... လောကပျက်သုဥ်းခြင်းလှံရှည်

အနောက်ဘက်ခန်းမ၌...

လင်းရှောင်သည် လေလံရုံအပေါ် အပြည့်အဝ ထိန်းချုပ်ခွင့် ရှိလေ၏။

ထိုကြောင့် ခန်းမဆောင် နံပါတ် ၂ ရှိ အရာအားလုံးကို သူ ရှင်းလင်းစွာ "မြင်တွေ့" နေရသည်။

"ချင်းယွမ်မြင့်မြတ်နယ်မြေက ဒီအကြီးအကဲက သိပ်မရိုးသားဘူးပဲ..."

"သူ ဝင်လာတာနဲ့ တပြိုင်နက်... သူ့ရဲ့ စိတ်စွမ်းအားကို ခိုးသုံးနေတယ်..."

"တကယ်လို့ ငါ အထင်မမှားဘူးဆိုရင်... သူက လေလံရုံရဲ့ စွမ်းအားကို စမ်းသပ်ဖို့ ရောက်လာတာပဲ..."

လင်းရှောင်က လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ငုံ သောက်လိုက်သည်။

ခန်းမဆောင် နံပါတ် ၂ ရှိ လက်ဖက်ရည် စားပွဲ၏ ပျက်စီးသွားမှုကို ခံစားမိပြီး သူက ပြောဆိုသည်။

"ကြည့်ရတာ အဲ့ဒီ အကြီးအကဲက လေလံရုံရဲ့ ပစ္စည်း အဆင့်ကို တွေ့သွားပုံရတယ်..."

"သူက ဘာမှ မဖြစ်သလိုမျိုး အဲ့ဒီမှာ ထိုင်ပြီး ဟန်ဆောင်ကောင်းနေတယ်..."

"လေလံရုံ တစ်ခုလုံးကို ဘယ်လို ရွှေ့ပြောင်းရမလဲ ဆိုတာကို သူ တွေးနေလောက်ပြီ..."

"ဘာပဲဖြစ်ဖြစ်... အခုလောလောဆယ် တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ တန်ဖိုးအရှိဆုံးအရာက အဆောက်အအုံ ကိုယ်တိုင်ပဲလေ..."

လင်းရှောင်၏လေသံက အလွန်တည်ငြိမ်နေသည်။

အကြီးအကဲရွှီ၏ လုပ်ရပ်များကို သူ ဂရုမစိုက်ခဲ့ချေ။

တိမ်တိုက်ကောင်းကင်ခန်းမဆောင်ကို စောင့်ကြပ်နေသော လီယီနှင့်ဒီတာတို့ ရှိနေသဖြင့် လေလံရုံ၏အင်အားသည် ယခင်ကဲ့သို့ မဟုတ်တော့ချေ။

လေလံရုံ၏ ဒြပ်စင်ငါးပါး မိုးကောင်းကင်စောင့်ရှောက်ခြင်း အသေးစားဝင်္ကပါနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် ကာကွယ်ရေးသည် ထိုးဖောက်၍ မရနိုင်တော့ချေ။

ထိုကြောင့် သူသည် ချင်းယွမ်မြင့်မြတ်နယ်မြေကို ကြောက်ရွံ့နေရန် အကြောင်းမရှိပေ။

ထို့နောက်...

လင်းရှောင်က သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏ မျက်လုံးများက နံရံကို ဖောက်ထွင်းကာ လေလံစင်မြင့်ပေါ်သို့ ကျရောက်သွားပုံ ရလေ၏။

လေလံစင်မြင့်တွင်...

စုရှီယုက အချိန်ကျပြီဟု ခံစားလိုက်ရသည်။

သူမက အပြုံးနှင့် ပြောဆိုလိုက်သည်။

"အဝေးကနေ ရောက်လာကြတဲ့ လေးစားအပ်တဲ့ ဧည့်သည်တော်တို့... ကြိုဆိုပါတယ်... ကျွန်မက ဒီလေလံပွဲအတွက် လေလံမှူးပါ... အခုကစပြီး လေလံပွဲကို ကျွန်မက ဦးဆောင်သွားမှာပါ..."

