အခန်း ၃၆၆
Vol. 19 Ch. 366
အပိုင်း (၃၆၆) ကျဆင်းသွားသော ကန့်လန့်ကာ
ကျိုးရှောင်ရှောင်က ပန်းတိုင်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူမတစ်ကိုယ်လုံး အိပ်မက်မက်နေသကဲ့သို့ မဖြစ်နိုင်ဘူးဟု ခံစားနေရသည်။
ယခုအချိန်တွင် သူမသည် အလွန်ထူးဆန်းသော အခြေအနေတစ်ခု၌ ရောက်ရှိနေသည်။
မျက်စိကန်းမနေသည်ကတော့ သေချာသော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြည့်လိုက်တိုင်း ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။
ပတ်ဝန်းကျင်ရှိ ရှုခင်းများနှင့် လူများအားလုံးက အလွန်ကို အစစ်အမှန်မဟုတ်သလို ထင်ရသည်။
သူမ၏ နားထဲတွင် အသံများကို ရှင်းလင်းစွာ ကြားနိုင်စွမ်း ရှိနေသေးသည်။
သို့သော် ယခု သူမခံစားနေရသည်မှာ လောကကြီးတစ်ခုလုံး အသံတိတ်နေသကဲ့သို့ပင်။
မြို့ရိုးပေါ်မှ လူများစွာက သူမကို ကြိုဆိုအော်ဟစ်နေကြသည်ကို မြင်တွေ့ရသည်။
သို့သော် ထိုလူများ ဘာတွေပြောနေကြသည်ကို သူမ မကြားရဘဲ တစ်ကိုယ်လုံးက နားထဲတွင် အသံပိတ်နားကြပ်တစ်ခု တပ်ထားရသကဲ့သို့ ဖြစ်နေသည်။
မိမိ၏ နှလုံးခုန်သံမှလွဲ၍ အခြား မည်သည့်အသံကိုမျှ သူမ မကြားရပေ။
တာဝန်ရှိသူ အချို့က သူမကို ဝိုင်းရံကာ စိုးရိမ်တကြီးဖြင့် တစ်ခုခုကို ပြောဆိုနေကြသည်။
သူမကတော့ လုံးဝ နားမလည်နိုင်ခဲ့ချေ။
ဆံပင်များက မီးလောင်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ကိုယ်ပေါ်ရှိ အဝတ်အစား တချို့နေရာများတွင်လည်း မီးစွဲလောင်နေသည်။
သို့သော် နည်းနည်းလေးမှ နာကျင်နေပုံမပေါ်ပေ။
ထိုလူများက သူမကိုယ်ပေါ်ရှိ မီးများကို ဝိုင်းဝန်းရိုက်သတ်ပေးနေကြပြီး အချို့မှာ လက်ထဲတွင် မီးသတ်ဘူးများကို ကိုင်ဆောင်ထားကြသည်။
တကယ်ကို ဇိမ်ကျလွန်းတာပဲ။
ယခုလို အချိန်မျိုးတွင် အိုအေစစ်မြို့၌ မီးသတ်ဘူးများ ရှိနေသေးသည်ကိုး။
၎င်းက ကျိုးရှောင်ရှောင်၏ စိတ်ထဲတွင် ယခုအချိန်၌ ပေါ်လာသော ပထမဆုံး အတွေးပင် ဖြစ်သည်။
စောစောက ချန်းရီတို့ အချင်းချင်း တိုက်ခိုက်နေကြချိန်တွင် ကျိုးရှောင်ရှောင်က အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ဤကဲ့သို့သော သာမန်လူတစ်ယောက်ကို မည်သူကမျှ ဂရုမစိုက်ကြပေ။
ကောင်မလေးက လီဗာကို အဆုံးထိ နင်းချလိုက်ပြီး သေတ္တာပုံ ကုန်တင်ကားတစ်စီးလုံးက မည်သူမျှ သတိမထားမိသည့် အခြေအနေအောက်တွင် ပြိုင်ကွင်း၏ အစွန်အဖျားမှနေ၍ မောင်းနှင်သွားခဲ့သည်။
ပန်းတိုင်မတိုင်မီရှိ ထိုမီးတောက်တံတိုင်းကြီးကို မြင်လိုက်ရချိန်တွင်။
