← Chapters

အခန်း ၃၆၄

Vol. 19 Ch. 364

အခန်း ၃၆၄

Vol. 19 Ch. 364

အပိုင်း(၃၆၄) မိစ္ဆာနယ်မြေ ထွက်ပေါ်လာခြင်း

ဝတုတ်လေး၏ ဤခံတပ်ကားကြီးက နောက်ဆုံးအချိန်ရောက်မှသာ အစွမ်းကုန် ရုန်းထွက်လာခြင်း ဖြစ်သည်။

ဤသူက သေရမည်ကို အလွန်ကြောက်ရွံ့တတ်သူ ဖြစ်သောကြောင့် ဤခံတပ်ကားကြီးကို လိပ်ခွံတစ်ခုကဲ့သို့ အသေအချာ တည်ဆောက်ထားခဲ့သည်။

တိုက်ခိုက်ရေးစွမ်းရည်ကတော့ ယခုထက်တိုင် မတွေ့ရသေးပေ။

အနည်းဆုံးတော့ လက်ရှိအချိန်အထိ မမြင်ရသေးခြင်း ဖြစ်သည်။

သေချာသည်ကတော့ သူကိုယ်တိုင်လည်း မည်သည့်တိုက်ခိုက်ရေးစွမ်းရည်ကိုမျှ အသုံးပြုရန် မလိုအပ်ခဲ့ပေ။

လမ်းတစ်လျှောက်လုံးတွင် တိုက်ရိုက် ဖြိုခွင်းမောင်းနှင်လာရုံသာ ဖြစ်သည်။

ထူးဆန်းသည့် သဘာဝလွန်ပစ္စည်း အချို့ကို ဖယ်လိုက်လျှင် ကျန်သည့်ကားများမှာ ဝတုတ်လေး၏ ဧရာမကားကြီးရှေ့တွင် အလွယ်တကူ အတိုက်ခံနေရသည်နှင့် တူနေသည်။

ဤလမ်းတစ်လျှောက်တွင် ဝတုတ်လေးက အနည်းဆုံး ကားနှစ်စီး သုံးစီးခန့်ကို သံမဏိပြားများအဖြစ် ကြိတ်ချေပစ်ခဲ့ပြီး ဖြစ်သည်။

ကားတစ်စီးကို သံပြားဖြစ်အောင် ကြိတ်ချေပစ်လိုက်တိုင်း မြို့ရိုးပေါ်မှ အားပေးသံများက လှိုင်းလုံးကြီးများအလား ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ဤကားကြီးအား ရင်ဆိုင်ရန် မလွယ်ကူကြောင်း လူတိုင်း သတိထားမိချိန်တွင်မူ...

ဤကောင်က အဆင့်လေး နေရာအထိပင် ထိုးဖောက်ရောက်ရှိနေပြီ ဖြစ်သည်။

ပထမ၊ ဒုတိယ၊ တတိယ အဆင့်များအတွက်သာ ဆုချီးမြှင့်မည်ဖြစ်ပြီး အဆင့်လေးအတွက် မည်သည့်ဆုကြေးမျှ မရှိပေ။

ထို့ကြောင့် ဝတုတ်လေးမှာ အလွန်တရာ စိုးရိမ်ပူပန်နေတော့သည်။

သူ့ရှေ့တွင် ပိတ်ဆို့နေသူမှာ တခြားသူမဟုတ်ဘဲ စွန်းချန်းချန်း ပင်ဖြစ်သည်။

သူမ၏ ဘေးတွင် ဓားသွေးသမား တစ်ယောက်လည်း ရှိနေသေးသည်။

သူတို့နှစ်ဦးစလုံးက သာမန် အစွမ်းပိုင်ရှင်များ မဟုတ်ကြချေ။

ဝတုတ်လေးက ထိုနှစ်ယောက်ကို ကျော်တက်ချင်သော်လည်း လတ်တလောတွင် လုံးဝ လုပ်နိုင်စွမ်း မရှိသေးပေ။

ယခုအချိန်တွင် ချန်းရီကပါ နောက်ထပ် ပေါ်လာခဲ့သည်။

ဝတုတ်လေး၏ စိတ်ထဲတွင် မီးများလောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေတော့သည်။

သူ၏ ခံတပ်ကားကြီးက စွန်းချန်းချန်း၏ ကားကို အသားပြားဖြစ်အောင် မကြိတ်ချေနိုင်၍တော့ မဟုတ်ပေ။

