← Chapters

အခန်း ၃၆၅

Vol. 19 Ch. 365

အခန်း ၃၆၅

Vol. 19 Ch. 365

အပိုင်း(၃၆၅) တကယ်တော့ မင်းက အနက်ရှိုင်းဆုံး ပုန်းကွယ်နေတဲ့သူပဲ

"ဘုရား... ဘုရား... ဒါက... ဒါက ဒဏ္ဍာရီထဲက ဓားတစ်သောင်း ပေါင်းစည်းခြင်း ဆိုတာများလား"

"လခွမ်း... အရင်က ရုပ်ရှင်တွေ ရုပ်မြင်သံကြားတွေထဲမှာပဲ မြင်ဖူးခဲ့တာ"

"တကယ်ကြီး အပြင်မှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"တော်လိုက်တာ"

"ဒီပန်းရောင်ဆံပင်နဲ့ ကောင်မလေးကမှ ဒီပြိုင်ပွဲမှာ အနက်ရှိုင်းဆုံး ပုန်းကွယ်နေတဲ့သူ ဖြစ်ရမယ်"

ကျူးဇီကျိုက်က မရပ်မနား ချီးကျူးထောပနာပြုသံများ ထွက်ပေါ်လာသည်။

မြို့ရိုးပေါ်ရှိ လူအားလုံးက စွန်းချန်းချန်းကို လှမ်းကြည့်လိုက်ကြသည်။

ဤကောင်မလေးနှင့် ပတ်သက်၍ လူတိုင်း၏ စိတ်ထဲတွင် အမှတ်ရစရာ သိပ်မရှိလှပေ။

အဘယ်ကြောင့်ဆိုသော် လျှိုလီ၊ ရွှီလင်းဟောင်နှင့် လင်းချင်းကော သူတို့သုံးဦးက အများ၏ အာရုံစိုက်မှုနှင့် မျက်လုံးများကို အပြည့်အဝ ဆွဲဆောင်ထားခဲ့သောကြောင့် ဖြစ်သည်။

လူအများစုအတွက် စွန်းချန်းချန်းနှင့် ပတ်သက်သော အမြင်မှာ ရုပ်ရည်လေး လှပရုံသက်သက်မျှသာ ဖြစ်သည်။

ထို့အပြင် ဓားနတ်ဘုရား လမ်းစဉ်ဟူသော ဂုဏ်ပုဒ်ကလည်း အလွန် ကြီးမားလှသည်။

ဟွာရှနိုင်ငံသား တစ်ယောက်အနေဖြင့် ဓားနတ်ဘုရား ဟူသော ဝေါဟာရသည် အမှန်တကယ်ပင် နာမည်ကျော်ကြားလွန်းလှသည် မဟုတ်ပါလော။

နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်းလေးဟု ထင်ရသော ဤကောင်မလေးက ဤမျှတိုင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက "ဓားတစ်သောင်း ပေါင်းစည်းခြင်း" ဟူသော အကွက်ကို ထုတ်သုံးလိုက်သည့် အချိန်၌။

လူအများအပြားမှာ တွေးပင် မတွေးမိခဲ့ကြချေ။

သေချာသည်မှာ "ဓားတစ်သောင်း ပေါင်းစည်းခြင်း" ဟူသော ဤအကွက်သည် လတ်တလောတွင် ဓားဆယ်ဂဏန်းခန့်မျှသာ ရှိနေသေးပြီး "ဓားတစ်သောင်း" ဟူသော အဆင့်သို့ ရောက်ရန်မှာ များစွာ ကွာဝေးနေသေးသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးတွင် ဓားဆယ်ဂဏန်းခန့်မျှသာ ထုတ်နိုင်သလား ဆိုသည်ကိုမူ သူမကိုယ်တိုင်သာ သိပေလိမ့်မည်။

တင်းရှန်နှင့် လျှိုလီတို့ နှစ်ဦးစလုံး၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကြသည်။

ဓားနတ်ဘုရား လမ်းစဉ်သည် တကယ်ကိုပင် အစွမ်းထက်လှပေသည်။

ဤကောင်မလေးက ဤမျှတိုင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

ယခင်က ဤအစွမ်းမျိုးကို သူမ အသုံးပြုသည်ကို လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။

နောက်ဆုံး အဆုံးအဖြတ်ပေးမည့် အရေးကြီးအချိန် ရောက်မှသာ ထုတ်သုံးလာခဲ့ခြင်း ဖြစ်သည်။

အသက်အရွယ် ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ကူးအကြံအစည်က အဘယ်ကြောင့် ဤမျှ နက်ရှိုင်းနေရသနည်း။

