အခန်း ၆၁၈
Vol. 42 Ch. 618
အခန်း (၆၁၈) - ပိုင်ဟုမြို့ (အပိုင်း ၃)
“နောက်ထပ် ရွေးချယ်စရာ တစ်ခုကတော့...”
ဆုမိုက စကားကို ခေတ္တရပ်လိုက်ပြီးမှ အေးစက်စွာ ဆက်ပြောလေ၏။
“လုံးဝ ခွင့်မပြုနိုင်တဲ့ အရာပဲ။ အကယ်၍ သူသာ တကယ်ပဲ အဲဒီလမ်းကို ရွေးချယ်ခဲ့မယ် ဆိုရင်တော့... ဟင်း...”
သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
“ဒါဆိုရင်တော့ ယန်ဝေ အာမခံဌာန အနေနဲ့ လော့ရှားမြို့မှာ ဆက်ပြီး ရပ်တည်နေစရာ မလိုတော့ဘူး”
ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“ရှောင်မို... နင့်ရဲ့ ရည်မှန်းချက်က တကယ့်ကို ကြီးမားလွန်းလှတာပဲ”
“ကြီးမားတဲ့ ရည်မှန်းချက် မရှိဘဲနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ဘူးလေ”
ဆုမိုက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးနောက် 'လျှို့ဝှက် အသံလွှင့်ခြင်း' ပညာကို အသုံးပြုကာ ယန်ရှောင်ယွင် တစ်ဦးတည်း ကြားနိုင်အောင် ပြောဆိုလိုက်တော့သည်။
'ကျွန်တော်တို့ရဲ့ ဘိုးဘေး ဆုချန်ယွီ နဲ့ ကျွန်တော့်အဖေတောင်မှ ကိစ္စ တစ်ခုမှာ မှားခဲ့ကြတယ်'
'ကျွန်တော်တို့ ရင်ဆိုင်နေရတာက တကယ့်ကို ကြီးမားလွန်းတဲ့ အဖွဲ့အစည်းကြီး တစ်ခုပဲ။ သူတို့က သိုင်းလောကရဲ့ ရေမျက်နှာပြင် အောက်မှာ နက်ရှိုင်းစွာ ပုန်းကွယ်နေပြီး ပုံသဏ္ဌာန် အစစ်အမှန်ကို ဘယ်တော့မှ ထုတ်မပြကြဘူး'
'ဒီလို အခြေအနေမျိုးမှာ လူတစ်ယောက်တည်းက ပြိုင်ဘက်ကင်း သိုင်းပညာတွေ ရှိနေရင်တောင်မှ အားနည်းတဲ့ ဘက်မှာပဲ ရှိနေဦးမှာပဲ။ သတင်း အချက်အလက်တွေ၊ ဩဇာအာဏာတွေနဲ့ အဆက်အသွယ်တွေမှာ တစ်ဖက်လူကို မမီတဲ့အခါ ကိုယ့်ကြမ္မာကို ကိုယ်တိုင် မဖန်တီးနိုင်ဘဲ ကစားကွက်ထဲမှာပဲ ရုန်းကန်နေရလိမ့်မယ်'
'တကယ်တော့ အာမခံဌာန ဆိုတာက သိုင်းလောကထဲမှာ မပြတ်တမ်း သွားလာနေရတဲ့ အတွက် သတင်းတွေလည်း မြန်တယ်၊ အဆက်အသွယ်တွေလည်း ကျယ်ပြန့်တယ်လေ။ သတင်း အချက်အလက်တွေ အများကြီးကိုလည်း အလိုအလျောက် ရရှိထားပြီးသားပဲ'
'ကျွန်တော်သာ ဇီယန် အာမခံဌာန ရဲ့ လုပ်ငန်းတွေကို တိုးချဲ့နိုင်ခဲ့ရင်... ပထမဆုံး လုပ်ရမှာက ဇီယန် အာမခံဌာနရဲ့ လက်တံတွေကို တုန်းဟွမ် တစ်ခွင်လုံး ဖြန့်ကျက်သွားအောင် လုပ်ဖို့ပဲ'
ယန်ရှောင်ယွင်၏ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများဖြင့် ရုတ်ချည်း ပြူးကျယ်သွားရတော့၏။
ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမသည် လျှို့ဝှက် အသံလွှင့်ခြင်း ပညာကို မတတ်မြောက်ထားသဖြင့် ပြန်လည် မမေးမြန်းဝံ့သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။
ဆုမိုက ညင်သာစွာ ပြုံးပြလိုက်၏။
“အစ်မယွင်... စောင့်ကြည့်နေပါ... ကျွန်တော်တို့မှာ ဒီအတွက် အခြေခံတွေ ရှိနေပြီ။ အခုကတော့ နောက်ဆုံး အတားအဆီးကို ကျော်ဖြတ်ဖို့ပဲ စောင့်နေရတာပါ”
ဆုမို ဘာကို ရည်ရွယ်နေမှန်း ယန်ရှောင်ယွင် အတိအကျ မသိသော်ငြားလည်း ဆုမိုအပေါ်၌ ယုံကြည်မှုများ အပြည့် ရှိနေဆဲပင်။
သူမသည် ခေါင်းကို တရစပ် ညိတ်လိုက်ပြီး မျှော်လင့်ချက် မျက်ဝန်းများဖြင့် ကြည့်နေမိတော့၏။
သို့သော် ဆုမို၏ မျက်နှာ အမူအရာမှာမူ အနည်းငယ် ထူးဆန်းနေပေသည်။ အကယ်၍ သူသာ အာမခံဌာနကို တစ်ကမ္ဘာလုံး အထိ တိုးချဲ့နိုင်ခဲ့မည် ဆိုပါက... သူက 'အာမခံ ဘုရင်ကြီး' ဖြစ်သွားမှာလား။
ဒါကတော့ တကယ့်ကို သိက္ခာကျစရာပါပဲ လား။
သူတို့ နှစ်ဦးမှာ ထပ်မံ စကားမဆိုတော့ဘဲ ခဏအတွင်းမှာပင် ကွမ်းယွဲ့တောင်တန်းမှ ထွက်ခွာလာခဲ့ကြသည်။
ကွမ်းယွဲ့တောင်တန်းမှ ထွက်လာပြီးနောက် အနောက်ဘက်သို့ မိုင် (၂၀၀) ခန့် ဆက်သွားလျှင် လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေမှ ထွက်ခွာပြီး ဝူရှန်းခန်းမ ၏ အုပ်ချုပ်မှု အောက်သို့ တရားဝင် ရောက်ရှိတော့မည် ဖြစ်၏။
နယ်မြေ နှစ်ခု၏ အစပ်တွင် တောင်ကြီး တစ်တောင် တည်ရှိနေပေသည်။
၎င်းမှာ 'ဟုကျွင်းတောင်' ပင် ဖြစ်၏။
ဟုကျွင်းတောင် ၏ ဇာစ်မြစ်မှာ သာမန် မဟုတ်ချေ။ အလွန်တရာ ကျော်ကြားလှသော 'ယင်တောင်' နှင့်လည်း တိုက်ရိုက် ဆက်နွှယ်နေပေသည်။ ဟုကျွင်းတောင် သည် ယင်တောင် မှ ဆက်လက် ထွက်ပေါ်လာသော တောင်တန်း တစ်ခုဟု ဆိုနိုင်ပေ၏။
အဝေးမှ လှမ်းကြည့်လိုက်လျှင်ပင် မြေပြင်နှင့် ကောင်းကင်ယံ ကြားတွင် ကြီးမားလှသော ကျားကြီး တစ်ကောင်က ခေါင်းမော့ကာ ဟိန်းဟောက်နေသည့် အလား ထင်မှတ်ရပေသည်။ နယ်စပ် ဒေသ ဖြစ်သော်ငြားလည်း ဤနေရာမှာ ထူးဆန်းစွာပင် အေးချမ်း ငြိမ်သက်နေ၏။
အဘယ်ကြောင့်ဆိုသော် ဟုကျွင်းတောင် ခြေရင်းတွင် တည်ရှိသော မြို့လေး တစ်မြို့ ကြောင့်ပင်။ ၎င်းမှာ 'ပိုင်ဟုမြို့' (ကျားဖြူမြို့) ဟု လူသိများ၏။
