← Chapters

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း (၆၂၃) - တစ်ခါလောက်တော့ စိတ်လွတ်ကိုယ်လွတ် (အပိုင်း ၂)

အချို့မှာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြရပြီး အချို့မှာမူ အရိုးအကြောများ ကျိုးကြေကာ မရပ်မနား အော်ဟစ် ညည်းတွား နေကြရ၏။ ယန်ရှောင်ယွင် ၏ မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း ကိုသာ တစ်ခါ ထုတ်ဖော် လိုက်ပြီ ဆိုလျှင် အစုလိုက် အပြုံလိုက် တိုက်ခိုက်ရာ၌ မိမိပင် သူမကို မမီနိုင်ကြောင်း ဆုမို ဝန်ခံရပေလိမ့်မည်။

ထိုအခိုက်အတန့်၌ ဆုမို သည် ဇဝေဇဝါ ဖြစ်နေသော ကျန်းရှောင်ရှောင် ၏ အသံကို ကြားလိုက်ရ၏။

“ငါတို့က ထမင်းစားဖို့ လာကြတာ မဟုတ်ဘူးလား ဟင်”

ဟူစန်းတောက် မှာမူ သူ၏ ဓားသိုင်း သုံးကွက်ဖြင့် အစောင့်များကို ခုခံ နေရင်းမှ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေရတော့သည်။

“ရှောင်ရှောင်လေး... မင်းကလည်း...”

ဤစကား ထွက်လာသည်နှင့် ဟူစန်းတောက် တစ်ယောက် စကားဆက်ရန် ခက်ခဲ သွားရ၏။ ကျန်းရှောင်ရှောင် ၏ လုံးဝန်းကာ ကြီးမားလှသော ကိုယ်ခန္ဓာကြီးကို ကြည့်ရင်း “ရှောင်ရှောင်လေး” ဟူသော အခေါ်အဝေါ်မှာ သူမနှင့် လုံးဝ မလိုက်ဖက်ကြောင်း သူ ခံစားလိုက်ရခြင်း ပင်။ သို့သော် ခဏအကြာမှ သူက ဆက်ပြောလိုက်တော့သည်။

“ဒီလူတွေက ငါတို့ကို ထမင်းကျွေးဖို့ ဖိတ်တာ မဟုတ်ဘူး... ဒီကို မြှူခေါ်ပြီး ငါတို့ဆီက ပစ္စည်းတွေကို လုဖို့ လုပ်နေတာကွ”

“ဘာ...”

ရိုးသား ဖြူစင်လှသော ကျန်းရှောင်ရှောင် သည် အစပိုင်းတွင်မူ ဤညစာ စားပွဲကို တကယ်ပင် မျှော်လင့် နေခဲ့ခြင်း ဖြစ်၏။ ယခုအခါ တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း သိလိုက်ရသော အခါ သူမသည် ရုတ်ချည်းပင် ဒေါသ ဆူပွက် လာတော့သည်။

“ဒီလောက် အိမ်ကြီး အိမ်ကောင်းနဲ့ နေပြီးတော့ ထမင်းတစ်နပ်ကို ဒီလောက်တောင် ကပ်စေးနှဲ ရသလား... စောင့်ကြည့်နေလိုက်... ဒီအိမ်ကြီးကို ငါ အခုပဲ ရိုက်ဖြိုပစ်မယ်”

ထိုသို့ ကြွေးကြော် လိုက်ပြီးနောက် သူမသည် တစ်ဖက်သတ် ကြေးရုပ်ကြီး ကို ထမ်းကာ ခန်းမဆောင်ကြီး ဆီသို့ ဦးတည် ပြေးဝင် သွားတော့၏။ အဝေးမှ ကြည့်လျှင် သူမ၏ ခြေထောက်များကိုပင် မမြင်ရတော့ဘဲ ကြီးမားလှသော အသားလုံးကြီး တစ်ခု မြေပြင်ပေါ်တွင် လိမ့်သွားသည့်အလား ထင်မှတ် ရပေသည်။

အစောင့်များမှာ ဤမြင်ကွင်းကို ကြည့်ရင်း မှင်တက် နေကြရ၏။ သူတို့သည် ကျန်းရှောင်ရှောင် နှင့် သူမ၏ ထူးကဲသော ခွန်အားများ အကြောင်းကို မသိရှိကြပါချေ။ သို့သော် တာဝန်ခံချုပ် ၏ ခန်းမဆောင် အတွင်းသို့ သူမကို အတင်း ဝင်ရောက်ခွင့်တော့ မပေးနိုင်ကြချေ။

ချက်ချင်းပင် လူတစ်ယောက်က ကြားဖြတ် တားဆီး လိုက်တော့သည်။

“ဟေ့ ဝတုတ်မ... နင် တော်တော် အတင့်ရဲတာပဲ”

“ဟင်...”

