← Chapters

အခန်း ၆၁၉

Vol. 42 Ch. 619

အခန်း ၆၁၉

Vol. 42 Ch. 619

အခန်း (၆၁၉) - ခင်ဗျားကို ဖိတ်ကြားထားပါတယ်

ဟူစန်းတောက်၏ စကားများကြောင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ အံ့အားသင့်သွားကြရ၏။ ပိုင်ဟုမြို့၌ ဤကဲ့သို့သော နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ယန်ရှောင်ယွင်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။

“သူတို့က ရှင် ပြောသလောက် အင်အားကြီးနေရင် ဘာလို့ ဒီနေရာလေး တစ်ခုတည်းမှာပဲ အခြေချနေပြီး နယ်မြေမချဲ့ကြတာလဲ”

ဟူစန်းတောက်က လက်ကို ဘေးသို့ ယမ်းပြလိုက်သည်။

“ဒါကိုတော့ ကျွန်တော်တို့လည်း ဘယ်သိပါ့မလဲဗျာ။ ကောလဟာလတွေအရဆိုရင် သူတို့က ဒီနေရာကနေ ထွက်သွားလို့ မရဘူးလို့ ဆိုကြတယ်။ အကယ်၍ ထွက်သွားရင် ဧကရာဇ် နှလုံးသား ကျင့်စဉ် ရဲ့ စွမ်းအားတွေက အများကြီး လျော့နည်းသွားမှာမို့လို့လို့ ဆိုတာပဲ။ တချို့ကလည်း သူတို့မှာ နယ်မြေချဲ့ထွင်ဖို့ ရည်မှန်းချက် မရှိဘူး၊ လူ့လောကရဲ့ အဆုံးမရှိတဲ့ ပြဿနာတွေကြားထဲ ဝင်မပါချင်ဘဲ ဒီမှာတင် အေးအေးဆေးဆေး နေချင်တာလို့ ပြောကြတာပဲလေ”

ဆုမိုက မနီးမဝေးရှိ ပိုင်ဟုမြို့ကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ကျွန်တော်တို့က ဒီအတိုင်း ဖြတ်သွားရုံပဲ။ ရောက်တဲ့အရပ်က ဓလေ့ကို လေးစားရမယ်လေ။ ဒီက ဒေသခံတွေရဲ့ တားမြစ်ချက်တွေကိုတော့ သွားပြီး မချိုးဖောက်ကြတာ အကောင်းဆုံးပဲ”

“ကျွန်တော်တို့ အေးအေးဆေးဆေး ဖြတ်သွားနိုင်ရင်ပဲ လုံလောက်ပါပြီ”

အားလုံးက ထိုစကားကို ထောက်ခံသောအားဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သို့သော် ဆုမိုက ကျန်းရှောင်ရှောင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သောအခါ သူမမှာ တစ်ခုခုကို ငေးမောနေပြီး သူ၏စကားကို အာရုံမစိုက်နေကြောင်း သတိပြုမိလိုက်သည်။

သူက မနေနိုင်ဘဲ သတိပေးလိုက်ရတော့၏။

“ရှောင်ရှောင်... ငါပြောတာ ကြားလား”

“ဟင်...”

ကျန်းရှောင်ရှောင်က သွားရည်များကို အတင်းမြိုချလိုက်ရင်း မျက်လုံးလေးများ ဝိုင်းကာ မေးလာတော့သည်။

“သခင်... ခုနက ကျားသခင် က အရမ်းကြီးတယ်လို့ ပြောတယ်မလား။ ဒါဆိုရင် အဲဒီအသားကို အကြာကြီး စားလို့ရမှာပဲနော်”

“...”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ မျက်လုံးများ ပြူးသွားကြရတော့၏။ ဤမိန်းကလေး၏ ခေါင်းထဲတွင်တော့ ထူးဆန်းသော အတွေးများဖြင့်သာ ပြည့်နှက်နေသည် မဟုတ်ပါလော။