ပိုင်ဟုမြို့ သည် လော့ဖုန်း မဟာမိတ်အဖွဲ့ နှင့်လည်း မသက်ဆိုင်သလို၊ ဝူရှန်းခန်းမ ၏ စီရင်ပိုင်ခွင့် အောက်တွင်လည်း မရှိချေ။ ၎င်း၏ အခြေအမြစ်မှာ လော့ဖုန်း မဟာမိတ်အဖွဲ့ နှင့် ဝူရှန်းခန်းမ တို့ထက်ပင် ပိုမို နက်ရှိုင်းလှပြီး ဤနယ်မြေကို စောင့်ရှောက်ကာ နယ်မြေ နှစ်ခုကြား ကူးသန်းသွားလာမှုကို ထိန်းညှိပေးနေခြင်း ဖြစ်၏။
ဆုမို တို့ အဖွဲ့သည် ခရီးဆက်လာခဲ့ရာ ထိုနေ့ မွန်းတည့်ချိန်တွင် ပိုင်ဟုမြို့ သို့ ရောက်ရှိလာခဲ့ကြသည်။ ပိုင်ဟုမြို့ အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ဆုမို၏ မျက်ခုံးများမှာ ရုတ်ချည်း ပင့်တက်သွားတော့၏။
မြို့တံခါးဝတွင် ချိတ်ဆွဲထားသော အလောင်းပေါင်း ဒါဇင်ပေါင်းများစွာကို သူ မြင်တွေ့လိုက်ရခြင်းပင်။ အလောင်းတိုင်း၏ အပေါ်တွင် စာသားများ ရေးထူးထားသော အဖြူရောင် အဝတ်စများ ကပ်ထားသည်။
အချို့မှာ 'အကြောင်းမဲ့ လူသတ်မှု ကျူးလွန်ခြင်း' ဟူ၍ ဖြစ်၏။
အချို့မှာမူ 'ကာမရာဂ ကျူးလွန်ခြင်း' ဟု ရေးသားထား၏။
သို့သော် အခြား အလောင်းများတွင်မူ 'ကျားသခင် ကို စော်ကားပြစ်မှားခြင်း' ဟု ပါရှိနေ၏။
နောက်ဆုံး ပြစ်မှုမှာ အပြင်းထန်ဆုံး ဖြစ်ပုံရပေသည်။ ထိုအလောင်းများမှာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဗရပွ ဖြစ်နေပြီး၊ ဓားဖြင့် တစ်စစီ မွှန်းထားကာ အရေခွံများကို ခွာထုတ်ထားသည့် အလားပင်။ မျက်ခွံများရော မျက်လုံးများပါ ဖောက်ထုတ် ခံထားရသလို ရှိနေ၏။ ဤမျှလောက် ပြင်းထန်သော နှိပ်စက်မှုများကို ခံစားရပြီးမှသာ သူတို့ကို မြို့တံခါးတွင် ချိတ်ဆွဲကာ တောင်ပေါ်မှ တိုက်ခတ်လာသော လေပြင်းများကြားတွင် အသေခံခိုင်းထားခြင်း ဖြစ်၏။
“ကျားသခင် ကို စော်ကားတာ ဟုတ်လား”
ဆုမိုက မျက်မှောင်ကြုတ်လိုက်မိ၏။
“အစ်မယွင်... ဒီနေရာ အကြောင်းကို တစ်ခုခု သိထားတာ ရှိလား”
“ဒါကတော့... ကောလဟာလ တချို့ပဲ ကြားဖူးတာပါ”
ယန်ရှောင်ယွင် ကလည်း မျက်ခုံးလေးများ ကြုတ်လိုက်ပြီး တိုးညင်းစွာ ပြောဆိုလိုက်၏။
“ပိုင်ဟုမြို့ က 'ကျားသခင်' ကို ကိုးကွယ်ကြတယ်လို့ ဆိုတယ်... ကျားသခင် ဟာ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဖြောင့်မတ်တဲ့ နတ်ဘုရား တစ်ပါး ဖြစ်ပြီး သူတို့ကို ဒီနယ်မြေမှာ စောင့်ရှောက်ပေးနေတယ်လို့ ယုံကြည်နေကြတာလေ...”