တကယ်ကို သည်းခံ မြိုသိပ်ထားနိုင်လွန်းလှသည်။

ယခုခေတ် လူငယ်လေးများက ဤမျှတိုင် ကောက်ကျစ်စဉ်းလဲတတ်ကြပြီလား။

လျှိုလီ၏ စိတ်ထဲတွင် မနာလိုဝန်တိုမှုတစ်ခုပင် ဖြစ်ပေါ်လာခဲ့သေးသည်။

သူမ၏ ပူးတွဲရှင်သန်ခြင်း လမ်းစဉ်မှ ထူးဆန်းသောအရာဖြစ်သည့် မရဏနတ်သမီးမှာ အလွန် အစွမ်းထက်သော်လည်း သူမက ဓားနတ်ဘုရား လမ်းစဉ်မှ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို အားကျနေမိဆဲပင်။

၎င်းမှာ ဓားနတ်ဘုရား လမ်းစဉ်ပင် မဟုတ်ပါလော။

သူမ သိထားသော သတင်းအချက်အလက်များအရ ဓားနတ်ဘုရား လမ်းစဉ်သည် လမ်းစဉ် အဆင့် (၉) အထိ ရောက်ရှိနိုင်ကြောင်း အတည်ပြုထားနိုင်သည့် လတ်တလော တစ်ခုတည်းသော သီးသန့် လမ်းစဉ်တစ်ခု ဖြစ်သည်။

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်၏ အဆုံးသတ်မှာမူ သေဆုံးခြင်း မဟုတ်လျှင် အသွင်သစ်တစ်ခုဖြင့် ထူးဆန်းသောအရာ တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားရန်သာ ရှိလေသည်။

လူတိုင်းက စွန်းချန်းချန်းကို အာရုံစိုက်နေကြသည့် တစ်ချိန်တည်းမှာပင်။

သူမတို့နှစ်ဦးစလုံးသည် ချန်းရီ တစ်ယောက် ရှိနေသေးသည်ကို လျစ်လျူရှုထားမိခဲ့ကြသည်။

သူမတို့၏ မသိစိတ်ထဲတွင်မူ။

ဤလူသည် တစ်ဖက်လူက လမ်းကြုံ ရှင်းလင်းပစ်မည့် ဖားကလေး ငါးကလေး တစ်ကောင်မျှသာ ဖြစ်သည်ဟု မှတ်ယူထားကြသည်။

သူမတို့နှစ်ဦးက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ "ဓားတစ်သောင်း ပေါင်းစည်းခြင်း" ကို ခုခံကာကွယ်နေကြစဉ်မှာပင်။

သို့သော် ချန်းရီက ပျံဝဲနေသော ဓားများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်းနှင့်ပင် အေးစက်စက် ပြုံးကာ မိစ္ဆာပစ်ကပ်ကား၏ ဖုံးကွယ်ထားသော လျှို့ဝှက်အစွမ်းကို ထုတ်သုံးလိုက်သည်။

"မိစ္ဆာနယ်မြေ" စကားလုံးလေးလုံး နှုတ်မှ ထွက်ပေါ်လာသည့် ခဏလေးအတွင်းမှာပင်။

တင်းရှန်နှင့် လျှိုလီတို့ နှစ်ဦးစလုံး တပြိုင်နက် တုန်လှုပ်သွားကြပြီး ခြေအောက်မှ ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခု ချဉ်းကပ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။

ဤခံစားချက်မှာ မြေကြီးအောက် နက်ရှိုင်းသော နေရာမှ ကြောက်မက်ဖွယ်ရာ မိစ္ဆာကြီးတစ်ကောင် နိုးထလာသကဲ့သို့ပင် ဖြစ်သည်။

ဖော်ပြရန်ပင် ခက်ခဲလှပေသည်။

လမ်းစဉ် အဆင့် (၄) သို့ ရောက်ရှိနေသော သူတို့ပင်လျှင် ရင်တထိတ်ထိတ်နှင့် ကြောက်ရွံ့တုန်လှုပ်ဖွယ် ခံစားချက်မျိုးကို ခံစားနေရသည်။