ကောင်မလေး၏ ရင်ထဲ၌ အလွန်တရာ ကြောက်ရွံ့သွားခဲ့သည်။
ထိုမီးတောက်များ၏ အစွမ်းကို သူမ အလွန် ရှင်းလင်းစွာ သိထားသည်။
၎င်းက ချန်းရီ၏ အစွမ်းပင် ဖြစ်သည်။
ကောင်မလေး၏ ရင်ထဲတွင် ကြောက်ရွံ့နေပြီး လက်နှစ်ဖက်စလုံး တုန်ယင်နေခဲ့သော်လည်း။
သူမက နည်းနည်းလေးမျှ နောက်ဆုတ်သွားခြင်း မရှိခဲ့ပေ။
အကယ်၍ ယခုအချိန်၌ ထိုကဲ့သို့သော မီးတောက်မျိုးကို သူမအား ထပ်မံ ရင်ဆိုင်ခိုင်းမည်ဆိုပါက သူမတွင် သတ္တိ ရှိမရှိကို သေချာ မသိနိုင်တော့ချေ။
ယခုအချိန်တွင်မူ ထိုကောင်မလေးသည် အိုအေစစ်မြို့၏ ပထမဆုံးအကြိမ် သဘာဝလွန် အစွမ်းပိုင်ရှင်များ၏ စည်းဝါးလွတ် ပြိုင်ပွဲတွင် ပထမဆုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
သာမန်လူတစ်ယောက်က ပထမဆုကို ရရှိသွားလိမ့်မည်ဟု မည်သူကမျှ တွေးမထားခဲ့ကြပေ။
အားပေးကြိုဆိုသံများက အိုအေစစ် တစ်မြို့လုံးကိုပင် လှုပ်ခါသွားစေလုမတတ် ဖြစ်နေသည်။
ဒုတိယဆုမှာ အခြားသူမဟုတ်ဘဲ လူတိုင်း ကြောင်အမ်းအမ်း ဖြစ်နေကြချိန်တွင် ပါးနပ်သော ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပန်းတိုင်ကို တိုက်ရိုက် ဖြတ်ကျော်သွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ပထမဆုနှင့် ဒုတိယဆု နှစ်ခုစလုံးက တရားမျှတရေး ယာဉ်တန်းထံသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ဒုတိယဆုအတွက်မူ လမ်းစဉ်ဆေးထိုးအပ် မပါရှိပေ။
သို့သော်လည်း ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို လက်မထောင်ပြလိုက်သေးသည်။
ထိုအချိန်က ကျိုးရှောင်ရှောင် ပထမဆုကို ရရှိသွားချိန်တွင် လူအားလုံးကို တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။
သူကိုယ်တိုင်ပင်လျှင် အနည်းငယ် ကြောင်အမ်းသွားခဲ့သေးသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ထိုမျှလောက် မြန်ဆန်သော တုံ့ပြန်မှုမျိုး ရှိနေလိမ့်မည်ဟု တွေးမထားခဲ့ပေ။
တတိယဆုကို ရရှိသွားသူမှာ လျှိုလီ ဖြစ်သည်။
ဤအမျိုးသမီးက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ နောက်တွင် ကျန်ရစ်ခဲ့ရခြင်းအပေါ် အလွန် မကျေမနပ် ဖြစ်နေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဆုအဆင့်တစ်ခုတော့ ရရှိသွားခဲ့သေးသည်။
လမ်းစဉ်ဆေးထိုးအပ် မရရှိသော်လည်း လျော်ကြေးအချို့တော့ ရရှိခဲ့သည်။
ဤသို့ဖြင့် အိုအေစစ်မြို့၏ ပထမဆုံးအကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲကြီးသည် ကန့်လန့်ကာ ကျဆင်းသွားခဲ့ပြီဟု ဆိုရမည်။