ဟူစန်းတောက်၏ မျက်နှာမှာလည်း ဖြူဖျော့သွားရ၏။

“သခင်မလေး... မြို့ထဲရောက်ရင် ဒါမျိုးတွေကို လုံးဝ မပြောပါနဲ့ဦးဗျာ”

“အင်းအင်း... စိတ်ချပါ”

ကျန်းရှောင်ရှောင်က သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပြန်လည် ဖြေကြားလိုက်သည်။

“စိတ်မပူပါနဲ့... ရှောင်ရှောင် နားလည်ပါတယ်။ ဒါက ဒီအတိုင်း တွေးကြည့်တာပါ။ တကယ်လည်း မစားပါဘူး၊ အပြင်ကိုလည်း မပြောပါဘူးနော်”

“ကောင်းပြီ... ဒါကိုပဲ မှတ်ထားစမ်းပါ”

ဆုမိုက ယန်ရှောင်ယွင်ကို အကြည့်ပို့လိုက်ရာ ယန်ရှောင်ယွင်ကလည်း နားလည်သည့်အလား ခေါင်းညိတ်ပြလိုက်၏။

ကျန်းရှောင်ရှောင် တစ်ယောက် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး ပြဿနာ မရှာနိုင်အောင် သေချာ စောင့်ကြည့်ရန် ဆုမိုက သူမကို တာဝန်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက် သူတို့အဖွဲ့မှာ ပိုင်ဟုမြို့အတွင်းသို့ လှမ်းဝင်ခဲ့ကြလေ၏။ ပိုင်ဟုမြို့သည် လျှို့ဝှက်ဆန်းကြယ်သည်ဟု သတင်းကြီးသော်ငြားလည်း မြို့ထဲသို့ ဝင်ရောက်ရာတွင် မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ချေ။ မြို့တံခါးကို စောင့်ကြပ်နေကြသော ရှေးဟောင်းမျိုးနွယ်စုဝင်များမှာ အပြင်လူများကို မြင်တွေ့ရသည်မှာ ယဉ်ပါးနေပုံ ရပေသည်။

မြို့ထဲသို့ ရောက်ရှိသွားသောအခါတွင်လည်း ထူးခြားသော အငွေ့အသက်မျိုး မခံစားရဘဲ စည်ကား

သိုက်မြိုက်နေသည်ကိုသာ တွေ့ရ၏။ ရောင်းဝယ်ဖောက်ကားမှုများဖြင့် အလွန်ပင် သက်ဝင်လှုပ်ရှားနေ၏။

ဤမြို့၏ အငွေ့အသက်မှာ အရပ်ငါးမျက်နှာ စုရပ် နှင့် အနည်းငယ် ဆင်တူလှပေသည်။ ပိုင်ဟုမြို့၏ တည်နေရာမှာ အရှေ့နှင့် အနောက် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် အလုပ်အများဆုံး မြို့တစ်မြို့ ဖြစ်နေရခြင်းမှာ မဆန်းလှပေ။

ဆုမိုတို့အဖွဲ့မှာ ပိုင်ဟုမြို့၌ အကြာကြီး နေလိုစိတ် မရှိကြချေ။ သူတို့သည် အရှေ့ဘက် တံခါးမှ ဝင်လာခဲ့ပြီး အနောက်ဘက် တံခါးမှ ချက်ချင်း ပြန်ထွက်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။ သို့သော် မမျှော်လင့်ထားသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။

မြို့တံခါးစောင့်များ၏ ပြောကြားချက်အရ လောလောဆယ်တွင် ပိုင်ဟုမြို့သည် အဝင်သာ လက်ခံပြီး အထွက်ကို ခွင့်မပြုကြောင်း သိလိုက်ရ၏။ မြို့ထဲမှ ထွက်ခွာလိုပါက သုံးရက်တိတိ စောင့်ဆိုင်းရမည် ဖြစ်၏။ အကျိုးအကြောင်း မေးမြန်းကြည့်လိုက်သောအခါ သူတို့ လာရောက်သည့် အချိန်မှာ ကံဆိုးစွာဖြင့် ရှေးဟောင်းမျိုးနွယ်စု၏ ပွဲတော်နှင့် တိုက်ဆိုင်နေခြင်းပင်။