"လာမယ့် လေလံပွဲကနေ အားလုံးပဲ တစ်ခုခု ရသွားလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်..."

"စကားအပို မပြောတော့ပါဘူး... လေလံပွဲကို အခု တရားဝင် စတင်ပါပြီ"

စုရှီယု၏လေသံက အလွန်အမင်း ကျွမ်းကျင်ပညာရှင် ဆန်နေပေ၏။

ထို့နောက် သူမက ပထမဆုံး လေလံပစ္စည်းကို ကျွမ်းကျင်စွာ ထုတ်ယူပေးပြီး မိတ်ဆက်ပေးလေသည်။

"ပထမဆုံး လေလံပစ္စည်းကတော့ ပဉ္စမအဆင့်မြင့် မြေကမ္ဘာမီးတောက် ဆေးလုံးပုလင်း တစ်ပုလင်း ဖြစ်ပြီးတော့ ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ ဆေးလုံးတစ်လုံး ဖြစ်တယ်..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀၀..."

သီးသန့်ခန်း ၁၀၀၈၆ ... "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၂၀၀၀၀..."

သီးသန့်ခန်း ၁၂၃၄၅ ... "အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၃၀၀၀၀..."

စနစ်၏တာဝန်သည် လေလံအရောင်းအဝယ် ပမာဏ သန်း ၅၀၀ အထိ လိုအပ်သောကြောင့် တာဝန်ကို အမြန်ဆုံး ပြီးမြောက်စေရန်...

လင်းရှောင်သည် လေလံရုံရှိ ပဉ္စမအဆင့်နှင့် အထက် ရတနာများ အားလုံးကို လေလံတင်ရန် ယူဆောင်လာခဲ့၏။

ထိုအရာများသည် ရတနာပစ္စည်း တစ်ထောင်ကျော် ရှိပြီး အလွန်များပြားသည်။

စတင်လေလံဈေးများက ယေဘုယျအားဖြင့် နိမ့်ကျနေသဖြင့် လေလံဆွဲမည့်သူ မရှိမည်ကို စိုးရိမ်ရန် မလိုချေ။

ဤကဲ့သို့ နာရီအနည်းငယ် ကုန်လွန်သွားသည်။

အင်အားစုအသီးသီးက ပစ္စည်းတစ်ခုပြီးတစ်ခု လေလံဆွဲခဲ့ကြပြီး မကြာမီ ပို၍အဖိုးတန်သော ရတနာများအတွက် အချိန်ကျရောက်လာသည်။

စုရှီယုက သူမ၏ ကျွမ်းကျင်ပညာရှင်ဆန်သော အပြုံးကို ဆက်လက်၍ ထိန်းသိမ်းထားပေ၏။

သူမသည် သိုင်းပညာနည်းစနစ် စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လေလံစားပွဲပေါ်တွင် ပြသရန်အတွက် တင်လိုက်သည်။

သူမက ပြောဆိုသည်။

"ဒီလေလံပစ္စည်းက အတော်လေးထူးခြားတဲ့ သိုင်းပညာနည်းစနစ်တစ်ခုဖြစ်တဲ့... အသက်ရှူသံ ဖုံးကွယ်ခြင်း နည်းစနစ် ဖြစ်ပြီးတော့ သတ္တမ အလယ်အလတ်အဆင့် ပစ္စည်းတစ်ခုပါ... အဲ့ဒါကို နားလည်သဘောပေါက်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ နယ်ပယ် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပြီးတော့ လိုက်လံ ဖမ်းဆီးမှုတွေကနေ လွတ်မြောက်ဖို့အတွက် အရမ်းအသုံးဝင်တယ်..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄ သန်း..."

