အခန်း ၆၂၁
Vol. 42 Ch. 621
အခန်း (၆၂၁) - ခင်ဗျားကို ဖိတ်ကြားထားပါတယ် (အပိုင်း ၃)
ဆုမိုက လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် သူ၏ အသက်ကို အလွယ်တကူပင် နုတ်ယူသွားနိုင်သည်ဟု ပိုင်ယုံ ခံစားနေရတော့၏။ ဤအခိုက်အတန့်တွင် သူသည် အလွန်တရာ နောင်တရနေမိလေပြီ။ ဤညတွင် ဆုမိုကို လာရောက် ဖိတ်ကြားမိသည်မှာ မှားယွင်းသော ဆုံးဖြတ်ချက် တစ်ခုပင် ဖြစ်ချေသည်။
သူ၏ မျက်လုံးများက ဟိုဒီဝေ့ဝဲနေပြီး မသိစိတ်ဖြင့် စကားစလိုက်မိ၏။
“ခေါင်းဆောင်ဆု... အမှန်တော့ မနက်ဖြန်မှ သွားလည်း...”
သူ စကားမဆုံးမီမှာပင် ဆုမိုနှင့် အကြည့်ချင်း ဆုံလိုက်ရတော့သည်။ နောက်တစ်ခဏ၌ အေးစိမ့်သော အအေးဓာတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသဖြင့် သူ၏ စကားများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားရ၏။
ဆုမိုကမူ အသာအယာ ပြုံးလိုက်ရင်း ဆိုလာပေသည်။
“လမ်းပြပါဦး”
ယခုမှ စိတ်ပြောင်းချင်နေသည်လား။ ၎င်းမှာ မဖြစ်နိုင်တော့သော ကိစ္စပင်။ ယနေ့တွင် ဆုမိုအနေဖြင့် ဤ တာဝန်ခံချုပ် ဆိုသူနှင့် မဖြစ်မနေ တွေ့ဆုံရပေလိမ့်မည်။
“ဟုတ်ကဲ့ပါ”
ပိုင်ယုံ၏ ရင်ထဲတွင် တုန်လှုပ်သွားရတော့၏။ ဆုမိုသည် မည်သည့် ကြမ်းတမ်းသော စကားလုံးမျှ မဆိုသလို၊ ဒေါသတရားများကိုလည်း ထုတ်မပြခဲ့ချေ။ သို့သော်ငြားလည်း သူ၏ ရင်ထဲမှ အလိုလို ပေါက်ဖွားလာသော ကြောက်ရွံ့မှုမှာမူ ထိန်းချုပ်၍ မရနိုင်တော့ဘဲ ဆုမိုကို မယှဉ်ရဲအောင် ဖြစ်နေရသည်။
သူသည် မသိစိတ်ဖြင့် မိမိ၏ လည်ဂုတ်ကို ကျုံ့ထားလိုက်မိသော်လည်း သူ၏ အဆင့်အတန်းကို ထည့်တွက်ကာ ဤကြောက်ရွံ့မှုများကို အောင့်အီး သည်းခံရင်း ဆုမိုတို့အဖွဲ့ကို လမ်းပြပေးလိုက်ရတော့၏။
“သွားကြစို့”
ဆုမိုက ယန်ရှောင်ယွင်၏ လက်ကို ဆွဲလိုက်ပြီး အခြားတစ်ဖက်ဖြင့် ဟူစန်းတောက်နှင့် ကျန်းရှောင်ရှောင်တို့ကို အချက်ပြလိုက်၏။
“ဆရာကြီး... ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ ဟင်”
လမ်းလျှောက်နေရင်း ကျန်းရှောင်ရှောင်က တတွတ်တွတ် မေးမြန်းနေတော့၏။ ဆုမိုက ပြုံးလျက် ပြန်လည် ဖြေကြားလိုက်ပေသည်။
“တစ်ယောက်ယောက်က ငါတို့ကို ညစာ ဖိတ်ကျွေးချင်လို့တဲ့လေ... မင်းတော့ ကံကောင်းပြန်ပြီပေါ့”
“တကယ်လား”