စွန်းချန်းချန်းက အလွန်တရာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲနေသောကြောင့် ဖြစ်သည်။

နှလုံးသားအင်ဂျင်ကို အစားထိုး တပ်ဆင်ထားသော ထိုလမ်းကြမ်းမောင်းကားလေးက ယခင်ကထက် များစွာ ပိုမိုမြန်ဆန်နေခဲ့သည်။

အကယ်၍ ယခင်ကားအဟောင်းလေးသာ ဖြစ်နေခဲ့ပါက ဝတုတ်လေးသည် စွန်းချန်းချန်း၏ ကားကို အဝေးကြီးတွင် ချန်ရစ်ခဲ့ပြီးလောက်ပြီ ဖြစ်သည်။

ထိုကားလေး၏ ပေါ့ပါးသွက်လက်မှုက သူ၏ ခံတပ်ကားကြီးနှင့် ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ခံတပ်ကားကြီးက အရွယ်အစား အလွန်ကြီးမားလွန်းသဖြင့် အချို့နေရာများတွင် အားသာချက်များ ရှိသော်လည်း တခြားနေရာများတွင်မူ ရှောင်လွှဲ၍မရသော အားနည်းချက်များ ရှိနေပြန်သည်။

ထို့အပြင် ဓားနတ်ဘုရား လမ်းစဉ်၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှပြင်းထန်ကြောင်းကိုလည်း သူ အလွန် ကောင်းစွာ သိထားသည်။

ဝတုတ်လေးသည် စွန်းချန်းချန်းကို လုံးဝ ရန်မစလိုပေ။

ဤကောင်က အရှေ့အနောက် အရာရာကို အမြဲ တွေးတောချင့်ချိန်တတ်သည့် ကောင်မျိုး ဖြစ်သည်။

ထိုစဉ် ဘေးနားဆီမှ စူးရှရှ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးကိုသာ ဒီခံတပ်ကားကြီးဆီ ပူဇော်လိုက်ပါလား... ဒါဆိုရင် ဒီတစ်ခါတော့ ပြဿနာ မရှိနိုင်တော့ပါဘူး"

ရှောင်တယ်ဇီက ခါးကို ကိုင်းညွှတ်ထားပြီး အသံမှာ တိုးညင်းနူးညံ့နေသော်လည်း သူပြောလိုက်သည့် စကားများက လူကို ကျောချမ်းသွားစေသည်။

ဝတုတ်လေးသည် ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားပြီး ခေါင်းလှည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ငတုံးကောင်... ငါက ပထမနေရာကို ဒီလောက်လိုချင်နေတာ ငါ့အတွက်များ မှတ်နေလား"

"အဟမ်း... ကိုယ်တော်က အစွမ်းပိုင်ရှင် ဖြစ်နေပြီးသားပဲ... ဒီတစ်ခေါက် ပထမရရင် မင်းကိုပါ အစွမ်းပိုင်ရှင် ဖြစ်လာအောင် လုပ်ပေးမလို့... ဒါမှ နောင်ကျရင် ငါ့အတွက် ပိုပြီး အလုပ်အကျွေး ပြုနိုင်မှာပေါ့"

ရှောင်တယ်ဇီက ထိုစကားကို ကြားသည်နှင့်...

"ဒုန်း"

ဒူးနှစ်ဖက်စလုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ဒူးထောက်လိုက်ပြီး မျက်ရည်များ၊ နှာရည်များ သွန်ချကာ အလွန်တရာ ဝမ်းသာပီတိ ဖြစ်သွားတော့သည်။

"ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုးက အရှင်မင်းကြီးကို သေတဲ့အထိ သစ္စာစောင့်သိပါ့မယ်"

"ချန်ဟောင်... မင်း အခုထိ ဝင်မပါသေးဘူးလား"

ဝတုတ်လေးမှာ တကယ်ကို လောနေပြီ ဖြစ်သည်။

သူက ချန်ဟောင်ကို ဝင်ရောက်တိုက်ခိုက်ရန် စတင် တိုက်တွန်းလေတော့သည်။

ချန်ဟောင်က အံကြိတ်လိုက်ပြီး ချန်းရီကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ဒေါသတရားများဖြင့် ပြည့်နှက်နေသည်။

"ငါ၏အမည်နာမဖြင့်... "

"ချန်ဟောင်... "

