အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) ချင်းယွမ်လျှို့ဝှက်နယ်မြေသို့ ထွက်ခွာခြင်း
လင်းရှောင်သည် အံ့အားသင့်နေသော စုရှီယုကို ကြည့်ပြီး အေးအေးဆေးဆေး ပြောဆိုလိုက်၏။
"ယူလိုက်ပါ... ဒီဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီးက မင်းအတွက်ပါ..."
စုရှီယု၏မျက်နှာပေါ်တွင် ချိုသာသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီးကို အားနာခြင်းကင်းမဲ့စွာ လက်ခံလိုက်သည်။
"သွားပြီး အခုပဲ စားသုံးလိုက်ပါ...ဒါကို စားသုံးပြီးတဲ့နောက် မင်းဆီမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးကာ ဖြည်းညှင်းစွာ ပြောဆိုသည်။
စုရှီယုသည် လင်းရှောင်၏ စကားများကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် သူမသည် ထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြကာ ခန်းမထဲမှ ထွက်ခွာသွားလေ၏။
ထို့နောက်...
လင်းရှောင်သည် မောင်နှမနှစ်ယောက်ဖြစ်သော မိုလီနှင့်မိုချီတို့ကို ဆင့်ခေါ်လိုက်သည်။
"မိုလီ"
"အသက်... ၁၆"
"နယ်ပယ်... ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်"
"ရုပ်ခန္ဓာကိုယ်... မဟာနေမင်း အင်မော်တယ်ရုပ်ခန္ဓာကိုယ် (အထွတ်အထိပ် အင်မော်တယ်ရုပ်ခန္ဓာကိုယ်)"
"ဖော်ပြချက်... တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဝန်ထမ်း တစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကာ အထွတ်အထိပ် အင်မော်တယ်ရုပ်ခန္ဓာကိုယ်ကို နိုးထစေခဲ့သည်... သူ၏ အလားအလာသည် လောကတွင် ပြိုင်ဘက်ကင်းပြီး ယှဉ်ပြိုင်နိုင်သူ မရှိချေ..."
"မိုချီ"
"အသက်... ၁၂"
"နယ်ပယ်... စိတ်ဝိညာဉ် ထိန်းညှိခြင်းနယ်ပယ် အစောပိုင်းအဆင့်"
"ရုပ်ခန္ဓာကိုယ်... ဒွာရကိုးပေါက် ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ် (အင်မော်တယ် ရုပ်ခန္ဓာကိုယ်... နိုးထမှု ဖြစ်စဉ် ၉၇ ရာခိုင်နှုန်း...)"
"ဖော်ပြချက်... တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်... သူမ၏ အင်မော်တယ် ရုပ်ခန္ဓာကိုယ်သည် နိုးထတော့မည်ဖြစ်ပြီး သူမ၏ အလားအလာသည် လောကတွင် ပြိုင်ဘက်ကင်းကာ ယှဉ်ပြိုင်နိုင်သူ မရှိချေ..."
'ကျွတ်ကျွတ်... မိုလီရဲ့ ကျင့်ကြံခြင်းက ငါ့ကိုတောင် မီတော့မလို ဖြစ်နေပြီ... ဒီမဟာနေမင်း အင်မော်တယ်ရုပ်ခန္ဓာကိုယ်က အရမ်းကို အစွမ်းထက်လွန်းတယ်..."
"မိုချီရဲ့ အင်မော်တယ် ရုပ်ခန္ဓာကိုယ်ကလည်း နိုးထတော့မယ်... နောက်ရက်အနည်းငယ်အတွင်းမှာ ဖြစ်လောက်တယ်..."
"ဒီမောင်နှမ နှစ်ယောက်ကို ကြိုတင်ခေါ်ယူထားခဲ့တာက ကောင်းတဲ့အချက်ပဲ..."
လင်းရှောင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
အင်မော်တယ် ရုပ်ခန္ဓာကိုယ် တစ်ခု၏ အလားအလာသည် သူ စိတ်ကူးထားသည်ထက် များစွာပို၍ အားကောင်းနေသည်။ မိုလီ၏ရုပ်ခန္ဓာကိုယ် နိုးထလာသည်မှာ တစ်လသာ ရှိသေးသော်လည်း သူ၏ နယ်ပယ်သည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့ပြီး ဟင်းလင်းပြင်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားသည်။ သူသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့ပြီး လင်းရှောင်ကိုပင် မီလုနီးပါး ဖြစ်နေသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက်...
လင်းရှောင်၏အတွေးများ လှုပ်ရှားသွားကာ သူ၏ စနစ်ဟင်းလင်းပြင်အတွင်းမှ တိမ်တိုက်ဖြိုခွဲခြင်း နဂါးလှံရှည်နှင့် ခုံးမင်နက်နဲသိမ်မွေ့ ယပ်တောင်တို့ကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုအရာများကို မိုလီနှင့်မိုချီတို့ထံသို့ ပေးအပ်လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက်...
လင်းရှောင်သည် မိုလီနှင့်မိုချီတို့ကို ပြန်လွှတ်လိုက်ပြီး သူ၏အခန်းသို့ အနားယူရန် ပြန်သွားသည်။
နောက်တစ်နေ့ နံနက်တွင်...
လင်းရှောင်သည် တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါးပေါက်ရှေ့တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေသည်။
"မှတ်တမ်းတွေ အရ... ချင်းယွမ်လျှို့ဝှက်နယ်မြေက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ရှေးဟောင်း ကျင့်ကြံသူတွေ ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ... သူတော်စင်နယ်ပယ်အထက်က လူတွေ ဝင်ရောက်ခွင့် တားမြစ်ခံထားရတယ်..."
