အခန်း ၃၆၉
Vol. 19 Ch. 369
အပိုင်း(၃၆၉) မုန်တိုင်းမလာမီ တိတ်ဆိတ်ငြိမ်သက်ခြင်း
ကျိုးရှောင်ရှောင်က လူအများရှေ့သို့ နောက်တစ်ကြိမ် ပြန်လည်ပေါ်လာသောအခါ လူအတော်များများ လန့်သွားခဲ့ကြသည်။
ကျိုးရှောင်ရှောင်က တစ်စုံတစ်ရာသော လမ်းစဉ်ကို နိုးကြားသွားခဲ့၍ မဟုတ်ပေ။
သူမ၏ ခန္ဓာကိုယ် နေရာအတော်များများတွင် မီးလောင်ဒဏ်ရာများ ရရှိထားသောကြောင့် ဖြစ်သည်။ လက်မောင်းနှင့် ကျောပြင်များပေါ်တွင်ပင် မီးလောင်ကျွမ်းထားသည်။
သူမ၏ ခေါင်းပေါ်ရှိ ဆံပင်များပင်လျှင် အတော်များများ မီးလောင်ကျွမ်းထားခဲ့သည်။
ကြီးမားသော မီးလောင်ဒဏ်ရာကြီးများက လေထဲတွင် ဗလာကျင်းနေပြီး ယခင်က ဝတ်ဆင်ထားသော အဝတ်အစားများကိုလည်း မလဲလှယ်ထားဘဲ စုတ်ပြတ်သတ်နေသော အနေအထားဖြင့် ဝတ်ဆင်ထားသည်။
ယခင်က မိမိ၏ ရုပ်ရည်သွင်ပြင်ကို အလွန်အမင်း ဂရုစိုက်တတ်သော ဤအမျိုးသမီးသည် ယခုအခါ ထိုအရာများကို လုံးဝ ဂရုမစိုက်တော့သကဲ့သို့ ပုံပေါက်နေသည်။
ယခင်က သူမ၏ ဒဏ်ရာများကို အရင်ကုသရန် အကြံပြုသူ မရှိခဲ့သည်တော့ မဟုတ်ပေ။
သို့သော် ကျိုးရှောင်ရှောင်က ဒေါက်တာလော်၏ စေတနာကို ငြင်းပယ်ခဲ့ပြီး လမ်းစဉ်ဆေးထိုးအပ် ခွဲဝေပေးမည့်အချိန်ကိုသာ ခေါင်းမာမာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ဤအမျိုးသမီး၏ မျက်လုံးထဲတွင် မည်သည့်ကိစ္စကမျှ လမ်းစဉ်ဆေးထိုးအပ်လောက် အရေးမကြီးပေ။
ထို့ကြောင့် ယခုအချိန်အထိ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသထားခြင်း မရှိသေးပေ။
"ညည်းလေးကတော့လေ... တကယ်ကို... ဘာပြောရမှန်းကို မသိတော့ဘူး"
ဒေါက်တာလော်၏ ဇနီးက ကျိုးရှောင်ရှောင်၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမ၏ အသံများက ရှိုက်သံပါလာကာ စကားဆက်မပြောနိုင်တော့ပေ။
ယာဉ်တန်းထဲတွင် လူချစ်လူခင် အများဆုံးသူကို ပြရမည်ဆိုပါက။
သေချာပေါက် ချန်းရီ မဟုတ်သလို ချူချယ်လည်း မဟုတ်ပေ။
ထိုအစား ဒေါက်တာလော်၏ ဇနီးဖြစ်သော စန်းစစ် ဟုခေါ်သည့် အလယ်အလတ်အရွယ် အမျိုးသမီးက ယာဉ်တန်းတစ်ခုလုံးတွင် လူချစ်လူခင် အများဆုံး ဖြစ်သည်။
ဒေါက်တာလော်သည် ယာဉ်တန်း၏ ဆရာဝန် ဖြစ်သည်။
စန်းစစ် ဟုခေါ်သော ဤအလယ်အလတ်အရွယ် အမျိုးသမီးမှာမူ ယာဉ်တန်း၏ သူနာပြု ဖြစ်လေသည်။