ကျန်းရှောင်ရှောင် သည် မူလက ခန်းမဆောင်ကိုသာ ဖြိုချရန် ရည်ရွယ် ထားခဲ့သော်လည်း ထိုစကားကို ကြားလိုက်ရသော အခါ သူမ၏ မျက်ဝန်းများမှာ ဒေါသကြောင့် နီမြန်း လာတော့၏။

“နင် ဘယ်သူ့ကို ဝတုတ်မ လို့ ခေါ်တာလဲ”

ပြေးလွှား နေရင်းမှ သူမက လက်ညှိုး ထိုးလိုက်ရာ သူမ၏ ဝဖြိုးလှသော လက်ဖဝါးလေးမှာ ပါးချိုင့်လေးများ သဖွယ် ချိုင့်ဝင် နေ၏။

“ဒါပေါ့... ငါက ပြောနေတာက...”

ထိုအစောင့်မှာ မိမိ၏ အသက်အန္တရာယ်ကို မရိပ်မိသေးဘဲ စကား ဆက်နေဆဲပင်။ သို့သော် မြေပြင်မှ တုန်ခါမှု နှင့် ထိုဝတုတ်မ ထံမှ ထွက်ပေါ် လာသော ထူးဆန်းသည့် အင်အားကို ခံစား လိုက်ရသော အခါ သူ တွန့်ဆုတ် သွားရ၏။ သို့ရာတွင် သူ စကား မဆုံးမီ မှာပင် ကျန်းရှောင်ရှောင် သည် သူ၏ အရှေ့သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

တစ်ဖက်သတ် ကြေးရုပ်ကြီး မှာ ဝဲလည် သွားပြီးနောက် အထက်မှ နေ၍ ပြင်းထန်လှသော အင်အားဖြင့် ကျဆင်း လာတော့၏။

အစောင့်သည် ကြောက်မက်ဖွယ် လေခွင်းသံကို ကြားလိုက်ရပြီးနောက် နှာခေါင်းရှုံ့ လိုက်၏။ ကျန်းရှောင်ရှောင် ၏ သိုင်းကွက်မှာ ရိုးရှင်း လွန်းလှပြီး ဟာကွက်များဖြင့် ပြည့်နှက် နေသဖြင့် အလွယ်တကူ အခွင့်ကောင်း ယူနိုင်မည်ဟု သူ ထင်မှတ် ခဲ့ခြင်း ပင်။ သူသည် ဘေးသို့ အသာအယာ ရှောင်တိမ်း လိုက်ပြီး လက်ဝါး တစ်ချက်ဖြင့် ကျန်းရှောင်ရှောင် ကို ရိုက်နှက်ရန် ပြင်လိုက်တော့သည်။

သို့သော် သူ၏ လက်ဝါးမှာ လမ်းတစ်ဝက်သို့ ရောက်ရှိ ချိန်မှာပင်... ထိုအစောင့်မှာ လောကကြီးတွင် မရှိတော့ပါချေ။

သေချာစွာ ကြည့်လိုက်သော အခါ သူသည် တစ်ဖက်သတ် ကြေးရုပ်ကြီး ပေါ်တွင် ကပ်ပါ သွားသည်ကို တွေ့လိုက်ရ၏။ ကျန်းရှောင်ရှောင် ၏ သိုင်းကွက်များမှာ ရိုးရှင်း နေနိုင်သော်လည်း သူမ၏ မကုန်ခမ်း နိုင်သော ခွန်အားများကြောင့် တစ်ဖက်သတ် ကြေးရုပ်ကြီး ကဲ့သို့ လေးလံလှသော လက်နက်ကိုပင် စိတ်ကြိုက် ခြယ်လှယ် နိုင်စွမ်း ရှိပေသည်။ အခြားသူများ အနေဖြင့် ထိုလက်နက်ကို ဝေ့ယမ်း ရန်ပင် အားကုန် ထုတ်ရမည် ဖြစ်ပြီး လမ်းတစ်ဝက်တွင် လမ်းကြောင်း ပြောင်းရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော အရာပင်။