ချန်းရီက အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်သည်။

ချန်ဟောင်က လှမ်းကြည့်လိုက်သည်။

ထိုအခါ မိမိအား စိုက်ကြည့်နေသော အနီရောင် မျက်လုံးတစ်လုံးကို သူ တွေ့လိုက်ရပြီး ထိုမျက်လုံးထဲတွင် တစ်စုံတစ်ခုက လည်ပတ်နေသကဲ့သို့ ရှိနေသည်။

ထိုတစ်ချက်တည်းနှင့်ပင် ချန်ဟောင်သည် ထူးဆန်းသော အင်အားတစ်ခု၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင်မူ ကြွက်တစ်ကောင်လို လျင်မြန်စွာ ပြေးလွှားနေသော ချန်ဟောင်၏ ပျော်ရွှင်သော မင်းသားလေး ကားလေးမှာ နေရာတွင်ပင် ချက်ချင်း လှည့်ထွက်သွားပြီး နောက်သို့ ပြန်လည်မောင်းနှင်သွားတော့သည်။

စွန်းချန်းချန်းက စိတ်ချင်းဆက်သွယ်ထားသကဲ့သို့ နားလည်သွားပြီး ယဲ့ ဟုခေါ်သော ဓားသွေးသမားထံသို့ ဓားဖြင့် တိုက်ရိုက် ခုတ်ချလိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကလည်း ပေါ့ဆရဲခြင်း မရှိဘဲ ကစားစရာဓားကို ဆွဲထုတ်ကာ ပြန်လည် ခုခံခုတ်ပိုင်းလိုက်သည်။

ဓားရောင်နှင့် ဓားဝိညာဉ်များ အချင်းချင်း ထိပ်တိုက် ရိုက်ခတ်သွားကြသည်။

ဓားသွေးသမားအနေဖြင့် နောက်ထပ် တုံ့ပြန်မှုတစ်ခု ပြုလုပ်ရန် အချိန်မရလိုက်ခင်မှာပင်...

သူ၏ဘေးတွင် အမျိုးသမီးတစ်ယောက် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဒီအမျိုးသမီးက ဘယ်အချိန်တည်းက ပေါ်လာတာလဲ။

သူ့ကို သီးသန့် စောင့်ဆိုင်းနေခဲ့သကဲ့သို့ပင်။

ဓားသွေးသမား၏ ရင်ထဲတွင် အလွန်တရာ ထိတ်လန့်သွားတော့သည်။

သူ့အနေဖြင့် အစွမ်းပိုင်ရှင်များ ရှိနေခြင်းကို အာရုံခံနိုင်သည့် သူ၏ကိုယ်ပိုင် လျှို့ဝှက်ပညာရပ် ရှိနေသည်ကို သိထားသင့်သည်။

သို့သော် သူ့ရှေ့ရှိ ဤအမျိုးသမီးကိုမူ သူ အနည်းငယ်မျှပင် သတိမထားမိခဲ့ပေ။

ရှေ့မှ အမျိုးသမီးက ကျောက်တုံးတစ်တုံးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမက ဤနေရာတွင် အစောကတည်းက စောင့်ဆိုင်းနေခဲ့ပုံရသည်။

ဓားကို ဆွဲထုတ်ကာ ပြန်လည်ခုတ်ပိုင်းရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။

အမျိုးသမီးက ခြေနှစ်ဖက်ကို အရှေ့အနောက် ခွဲကာ လေးပစ်ဟန်ဖြင့် ရပ်တန့်လိုက်ပြီး ကျန်ရှိနေသေးသော ဘယ်ဘက်လက်တစ်ဖက်ကို နောက်သို့ ဆွဲယူလိုက်သည်။

သူမ၏ လက်သီးပေါ်တွင် အရောင်အဆင်းမရှိသော လေစီးကြောင်းများ ရစ်ပတ်နေသည်။

ဓားသွေးသမားအနေဖြင့် စကားလုံး နှစ်လုံးကိုသာ ကြားလိုက်ရသည်။

"တောင်ဖြိုခွင်းခြင်း... "

ဓားသွေးသမားမှာ ဘေးတိုက် လွင့်စင်ထွက်သွားတော့သည်။

"မင်း... စည်းမျဉ်းချိုးဖောက်နေတယ်... "

ဒီခွေးမသားတွေက ကားမောင်းပြီး ဝင်လာကြတာ မဟုတ်ဘူးလား။

ဒီအမျိုးသမီးမှာက ဘာလို့ ဘာတစ်ခုမှ မရှိနေရတာလဲ။

တင်းတုံက လမ်းစဉ် အဆင့် (၂) သာ ဖြစ်သော်လည်း...

