← Chapters

အခန်း ၆၂၄

Vol. 42 Ch. 624

အခန်း ၆၂၄

Vol. 42 Ch. 624

အခန်း (၆၂၄) - တစ်ခါလောက်တော့ စိတ်လွတ်ကိုယ်လွတ် (အပိုင်း ၃)

“အစ်မယွင်... အစ်မ တစ်ယောက်တည်းတော့ နာမည်ကောင်း အယူမခံနိုင်ဘူးနော်”

သူက ရုတ်တရက် ထိုသို့ ပြောလိုက်သဖြင့် ယန်ရှောင်ယွင်မှာ တစ်ခဏမျှ မှင်တက်သွားရ၏။ သူမသည် အနားသို့ ချဉ်းကပ်လာသော အစောင့်အချို့ကို အသာအယာ ရိုက်ထုတ်လိုက်ပြီးမှ မေးမြန်းလိုက်၏။

“နင် ဘာလုပ်မလို့လဲ”

သူမ စကားအဆုံးတွင် ဆုမိုသည် ကျန်းရှောင်ရှောင်၏ ဘေးနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူသည် လက်ကို ဆန့်ထုတ်ကာ ကျန်းရှောင်ရှောင်ကို ဆွဲခေါ်လိုက်ပြီး အခြားတစ်ဖက်သို့ လွှတ်တင်ပေးလိုက်တော့သည်။

“ဟိုဘက်က တစ်ခုကိုပါ သွားဖြိုလိုက်တော့”

ကျန်းရှောင်ရှောင်မှာ အလွန်ပင် လိမ္မာလှပေသည်။ သူမသည် ချက်ချင်းပင် နောက်ထပ် အိမ်တိုင်ကြီး တစ်ခုကို စတင် ဖြိုဖျက်လေတော့၏။

ထို့နောက် ဆုမိုသည် သူ၏ လက်ချောင်းများကို ပူးလိုက်ပြီး အသာအယာ ဝှေ့ယမ်းလိုက်ရာ လေထုထဲ၌ စူးရှလှသော အသံတစ်ခု ပဲ့တင်ထပ်သွားပြီး အိမ်တိုင်ကြီးပေါ်တွင် မမြင်နိုင်သော မျဉ်းကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။ သူသည် တွန့်ဆုတ်မနေတော့ဘဲ ခပ်ပြင်းပြင်း တစ်ချက် ကန်လိုက်ရာ အိမ်တိုင်ကြီးမှာ ဟိန်းခနဲ အသံနှင့်အတူ လဲကျသွားလေတော့၏။

အနောက်မှ အမှီလိုက်ရန် ပြင်နေကြသော အစောင့်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်ကုန်ကြရသည်။

သူတို့သည် ကိုယ်လွတ်ရုန်း ထွက်ပြေးရန် ပြင်ကြသော်လည်း မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။

မြေပြင်ပေါ်တွင် အလောင်းများမှာ အရပ်မျက်နှာ အနှံ့ ပြန့်ကျဲနေတော့၏။

ဆုမိုက ရှေ့သို့ ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းလိုက်ပြီး လဲကျနေသော အိမ်တိုင်ကြီး၏ အနောက်သို့ အမီလိုက်ကာ 'မဟာ နေမင်းဖြန့်ကျက် လက်ဝါးသိုင်း' ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။ အိမ်တိုင်ကြီးပေါ်ရှိ အင်္ဂတေများနှင့် အပိုင်းအစများမှာ တစ်ခဏအတွင်း စင်ကြယ်သွားရ၏။

တဆက်တည်းမှာပင် သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ အိမ်တိုင်ကြီးမှာ မာကျောလှသော်ငြားလည်း (၁၂) ဆင့်မြောက် ရွှေခေါင်းလောင်း ကျင့်စဉ် ၏ အရှိန်အဝါများ ပါဝင်နေသော သူ၏ လက်သီးချက်ကိုမူ မည်သို့ ခုခံနိုင်ပါမည်နည်း။