သီးသန့်ခန်းအသီးသီးတွင်ရှိနေသော လေလွင့်ကျင့်ကြံသူအားလုံးနီးပါး၏မျက်လုံးများ လင်းလက်သွားကြ၏။

သူတို့သည် ကျားကို စားရန်အတွက် ဝက်အဖြစ် ဟန်ဆောင်ရန် ထိုနည်းစနစ်ကို အသုံးပြုနိုင်ပြီး တစ်ဖက်တွင် လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် သူတို့၏နယ်ပယ်ကို ဖုံးကွယ်ထားနိုင်သည်။

လေလွင့်ကျင့်ကြံသူများအတွက် ဤသိုင်းပညာနည်းစနစ်သည် အထွတ်အထိပ်ရတနာတစ်ခု ဖြစ်သည်မှာ သံသယဝင်စရာ မရှိချေ။

မကြာမီ သီးသန့်ခန်းများမှ စတင်၍ လေလံဆွဲကြတော့သည်။

သီးသန့်ခန်း ၂၂၂ ... "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀..."

သီးသန့်ခန်း ၂၅၈ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၅၀..."

သီးသန့်ခန်း ၃၆၉ ... "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၈၀၀၀..."

"..."

သီးသန့်ခန်း ၂၅၈ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၅၀..."

နောက်ဆုံးတွင် လေလွင့်ကျင့်ကြံသူများကြား ပြိုင်ဆိုင်မှုတစ်ခု အပြီး၌...

သီးသန့်ခန်း ၂၅၈ မှ ဧည့်သည်က ဤသိုင်းပညာနည်းစနစ်ကို အောင်မြင်စွာ လေလံဆွဲသွားခဲ့လေ၏။

【အဆ တစ်ထောင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... နဝမအဆင့်မြင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ ကောင်းကင်ယံ လွတ်မြောက်ခြင်း သိုင်းပညာနည်းစနစ်ကို ရရှိပါတယ်...】

လေလံစင်မြင့်ပေါ်တွင်...

စုရှီယုက နောက်ထပ် သိုင်းပညာနည်းစနစ်တစ်ခုကို ထုတ်ယူပြီး သူမက မိတ်ဆက်ပေးလိုက်သည်။

"နောက်ထပ်ပစ္စည်းကလည်း သိုင်းပညာနည်းစနစ် တစ်ခုဖြစ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး သိုင်းပညာနည်းစနစ်တစ်ခုဖြစ်တဲ့... စိတ်ဝိညာဉ် ထွင်းဖောက်ခြင်းဆူးချွန်ပါ..."

"ဒီလို သိုင်းပညာနည်းစနစ် အမျိုးအစားက ကြီးမားတဲ့ ဖျက်ဆီးနိုင်စွမ်း မရှိပေမဲ့ သာမန် သက်ရှိ သတ္တဝါတွေကိုတော့ အရမ်းမြင့်မားတဲ့ ထိခိုက်မှု ဖြစ်စေနိုင်တယ်..."

"တကယ်လို့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ ပါရမီရှိတဲ့ ကျင့်ကြံသူတွေ ရှိနေရင် လက်လွတ်မခံကြပါနဲ့..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄ သန်း..."

သူမ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်က လျှင်မြန်စွာ စတင်၍ လေလံဆွဲတော့သည်။

သီးသန့်ခန်း ၃၅၇ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၅၀..."

သီးသန့်ခန်း ၂၁၁ ... "အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄.၈ သန်း..."

"..."

သီးသန့်ခန်း ၃၅၇ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀..."

လေလံဆွဲခြင်း အကြိမ်အနည်းငယ် အပြီးတွင်...