ညအမှောင်က တဖြည်းဖြည်း ကျရောက်လာသည်။
လမ်းမပေါ်ရှိ လမ်းမီးတိုင်များက ရှားရှားပါးပါးပင် လင်းထိန်လာခဲ့သည်။
သေချာသည်ကတော့ အရှေ့တံခါးလမ်းမကြီး၏ မြို့တံခါးပေါက် အနီးအနားရှိ လမ်းမီးတိုင်များသာ လင်းနေခြင်း ဖြစ်သည်။
ယခုလေးတင် ပြီးဆုံးသွားသော ကန့်လန့်ချက်မဲ့ ကားပြိုင်ပွဲက အိုအေစစ် တစ်မြို့လုံး၏ ခေါင်းကြီးပိုင်း သတင်း ဖြစ်လာခဲ့သည်။
ယခင်က အိုအေစစ်မြို့သို့ စတင်ရောက်ရှိချိန်တွင် အနက်ရောင်ဝတ်ရုံ များက ဤလမ်းဘေးရှိ လမ်းမီးတိုင်များကို စွမ်းအင် ဖြည့်တင်းပေးနေသည်ကို မြင်တွေ့ခဲ့ရသည်။
မူလက ဤကိစ္စသည် ယနေ့အတွက် ပြင်ဆင်နေခြင်း ဖြစ်ပေသည်။
သို့သော် ဤသည်က အလွန်အမင်း ဇိမ်ကျလွန်းနေသည် မဟုတ်ပါလော။
လမ်းမပေါ်ရှိ လူတိုင်းက ယနေ့ စည်းဝါးလွတ် ကားပြိုင်ပွဲအကြောင်းကိုသာ ဆွေးနွေးနေကြသည်။
အစွမ်းပိုင်ရှင်များ၏ အမျိုးမျိုးအဖုံဖုံသော အစွမ်းများသည် ဤသာမန်လူများကို မျက်စိလည်သွားစေခဲ့သည်။
ဤပြိုင်ပွဲက သာမန်လူများကို ကမ္ဘာပျက်ကပ်အတွင်း ရောက်ရှိနေသည့် ကြောက်ရွံ့ထိတ်လန့်မှုများကို ခေတ္တမျှ မေ့ပျောက်သွားစေရန် လုံလောက်ခဲ့သည်။
ချန်းရီတို့ ပြိုင်ကွင်းမှ ထွက်ခွာလာချိန်တွင် ကားပေါ်၌ ရိက္ခာပစ္စည်းများ အပြည့် တင်ဆောင်လာခဲ့သည်။
ယခင် ပြိုင်ကွင်းထဲတွင် ရှိနေစဉ်ကပင် ချန်းရီသည် စွန်းချန်းချန်းတို့နှင့် ပတ်သက်သည့် သူ၏ ဆက်ဆံရေးကို ဖော်ပြခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ချန်းရီသည်လည်း အဖွဲ့ထဲသို့ ပြန်လည် ဝင်ရောက်လာပြီဟု ဆိုနိုင်ပေသည်။
ပထမဆုနှင့် ဒုတိယဆု၏ ရိက္ခာပစ္စည်းများ အားလုံးကို သူတို့ ယာဉ်တန်းက ရရှိသွားခဲ့ခြင်း ဖြစ်သည်။
လူအတော်များများက သူတို့ကို ကြည့်နေကြသော မျက်လုံးများမှာ နီရဲနေကြသည်။
ထိုရိက္ခာပစ္စည်းများက အလွန် များပြားလွန်းလှသည်။
ယာဉ်တန်း၏ စွမ်းဆောင်ရည်ကိုသာ မကြောက်ရွံ့ပါက လူအချို့က စောစောစီးစီးပင် ဝင်ရောက် လုယက်သွားလောက်ပြီ ဖြစ်သည်။
ချန်းရီ၏ မိစ္ဆာပစ်ကပ်ကားသည် ဤပြိုင်ပွဲအတွင်း လူအများဆုံး ကြောက်ရွံ့ရသော ကားများထဲမှ တစ်စီး ဖြစ်လာခဲ့သည်။
ယခုတစ်ကြိမ်တွင် သံသယဖြစ်စရာ မလိုဘဲ အရှေ့ဆုံးမှနေ၍ လမ်းရှင်းပေးကာ မောင်းနှင်နေသည်။
မိစ္ဆာပစ်ကပ်ကားက စုတ်ပြတ်သတ်နေသည်ဟု ထင်ရသော်လည်း မည်သူကမျှ ဤကားကို အထင်သေးရဲခြင်း မရှိကြပေ။
နောက်ဆုံးတွင် မိစ္ဆာနယ်မြေက သူ၏ အစွမ်းအစများကို အပြည့်အဝ မပြသနိုင်ခဲ့သော်လည်း။