သို့သော် ကျန်းရှောင်ရှောင် မှာမူ မတူညီပါချေ။

သူမ အတွက်မူ ဤမျှလောက် လေးလံလှသော လက်နက်မှာ ထမင်းစားသည့် တူတစ်စုံထက်ပင် ပေါ့ပါး နေသေး၏။ မည်မျှပင် အားစိုက် ထားပါစေ သိုင်းကွက် ပြောင်းလဲရန်မှာ သူမ အတွက် အလွန် လွယ်ကူလှပေသည်။

ထိုလူသည် တည့်တည့် ရိုက်ချက်ကို ရှောင်တိမ်း နိုင်ခဲ့သဖြင့် ဘေးကင်းပြီဟု ထင်မှတ် ကာ ပြန်လည် တိုက်ခိုက်ရန် ပြင်ခဲ့သော်လည်း ကျန်းရှောင်ရှောင် က ရုတ်တရက် သိုင်းကွက် ပြောင်းကာ ခုတ်ချက် မှ ဝေ့ယမ်းချက် သို့ ပြောင်းလဲ လိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ပါချေ။ ထိုကဲ့သို့သော ဝေ့ယမ်းချက် မျိုးကို မည်သူကများ ခံနိုင်ရည် ရှိပါမည်နည်း။

တစ်ဖက်သတ် ကြေးရုပ်ကြီး ၏ အလေးချိန် နှင့် ကျန်းရှောင်ရှောင် ၏ အရှိန်အဟုန် ပေါင်းစပ် သွားသော အခါ။

လက်နက်နှင့် အတူ ကပ်ပါ သွားသော ထိုလူ၏ ခြေလက် အင်္ဂါများမှာ လိမ်ဖည် သွားရပြီး ကိုယ်ခန္ဓာမှာလည်း တစ်ဝက်ခန့် ခေါက်ချိုး ကွေးညွတ် သွားရတော့၏။ ကျန်းရှောင်ရှောင် သည် ဒေါသတကြီး အော်ဟစ် ညည်းတွား ရင်း တစ်ဖက်သတ် ကြေးရုပ်ကြီး ကို လေလုံစက် တစ်ခုအလား တရစပ် ဝေ့ယမ်း နေတော့ရာ ထိုလူ၏ အလောင်းမှာလည်း ခဏအကြာမှ မြေပြင်ပေါ်သို့ လွင့်စင် ကျရောက် သွားတော့သည်။

“နင်တို့လို လူဆိုးတွေ... ငါ့ကို ဝတုတ်မ လို့ ခေါ်ရဲတယ် ဟုတ်လား...”

ကျန်းရှောင်ရှောင် က အော်ဟစ် နေရင်းမှ ဆုမိုကို ငိုသံ ပါပါဖြင့် လှမ်းမေး လိုက်၏။

“ဆရာကြီး... ကျွန်မ ဝနေလို့လား ဟင်”

“ဝတာပေါ့”

ဆုမို သည် မိမိ၏ လိပ်ပြာကို သစ္စာ ဖောက်ကာ မလိမ်ညာ ဝံ့ပါချေ။

ကျန်းရှောင်ရှောင် မှာ တစ်ခဏမျှ မှင်တက် သွားပြီးနောက် ပတ်ဝန်းကျင်ရှိ လူများကို ဒေါသတကြီး စိုက်ကြည့် လိုက်တော့သည်။

“နင်တို့တွေ... ငါ့ကို ဝတယ်လို့ ထပ်ပြောရဲ သေးတယ်လား”

စကားအဆုံးတွင် သူမ၏ လက်ကို ခါထုတ် လိုက်ရာ တစ်ဖက်သတ် ကြေးရုပ်ကြီး ပေါ်ရှိ လူသည် နံရံကို သွားရောက် မှန်ပြီး မျက်တောင် တစ်ခတ် အတွင်း တစ်စစီ ပြတ်တောက် သွားရတော့၏။ နံရံပေါ်တွင်မူ သွေးစွန်းသော အရိပ်အယောင် များသာ ကျန်ရစ် ခဲ့၏။

သို့တိုင်အောင် ကျန်းရှောင်ရှောင် ကမူ ဟိန်းဟောက် ရင်း ရှေ့သို့ ဆက်လက် တိုးဝင် သွားဆဲပင်။ သူမ၏ တစ်ဖက်သတ် ကြေးရုပ်ကြီး နှင့် ထိမိသမျှ အတားအဆီး တိုင်းမှာ အသာအယာပင် ဘေးသို့ လွင့်စင် ကုန်ကြတော့၏။ သူမ ဖြတ်သန်း သွားသည့် နေရာ တိုင်းတွင် အလောင်းများ ပြန့်ကျဲ နေပြီး ဖရိုဖရဲ ဖြစ်ကုန် တော့သည်။