သူ၏ လက်သီးမှာ အိမ်တိုင်ကြီးအတွင်းသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားပြီးနောက် သူသည် အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိုအိမ်တိုင်ကြီးမှာ အရပ်မျက်နှာ အနှံ့သို့ ဝဲလည်သွားတော့သည်။

ဆုမိုက အားရပါးရ ရယ်မောလိုက်တော့၏။

“တာဝန်ခံချုပ်... ခင်ဗျား အခုထိ ထွက်မလာသေးဘူးလား... ဒီည လမ်းဘေးမှာ အိပ်ချင်နေတာလား လို့ မေးနေတာလေ”

အခုအချိန်အထိ တာဝန်ခံချုပ် ဆိုသူမှာ လိပ်တစ်ကောင်လို ပုန်းကွယ်နေဆဲ ဖြစ်ရာ ၎င်းက ဆုမို၏ ဒေါသကို ပိုမို ဆူပွက်စေခဲ့ခြင်း ပင်။

အစပိုင်းတွင် သူသည် ထိန်းချုပ်ထားခဲ့သော်လည်း ယခုမူ လုံးဝ အားနာနေတော့မည် မဟုတ်ပါချေ။

သူ၏ လက်ထဲရှိ အိမ်တိုင်ကြီးမှာ သူ၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုသဖွယ် ဖြစ်နေပြီး မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိဘဲ စိတ်ကြိုက် ခြယ်လှယ်နေတော့ရာ မည်သူကများ ၎င်းကို တားဆီးဝံ့ပါမည်နည်း။

သူ တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သူ၏ ရှေ့မှောက်ရှိ နေရာလွတ်များမှာ ချက်ချင်းပင် ဟင်းလင်းပွင့်သွားရ၏။

လူနှင့် ထိမိလျှင် သေဆုံးရပြီး၊ အဆောက်အဦးနှင့် ထိမိလျှင် ပြိုကျပျက်စီးရ၏။ သူ ဖြတ်သန်းသွားသည့် လမ်းကြောင်း တစ်လျှောက်တွင် ပျက်စီးခြင်း နိမိတ်များသာ ကျန်ရစ်ခဲ့တော့၏။

နန်းတော် တာဝန်ခံ အိမ်တော်မှ အစောင့်များကို ထားလိုက်ပါဦး၊ ယန်ရှောင်ယွင်ပင်လျှင် ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေမိပြီး မနေနိုင်ဘဲ ပြောဆိုလိုက်ရတော့သည်။

“ရှောင်မို... နင်... နင် လုပ်နေတာက လူကြီးလူကောင်း ပီသတဲ့ လုပ်ရပ် မဟုတ်ဘူးနော်”

ဆုမိုက အားရပါးရ ရယ်မောလိုက်၏။ သိုင်းလောကအတွင်း ယနေ့အထိ ကျင်လည်လာခဲ့ရာတွင် သူသည် အမြဲတစေ စကားပြောဆို ဆင်ခြင်ခဲ့သလို၊ သူ၏ သိုင်းပညာက အခြားသူများထက် သာလွန်နေလျှင်တောင် တစ်ဦးတစ်ယောက်ကိုမျှ အနိုင်ကျင့်ခဲ့ခြင်း မရှိပါချေ။

သို့သော် ယနေ့တွင်မူ သူသည် ဤမျှလောက်အထိ အထင်သေး ခံလိုက်ရသည် မဟုတ်ပါလော။

အကယ်၍သာ သူသည် ယနေ့ ဤကိစ္စကို ဒီအတိုင်း လက်ခံလိုက်မည် ဆိုပါက နောင်တစ်ချိန်တွင် ကြောင်တွေ ခွေးတွေကပါ သူ၏ ရှေ့မှောက်၌ ရမ်းကားဝံ့ကြတော့မည် မဟုတ်ပါသလော။ ထိုသို့ဆိုလျှင် သူ သိုင်းလောကအတွင်း မည်သို့ ဆက်လက် ရပ်တည်နိုင်ပါတော့မည်နည်း။

စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်ရမည် ဆိုမှတော့ သူသည် လုံးဝကို ရက်စက်ပြလိုက်တော့မည် ဖြစ်၏။ သူ ဆုမို နှင့် သူ၏ အနောက်ရှိ ဇီယန် အာမခံဌာန ကို မည်သူမျှ အလွယ်တကူ အနိုင်ကျင့်၍ မရနိုင်ကြောင်း လူတိုင်း သိရှိသွားစေရမည် သာ။

သူသည် သူ၏ နက်နဲသော သိုင်းပညာများကို ထုတ်ဖော်လိုက်ရာ အိမ်တိုင်ကြီး တစ်ခုလုံးမှာ သန့်စင်သော ယန်အတွင်းအား များဖြင့် လွှမ်းခြုံသွားတော့၏။

သူသည် အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျန်းရှောင်ရှောင် တစ်ဝက်တစ်ပျက် ဖြိုဖျက်ထားသော ခန်းမဆောင်ကြီးမှာ တစ်ခဏအတွင်း ပြိုကျသွားရ၏။

သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ကြီးမားလှသော အိမ်တိုင်ကြီးကို အထက်မှ အောက်သို့ အားကုန် ရိုက်ချလိုက်ရာ ခန်းမဆောင်ကြီး တစ်ခုလုံးမှာ အမှိုက်ပုံသဖွယ် ဖြစ်သွားရတော့၏။

ခေါင်းလောင်း မြည်သံ ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး ရွှေခေါင်းလောင်း ကျင့်စဉ်၏ အရှိန်အဝါများက ဆုမိုကို ဖုံးလွှမ်းသွား၏။ သူသည် ရှေ့သို့ လှမ်းထွက်လိုက်ရာ သူ၏ လမ်းတွင် ပိတ်ဆို့နေသော အပျက်အစီးများ အားလုံးမှာ အလိုအလျောက် ဘေးသို့ လွင့်စင်သွားကြရပြီး သူ သွားလိုရာ လမ်းကြောင်းမှာ ပွင့်လင်းသွားရတော့၏။

သူသည် အရှေ့ဘက် ခန်းမဆောင်မှနေ၍ အတွင်းဘက်သို့ တည့်တည့်မတ်မတ် တိုးဝင်သွားကာ ပင်မ ခန်းမဆောင်၊ ဥယျာဉ်၊ စွေ့ရှန်း ဆောင်ကြဉ်းဆောင် နှင့် အိမ်ဆောင်များကို တစ်ခုပြီးတစ်ခု ရိုက်ခွဲ ဖျက်ဆီး ပစ်လိုက်တော့သည်။

ယန်ရှောင်ယွင် နှင့် အခြားသော အဖွဲ့သားများမှာမူ တိုက်ခိုက်ရန် မလိုအပ်တော့ဘဲ ဘေးမှသာ ကြည့်နေကြရ၏။ ပတ်ဝန်းကျင်ရှိ အစောင့်များမှာလည်း ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး အေးစိမ့်နေကြရလေပြီ။

သူတို့၏ စိတ်ထဲတွင်မူ မယုံကြည်နိုင်မှုများသာ ပြည့်နှက်နေတော့၏။ တာဝန်ခံချုပ် သည် မည်သို့သော ကြောက်မက်ဖွယ် ရန်သူမျိုးကိုများ သွားရောက် ရန်စမိပါသနည်း။

အတွင်းအားများကို ဤမျှလောက် အေးအေးဆေးဆေး ထုတ်ဖော်နေပြီး ကြီးမားလှသော အင်အားများကို ပြသနေသော်လည်း ထိုလူငယ်၏ မျက်နှာမှာ နီမြန်းသွားခြင်း မရှိသလို၊ အသက်ရှူသံမှာလည်း မြန်ဆန်မသွားချေ။ သူ ကိုင်ထားသည်မှာ ကြီးမားလှသော အိမ်တိုင်ကြီး မဟုတ်ဘဲ သာမန် မီးစိုးတစ်ခုသဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