၎င်းမှာ အလွန်တရာ ပြင်းထန်လှသော အန္တရာယ် ခြိမ်းခြောက်မှုကြီးပင် ဖြစ်သည်။

တင်းရှန်က ခေါင်းလှည့်ကာ သူ တစ်ချိန်လုံး ဂရုမစိုက်ဘဲ အရေးမလုပ်ခဲ့သော အနောက်ဘက်မှ ကောင်လေးကို လှမ်းကြည့်လိုက်သည်။

သွေးရောင် မျက်လုံးတစ်လုံးသာ ရှိသော ထိုအမျိုးသားက ကားပြတင်းပေါက်မှန်မှတစ်ဆင့် သူ့ကို သွားဖြဲကာ ရယ်မောကြည့်ရှုနေသည်။

တင်းရှန်သည် ထိုသွေးရောင် မျက်လုံးကို မြင်လိုက်ရသည့် တစ်ခဏအတွင်းမှာပင် ရုတ်တရက် ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မသိမသာဖြင့် ကားအရှိန်က စတင် ကျဆင်းသွားပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း အနည်းငယ် ဝေဝါးသွားကာ ဤကမ္ဘာကြီးနှင့် မှန်ချပ်တစ်ချပ် ခြားသွားသကဲ့သို့ ဖြစ်သွားသည်။

ခန္ဓာကိုယ်ပတ်လည်ရှိ လေထုကလည်း စတင် ပူပြင်းခြောက်သွေ့လာသည်။ တင်းရှန်သည် သူ၏ ပတ်ဝန်းကျင်၌ လေဟာနယ်ထဲမှ မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာသည်ကို သတိထားမိလိုက်သည်။

တကယ်တော့ အနက်ရှိုင်းဆုံး ဖုံးကွယ်ထားခဲ့သူမှာ ထိုကောင်မလေး မဟုတ်ဘဲ မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာမှုများ ပြည့်နှက်နေပုံရသော ဤကောင်လေးသာ ဖြစ်နေခဲ့သည်။

ဒီကောင်... ဟိုကောင်မလေးနဲ့ တစ်ဖွဲ့တည်းပဲ။

လခွမ်းပဲ။ ယခုခေတ် လူငယ်များက အဘယ်ကြောင့် တစ်ယောက်ထက်တစ်ယောက် ပို၍ ယုတ်မာနေကြရသနည်း။

သူ့ခန္ဓာကိုယ်ပတ်လည်တွင် သွေးရောင် အကာအကွယ်လွှာတစ်ခု ထွက်ပေါ်လာပြီး မီးတောက်များကို တားဆီးပေးလိုက်သည်။

ဤအချိန်တွင် လျှိုလီမှာလည်း သက်သောင့်သက်သာ မရှိလှပေ။

တင်းရှန် ခံစားလိုက်ရသော အန္တရာယ်အငွေ့အသက်ကို သူမလည်း သတိထားမိလိုက်သည်။

ချန်းရီက နောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ လျှိုလီသည်လည်း ချန်းရီဘက်သို့ လှည့်ကြည့်လိုက်ပြီး ထိုအနီရောင် မျက်လုံးကို အလားတူ မြင်တွေ့လိုက်ရသည်။

ထို့အတူပင် ချန်းရီ၏ "အသူရာ ထိန်းချုပ်ခြင်း" ကို အသုံးပြု၍ ဩဇာလွှမ်းမိုးရန် ကြိုးစားခြင်းကို ခံလိုက်ရသည်။

ချန်းရီနှင့် စွန်းချန်းချန်းတို့ တစ်ဖွဲ့တည်း ဖြစ်ကြောင်းကိုလည်း ထပ်တူ နားလည်သဘောပေါက်သွားခဲ့သည်။

ဤခံစားချက်က သူမကို အလွန် ဒေါသထွက်စေသည်။

သူမကိုယ်သူမ လူမိုက်တစ်ယောက်အဖြစ် ဤခွေးသူတောင်းစား ယောက်ျား မိန်းမ နှစ်ယောက်၏ ကစားလှည့်စားခြင်းကို ခံလိုက်ရသည်ဟု ခံစားနေရသည်။

တင်းရှန်နည်းတူ သွေးမျက်လုံး၏ "အသူရာ ထိန်းချုပ်ခြင်း" က သူတို့နှစ်ဦးအပေါ် များစွာ သက်ရောက်မှု မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားနိုင်ခြင်း မရှိသေးသော အစွမ်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း တစ်ဖက်လူကို အတန်အသင့် နှောင့်နှေးသွားစေရန်မူ တားဆီးနိုင်ခဲ့သည်။