သူမက အားနည်းသည်ဟု မဆိုလိုပေ။

လတ်တလော အချိန်များတွင် ဤအမျိုးသမီးက သူမ၏ စိတ်အာရုံအားလုံးကို စိုက်ပျိုးရေး လုပ်ငန်းပေါ်တွင်သာ မြှုပ်နှံထားခဲ့ခြင်းကြောင့် ဖြစ်သည်။

သူမ၏ စိတ်ထဲတွင် ကျင့်ကြံခြင်းကို အနည်းငယ်မျှပင် ထည့်မထားခဲ့ချေ။

ထို့ကြောင့်လည်း အများသုံး ယာဉ်တန်း၏ တစ်ဦးတည်းသော လမ်းစဉ် အဆင့် (၂) ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

သို့သော် တိုက်ခိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ရာတွင်မူ ဤအမျိုးသမီးသည် အခြားသူများထက် အနည်းငယ်မျှပင် နောက်ကျမနေခဲ့ပေ။

ကျိုးရှောင်ရှောင်က သူမ၏ ဆရာဖြစ်သူက ဓားသွေးသမားကို လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ထိုးကြိတ်လိုက်သည်ကို ကြည့်ရင်း အံကြိတ်ကာ လီဗာကို အဆုံးထိ နင်းချလိုက်သည်။

ဝတုတ်လေးကလည်း အံကြိတ်လိုက်ပြီး ချန်းရီနှင့် စွန်းချန်းချန်း ခွေးမျိုး အရှက်မရှိတဲ့အတွဲကို စိတ်ထဲမှ ကြိမ်းဝါးဆဲရေးနေသည်။

သူက ထိုခွေးမျိုးအတွဲဖြစ်သော ချန်းရီနှင့် စွန်းချန်းချန်းတို့က ရန်သူကြီး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း မည်သို့ ရှင်းလင်းလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရခြင်း ဖြစ်သည်။

ဒီလိုအခြေအနေထိ ရောက်မှတော့ ငါ့ကို လာမလာအပြစ်မတင်နဲ့တော့။

ဝတုတ်လေးက အကြိတ်အနယ် ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင်...

သူ၏ နားထဲ၌ သီချင်းသံအချို့ ရုတ်တရက် ပေါ်ထွက်လာသည်။

အလွန် နားထောင်လို့ ကောင်းလှသည်။

ဝတုတ်လေးက အသံထွက်ပေါ်လာရာ ဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

ချစ်စရာကောင်းသော အဖြူရောင် လူစီးကားလေးတစ်စီးက ဝတုတ်လေးနှင့် အပြိုင် မောင်းနှင်လာနေသည်။

အလွန်ဆုံး နောက်ကျနေလျှင်တောင် အနည်းငယ်သာ ဖြစ်သည်။

ဝတုတ်လေးက ထိုကားလေးကို မြင်ရရန် ကိုယ်ကို အနည်းငယ် ဘေးသို့ စောင်းကြည့်လိုက်ရသည်။

ကားပြတင်းပေါက်မှနေ၍ အိမ်နီးချင်း ကောင်မလေးတစ်ယောက်လို ချစ်စရာကောင်းပြီး နုနယ်သော မိန်းကလေးတစ်ဦးက ခေါင်းပြူထွက်လာသည်။

ထိုနွေရာသီက သောက်ခဲ့ရသော လိမ္မော်ရည်လေးနှင့်ပင် အလွန်တူနေသေးသည်။

ဝတုတ်လေး၏ မျက်လုံးထဲတွင် ထိုကားလေးနှင့် မိန်းကလေး၏ ပတ်ဝန်းကျင်၌ ပန်းရောင် ပူဖောင်းလေးများ လွင့်ဝဲနေသည်ဟု ထင်မှတ်နေရသည်။

"မင်္ဂလာပါ... ကျွန်မ ပထမရချင်လို့... ရှင် ကျွန်မကို ကူညီပေးနိုင်မလား"

တကယ်တမ်းတွင် ဤကဲ့သို့သော အခြေအနေမျိုး၌ တစ်ဖက်လူ၏ အသံကို ကြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ဝတုတ်လေးမှာမူ ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။