ဤသိုင်းပညာနည်းစနစ်ကို သီးသန့်ခန်း ၃၅၇ ရှိ စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကို အထူးပြုသော အင်အားစု တစ်ခုက ရယူသွားသည်။

【အဆ တစ်သောင်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... သူတော်စင်ဘုရင် အဆင့်မြင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ လောကပျက်သုဥ်းခြင်းလှံရှည်ကို ရရှိပါတယ်...】

နောက်တစ်ခုကမူ သတ္တမအဆင့်မြင့် ကာကွယ်ရေး သိုင်းပညာနည်းစနစ် ဖြစ်သည့် လိပ်ခွံ အကာအကွယ်ပင်။

အထူးကာကွယ်ရေး သိုင်းပညာနည်းစနစ် အမျိုးအစားအနေဖြင့် ထိုအရာသည် ကျင့်ကြံသူများကြားတွင် အလွန်လူကြိုက်များလေ၏။

လေလံဆွဲခြင်း စတင်ပြီး မကြာမီမှာပင် ထိုအရာကို တစ်စုံတစ်ယောက်က မြင့်မားသော ဈေးနှုန်းဖြင့် ရယူသွားခဲ့သည်။

【အဆ တစ်သိန်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... သူတော်စင်အရှင်သခင် အဆင့်မြင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ မလှုပ်မယှက် ဥာဏ်ပညာဘုရင် ရုပ်ခန္ဓာကိုယ်ကို ရရှိပါတယ်...】

"နောက်ထပ် ရတနာကတော့ ငှက်သွေးမျိုးဆက်ရှိတဲ့ သတ္တဝါတွေရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တဲ့ အထူးစိတ်ဝိညာဉ်သစ်သီး ဖြစ်ပြီးတော့ အဲ့ဒီအရာရဲ့ အဆင့်က သတ္တမအဆင့်မြင့်ပါ..."

"တကယ်လို့ ရှင်တို့မှာ ငှက်မျိုးနွယ်ဝင် စိတ်ဝိညာဉ်သားရဲ ရှိရင်... ဒါကို လုံးဝ လက်လွတ်မခံသင့်ဘူး..."

စုရှီယုသည် မီးတောက်လောင်နေသည့်အလား နီမြန်းသော ဖီးနစ်စိတ်ဝိညာဉ်သစ်သီးကို ထုတ်ယူလိုက်၏။

သူမက ဆက်လက်၍ ပြောဆိုသည်။

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄.၅ သန်း..."

"..."

သီးသန့်ခန်း ၂၀ ... "အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅.၅ သန်း..."

ဤရတနာသည် ကန့်သတ်ချက် အတော်လေး ကြီးမားသောကြောင့် ပြိုင်ဆိုင်သူ သိပ်မများလှချေ။

ထိုအရာကို စိတ်ဝိညာဉ်သားရဲများ မွေးမြူသော အင်အားစုတစ်ခုက လျှင်မြန်စွာ ရယူသွားသည်။

【အဆ တစ်သောင်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... သူတော်စင်ဘုရင် အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီးကို ရရှိပါတယ်...】

လေလံစင်မြင့်ပေါ်တွင်...

စုရှီယုသည် နောက်ထပ် လေလံပစ္စည်းကို ထုတ်ယူစဉ် ပြုံးလိုက်၏။

နိုးထခြင်း လက်ဖက်​ပင်...

သူမက မိတ်ဆက်ပေးလိုက်သည်။

"ဒီလေလံပစ္စည်းက အထူး စိတ်ဝိညာဉ် လက်ဖက်ပင် ဖြစ်ပြီးတော့ သတ္တမအဆင့်နိမ့် ပစ္စည်း တစ်ခုပါ... ဒါကို စားသုံးပြီးရင်... ကျင့်ကြံခြင်း အမြန်နှုန်းကို ယာယီ တိုးမြှင့်ပေးနိုင်သလို စိတ်ကိုလည်း လန်းဆန်းစေတယ်..."

"တကယ်လို့ လက်ဖက်ရည်သောက်ရတာ ကြိုက်တဲ့ ကျင့်ကြံသူတွေ ရှိရင်... လက်လွတ်မခံကြပါနဲ့..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်း..."