ပိုင်ဟုမြို့၌ တစ်နှစ်လျှင် ပွဲတော် နှစ်ကြိမ် ကျင်းပလေ့ ရှိ၏။ တစ်ခုမှာ နှစ်ကုန်ပိုင်းတွင် ကျင်းပသော မဟာ ပူဇော်ပွဲ ဖြစ်သည်။ ထိုပွဲတော်မှာ ခုနစ်ရက်တိတိ ကြာမြင့်ပြီး မြို့ကို အဝင်အထွက် ပိတ်ကာ ခမ်းနားထည်ဝါစွာ ကျင်းပလေ့ ရှိပေသည်။ ယခု ကျင်းပနေသည်မှာ အငယ်စား ပူဇော်ပွဲ သာ ဖြစ်လေ၏။ မဟာ ပူဇော်ပွဲနှင့် မတူညီသည်မှာ အငယ်စား ပူဇော်ပွဲတွင် မြို့ထဲသို့ ဝင်ရောက်ခွင့် ပြုထားသော်လည်း အပြင်သို့ ထွက်ခွာခွင့်ကိုမူ ပိတ်ပင်ထားခြင်းပင်။

ပွဲတော်ရက်အတွင်း မြို့ထဲ၌ ရှိနေသော သူများမှာ ပူဇော်ပွဲ အခမ်းအနားကို ကြည့်ရှုနိုင်ခွင့် ရှိပြီး ကျားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိကြမည်ဟု ဆိုကြသည်။ ထိုကောင်းချီးကို ရရှိသူများမှာ နောက်တစ်နှစ်ပတ်လုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့မည်ဟု ကောလဟာလများ ရှိနေသဖြင့် အချို့သော ကုန်သည်များမှာ ဤပွဲတော်ကို ကြည့်ရှုရန် ရည်ရွယ်ချက်ရှိရှိ လာရောက်တတ်ကြသေး၏။

သို့သော် မဟာ ပူဇော်ပွဲ ကျင်းပချိန်တွင်မူ ရှေးဟောင်းမျိုးနွယ်စုဝင်များမှလွဲ၍ အခြား အပြင်လူ အားလုံးကို မြို့ပြင်သို့ မောင်းထုတ်လေ့ ရှိသည်။ ထို့ကြောင့် ထိုအချိန်တွင် ပွဲတော်ကို ကြည့်ရှုခွင့် လုံးဝ မရှိကြချေ။ မဟုတ်ပါက လူအုပ်ကြီးမှာ ယခုထက်ပင် ပိုမို များပြားနေပေလိမ့်မည်။ မျိုးနွယ်စုဝင်များမှာ အပြင်လူများအပေါ် အလွန်ပင် ယဉ်ကျေးပျူငှာလှပေသည်။ အကျိုးအကြောင်း မသိသော ဆုမိုတို့အဖွဲ့ကို စိတ်ရှည်လက်ရှည် ရှင်းပြနေကြ၏။ ၎င်းမှာ သူတို့ မျိုးနွယ်စု၏ စည်းကမ်းဖြစ်သဖြင့် နားလည်ပေးရန်လည်း တောင်းပန်စကား ဆိုလာကြသည်။

ထိုအခြေအနေကို မြင်သောအခါ ဆုမိုမှာ ဇွတ်အတင်း ထွက်ရန် မကြိုးစားတော့ဘဲ ယန်ရှောင်ယွင်တို့နှင့်အတူ မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့ကာ နားခိုရန် တည်းခိုခန်းတစ်ခုကို ရှာဖွေလိုက်တော့၏။ ပွဲတော်ရက် ဖြစ်သဖြင့် မြို့ထဲရှိ တည်းခိုခန်း အများစုမှာ လူပြည့်နေခဲ့ပြီ ဖြစ်သည်။ နေရာအချို့သို့ လှည့်လည် ရှာဖွေပြီးနောက်တွင်မှ အားလပ်နေသော အခန်း (၃) ခန်းကို နောက်ဆုံးတွင် ရှာတွေ့လိုက်ရတော့သည်။

...