ချန်းရီက ဤအစွမ်းကို ယခုလို အတင်းအဓမ္မ ထုတ်သုံးလိုက်ခြင်းက သူ၏ မျက်လုံးအပေါ် အလွန်ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ဖြစ်ပေါ်စေခဲ့သည်။

သွေးမျက်လုံးမှ တဆစ်ဆစ် နာကျင်မှုများ ဆက်တိုက် ထွက်ပေါ်လာသည်ကို ခံစားနေရသည်။

တစ်ချိန်တည်းမှာပင်။

မိစ္ဆာပစ်ကပ်ကားကြီးက ဘရိတ်ကို ရုတ်တရက် အပြင်းအထန် နင်းလိုက်ပြီး နေရာမှာပင် ရပ်တန့်သွားခဲ့သည်။

ကားကိုယ်ထည်၏ နေရာအနှံ့အပြားမှ မရေမတွက်နိုင်သော တုတ်ခိုင်သည့် ရေဘဝဲလက်တံကြီးများက မြေပြင်အောက်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး မြေကြီးနှင့် ချိတ်ဆက်သွားကြသည်။

ယခု ချန်းရီ လုပ်ဆောင်ရမည့်အရာမှာ ပထမနေရာကို လုယူရန် မဟုတ်ပေ။ ဤကိစ္စကို စွန်းချန်းချန်းထံ လွှဲအပ်ထားလိုက်ပြီ ဖြစ်သည်။

သူ လုပ်ရမည့်အရာမှာ တင်းရှန်နှင့် လျှိုလီတို့ကို အချိန်ဆွဲထားရန်သာ ဖြစ်သည်။

ဤလူနှစ်ဦးသည် လတ်တလောတွင် သူ၏ ပတ်လည် ပေ (၃၀၀) ခန့် အကွာအဝေးအတွင်း၌ ရှိနေကြသည်။

၎င်းမှာ "မိစ္ဆာနယ်မြေ" လွှမ်းခြုံထားနိုင်သော အကွာအဝေးပင် ဖြစ်သည်။

"မိစ္ဆာနယ်မြေ" စတင် အသက်ဝင်သွားခဲ့ပြီ။ နောက်တစ်စက္ကန့်တွင် လူတိုင်းသည် သူတို့ဘဝ တစ်သက်တာလုံး မေ့ဖျောက်၍ မရနိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့ကြရတော့မည် ဖြစ်သည်။

မရေမတွက်နိုင်အောင် များပြားလှသော တုတ်ခိုင်သည့် လက်တံကြီးများက မြေပြင်အောက်မှ လေဆင်နှာမောင်းတစ်ခုအလား ထိုးထွက်လာကြသည်။

ထိုလက်တံကြီးတိုင်းသည် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦး၏ ခါးအရွယ်အစားခန့် တုတ်ခိုင်နေသည်။

အသေးဆုံး လက်တံများကပင် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏ လက်မောင်းအရွယ်ခန့် ရှိနေသည်။

လက်တံတိုင်းတွင် စုပ်ခွက်များ သိပ်သည်းစွာ ပြည့်နှက်နေသည်။

ထိုစုပ်ခွက်လေးများမှာ အစွယ်ချွန်များ ပြည့်နှက်နေသော ပါးစပ်ပေါက်ငယ်လေးများအလား ထင်မှတ်ရသည်။

လက်တံကြီးများက ကောင်းကင်ယံတွင် လိမ်ကောက် ကွေးညွှတ်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကမ္ဘာပျက်ကပ် ကျရောက်လာချိန် မိစ္ဆာများ သောင်းကျန်းနေသည့်အလား လှုပ်ရှားနေကြသည်။

ဤမြင်ကွင်းသည် ရုပ်ရှင်များထဲမှ ဗီလိန်ဇာတ်ကောင်များ၏ ဇာတ်ကွက်များထက်ပင် လူကို ပို၍ ထိတ်လန့်ကြောက်ရွံ့စေသည်။

မြို့ရိုးပေါ်ရှိ သာမန် ပရိသတ်များမှာ အသံပင် မထွက်နိုင်တော့ချေ။

မျက်မှောက်ရှိ မြင်ကွင်းက သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ယနေ့ညတွင် လူအများအပြားမှာ အိပ်မက်ဆိုးများ ဆက်တိုက် မက်ကြရမည်မှာ အသေအချာပင်။

အချို့သော အသက်အရွယ် ငယ်ရွယ်သူများဆိုလျှင် ကြောက်လန့်လွန်းသဖြင့် မျက်ရည် နှပ်ရည်များ အတူတကွ စီးကျလာပြီး ပါးစပ်ကြီးဟကာ အသံထွက်၍ပင် မငိုရဲကြတော့ပေ။