ကျန်းရှောင်ရှောင်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ဝမ်းသာအားရဖြင့် နောက်မှ လိုက်ပါလာတော့သည်။ သူတို့အဖွဲ့သည် တည်းခိုခန်း၏ ဒုတိယထပ်မှ ဆင်းလာခဲ့ကြရာ အောက်ထပ်တွင် လဲကျနေသော လူမှာမူ သတိမေ့မြောနေဆဲပင် ဖြစ်၏။ ဆုမိုသည် ယခုတစ်ကြိမ်တွင် အတော်လေး လက်ပြင်းခဲ့သည်ဟု ဆိုရပေလိမ့်မည်။
သူသည် စကားတစ်ခွန်းကြောင့်နှင့် တစ်ဖက်လူ၏ မိသားစု တစ်ခုလုံးကို သတ်ဖြတ်မည့် လူစားမျိုး မဟုတ်သော်လည်း။ ယန်ရှောင်ယွင်မှာမူ သူ၏အတွက် အလွန် အရေးပါသူ တစ်ဦး မဟုတ်ပါလော။ သူ၏ အနာဂတ် ဇနီးလောင်းကို သူကိုယ်တိုင်ပင်လျှင် ကြမ်းတမ်းသော စကားတစ်ခွန်းမျှ မပြောဝံ့ခဲ့ချေ။ သို့သော် ဤအမြင်မကျယ်သော လူငယ်ကမူ သူမကို အော်ဟစ် ရမ်းကားဝံ့သည်လား။
အကယ်၍သာ သင်ခန်းစာ မပေးလိုက်လျှင် လူတိုင်းက သူ့ကို အထင်သေးကုန်ကြတော့မည်မှာ အမှန်ပင်။
“ခေါင်းဆောင်ဆု... သူက...”
ပိုင်ယုံက လဲကျနေသော လူကို ထူပေးရန် လူအချို့ကို ခိုင်းစေလိုက်၏။ ဆုမိုကမူ ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာထားဖြင့် မေးလိုက်၏။
“ဟင်... သူ ဘာဖြစ်လို့လဲ”
“ခုနတင် အကောင်းကြီး ရှိနေသေးတာ မဟုတ်လား”
“အသက်ဝဝ ရှူပြီး အော်ဟစ်နေလိုက်တာမှ... အခုကျမှ ဘာလို့ သတိမေ့သွားရတာလဲ”
“...”
ပိုင်ယုံ၏ ရင်ထဲတွင် ပြောစရာ စကားလုံးများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ဆုမို၏ တည်ငြိမ်လှသော မျက်နှာကို မြင်လိုက်ရသောအခါ တစ်ခွန်းမျှပင် မဟဝံ့တော့ချေ။ သူသည် မူလက သတ္တိ အပြည့် ရှိနေခဲ့သော်လည်း ယခုအခါ ဆုမိုကို မြင်လိုက်တိုင်း အမည်မသိ ကြောက်ရွံ့မှုများက သူ၏ သတ္တိများကို ဝါးမြိုသွားသလို ခံစားနေရခြင်းပင်။
သူသည် မတတ်သာသည့်အဆုံး ထိုလူကို အခြားသူများအား ကြည့်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ အရှေ့မှနေ၍ တိတ်ဆိတ်စွာ လမ်းပြလိုက်ရတော့သည်။ သို့သော် သူ သွားနေသော လမ်းမှာ သူတို့ လာခဲ့သည့် လမ်းနှင့် လုံးဝ ကွဲပြားနေပေ၏။
လမ်းတစ်လျှောက်လုံးတွင် ပိုင်ယုံမှာ အသည်းတုန်အောင် ကြောက်လန့်နေခဲ့ရသည်။ မိမိ၏ လည်ပင်းနောက်တွင် ဓားတစ်လက် ရှိနေပြီး အချိန်မရွေး ခေါင်းဖြတ်ခံရတော့မည့်အလား သူ ခံစားနေရ၏။ သို့သော် သူ အနောက်သို့ လှည့်ကြည့်လိုက်တိုင်း ဆုမိုတို့အဖွဲ့မှာ အေးအေးဆေးဆေးပင် စကားပြောရင်း ရယ်မောနေကြသည်ကိုသာ တွေ့ရပေသည်။ ဆုမိုကလည်း သူ လှည့်ကြည့်သည်ကို မြင်သောအခါ ဘာဖြစ်လို့လဲ ဟူသော အကြည့်ဖြင့် ပြန်လည် ကြည့်နေသဖြင့် သူ ပို၍ပင် အနေရခက်သွားရတော့သည်။