အဆိုတော် လမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် အသံလွှင့်ထုတ်ခြင်းနှင့် ပတ်သက်၍ ကိုယ်ပိုင် ထူးခြားသော အစွမ်းများ ရှိကြသည်။

နားထောင်လို့ကောင်းသော အသံလေးက ထွက်ပေါ်လာသည်။

ဝတုတ်လေးက ချက်ချင်းပင် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်တော့သည်။

လွန်ခဲ့သော နှစ်များစွာက မိန်းကလေးတစ်ယောက်က ဝတုတ်လေးအား ဝတုတ်လေး... ငါ ပန်းသီးဖုန်းလေး တစ်လုံး လိုချင်တယ် ဟု ပြောခဲ့သလိုမျိုးပင်။

ထိုအချိန်က ဝတုတ်လေးသည် တုံဆိုင်းခြင်း အလျဉ်းမရှိဘဲ အရစ်ကျဖြင့် ဖုန်းတစ်လုံး ဝယ်ပေးခဲ့သည်။

လမ်းခွဲပြီး နှစ်ပေါင်းများစွာ ကြာပြီးမှသာ ထိုဖုန်းအတွက် အရစ်ကျငွေကို ဝတုတ်လေးက အကျေပေးဆပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရှုလီနာသာ ဝတုတ်လေးရှေ့တွင် ရပ်ကာ ဤသို့ ပြောမည်ဆိုပါက ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်ပေါ်သွားပေလိမ့်မည်။

ရှုလီနာက မလှပ၍ မဟုတ်ဘဲ သူမက အလွန်အမင်း ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းလွန်းနေသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် ဝတုတ်လေး၏ မျက်လုံးထဲတွင် မိန်းမဆိုး တစ်ယောက်သာ ဖြစ်သည်။

ထိုစဉ်က ဝတုတ်လေးသည် ရှုလီနာကို မြင်ခဲ့ရချိန်တွင် သူ၏ ရင်ထဲ၌ အနည်းငယ်မျှပင် လှုပ်ခတ်ခြင်း မရှိခဲ့ပေ။

သို့သော် လင်းချင်းကောကဲ့သို့ အဖြူရောင် ဂါဝန်လေး ဝတ်ဆင်ထားပြီး အပြစ်ကင်းစင်သော မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဖြောင့်စင်းသော ဆံပင်အရှေ့ချလေးများ ရှိသည့် မိန်းကလေးမျိုးကမူ...

ထိုနှစ်က ပန်းသီးဖုန်း လိုချင်ခဲ့သော သူ၏ ပထမဆုံး အချစ်ဦးနှင့် အတိအကျ တူညီနေတော့သည်။

လူတွေက တွင်းတစ်ခုတည်းမှာ နှစ်ခါ ပြန်မကျနိုင်ဘူးလို့ ဘယ်သူပြောလဲ...

ဝတုတ်လေးကို အခွင့်အရေးပေါင်း မရေမတွက်နိုင်အောင် ပေးထားပါစေ... ဤကောင်က ထိုတွင်းထဲသို့ပင် ထပ်မံ ကျရောက်သွားနိုင်ဆဲ ဖြစ်သည်။

ဤကောင်က ဤကဲ့သို့သော အချိန်မျိုးတွင် ရူးမိုက်စွာဖြင့် အရှိန်ကို လျှော့ချလိုက်လေသည်။ အဖြူရောင် ကားလေးကို ကူညီပေးလိုပုံရသည်။

အသေးစိတ် ဘယ်လိုလုပ်ဆောင်မည်ကိုမူ ချန်းရီ မသိသလို ဂရုလည်းမစိုက်ပေ။

မည်သို့ပင်ဖြစ်စေ ဒီကောင်ကတော့ ကယ်တင်လို့မရနိုင်တော့ချေ။

ချန်းရီက ကြည့်ရင်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။

ပန်းတိုင်က တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

လတ်တလောတွင် ပထမနေရာကို ရရှိနိုင်မည့်ကား လေးစီးသာ ရှိတော့သည်။

တင်းရှန်နှင့် လျှိုလီ။

သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ဤအချိန်တွင် မည်သူက ပထမရမည်ကို သူတို့ ဂရုမစိုက်ကြတော့ဟု ခန့်မှန်းရသည်။