နေရာတိုင်းတွင် ရှိနေသော ထိုစုပ်ယူဖမ်းဆုပ်နိုင်သည့် လက်တံကြီးများက လူများစွာကို ကျောချမ်းသွားစေရန် လုံလောက်နေခဲ့သည်။
တင်းတုံ၏ ထိုကုန်တင်ကားလေးမှာ တစ်ဝက်ခန့် ပျက်စီးသွားသော အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
ချန်းရီ၏ သွေးမျက်လုံးမှ ဖန်တီးလိုက်သော မီးတောက်များသည် သာမန် မီးတောက်မျိုး မဟုတ်ပေ။
အကယ်၍ သာမန်လူတစ်ယောက်သာ မီးပင်လယ်ကို ဖြတ်ကျော်လိုပါက နောက်ဆုံးတွင် အသက်ရှင်မည် သေမည်ကို ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။
ကံကောင်းသည်မှာ ထိုအချိန်က ကျိုးရှောင်ရှောင်က ကားထဲတွင် ရှိနေခဲ့ပြီး ထိုကုန်တင်ကားလေးက မီးတောက်များ၏ အစွမ်းအများစုကို ကာကွယ်ပေးထားခဲ့ခြင်းပင်။
သို့မဟုတ်ပါက ဤအမျိုးသမီးမှာ ယခုအချိန်တွင် ပြောရန်ခက်ခဲသွားပေလိမ့်မည်။
ထိုသို့ဖြစ်နေသည့်တိုင် ဤကုန်တင်ကားလေးသည် ကြီးမားသော ပြုပြင်မှု တစ်ကြိမ်ကို ဖြတ်သန်းရဦးမည်သာ ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စရပ်များကို သဘာဝကျကျပင် ရွှီနန်ထံသို့ အပ်နှံရမည် ဖြစ်သည်။
ယာဉ်တန်းထဲတွင် မူလကတည်းက ကားပြင်ဆင်ရန် တာဝန်ယူရသူများ ရှိနေပြီးသား ဖြစ်သည်။
ကမ္ဘာပျက်ကပ်တွင် လူတိုင်းက မိမိကိုယ်မိမိ တတ်နိုင်သမျှ အသုံးဝင်သူများ ဖြစ်လာစေရန် ပြောင်းလဲနေကြရသည်။
ထို့အပြင် ယာဉ်တန်းထဲတွင် မူလကတည်းက ကားအပိုပစ္စည်း အချို့ကို အရန်အဖြစ် စုဆောင်းထားပြီး ဖြစ်သည်။
ဘီးတာယာများကို အရင်ဆုံး လဲလှယ်လိုက်ပြီး အခြား အစိတ်အပိုင်းများကို ယာယီ ထောက်ကန်ထားလိုက်ကာ မောင်းနှင်နိုင်ရုံဆိုလျှင် ရပြီ ဖြစ်သည်။
စွန်းချန်းချန်းနှင့် ထယ်ရှီး နှစ်ယောက်၏ ကားပေါ်တွင်လည်း ရိက္ခာပစ္စည်း အချို့ကို ခွဲဝေ တင်ဆောင်ထားကြသည်။
လူအတော်များများက သူတို့၏ ယာဉ်တန်းဆီသို့ ကြည့်နေကြသော မျက်လုံးများမှာ အလွန် ရှုပ်ထွေးလှသည်။
အထူးသဖြင့် ချန်းရီနှင့် ချူချယ်ပင် ဖြစ်သည်။
ချန်းရီသည် ဤပြိုင်ပွဲတွင် အစောဆုံး လက်ပါခဲ့သူ ဖြစ်သည်။
အစပိုင်းတွင် လူများစွာက သူသည် စွန်းချန်းချန်း၊ ထယ်ရှီးတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟု ထင်မှတ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ အစပိုင်းတွင် ချန်းရီက သူတို့နှစ်ယောက်နှင့် လူအားလုံး၏ ရှေ့မှောက်၌ ပြဿနာ ဖြစ်ပွားခဲ့သေးသည် မဟုတ်ပါလော။
ရလဒ်အနေဖြင့် ပြိုင်ပွဲ၏ နောက်ဆုံး အဆုံးအဖြတ် အချိန်တွင်မူ။
ဤလူများက တစ်ဖွဲ့တည်း ဖြစ်နေကြသည်တဲ့။
အကယ်၍ ချန်းရီက စွန်းချန်းချန်းတို့နှင့် ပတ်သက်မှုကို စောစောစီးစီး ဖော်ပြခဲ့ပါက။