ဤသည်မှာ မိစ္ဆာပစ်ကပ်ကား၏ ပုံမှန် အခြေအနေအောက်တွင် ထုတ်သုံးထားသော "မိစ္ဆာနယ်မြေ" မျှသာ ရှိသေးသည်။

မှတ်သားထားရမည်မှာ မိစ္ဆာပစ်ကပ်ကားသည် ရွံရှာဖွယ်ရာ အကောင်ကြီးနည်းတူ အခြေအနေ သုံးမျိုး ရှိနေသေးခြင်းပင် ဖြစ်သည်။

ထိုအချိန်မှာပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံကြီးက ဆက်လက် ထွက်ပေါ်လာသည်။

"ဘုရား... ဘုရား... ခင်ဗျားတို့ မြင်ကြလား"

"မြင်လိုက်ကြလား"

"ဒီအစွမ်းက ချန်ရုံကု ဆိုတဲ့ကောင် လုပ်လိုက်တာဗျ"

"ဒီ ချန်ရုံကုနဲ့ ပန်းရောင်ဆံပင် ကောင်မလေးက တစ်ဖွဲ့တည်း ဖြစ်နေတာကိုး"

"သူတို့က တစ်ဖွဲ့တည်းဗျ"

"ဘုရားရေ... အစတုန်းက ဒီ ချန်ရုံကု ဆိုတဲ့ကောင်က အားလုံးကို ဟန်ဆောင်ပြသွားသေးတယ်... အဲဒါကြောင့် လူတိုင်းက သူတို့ တစ်ဖွဲ့တည်း မဟုတ်ဘူးလို့ ထင်သွားခဲ့ကြတာ"

"နောက်ဆုံးအချိန်လေး ရောက်မှ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"သိပ်ကို ကောက်ကျစ်တာပဲ"

"ဒုတိယမြို့တော်ဝန် တင်းရှန်နဲ့ လျှိုလီတို့လည်း အလိမ်ခံလိုက်ရပြီ"

"ဒုတိယမြို့တော်ဝန်နဲ့ လျှိုလီတို့ မစွမ်းတာ မဟုတ်ဘူး... အခုခေတ် လူငယ်တွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး ကောက်ကျစ်စဉ်းလဲလာကြလို့ပဲ"

"လူကြီးမင်းတို့ခင်ဗျာ"

ကျူးဇီကျိုက်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးများ စင်ထွက်လာသည်အထိ အော်ဟစ်နေလေသည်။

သူသည် ချန်းရီနှင့် စွန်းချန်းချန်းတို့၏ လှည့်ကွက်များကို စောစောစီးစီးကတည်းက ရိပ်မိနေခဲ့ပြီး ဖြစ်သည်။

သူ မဖွင့်ချခဲ့ခြင်းမှာ ဤအချိန်လေးကို စောင့်ဆိုင်းနေခဲ့သောကြောင့်ပင်တည်း။

ဤလူက မူလကတည်းက ပွဲဆူလေ ကြိုက်လေ ဟူသော စရိုက်မျိုး ရှိသူ မဟုတ်ပါလော။

အကယ်၍ အစောကြီးကတည်းက ဖွင့်ချလိုက်ပါက မည်သို့မျှ အရသာရှိတော့မည် မဟုတ်ပေ။

လူအများ ရှေ့မှောက်တွင် သူတို့၏ ကောက်ကျစ်သော လှည့်ကွက်များကို ဖွင့်ချလိုက်ရခြင်းကမှ ပို၍ ပျော်စရာကောင်းလှသည်။

အခင်းဖြစ်ပွားရာ နေရာမှ အပြောင်းအလဲများက လူတိုင်းကို ခဏတာမျှ မှင်သက်ကြောင်အမ်းသွားစေခဲ့သည်။

ချန်းရီကမူ အခြားသူများ မည်သို့ ပြောနေသည်ကို ဂရုမစိုက်ပေ။

မိစ္ဆာနယ်မြေက လူ့လောကသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် တစ်ခုခုတော့ ပြသရမည် မဟုတ်ပါလော။

တင်းရှန်နှင့် လျှိုလီတို့ နှစ်ဦး၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာခဲ့သည်။