ထို့နောက်တွင်တော့ စွန်းချန်းချန်းနှင့် ချန်းရီတို့သာ ရှိတော့သည်။

သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ်မျှ တုံဆိုင်းမနေဘဲ ပါးစပ်မှ ဂါထာမန္တန်များကို ရွတ်ဆိုလိုက်သည်။

လေထဲတွင် ဓားပျံ ဒါဇင်ပေါင်းများစွာက လျင်မြန်စွာ စုစည်းသွားပြီး တင်းရှန်နှင့် လျှိုလီတို့ဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

ချန်းရီပင်လျှင် ထိုတိုက်ခိုက်မှု၏ လွှမ်းခြုံမှုဧရိယာထဲတွင် ပါဝင်နေသည်။

တင်းရှန်နှင့် လျှိုလီတို့ နှစ်ယောက်လုံး လန့်ဖျပ်သွားကြပြီး ဒီမိန်းမက ဒီလိုအစွမ်းမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

လှည့်ပတ်နေသော ဓားဝိညာဉ်များအကြားတွင် ထိုနှစ်ယောက်၏ မျက်နှာအမူအရာများ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။

လျှိုလီက စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ဒီခွေးမလေး... ဒီလိုအစွမ်းမျိုး ရှိနေတာကို အခုမှ သုံးတာလား။

တင်းရှန်မှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ဤအချိန်တွင် စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

အစကတည်းက အနက်ရှိုင်းဆုံး ဖုံးကွယ်ထားခဲ့သူက ဒီခွေးမလေး ဖြစ်နေတာပဲ။

ငါတို့တော့ အထင်လွဲသွားပြီ။

ချန်းရီအတွက်ကတော့...

ဤကောင်က ထိုအချိန်တွင် ဆဲရေးနေဆဲပင် ဖြစ်သည်။

"မင်းလို မိန်းမမျိုးက... တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတယ်... ဒီလောက် ကောက်ကျစ်စဉ်းလဲနေရင် ဘယ်တော့မှ ယောက်ျားရမှာ မဟုတ်ဘူး မှတ်"

ဟန်ဆောင်နေခြင်းမှန်း သိနေသော်ငြားလည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အလွန်အမင်း ဒေါသထွက်နေဆဲ ဖြစ်သည်။

ဓားဝိညာဉ်များက အောက်သို့ ကျဆင်းလာသည်။

သူတို့သုံးယောက်က အပြေးအလွှား ရှောင်တိမ်းကာ ခုခံလိုက်ကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် ရှေ့သို့ ဆက်လက် တိုးဝင်ရန် မေ့လျော့မနေခဲ့ကြချေ။

စက္ကန့်သုံးဆယ်လောက်သာ တောင့်ခံထားနိုင်ရင်...

မဟုတ်သေးဘူး... ဆယ်စက္ကန့်လောက်ဆိုရင်ကို လုံလောက်ပြီ။

ချန်းရီကိုတော့။

တင်းရှန်ပဲ ဖြစ်ဖြစ် လျှိုလီပဲ ဖြစ်ဖြစ်။

ပြိုင်ပွဲမစတင်မီကပဲ ဖြစ်ဖြစ်၊ ယခုအချိန်မှာပဲ ဖြစ်ဖြစ်။

သူ့ကို သူတို့၏ မျက်လုံးထဲတွင် အရေးတယူ ထည့်မတွက်ခဲ့ကြပေ။

ထို့ကြောင့် ဤကောင်လေး ချန်းရီက မည်သူနှင့် ပတ်သက်ဆက်နွယ်နေသလဲ ဆိုသည်ကို စုံစမ်းရန် လုံးဝ သတိမရခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အိုအေစစ်မြို့ တစ်မြို့လုံးတွင် အစွမ်းပိုင်ရှင်များ အများအပြား ရှိနေသည် မဟုတ်ပါလော။

မည်သူ့ကိုမဆို ရမ်းသမ်းဆွဲထုတ်လိုက်လျှင်ပင် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသူချည်းသာ ဖြစ်သည်။

သူတို့နှစ်ယောက်စလုံးက ချန်းရီကို အရေးမစိုက်ဘဲ နေလိုက်သည့် အချိန်လေးမှာပင်...

ချန်းရီက အေးစက်စက် ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများက အနည်းငယ် အရောင်လက်သွားသည်။

"မိစ္ဆာနယ်မြေ"

ဆက်ရန်...

All Chapters