မဟုတ်သေးပါချေ... မီးစိုးတောင် မဟုတ်ပါဘူး၊ ကောက်ရိုးတစ်မျှင် ကဲ့သို့ပင် ပေါ့ပါးနေခြင်း ပင်။

သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသည်မှာ ထင်ရှားလှပေသည်။

သူသည် ရိုက်ခွဲ နေရင်းမှ ကျယ်လောင်စွာ ဟစ်အော်လိုက်ပြန်၏။

“တာဝန်ခံချုပ်... ထွက်ခဲ့စမ်း”

“ငါ ဆုမို က ခင်ဗျားကို လာတွေ့တာလေ... ဘာလို့ ပုန်းနေရတာလဲ”

“အကယ်၍ ခင်ဗျား အခုထိ ထွက်မလာသေးဘူး ဆိုရင်တော့... ဒီနေ့ ငါက ခင်ဗျားရဲ့ အိမ်တော်ကို ဖြိုမယ်၊ မနက်ဖြန်ကျရင်တော့ ပိုင်ဟုမြို့ တစ်မြို့လုံးကို ငါ ဆုမို က ဖြိုဖျက်ပစ်မယ်ဟေ့”

သူ၏ ဟိန်းဟောက်သံကို ကြားလိုက်ရသော အခါ အစောင့်များ၏ မျက်နှာမှာ ပြာနှမ်းသွားရတော့၏။

ပိုင်ဟုမြို့ စတင် တည်ထောင်ခဲ့စဉ်ကတည်းက တာ့ရွှမ်မင်းဆက် ပင်လျှင် ဤမျှလောက် ရူးသွပ်သော လူတစ်ယောက်၏ ရမ်းကားမှုကို မမြင်တွေ့ခဲ့ဖူးပါချေ။

ဒါဟာ ရှေးဟောင်း မျိုးနွယ်စု သမိုင်းမှာ ပထမဆုံးသော အကြိမ်ပင် ဖြစ်ချေသည်။

သို့သော်လည်း သူတို့၏ ရင်ထဲတွင် ဒေါသများ ဆူပွက်နေသော်ငြားလည်း တစ်ခွန်းမျှပင် ပြန်လည် မဟဝံ့ကြပါချေ။

တစ်ခဏအတွင်း မြင်ကွင်းမှာ အတော်လေး ရယ်စရာ ကောင်းနေတော့သည်။

ဆုမိုသည် ကြီးမားလှသော အိမ်တိုင်ကြီးကို ကိုင်စွဲကာ အရပ်မျက်နှာ အနှံ့ ရိုက်ခွဲနေပြီး ခမ်းနားလှသော အိမ်တော်ကြီးမှာ များမကြာမီမှာပင် အမှိုက်ပုံကြီး တစ်ခု ဖြစ်သွားရတော့၏။

အိမ်တော်ရှိ အစောင့်များမှာမူ သူ့ကို တားဆီးရန် မဝံ့ရဲကြပါချေ။

သူတို့သည် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ စုဝေးနေကြပြီး ဆုမိုကို အားပေးနေသည့်အလား ထင်မှတ်ရပေသည်။

ယန်ရှောင်ယွင်သည် ဇီယန် အာမခံဌာနမှ အဖွဲ့သားများကို ဦးဆောင်ကာ ဆုမို၏ အနောက်မှ တိတ်တဆိတ် လိုက်ပါနေရင်း အနည်းငယ် နောင်တရနေမိ၏။

သူမသည် သူမ၏ သိုင်းပညာများ အောင်မြင်ပြီးကတည်းက အစွမ်းကုန် မတိုက်ခိုက်ရသေးပါချေ။ ယနေ့တွင်မူ အခွင့်အရေး ရပါလျက်နှင့် ဆုမိုက အရာရာကို လွှမ်းမိုးသွားခဲ့ပြီ မဟုတ်ပါလော။