ဤအစောင့်များမှာ တကယ့်ကို ကံဆိုးမိုးမှောင် ကျလှပေ၏။ မည်သူကများ ဤကဲ့သို့သော မိစ္ဆာမကြီး ကို ထိပ်တိုက် ရင်ဆိုင် ရဲပါမည်နည်း။

အချို့မှာ ထွက်ပြေး ရင်းမှ ဆုမိုကို လက်ညှိုး ထိုးကာ အော်ဟစ် ကြတော့သည်။

“ငါတို့ ပြောတာ မဟုတ်ပါဘူး... သူ ပြောတာပါ”

“ငါ့ကို ဝတယ်လို့ ခေါ်လို့ ရပေမဲ့ ဝတုတ်မ လို့တော့ လုံးဝ ခေါ်လို့ မရဘူးဟေ့”

ကျန်းရှောင်ရှောင် သည် ရှင်းပြ ရင်းဖြင့် ရှေ့သို့ အသည်းအသန် တိုးဝင် လာရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ခန်းမဆောင်ကြီး ၏ ရှေ့သို့ ရောက်ရှိ သွားတော့၏။

သူမ၏ တစ်ဖက်သတ် ကြေးရုပ်ကြီး ဖြင့် အသာအယာ တစ်ချက် ဝေ့ယမ်း လိုက်ရုံဖြင့် ခန်းမဆောင် တံခါးကြီးမှာ အပိုင်းပိုင်း ပြတ်တောက် ကာ ပျက်စီး သွားရတော့သည်။

သူမသည် အတွင်းသို့ ဝင်ရောက်ခြင်း မပြုဘဲ သူမ ပြောခဲ့သည့် အတိုင်း ခန်းမဆောင်ကြီး ကိုသာ အပြတ် ဖြိုချရန် ဆုံးဖြတ် ထားပုံ ရပေသည်။ ရိုးသား ဖြူစင်လှသော သူမသည် သူမ၏ ကတိစကားကို အမြဲတစေ တည်အောင် လုပ်ဆောင် လေ့ရှိသည် မဟုတ်ပါလော။

တစ်ဖက်သတ် ကြေးရုပ်ကြီး ကို အရူးအမူး ဝေ့ယမ်း လိုက်ရာ ပြင်းထန်လှသော အင်အား များက နံရံများကို စက္ကူချပ် များကဲ့သို့ အလွယ်တကူပင် ရိုက်ခွဲ ပစ်လိုက်တော့၏။

မျက်တောင် တစ်ခတ် အတွင်းမှာပင် သူမသည် အိမ်တိုင် တစ်ခုကို စတင် ဖြိုဖျက် နေလေပြီ။

ပြင်းထန်လှသော ကန်ချက် များကြောင့် အိမ်တိုင်ကြီး ပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက် လာတော့သည်။

ဤ ခန်းမဆောင်ကြီး ၏ ဝရန်တာ မှာ ဤအိမ်တိုင် များ၏ အထောက်အပံ့ အပေါ်တွင်သာ အဓိက မှီခို နေရခြင်း ဖြစ်ရာ ကျန်းရှောင်ရှောင် ၏ တိုက်ခိုက်မှု အောက်တွင် ပြိုကျ လုနီးပါး ဖြစ်ကာ ယိမ်းထိုး နေတော့၏။

ထိုအချိန်တွင် ဆုမို သည် လူအုပ်ကြား၌ အစောင့်များကို အေးအေးဆေးဆေး ကိုင်တွယ် နေသော်လည်း အစောင့်များမှာ ဘယ်ကနေ ထွက်လာမှန်း မသိဘဲ မကုန်နိုင် မခမ်းနိုင် ဖြစ်နေတော့သည်။

ဆူညံသံများကို ကြားလိုက်ရ သဖြင့် သူ ခေါင်းလှည့် ကြည့်လိုက်ရာ ကျန်းရှောင်ရှောင် ၏ အရှေ့တွင် ပြိုကျ လုနီးပါး ဖြစ်နေသော အိမ်တိုင်ကြီးကို မြင်လိုက်ရ သဖြင့် ဆုမို ၏ မျက်ဝန်းများမှာ တောက်ပ သွားရတော့သတည်း။

--

All Chapters