နောက်ဆုံး အဆုံးအဖြတ် အချိန်တွင် တင်းရှန်နှင့် လျှိုလီ နှစ်ယောက်ကလည်း လုံးဝ သတိမထားဘဲ နေနိုင်မည် မဟုတ်ပေ။
လူအများအပြားက ချန်းရီ၏ လုပ်ရပ်ကို မုန်းတီးရွံရှာနေကြသည်။
ချန်းရီကို မြင်လိုက်ချိန်တွင် မနေနိုင်ဘဲ မြေပြင်ပေါ်သို့ တံတွေး အပြင်းအထန် ထွေးချလိုက်ကြသည်။
သို့သော် ယခုအချိန်တွင် လူသွားရှာပြီး ကလဲ့စားချေရန်မှာမူ သူတို့ မရဲဝံ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ ချန်းရီတို့၏ ဤယာဉ်တန်းသည် ယခုလက်ရှိ မြင်တွေ့ရသလောက် ထိုလက်တစ်ဖက် သူရဲကောင်းမ မှလွဲ၍ ကျန်သူများအားလုံး နီးပါးသည် လမ်းစဉ် အဆင့် (၃) များ ဖြစ်နေကြသည်။
အိုအေစစ်တွင်ပင် ဖြစ်နေပါစေ ထိုအဖွဲ့သည် ရှားပါးသော အင်အားကြီး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
ချန်းရီ၏ မျက်လုံးများက လှမ်းကြည့်လိုက်ချိန်တွင် ထိုလူများက မျက်လုံးများကို အသီးသီး လွှဲဖယ်သွားကြသည်။
ချူချယ်က ထိုလူများ၏ စိတ်ထဲတွင် ကျန်ရစ်ခဲ့သော အထင်အမြင်မှာမူ...
၎င်းက ခွေးချေးထက်ပင် ပို၍ ဆိုးရွားနေသေးသည်...
သိထားသင့်သည်မှာ ဤပြိုင်ပွဲအတွင်း ချူချယ်သည် ခရာမှုတ်ရာတွင် အတက်ကြွဆုံး သူတစ်ယောက် ဖြစ်ခဲ့သည်။
လူများစွာမှာ သူ၏ ဖယ်ရှားခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။
"ပြိုင်ပွဲတုန်းက အယုတ်မာဆုံးက ဒီထိပ်ပြောင်ကြီးပဲ"
"ဟုတ်တယ်... သူသာ မဟုတ်ရင် ရွှီလင်းဟောင်က သေချာပေါက် ပထမ ရမှာ"
"အေးလေ... ကမ္ဘာပျက်ကပ်တောင် ရောက်နေပြီ... မတရားတဲ့ ဒိုင်လူကြီးတွေ ရှိနေတုန်းပဲ... လူသားတွေကတော့... မျှော်လင့်ချက် မရှိတော့ပါဘူး"
"တကယ် မျက်နှာပြောင်တိုက်လွန်းတယ်... ဒီအချိန်မှာတောင် လမ်းမပေါ်မှာ ခပ်တည်တည်နဲ့ လမ်းလျှောက်ရဲသေးတယ်"
"မင်း အသံနည်းနည်း တိုးတိုးလုပ်ပါ... ဒီအစွမ်းပိုင်ရှင်တွေရဲ့ နားက အရမ်း ပါးတယ်"
"သူတို့ ရိက္ခာပစ္စည်းတွေ အများကြီး ရလိုက်တယ်လို့ ကြားတယ်"
"အဲဒီ ရိက္ခာပစ္စည်းတွေသာ ငါတို့ ရလိုက်ရင် သိပ်ကောင်းမှာပဲ... အကုန်လုံးက သက်တမ်းမလွန်သေးတဲ့ ဟာတွေချည်းပဲလို့ ကြားတယ်"
"ခက်တယ်... သူတို့ယာဉ်တန်းထဲမှာ ဘယ်လိုလူတွေ ရှိနေလဲဆိုတာ မမြင်ဘူးလား"
ဤသို့ဖြင့် ယာဉ်တန်းက လူတိုင်း၏ ပြောဆိုဝေဖန်သံများကြားထဲမှ အတွင်းမြို့တော် သို့ တဖြည်းဖြည်း မောင်းနှင်သွားခဲ့သည်။
ချူချယ်က လမ်းဘေးတွင် ရပ်ကာ သူ့ကို ကြည့်နေသော အရပ်ရှည်ရှည်နှင့် တောင့်တင်းသည့် လူရိပ်တစ်ခုကို မြင်လိုက်ရပြီး ထိုလူ၏ မျက်နှာပေါ်တွင် နာကြည်းနေသည့် အမူအရာများ ရှိနေသည်။