“ဒါတင် မကသေးဘူးဗျ”
ဟူစန်းတောက် က သူ ပြောရမည့် အလှည့်ရောက်ပြီ ဖြစ်ကြောင်း သိသဖြင့် အလျင်အမြန် ဝင်ပြောလိုက်တော့သည်။
“ခေါင်းဆောင်... ပိုင်ဟုမြို့ မှာ ကိုယ်ပိုင် စည်းကမ်းတွေ ရှိတယ်ဗျ။ သူက ဘုရင့်နိုင်ငံ ငယ်လေး တစ်ခုလိုပဲ။ အဲဒီမှာ 'သူတော်စင်' က အရာရာကို အမိန့်ပေးနိုင်ပြီး လူတွေရဲ့ အသက်ကို သတ်ပိုင်ခွင့်၊ ချမ်းသာပေးပိုင်ခွင့် ရှိတယ်လေ”
“ဒါ့အပြင် သူတို့အတွက်ကတော့ ကျားသခင် ဆိုတာ နတ်ဘုရား တစ်ပါးတင် မကဘဲ သူတို့ရဲ့ ဘိုးဘေး လည်း ဖြစ်နေတာ။ ဒီမျိုးနွယ်စုက ဒီမှာ နေထိုင်လာတာ မရေမတွက်နိုင်တဲ့ နှစ်တွေ ရှိနေပြီ။ သူတို့ ကျင့်ကြံတဲ့ သိုင်းပညာတွေကလည်း ကျားသခင် ကိုယ်တိုင် သင်ကြားပေးခဲ့တာလို့ ဆိုကြတယ်ဗျ”
“...နတ်ဘုရား တစ်ပါးက လူတွေကို သိုင်းပညာ သင်ပေးတယ် ဟုတ်လား”
ဆုမိုက မျက်ခုံးပင့်ကာ မေးလိုက်၏။
“အဲဒီတုန်းက ပြောကြတာကတော့ အဲဒီလို မဟုတ်ဘူးဗျ”
မြို့ထဲသို့ မဝင်သေးမီမှာပင် ဟူစန်းတောက်က ဆုမို တို့အဖွဲ့ကို ခေတ္တ ရပ်ခိုင်းကာ အကျိုးအကြောင်း ရှင်းပြလိုက်တော့သည်။
“ကျွန်တော် အရင်က လူကြီးလူငယ် အဖွဲ့တွေကို ဦးဆောင်ပြီး ဒီနေရာကို ဖြတ်ခဲ့ဖူးတာဆိုတော့ သတင်းတွေ အတော်များများ စုံစမ်းထားခဲ့တာပါ။ သူတို့ကိုယ် သူတို့ ရှေးဟောင်း မျိုးနွယ်စု ရဲ့ မျိုးဆက်တွေလို့ ခေါ်ကြတယ်ဗျ။ ဒဏ္ဍာရီ အရဆိုရင် ဟိုးရှေးရှေးတုန်းက ကျားသခင် က ဒီနေရာမှာ အခြေချပြီး မျိုးဆက် ပြန့်ပွားအောင် လုပ်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီကနေ ပထမဆုံးသော မျိုးနွယ်စုဝင်တွေ ပေါ်လာတာပေါ့”
“နောက်ပိုင်းမှာတော့ ကျားသခင် က ကောင်းကင်ဘုံကို ပျံတက်သွားပြီး လူ့လောကကနေ ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ကျားသခင် ရဲ့ မျိုးဆက်တွေကတော့ လိုက်မသွားဘဲ လူ့လောကမှာပဲ ကျန်ရစ်ခဲ့တာ။ သူတို့တွေက လူသားတွေနဲ့ ရောနှော ပေါင်းသင်းခဲ့ရာကနေ ဒုတိယမြောက် မျိုးဆက်တွေ ဖြစ်လာကြတာပေါ့။ ဒီလိုနဲ့ပဲ ဒီနေ့ခေတ် မျိုးဆက်တွေ အထိ ဆက်ခံလာခဲ့ကြတာပေါ့ဗျာ”