အထူးသဖြင့် ဒုတိယမြို့တော်ဝန် တင်းရှန်ပင် ဖြစ်သည်။

မနေ့ညက အမည်မသိ ထူးဆန်းသောအရာ တစ်ခုနှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ မသက်သာသေးသည့် အခြေအနေတွင် လျှိုလီနှင့် ထပ်မံ တိုက်ခိုက်ခဲ့ရသည်။

ယခုလည်း ဤကောက်ကျစ်စဉ်းလဲသော လူငယ်နှစ်ဦးနှင့် ထပ်မံ ရင်ဆိုင်နေရပြန်သည်။

လျှိုလီမှာလည်း မျက်နှာအမူအရာ အလွန်တရာ ဆိုးရွားနေသည်။

ယခင်က သူမသည် တင်းရှန်နှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားခဲ့ရသည်။ အစကတည်းကနေ ယခုအထိ တိုက်ခိုက်နေခဲ့ရသဖြင့် သူမ၏ စွမ်းအင် ကုန်ဆုံးမှုမှာလည်း အလွန်တရာ ကြီးမားနေပြီ ဖြစ်သည်။

ယခုမှ ဤယုတ်မာသော ကောင်လေးနှင့် ကောင်မလေးက ထွက်ပေါ်လာကြသည်။ ယခုခေတ် လူငယ်များက ဤမျှတိုင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေကြပြီလား။

လျှိုလီ မေ့သွားခဲ့သည်မှာ တကယ်တမ်းတွင် သူမ၏ အသက်အရွယ်သည်လည်း ချန်းရီနှင့် သိပ်မကွာခြားလှခြင်းပင် ဖြစ်သည်။

သူမတို့၏ ရှေ့မှောက်တွင် ထိုကြောက်မက်ဖွယ်ကောင်းသော လက်တံကြီးများက တောအုပ်ကြီးတစ်ခုအလား ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော အခင်းအကျင်းမျိုးကို လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်မည် မဟုတ်သည်မှာ အသေအချာပင်။

လက်တံကြီးများက တွားသွားလှုပ်ရှားနေကြပြီး မြင်းတစ်သောင်း ခွာသံပေးကာ ပြေးလာသည့်အလား သူတို့နှစ်ဦးဆီသို့ ပြေးဝင်လာကြသည်။

"ဘုရားရေ... တစ်ယောက်ယောက်... တစ်ယောက်ယောက်က ဖြတ်ကျော်သွားပြီဗျ"

"အဲဒါက"

"အဲဒါက... ခဏလေး... ကျွန်တော် အချက်အလက်လေး ရှာကြည့်လိုက်ဦးမယ်"

"အဲဒါ... အဲဒါ ကျိုးရှောင်ရှောင်ပဲ"

"သာမန်လူ တစ်ယောက်ဗျ"

"သူက စွန်းချန်းချန်း၊ ချန်ရုံကု၊ တင်းရှန်နဲ့ လျှိုလီတို့ လေးယောက် အပြင်းအထန် တိုက်ခိုက်နေကြတုန်း အခွင့်ကောင်းယူပြီး ပထမနေရာကို ရယူသွားခဲ့ပြီ"

"သူမက ပထမပဲ... သာမန်လူ တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဗျာ"

ပြိုင်ပွဲလမ်းကြောင်း၏ ပန်းတိုင်၌။

ထိုကုန်တင်ကားလေးက အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။ ကားကိုယ်ထည်ပေါ်တွင် မီးများ လောင်ကျွမ်းနေဆဲ ဖြစ်သည်။

ယခင်က ချန်းရီ သွေးမျက်လုံး၏ အစွမ်းကို အသုံးပြု၍ ဖန်တီးခဲ့သော မီးတံတိုင်းတစ်ခုပင် ဖြစ်သည်။

မူလက အခြားသူများကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုလို ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။

ကျိုးရှောင်ရှောင်သည် ကားပေါ်မှ အပြေးအလွှား ဆင်းလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မီးများ ကူးစက်လောင်ကျွမ်းနေသည်။

အချို့သော ဝန်ထမ်းများက ပျာတိပျာယာဖြင့် ပြေးသွားကာ သူမကိုယ်ပေါ်မှ မီးများကို ငြှိမ်းသတ်ပေးလိုက်ကြသည်။

ကောင်မလေးက အံကြိတ်ကာ အသံတစ်ချက်မျှ မထွက်ဘဲ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သူမကိုယ်ပေါ်ရှိ မီးများကို ငြှိမ်းသတ်လိုက်သည်။

ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသလား ဆိုသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။

ဆက်ရန်...

All Chapters