အချို့က သူမကို အမကြီးစန်း ဟု ခေါ်ကြပြီး အချို့က အမစန်း ဟု ခေါ်ကြသည်။
အချိန်အများစုတွင် ယာဉ်တန်းထဲ၌ တစ်စုံတစ်ယောက် နေမကောင်းဖြစ်ပါက အမကြီးစန်းက ပထမဆုံး အချိန်မီ သွားရောက် ကူညီပေးတတ်သည်။
ရက်လွန် အစားအစာများကို ရေရှည် စားသုံးနေရသောကြောင့် ယာဉ်တန်းထဲတွင် ဖျားနာမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
တစ်ခါတစ်ရံတွင် ဒေါက်တာလော် ကိုယ်တိုင်ပင် ဘာမျှ မတတ်နိုင်ဖြစ်ရသည်။
အဘယ်ကြောင့်ဆိုသော် ယာဉ်တန်းထဲတွင် ဆေးဝါးများ အလွန် ရှားပါးနေသောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံတွင် ဖျားနာသူများက ကြိတ်မှိတ်သည်းခံကြရပြီး မခံနိုင်သူများမှာမူ မည်သူမျှ မသိသော ထောင့်တစ်နေရာတွင် မြှုပ်နှံခံလိုက်ရုံသာ ရှိတော့သည်။
သို့သော် ဤအမျိုးသမီးက အစွမ်းပိုင်ရှင်များကို ကြောက်ရွံ့သည့်ကြားမှ ချူချယ်ထံသို့ သွားရောက်ကာ ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် ကို နှစ်ကြိမ်တိုင်တိုင် သွားရောက် တောင်းခံခဲ့သည်။
ချူချယ်သည် မရဏနတ်သမီး၏ သွေးမျက်ရည် ကို အလွန် တန်ဖိုးထားကြောင်း သိထားရမည်။ ချန်းရီ နေမကောင်းဖြစ်၍ သူ့ထံ သွားရောက် တောင်းခံလျှင်ပင် သေချာပေါက် ပေးမည်မဟုတ်ပေ။
သူသည် များသောအားဖြင့် ပေးလေ့မရှိပေ။
သို့သော် ဤအမျိုးသမီးကမူ တောင်းခံရရှိခဲ့သည်။
ရိုးရိုးရေ နီးပါးခန့် ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် ဖြစ်နေသော်လည်း။
အသက်သေဆုံးလုနီးပါး ဖြစ်နေသော လူနှစ်ယောက်ကို အသက်ပြန်ရှင်လာစေခဲ့သည်။
"အမစန်း... ကျွန်မ... ဘာမှမဖြစ်ပါဘူး"
"ဒီကောင်မလေးကတော့... ဒီလောက်ဖြစ်နေတာတောင် ဘာမှမဖြစ်ဘူး ပြောနေသေးတယ်... အမနောက် လိုက်ခဲ့စမ်း"
ထိုသို့ပြောပြီးနောက် ကျိုးရှောင်ရှောင်၏ မျက်နှာပေါ်ရှိ အမူအရာကို ဂရုမစိုက်တော့ဘဲ ဤကောင်မလေးကို ဘေးဘက်ရှိ ရွက်ဖျင်တဲတစ်ခုထဲသို့ ဆွဲခေါ်သွားလေသည်။
ကျိုးရှောင်ရှောင်က ချန်းရီ၏ အနီးမှ ဖြတ်သွားသောအခါ မနေနိုင်ဘဲ ခေါင်းငုံ့သွားခဲ့သည်။
ချန်းရီ၏ ရှေ့မှောက်၌။
ကျိုးရှောင်ရှောင်သည် သူ့ကို တိုက်ရိုက် မကြည့်ရဲသည့် ခံစားချက်မျိုး အမြဲတမ်း ရှိနေသည်။
ကျိုးရှောင်ရှောင်၏ ပေါ်လာမှုက လူအများ၏ အာရုံစိုက်မှုကို အမှန်တကယ် ဆွဲဆောင်သွားခဲ့သည်။