သူ ဆက်လက် လမ်းပြနေရင်း ခဏအကြာတွင်မူ မိမိ၏ နှလုံးသားကို အနောက်မှ နေ၍ ဓားရှည်တစ်လက်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြန်၏။ ထိုနေရာမှာတင် သူ အသက်ပျောက်သွားပြီဟု ထင်မှတ်ကာ တစ်ကိုယ်လုံး တုန်ခါသွားရသော်လည်း အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မည်သည့်အရာမျှ ဖြစ်မနေခဲ့ချေ။
အနှစ်ချုပ်ရလျှင် ဤခရီး တစ်လျှောက်တွင် ပိုင်ယုံမှာ အနည်းဆုံး အကြိမ် ငါးဆယ်၊ ခြောက်ဆယ်ခန့် သေမင်းတံခါးဝသို့ ရောက်ရှိခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ အကြိမ်တိုင်းတွင်လည်း သေဆုံးပုံခြင်း မတူညီခဲ့ချေ။ တစ်ခါတရံတွင် သူ သံသယဖြင့် လှည့်ကြည့်လိုက်စဉ်မှာပင် မိမိ၏ ဦးခေါင်းခွံကို ဓားရှည်တစ်လက်က ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သတိပြန်ဝင်လာချိန်တွင်မူ သူသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ခြေထောက်များပင် ယိုင်နဲ့ကုန်တော့သည်။
အမှန်စင်စစ် ဤလမ်းမှာ သိပ်ပြီး မဝေးလှသော်လည်း ပိုင်ယုံအတွက်မူ တကယ့်ကို ရှည်လျားလှသော ခရီးတစ်ခုပင်။ ကွေ့ကောက်နေသော လမ်းများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ခမ်းနားထည်ဝါသော အဆောက်အဦး တစ်ခု၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ ပိုင်ယုံမှာမူ တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်၏။ သူ၏ ကျောပြင်မှာလည်း ချွေးများဖြင့် စိုရွှဲနေပေသည်။
ယခုအခါ သူသည် ဆုမိုကို တစ်ချက်ပင် လှည့်မကြည့်ဝံ့တော့ချေ။ ခေါင်းငုံ့ထားရင်းနှင့်သာ အထဲသို့ အမြန်ဆုံး ဝင်သွားချင်နေတော့သည်။ သို့သော် သူ၏ အထက်လူကြီး၏ အမိန့်ကို သတိရကာ သူ၏ ကြောက်ရွံ့မှုများကို စုစည်း၍ ဆုမိုတို့ကို မြို့တံခါးအတွင်းသို့ ခေါ်ဆောင်သွားလိုက်၏။
ဆောင်ကြဉ်းဆောင်များ၊ ဥယျာဉ်များကို ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ခန်းမဆောင်ကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့ အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အစောင့်များက တားဆီးလိုက်ကြ၏။ ထို့နောက် ထိုအစောင့်များက အေးစက်စက် လေသံဖြင့် ဆိုလာပေသည်။
“တာဝန်ခံချုပ် ရဲ့ အဆင့်အတန်းက မြင့်မားလွန်းတာကြောင့်... လာရောက်တဲ့ ဧည့်သည်တွေ အနေနဲ့ လက်နက်တွေနဲ့ ကိုယ်ပိုင် ပစ္စည်းတွေ အားလုံးကို အပြင်မှာ ထားခဲ့ရပါမယ်... ဒါမှသာ အထဲကို ဝင်ခွင့် ရမှာပါ”
“...”