လေလံဈေး ကြေညာလိုက်သည်နှင့် တပြိုင်နက်...

လူအနည်းငယ်က လျှင်မြန်စွာ စတင်၍ လေလံဆွဲကြတော့သည်။

သီးသန့်ခန်း ၃၀၁ ... "အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃.၀၁ သန်း..."

"..."

သီးသန့်ခန်း ၃၀၂ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၆သန်း..."

မကြာမီမှာပင် နိုးထခြင်း လက်ဖက်ပင်သည်လည်း လေလံဆွဲခံလိုက်ရလေ၏။

【အဆတစ်သိန်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... သူတော်စင်အရှင်သခင်အဆင့်နိမ့် စိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ တာအိုနားလည်သဘောပေါက်ခြင်း စိတ်ဝိညာဉ် တက်လှမ်းခြင်း လက်ဖက်ပင်ကို ရရှိပါတယ်...】

ထို့နောက် ချက်ချင်းဆိုသလိုပင်...

စုရှီယုက နောက်ထပ် လေလံပစ္စည်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

ကောင်းကင်ဘုံ မူလအစဆေးလုံး...

သူမက မိတ်ဆက်ပေးလိုက်သည်။

"အဋ္ဌမအဆင့်နိမ့် စိတ်ဝိညာဉ်ဆေးလုံးဖြစ်တဲ့ ကောင်းကင်ဘုံ မူလအစဆေးလုံး...ဒီဆေးလုံးမှာ နူးညံ့တဲ့ စိတ်ဝိညာဉ်ချီတွေ အများကြီး ပါဝင်ပြီးတော့ ကျင့်ကြံခြင်းမှာ အထောက်အကူ ဖြစ်စေသလို နယ်ပယ်တွေကိုလည်း မြန်မြန်ဆန်ဆန် ချိုးဖျက်ဝင်ရောက်နိုင်တယ်..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၈ သန်း..."

အပြင်လောကတွင် အဋ္ဌမအဆင့် ရတနာတစ်ခုသည် အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်နှင့်ချီ၍ တန်ဖိုးရှိလေ၏။

ထို့ပြင် ​ဤသည်က ဝယ်လိုအား ရှိသော်လည်း ရောင်းလိုအားမရှိသော ရတနာတစ်ခုလည်း ဖြစ်သည်။

အဋ္ဌမအဆင့် ရတနာတစ်ခု ထွက်ပေါ်လာသည်ကို မြင်သောအခါ...

ထို့ပြင် ဈေးနှုန်းကလည်း သာမန် အဋ္ဌမအဆင့် ရတနာများထက် အတော်လေး သက်သာနေသဖြင့်...

ခန်းမဆောင်များအတွင်းရှိ အင်အားစုများသည်လည်း စတင်၍ လှုပ်ရှားလာကြ၏။

သူတို့သည် သီးသန့်ခန်း ထောင်ပေါင်းများစွာရှိ လူများနှင့်အတူ လေလံဆွဲကြတော့သည်။

သီးသန့်ခန်း ၃၅ ... "အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၉.၅ သန်း..."

သီးသန့်ခန်း ၁၃ ... "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀..."

ခန်းမဆောင် ၇ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀..."

ခန်းမဆောင် ၉ ... "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၃၀၀..."

"..."

ခန်းမဆောင် ၇ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၆၀၀..."

နောက်ဆုံးတွင်...

ခန်းမဆောင် ၇ ရှိ အင်အားစုက ဤဆေးလုံးပုလင်းကို အောင်မြင်စွာ လေလံဆွဲသွားခဲ့သည်။

【အဆ တစ်ထောင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်...နဝမအဆင့်မြင့် ဆေးလုံးဖြစ်တဲ့ စိတ်ဝိညာဉ် ချိုးဖျက်ခြင်း သူတော်စင် ဆေးလုံးကို ရရှိပါတယ်...】

All Chapters