ဤအမျိုးသမီးက လမ်းစဉ်ဆေးထိုးအပ်ကို မည်မျှ ဂရုစိုက်ကြောင်း လူတိုင်း သိထားကြသည်။
လမ်းစဉ်ဆေးထိုးအပ် တစ်ခုကို သူမအား ခွဲဝေပေးလိုက်ကြောင်းကိုလည်း သိထားကြသည်။
ယခု သူမ ပေါ်လာသည်ကို မြင်သောအခါ လူအတော်များများက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများကို သိချင်ရုံသာမက၊ သူမ လမ်းစဉ်ဆေးထိုးအပ် အသုံးပြုထားခြင်း ရှိမရှိကိုလည်း သိချင်နေကြသည်။
သို့သော် ယခုကြည့်ရသည်မှာ ဤအမျိုးသမီးက ယခင်နှင့် ဘာမှ ထူးခြားသွားပုံ မရပေ။
အခြား လမ်းစဉ်ဆေးထိုးအပ် တစ်ခုကိုမူ နောက်ဆုံးတွင် ရှုလီနာအား ခွဲဝေပေးလိုက်သည်။
ရှောင်ယွီကို မပေးဘဲ ရှုလီနာကို အဘယ်ကြောင့် ခွဲဝေပေးလိုက်သနည်း ဆိုသော်။
ဤပြိုင်ပွဲတွင် ရှုလီနာနှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူမှာ ရှောင်ယွီသာ ဖြစ်သည်။
ချူချယ်သည်လည်း အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီး ရှောင်ယွီ၊ ရှုလီနာတို့နှင့် သီးသန့်ပင် စကားပြောခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးရလဒ်မှာ ထိုလမ်းစဉ်ဆေးထိုးအပ်ကို ရှုလီနာအား ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ရှောင်ယွီက မကျေမနပ် ဖြစ်နေသော်လည်း ကြိတ်မှိတ်သည်းခံနေရုံသာ ရှိတော့သည်။
ယခုအခါ ရှောင်ယွီက ချူချယ်အား မကျေမချမ်းဖြင့် မျက်စောင်းထိုး ကြည့်နေတော့သည်။
ချူချယ်ကလည်း နောင်တစ်ချိန် နောက်ထပ် လမ်းစဉ်ဆေးထိုးအပ် ရရှိပါက သူမကို သေချာပေါက် ပေးမည်ဟု ကတိပေးထားခဲ့သည်။
"ဟွန့်"
ရှောင်ယွီက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် ချူချယ်ကို ဆက်လက် အဖက်မလုပ်တော့ပေ။
လောင်လီနှင့် ပတ်သက်၍ ပြောရလျှင်။
ထယ်ရှီး၏ ပြိုင်ပွဲကွင်းအတွင်းမှ စွမ်းဆောင်ရည်မှာ တကယ်ကို မျက်စိနောက်စရာ ကောင်းလှသည်။
ကြည့်ရက်စရာ မရှိဘူး ဟု ဖော်ပြလျှင် အသင့်တော်ဆုံး ပင်ဖြစ်လိမ့်မည်။
ယခင်က ကြိုတင် သဘောတူထားသော အစီအစဉ်များ ရှိနေပါလျက် ဤကောင်က ဒေါသထွက်လာသောအခါ ဘာကိုမှ ဂရုမစိုက်တော့ပေ။
ရှုံပ ဟုခေါ်သော ကောင်နှင့် တိုက်ရိုက် ထိုးကြိတ်တိုက်ခိုက်တော့သည်။
လောင်လီသည်လည်း နောက်ပိုင်းတွင် လက်လျှော့လိုက်ပြီး ကားကိုပါ ရပ်ပစ်လိုက်လေသည်။