ဆုမိုသည် မလှုပ်မယှက် ရပ်နေမိပြီး တစ်ခဏမျှ ဘာပြောရမည်ကို မသိဘဲ ဖြစ်သွားရ၏။ သူသည် ယန်ရှောင်ယွင်ကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင်လည်း ဇဝေဇဝါ ဖြစ်နေသော အမူအရာများကို မြင်တွေ့လိုက်ရပေသည်။ သူတို့သည် သိုင်းလောကအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အတွေ့အကြုံ ကြွယ်ဝသူများ မဟုတ်ပါလော။
သို့သော်ငြားလည်း သိုင်းလောကထဲ ရောက်ရှိလာကတည်းက ဤမျှလောက်အထိ အမြင်ကျဉ်းမြောင်းပြီး လူနုံလူအ တစ်ယောက်ကဲ့သို့ ပြုမူတတ်သော အဖွဲ့အစည်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ မိမိ ပြောသမျှကို အခြားသူများက မဖြစ်မနေ နာခံရမည်ဟု ယုံကြည်နေသည့် ဤမျှလောက် မောက်မာသော စိတ်ဓာတ်မှာ ဘယ်ကနေ ဆင်းသက်လာသနည်း။
ပိုင်ဟုမြို့ သည် ဤမျှလောက်အထိ အသိဉာဏ် နည်းပါးစရာ အကြောင်း မရှိချေ။ ဧည့်သည်အဖြစ် ဖိတ်ကြားသည်ဟု ဆိုသော်ငြားလည်း အမှန်တကယ်တွင်မူ အမိန့်ပေးနေခြင်းသာ ဖြစ်၏။ သူ၏ အပေါင်းအပါများကို လိုက်ပါခွင့် မပြုခြင်းမှာလည်း သူတို့ကို ခွဲထုတ်ရန် ကြိုးပမ်းခြင်းပင်။
ယခုမူ သူတို့ဆီသို့ ရောက်လာချိန်တွင် ကိုယ်ပိုင် ပစ္စည်းများကိုပင် ထားခဲ့ရမည် ဆိုတော့...။ သူတို့၏ ရည်ရွယ်ချက်မှာ နေ့ခင်းကြောင်တောင်ကြီးကဲ့သို့ ရှင်းလင်းလှပေပြီ။
ဆုမိုသည် ဒေါသထွက်ရမလား သို့မဟုတ် ရယ်မောရမလားပင် မသိတော့ချေ။ သူ သိုင်းလောကထဲကို အခြေခံ အဆင့်ကနေ စတင်ခဲ့စဉ်ကပင် ဤမျှလောက်အထိ အထင်သေး ခံခဲ့ရခြင်း မရှိခဲ့ပါဘူး။ ယခုအခါတွင်မူ သူသည် တုန်းဟွမ်၏ ထိပ်တန်း သိုင်းပညာရှင် အဖြစ် ကျော်ကြားနေသည် မဟုတ်ပါလော။
ပိုင်ဟုမြို့ က တစ်ကမ္ဘာလုံးကို အထင်သေးနေခြင်းလား သို့မဟုတ် သူတို့တွင် တကယ်ပဲ အံ့မခန်း စွမ်းရည်တွေ ရှိနေလို့လား။ ဆုမိုသည် ယခုအခါ အမှန်တရားကို ကိုယ်တိုင် မြင်တွေ့ရန် တကယ်ပင် စိတ်အားထက်သန်နေခဲ့ပြီ ဖြစ်၏။ သူက ချက်ချင်းပင် ပြုံးလျက် ဆိုလိုက်ပေသည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ့ရဲ့ ပစ္စည်းတွေကို ထားခဲ့ရတာပေါ့... မင်းတို့ ယူနိုင်ရင်တော့ ယူသွားကြပေါ့”