သူမ၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေမိသဖြင့် နောင်တစ်ချိန် ဆုမိုက သူမကို အတူတူ အိပ်ရန် ဖိတ်ခေါ်ပါက လုံးဝ အလွယ်တကူ သဘောမတူတော့ဟု သူမ စိတ်ထဲက ဆုံးဖြတ်လိုက်တော့သည်။

သူက သူမကို ကြောက်နေတယ်လို့ ပြောရင်တောင်မှ အသုံးဝင်တော့မှာ မဟုတ်ဘူး တကား။

ဟူစန်းတောက်မှာမူ ဘာမှ များများစားစား စဉ်းစားမနေဘဲ ဆုမို၏ သောင်းကျန်းမှုကိုသာ တိတ်တဆိတ် စောင့်ကြည့်နေ၏။

သူသည် တစ်ခါတရံတွင် အနောက်ဘက်ရှိ ပိုင်ဟုမြို့ဆီသို့ လှမ်းကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်မိသည်။

'လောကမှာ ရန်စစရာ လူကုန်နေလို့ သူ့ကိုမှ သွားပြီး ရန်စရသလားဗျာ'

ကျန်းရှောင်ရှောင် တစ်ဦးတည်းသာလျှင် သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း ယန်ရှောင်ယွင်ကို လှမ်းမေးလိုက်တော့၏။

“ဒုတိယ ခေါင်းဆောင်... ဆရာကြီးကို ပြောပေးပါဦး... နောက်မှ အိမ်ကို ဖျက်တဲ့အခါ မီးဖိုချောင်လေးတော့ ချန်ထားပေးပါလို့နော်”

ယန်ရှောင်ယွင်က သူမကို တိတ်ဆိတ်စွာ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူမ စိတ်ထဲတွင်မူ 'ငါက မီးဖိုချောင်ကို ချန်ပေးလိုက်ရင်တောင်မှ နင်က အဲဒါကြီးကို တကယ် စားနိုင်မှာမို့လို့လား' ဟု တွေးနေမိ၏။

သူမ၏ အတွေးများ မဆုံးမီမှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာတော့သည်။

“တကယ့်ကို အတင့်ရဲလှချေလား... ဘယ်က လူမိုက်က ငါ့အိမ်တော်ကို... ငါ့အိမ်တော်ကို ဖြိုဖျက်ရဲတာလဲ ဟေ”

စကားအဆုံးတွင် အရိပ်တစ်ခုမှာ လေထဲသို့ ပျံတက်လာပြီး နန်းတော် တာဝန်ခံ အိမ်တော် တစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်၏။

သူ၏ မျက်စိရှေ့တွင် အရာရာ မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး သူ၏ အကြည့်များ မတည်ငြိမ်သေးမီမှာပင် လေခွင်းသံ တစ်ခု အနားသို့ ချဉ်းကပ်လာသည်ကို ကြားလိုက်ရတော့၏။

“တာဝန်ခံချုပ်... နောက်ဆုံးတော့ ထွက်လာပြီပေါ့ ဟုတ်လား”

“ငါ ဆုမို ဒီမှာ ရှိတယ်”

ထိုအသံ ထွက်ပေါ်လာချိန်တွင် ထိုလူသည် အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း ဆုမိုကို မတွေ့ရဘဲ ပထမဆုံး မြင်လိုက်ရသည်မှာ အိမ်တိုင်ကြီး တစ်ခုသာ ဖြစ်နေတော့သည်။

သူ၏ မျက်လုံးများမှာ တစ်ခဏမျှ ဝေဝါးသွားရ၏။ ဤအိမ်တိုင်ကြီးမှာ ရင်းနှီးနေသယောင် ရှိလှပေသည်။ ဒါက ဘယ်လိုလုပ်ပြီး စကားပြောနေရတာပါလိမ့်။

--

All Chapters