“သူတို့ ကျင့်ကြံတဲ့ သိုင်းပညာကို 'ဧကရာဇ် နှလုံးသား ကျင့်စဉ်' လို့ ခေါ်တယ်ဗျ”
“ဒါပေမဲ့ တာ့ရွှမ်မင်းဆက် ထူထောင်ပြီးတဲ့ အခါမှာတော့ 'ဧကရာဇ် နှလုံးသား ကျင့်စဉ်' ကို လာပြီး လုယူခဲ့ကြဖူးတယ်လို့ ဆိုတယ်။ အဲဒီ ကောလဟာလ တွေကတော့ သိပ်မရှင်းဘူးပေါ့လေ။ ဒါပေမဲ့ အဲဒီ အချိန်ကစပြီး 'ဧကရာဇ် နှလုံးသား ကျင့်စဉ်' ကို 'ပယင်းကျမ်း' လို့ နာမည်ပြောင်းခဲ့ရတယ်။ တာ့ရွှမ်မင်းဆက် ပျက်သုဉ်းသွားပြီး နောက်ပိုင်းမှသာ မူလ နာမည်ဖြစ်တဲ့ 'ဧကရာဇ် နှလုံးသား ကျင့်စဉ်' ဆိုပြီး ပြန်ပြောင်းခဲ့ကြတာ”
“ဒီကျင့်စဉ်က တကယ့်ကို နက်နဲ ဆန်းကြယ်ပြီး အံ့ဩဖွယ် အစွမ်းတွေ ရှိတယ်လို့ ကျော်ကြားပေမဲ့... သူတော်စင် ကလွဲရင် ဘယ်သူမှ အပြည့်အဝ မတတ်မြောက်နိုင်ကြဘူးဗျ။ ပြီးတော့ ကျားသခင် နဲ့ ပတ်သက်ရင်တော့... ဒီနေရာမှာတော့ အရေးအကြီးဆုံးပဲ”
“ဘယ်သူမှ ကျားသခင်ကို မစော်ကားရဘူး။ အကယ်၍ ကျားသခင်နဲ့ ပတ်သက်ပြီး မလေးမစား စကားတစ်ခွန်း ပြောမိရင်တောင် အနည်းဆုံး ကြိမ်ဒဏ် ခံရမှာပဲ။ ဒီအလောင်းတွေ ဆိုရင်လည်း...”
ဟူစန်းတောက်က အလောင်းများကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“သူတို့က ကျားသခင် ကို စိုက်ကြည့်မိတဲ့ အပြစ် ကျူးလွန်ခဲ့ကြတာ ဖြစ်ရမယ်”
“စိုက်ကြည့်မိတာ ဟုတ်လား”
ဆုမိုမှာ မှင်တက်သွားရတော့၏။
“ကျားသခင် က ကောင်းကင်ဘုံကို ပျံတက်သွားပြီ ဆိုမှတော့... ကောင်းကင်ကို မော့ကြည့်မိတာနဲ့တင် ဒီလို အပြစ် ဖြစ်သွားတာလား”
“...မြို့ထဲမှာ 'ကျားသခင် နန်းတော်' ဆိုတာ ရှိတယ်ဗျ။ အဲဒါက ရှေးဟောင်း မျိုးနွယ်စု ရဲ့ သန့်ရှင်း စင်ကြယ်တဲ့ နယ်မြေပဲ။ အဲဒီထဲမှာ ကျားသခင် ရဲ့ ရုပ်တု ရှိတယ်လို့ ဆိုကြတယ်။ အဲဒီ ရုပ်တုကို ဘယ်သူမှ တည့်တည့် မကြည့်ရဘူးလေ။ အကယ်၍ ကြည့်မိရင်တော့ အခုလိုမျိုး ပြင်းထန်တဲ့ အပြစ်ပေးမှုကို ခံရမှာပဲ”
--