သူသည် ကျောပေါ်မှ ဓားသေတ္တာကို အသာအယာ ဖြုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ချထားလိုက်၏။ ဓားသေတ္တာအတွင်းရှိ နဂါးဟိန်းဓား မှာ သူ၏ ဒေါသကို သိရှိနေသည့်အလား တအိအိဖြင့် တုန်ခါနေတော့သည်။
အစောင့် နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထိုပစ္စည်းကို ယူရန် လက်လှမ်းလိုက်ကြ၏။ သို့သော်ငြားလည်း သူတို့၏ လက်ဝါးများက ဓားသေတ္တာနှင့် ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ကိုယ်ခန္ဓာများမှာ တောင့်တင်းသွားပြီး မည်သည့် သတိပေးချက်မျှ မရှိဘဲ လဲကျကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကြတော့သည်။
၎င်းကို မြင်လိုက်ရသော ပိုင်ယုံမှာ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့၏။ ထိုအမိန့်ကို ကြားလိုက်ရကတည်းက ပြဿနာ တက်တော့မည်ကို သူ သိရှိထားခဲ့ပြီး ဖြစ်၏။ သို့သော် ဤနေရာမှာ သာမန် တည်းခိုခန်း မဟုတ်ဘဲ တာဝန်ခံချုပ် ၏ အိမ်တော် ဖြစ်နေသည် မဟုတ်ပါလော။ ယခင်အတိုင်း ကျိုးနွံနေရန်မှာလည်း မဖြစ်နိုင်ချေ။
ဆုမိုအနေဖြင့် ဤကိစ္စကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည်ကိုလည်း သူ သိချင်နေခဲ့၏။ ဆုမိုက ဓားသေတ္တာကို အမှန်တကယ် ဖြုတ်လိုက်သည်ကို မြင်သောအခါ သူက ဆုမို တစ်ယောက် အလျှော့ပေးလိုက်ပြီဟု ထင်မှတ်ခဲ့ခြင်းပင်။
သို့သော်လည်း... ဓားသေတ္တာကို ထိလိုက်ရုံနှင့်ပင် ဤသို့ ဖြစ်သွားရသည်လား။ သူသည် လဲကျနေသော လူနှစ်ဦးထံသို့ အလျင်အမြန် ပြေးသွားပြီး သူတို့၏ အသက်ရှူသံကို စစ်ဆေးကြည့်လိုက်ရာ မျက်နှာမှာ ဖြူဖျော့သွားတော့၏။
“သေ... သေသွားပြီလား”
ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပေသည်။ ယခုအချိန်တွင် တာဝန်ခံချုပ် ဆိုသူက ကျိုးကြောင်းဆင်ခြင်မှု ရှိမရှိကို သူ ဂရုမစိုက်တော့ချေ။ အကယ်၍ ခင်ဗျားတို့က စည်းကမ်းအတိုင်း မကစားဘူး ဆိုရင်တော့ ကျွန်တော်ကလည်း မတရား လုပ်တယ်လို့ အပြစ်မတင်ကြပါနဲ့။ သူက ကျယ်လောင်စွာ ဆိုလိုက်တော့၏။
“တာဝန်ခံချုပ်... ခင်ဗျား ဖိတ်ကြားလို့ ကျွန်တော် ရောက်လာပြီ... ကျေးဇူးပြုပြီး ထွက်လာပြီး တွေ့ကြတာပေါ့လေ”
ဆုမို၏ စကားသံများမှာ အတွင်းအားများနှင့်အတူ ပဲ့တင်ထပ်သွားရာ တစ်အိမ်လုံးရှိ လူတိုင်း၏ နားထဲတွင် ဝီခနဲ မြည်ဟည်းသွားပြီး တုန်ခါသွားစေတော့သတည်း။
--