ရွှီလင်းဟောင် မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။
ရွှီလင်းဟောင်၏ ဘေးတွင် အေးစက်စက်နိုင်ပြီး ရက်စက်ပုံရသော အနက်ရောင်ဝတ်ရုံ လူငယ်တစ်ယောက်လည်း ရပ်နေကာ ထိုလူငယ်၏ မျက်လုံးများက ဓားတစ်လက်ကဲ့သို့ ချူချယ်ကို စိုက်ကြည့်နေသည်။
ထိုသူမှာ တခြားသူ မဟုတ်ဘဲ ဓားသွေးသမား ယဲ့ ပင် ဖြစ်သည်။
သေချာသည်ကတော့ ချူချယ်၏ မတရား ခရာမှုတ်ခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသူ အတော်များများလည်း ရှိနေသေးသည်။
ထိုလူများက စောစောကတည်းက သတင်းအချက်အလက်များကို ရှင်းလင်းစွာ စုံစမ်းထားပြီး ဖြစ်သည်။
ဤပြိုင်ပွဲတွင် ဤထိပ်ပြောင် ဒိုင်လူကြီးက အတက်ကြွဆုံး ဖြစ်နေခဲ့သည်။
သူသာ အကြံပြုချက် မပေးခဲ့လျှင် အနည်းဆုံးတော့ ရွှီလင်းဟောင်က ပြိုင်ပွဲမှ ထွက်ရမည် မဟုတ်ပေ။
ချူချယ်က ခေါင်းကို အနည်းငယ် လွှဲဖယ်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့် အနေခက်မှုများ အနည်းနှင့်အများ ဆိုသလို ရှိနေသည်။
သူသည် ဒိုင်လူကြီး လုပ်စဉ်က မတရား ခရာမှုတ်ခဲ့ခြင်းအတွက် နောင်တ မရခဲ့ပေ။
ထိုလူများက စိတ်မထိန်းနိုင်ဘဲ သူ့ကို ဝင်ရိုက်မည်ကိုသာ သူ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သိထားသင့်သည်မှာ သူက တိုက်ခိုက်ရေးစွမ်းရည် မရှိသော လမ်းပြသူ လမ်းစဉ် တစ်ယောက်သာ ဖြစ်သည်။
ကျိုးရှောင်ရှောင်မှာ ယခုအချိန်အထိ အိပ်မက်ထဲတွင် ရောက်နေသကဲ့သို့ ဖြစ်နေဆဲပင်။
စောစောက အဖွဲ့ခေါင်းဆောင် ချူချယ်က ကတိတစ်ခု ပေးထားခဲ့ပြီး ဖြစ်သည်။
လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်းတွင် သူမအတွက် တစ်ချောင်း သေချာပေါက် ပါဝင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူမက နောက်ဆုံးတွင် တစ်ဖွဲ့လုံးအတွက် ပထမဆုကို ရယူပေးခဲ့သည် မဟုတ်ပါလော။
အခြား တစ်ချောင်းအတွက်ကတော့...
ရှုလီနာသည်လည်း ဤလမ်းစဉ်ဆေးထိုးအပ် တစ်ချောင်းအတွက် အားကောင်းသော ယှဉ်ပြိုင်သူ တစ်ယောက် ဖြစ်သည်။
အစ်ကိုကောက် အတွက်ကတော့...
ယာဉ်တန်းက အတွင်းမြို့တော် သို့ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။
လောဘတကြီးဖြင့် ချောင်းမြောင်းကြည့်ရှုနေသော မျက်လုံးများက ထိုအချိန်မှသာ လုံးဝနီးပါး ပျောက်ကွယ်သွားတော့သည်။
"ခေါင်းဆောင်ချူ... ကျွန်မတို့ ဒီကနေ မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ"
ဆက်ရန်...