ဤသို့ဖြင့် အနည်းဆုံးတော့ လောင်လီအတွက် အသက်တစ်ချောင်း ချန်ထားနိုင်ခဲ့သည်။
ရွှီနန်နှင့် ရှောင်ဖူတို့နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်။
ရွှီနန်က လမ်းစဉ်ဆေးထိုးအပ်အပေါ် သိပ်ပြီး စွဲလမ်းမှု မရှိလှပေ။
ရှောင်ဖူမှာမူ လမ်းစဉ်ဆေးထိုးအပ် ခွဲဝေရရှိရန် အရည်အချင်း မပြည့်မီသေးပေ။
ရှုလီနာက ချန်းရီ၏ အနီးတွင် ရပ်နေပြီး သူမ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ကြောင်လေးတစ်ကောင်ကဲ့သို့ လိမ္မာရေးခြားရှိကာ ချန်းရီနောက်သို့ အသေအလဲ လိုက်ပါမည့် အသွင်အပြင်မျိုး ဖြစ်နေသည်။
မသိသောသူများက သူမ၏ ဤပုံစံကို မြင်တွေ့သွားပါက ချန်းရီ၏ မယားငယ်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
သို့သော် လူတိုင်းက ချန်းရီ၏ အကြောင်းကို ကောင်းကောင်း သိထားကြလေသည်။
ရှုလီနာက လူအများ၏ စပ်စုချင်သော အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ ဘာမှမခံစားရသကဲ့သို့ နေနေသည်။
လမ်းစဉ်ဆေးထိုးအပ်က ယခု သူမ၏ ခန္ဓာကိုယ်တွင် ရှိနေပြီး အလွန် သေချာစွာ ဖွက်ထားခဲ့သည်။
ယခုအချိန်အထိ အသုံးမပြုရသေးခြင်းမှာ အဓိကအားဖြင့် အခွင့်အရေး မရသေးသောကြောင့် ဖြစ်သည်။
ချန်းရီက တင်းတုံကဲ့သို့ သူမကို ကာကွယ်စောင့်ရှောက်ပေးမည် မဟုတ်ပေ။
အကယ်၍ သူမသာ ဤပစ္စည်းကို ထုတ်ပြရဲပါက ဤခြံဝင်းလေးထဲမှ ပေ ၃၀၀ ကျော်မျှပင် ထွက်သွားနိုင်မည် မဟုတ်ပေ။
ယခုအခါ ချူချယ်၏ ဤခြံဝင်းလေးထဲတွင် လူများ အလွန် များပြားနေသည်။
ယာဉ်တန်း၏ အစွမ်းပိုင်ရှင် ငါးဦးလုံး ဤနေရာတွင် စုဝေးနေသည့်အပြင် လောင်လီ၊ ရှောင်ယွီ၊ ရွှီနန်၊ ရှောင်ဖူ၊ ရှုလီနာ၊ ဒေါက်တာလော်နှင့် သူ၏ ဇနီး၊ တင်းတုံနှင့် ကျိုးရှောင်ရှောင် တို့ပါ ရှိနေကြသည်။
"ဖြောင်း... ဖြောင်... ဖြောင်း"
ချူချယ်က လက်ခုပ်တီးလိုက်ပြီး အားလုံး၏ အာရုံစိုက်မှုကို ဆွဲယူလိုက်သည်။
"ကဲ... အားလုံးပဲ... ဒီနေ့ကစပြီး ဒီခြံဝင်းထဲမှာ လူမရှိလို့ မရဘူး... နေ့တိုင်း အနည်းဆုံး အစွမ်းပိုင်ရှင် နှစ်ယောက်က ခြံထဲမှာ ကျန်နေခဲ့ဖို့ သေချာအောင် လုပ်ရမယ်"
"ညဘက်မှာလည်း အစွမ်းပိုင်ရှင်တွေ ညစောင့်ဖို့ စီစဉ်ရမယ်..."
"အားလုံးပဲ... ဒီတစ်ကြိမ် ကျွန်တော်တို့ ကာကွယ်ရမှာက ထူးဆန်းတဲ့အရာတွေတင် မကဘူး... လူတွေကိုပါ ကာကွယ်ရမယ်..."