ဧည့်ခန်းဆောင်အတွင်း၌ ယန်ရှောင်ယွင်က ပြတင်းပေါက်ကို ဖွင့်ကာ စည်ကားနေသော ပိုင်ဟုမြို့ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

“သုံးရက်လောက် နှောင့်နှေးသွားတာက ပြဿနာ မဟုတ်ပေမဲ့...”

“ဒါပေမဲ့ ပိုင်ဟုမြို့ရဲ့ ပွဲတော် အချိန်က အရမ်းကြီး တိုက်ဆိုင်နေသလိုပဲနော်။ ငါတို့ ရောက်လာတဲ့ အချိန်မှ ကွက်တိ ဖြစ်နေရတာလား”

သူမက ဆုမိုကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

“အခု ငါတို့ဆီမှာ ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ ရှိနေတဲ့ သတင်းက ပိုင်ဟုမြို့ဆီကိုလည်း ရောက်နေလောက်ပြီ။ ဒီမှာ တစ်ရက် ပိုနေရလေလေ... အခြေအနေတွေက ပိုပြီး ခန့်မှန်းရခက်လေလေ ဖြစ်မှာပဲ”

ဆုမိုက ခေါင်းညိတ်လိုက်၏။

“အစ်မယွင် ပြောတာ ယုတ္တိရှိပါတယ်။ ဒါကြောင့် အခုလောလောဆယ် အားလုံး အနားယူထားကြပါ။ ဒီညမှာပဲ ပိုင်ဟုမြို့ကနေ တိတ်တဆိတ် ထွက်သွားဖို့ ကျွန်တော် စီစဉ်ထားတယ်”

ယန်ရှောင်ယွင်မှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ရယ်ချလိုက်တော့၏။

“ငါကလည်း နင်က ဘာလို့ ဒီလောက်တောင် လိမ္မာပြီး သူတို့ ထွက်လို့ မရဘူး ပြောတာနဲ့ ပြန်လှည့်လာရတာလဲလို့ တွေးနေတာ။ တကယ်တော့ နင့်ခေါင်းထဲမှာ ဒီအစီအစဉ် ရှိနေတာကိုး”

ဆုမိုက သက်ပြင်းတစ်ချက်ကို ချလိုက်၏။

“ရောက်တဲ့အရပ်က ဓလေ့ကိုတော့ လေးစားရမှာပေါ့။ သူတို့နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့တာထက်စာရင် အခုလိုမျိုး သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာက ပိုပြီး ကောင်းပါတယ်။ ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မရှိစေချင်ဘူးလေ”

ယန်ရှောင်ယွင်ကလည်း ထိုစကားကို အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံလိုက်သည်။

ထို့နောက် သူတို့မှာ စားသောက်ဖွယ်ရာများကို မှာယူ စားသောက်ကြပြီး အသီးသီး အနားယူရန် အခန်းထဲသို့ ဝင်သွားကြတော့သည်။ နေ့ခင်းဘက်တွင်မူ မည်သည့် စကားမျှ မဆိုကြဘဲ တိတ်ဆိတ် ငြိမ်သက်နေ၏။ ဆုမိုသည် ကုတင်ပေါ်တွင် ထိုင်ကာ တရားထိုင်နေရင်း တည်းခိုခန်း အောက်ထပ်ရှိ စကားသံများကို နားစွင့်နေသည်။

သူ တွက်ဆထားသည့်အတိုင်းပင်။ ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ နှင့် ပတ်သက်သော ကောလဟာလများမှာ ပိုင်ဟုမြို့အထိ ပျံ့နှံ့ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ အောက်ထပ်တွင် ထိုအကြောင်းကို ပြောဆိုနေကြသူများစွာ ရှိနေပေသည်။ သို့သော် ပြောဆိုနေသူများမှာ သာမန် အရပ်သားများနှင့် လမ်းသွားလမ်းလာ ကုန်သည်များသာ ဖြစ်နေကြသဖြင့် ဆုမိုမှာ သိပ်ပြီး စိတ်မပူခဲ့ချေ။

--

All Chapters