"ချင်းယွမ်မြင့်မြတ်နယ်မြေရဲ့ သူတော်စင်ဘုရင်နယ်ပယ် ဘိုးဘေးတောင်မှ အတင်းအကြပ် ဝင်ရောက်လို့ မရဘူး..."
လင်းရှောင်က အေးအေးဆေးဆေး ပြောဆိုပြီး သူ၏နံဘေးရှိ သွမ်ခုန်းကို လှည့်ကြည့်လိုက်၏။
ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။
"မကြာသေးခင်ကစပြီး ငါတို့လေလံရုံက အတော်လေး နာမည်ရလာတော့ မြင့်မြတ်နယ်မြေ ဘယ်နှခုက ငါတို့ကို စောင့်ကြည့်နေလဲဆိုတာ ငါ မသိဘူး..."
"သွမ်ခုန်း... မင်း ဒီမှာ နေခဲ့ပြီး လေလံရုံကို စောင့်ကြပ်နေခဲ့..."
"ငါ့ရဲ့ လုံခြုံရေး အတွက်တော့ ဒီတာ ရှိရင် လုံလောက်တယ်..."
သူ၏နံဘေးတွင်...
သွမ်ခုန်း၏အကြည့်များသည် ဓားတစ်လက်အလား ထက်ရှနေပြီး လင်းရှောင်၏အရိပ်ကို မသိမသာ ကြည့်လိုက်၏။ သူ၏ အားကောင်းသော အာရုံခံနိုင်စွမ်းဖြင့် အရိပ်ထဲတွင် ပုန်းကွယ်နေသော ဒီတာကို သူ မသဲမကွဲ ခံစားမိသည်။
'သူက သခင်လေး ဆင့်ခေါ်ထားတဲ့ နောက်ထပ် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်လား...သူ့ရဲ့ အရှိန်အဝါက သူတော်စင်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်မှာပဲ ရှိပုံရပေမဲ့... သူ့ရဲ့ ဖုံးကွယ်နိုင်စွမ်းက အရမ်း အားကောင်းလို့ ငါတောင် သတိမထားမိသလောက်ပဲ...'
သွမ်ခုန်းက တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သွမ်ခုန်းက ခေါင်းညိတ်ပြပြီး ပြန်လည် ဖြေကြားလိုက်၏။
"စိတ်မပူပါနဲ့ သခင်လေး... လေလံရုံက ကျွန်တော်ရဲ့လက်ထဲမှာပါ..."
"တစ်ယောက်ယောက်ကများ ပြဿနာလာရှာရဲရင်... သူတို့ရဲ့အင်အားစုဆီ သွားလည်ပြီးတော့ သခင်လေး အတွက် ရတနာတွေ ထပ်ပြီး စုဆောင်းပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး..."
လင်းရှောင်က အလွန်အမင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သွမ်ခုန်းသည် လင်းရှောင်၏ အတွေးများကို ပို၍ပို၍ နားလည်လာခဲ့သည်။ သူသည် အမှန်တကယ်ကို လင်းရှောင်၏ ထိပ်တန် စစ်သူကြီးတစ်ဦးပင်။
"ကောင်းပြီ... ငါ အခု ထွက်ခွာသင့်ပြီ..."
သူ၏ ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရှောင်က နောက်သို့လှည့်လိုက်သည်။ သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးနေသော စိတ်ဝိညာဉ်သားရဲတစ်ကောင် ထွက်ပေါ်လာသည်။
"စီးတော်ယာဉ်... ပိုင်ကျဲ့"
"ကျင့်ကြံခြင်း... မသိရ"
"ဖော်ပြချက်... သေဆုံးခြင်းကင်းမဲ့တဲ့ လက္ခဏာကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်း နတ်ဘုရားသားရဲတွေထဲက တစ်ကောင် ဖြစ်တယ်... သူ့ရဲ့ အထွတ်အထိပ် အချိန်မှာ ဟင်းလင်းပြင် စည်းမျဉ်းတွေကို လျစ်လျူရှုနိုင်ပြီး အချိန်မြစ်ပြင်ရဲ့ အပြင်ဘက်ကို လျှောက်လှမ်းနိုင်တယ်... စနစ်ရဲ့ ဖိနှိပ်မှုကြောင့် လောလောဆယ်မှာ တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ နတ်ဘုရားစွမ်းရည် အများစုကို ဆုံးရှုံးထားတယ်..."
"ပိုင်ကျဲ့... သွားကြစို့..."
"ခရီးစဉ်က ချင်းယွမ်မြင့်မြတ်နယ်မြေ..."
ပိုင်ကျဲ့၏ အချက်အလက်များကို အကျဉ်းချုံး စစ်ဆေးပြီးနောက်...
လင်းရှောင်သည် အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ် လက်ခနဲ ဖြစ်သွားကာ ပိုင်ကျဲ့၏ကျောပေါ်တွင် ထွက်ပေါ်လာလေ၏။
နတ်ဘုရားသားရဲ တစ်ကောင်အနေဖြင့် ပိုင်ကျဲ့၏ ဉာဏ်ရည်သည် ထူးကဲလှပြီး လင်းရှောင်၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားသည်။ ပိုင်ကျဲ့သည် တိုးညင်းစွာ အသံပြုလိုက်ပြီး သူ၏ ရှေ့ခွာများ လျှင်မြန်စွာ မြင့်တက်လာကာ နောက်ခွာများကို ကန်ထွက်လိုက်သည်။ အချိန်တခဏအတွင်း၌ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ပျောက်ကွယ်သွားတော့သည်။