အားလုံး၏ မျက်နှာပေါ်ရှိ အမူအရာများက များစွာ တည်ကြည်လေးနက်သွားကြသည်။
"ရွှီနန်... ရှုလီနာ... ရှောင်ဖူ... သာမန်လူတွေဘက်မှာ မင်းတို့ ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားရမယ်... အခြေအနေမဟန်တာနဲ့ အချိန်မရွေး ထွက်ခွာသွားလို့ ရအောင်လုပ်ထား"
ရွှီနန်နှင့် ရှုလီနာတို့က ခေါင်းညိတ်ပြလိုက်ပြီး သိရှိကြောင်း ဖော်ပြလိုက်သည်။
"ဒါနဲ့... အစ်ကိုကောက် ထွက်သွားပြီဆိုတော့ ဒေါက်တာလော်က နံပါတ်(၆) ကားရဲ့ စီမံခန့်ခွဲသူအသစ် ဖြစ်လာလိမ့်မယ်"
"အားလုံး သဘောမတူတာ ရှိကြလား"
ဒေါက်တာလော်သည် ယနေ့ ဤနေရာသို့ ရုတ်တရက် အခေါ်ခံရခြင်း ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားမှုအချို့ ရှိနေသည်မှာ သိသာလှသည်။
ပြောရလျှင် သူတို့ ဇနီးမောင်နှံမှာ ယာဉ်တန်းထဲတွင် အလွန် လူချစ်လူခင် ပေါများကြသည်။
နံပါတ်(၆) ကား၏ စီမံခန့်ခွဲသူ ဖြစ်လာခြင်းကလည်း အမည်နာမနှင့် လိုက်ဖက်လှပေသည်။
မည်သူကမျှ ကန့်ကွက်ခြင်း မရှိကြပေ။
ချူချယ်က ရှုလီနာဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။
"မင်းရဲ့ လမ်းစဉ်ဆေးထိုးအပ်ကို အမြန်ဆုံး အသုံးပြုရမယ်... အခုဆိုရင် လမ်းစဉ်ဆေးထိုးအပ်ကို လာလဲလှယ်ဖို့ ငါ့ဆီကို လူတွေ စလာနေကြပြီ"
"မင်းတို့ သုံးလိုက်ပြီလို့ ငါ သူတို့ကို ပြောလိုက်တယ်... မင်းဆီမှာ သိမ်းထားသေးတယ်ဆိုတာ သူတို့ သိသွားရင် ပြဿနာ တက်လိမ့်မယ်"
ရှုလီနာက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
"ခဏနေ အစည်းအဝေး ပြီးရင် ရွှီနန်က ရှုလီနာအတွက် နေရာတစ်ခု သွားရှာပေးလိုက်"
ရွှီနန်က ခေါင်းညိတ်ပြသည်။
ရွှီနန်ကမူ လမ်းစဉ်ဆေးထိုးအပ်အပေါ် သိပ်ပြီး ခံစားချက် ကြီးကြီးမားမား မရှိလှပေ။
အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ညီမလေးအကြောင်း သတင်းကို သိထားပါက သူသည် လမ်းစဉ်ဆေးထိုးအပ်ဖြင့်ပင် လဲလှယ်လိုစိတ် ရှိပေလိမ့်မည်။
နှမြောစရာ ကောင်းသည်မှာ ဒဏ္ဍာရီလာ အိုအေစစ်ထဲရှိ လူထောင်ပေါင်းများစွာထဲတွင် သူ၏ ညီမလေးအကြောင်း သတင်းကို သိသူ တစ်ဦးမျှ မရှိခဲ့ခြင်းပင်။
ထို့နောက် ညစောင့်မည့် လူများကို စီစဉ်ကြရသည်။
ယနေ့ ညဦးပိုင်းတွင် ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ နှစ်ဦး ဖြစ်ပြီး သန်းခေါင်ကျော်တွင်မူ တင်းတုံနှင့် ထယ်ရှီးတို့ ဖြစ်ကြသည်။
ချူချယ်နှင့် ပတ်သက်၍ ပြောရလျှင်။
သူသည် အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး လမ်းပြသူလည်း ဖြစ်ပေသည်။
အကယ်၍ တကယ်တမ်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထိုအချိန်ကျမှသာ သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရမည့် အချိန် ဖြစ်လာပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် သွေးလမ်းကြောင်း ဟူသော စွမ်းရည်ကို အသုံးပြုရနိုင်ပေသည်။
ဤစွမ်းရည်ကို တစ်ကြိမ် အသုံးပြုလိုက်တိုင်း လမ်းပြသူအတွက် စွမ်းအင်ကုန်ခမ်းမှုမှာ အလွန် ကြီးမားလှသည်။
ဤအစီအစဉ်နှင့် ပတ်သက်၍ ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ နှစ်ဦးစလုံး မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိကြပေ။
သွေးရောင်လမင်းကြီးက ကောင်းကင်ယံတွင် တွဲခိုနေသည်။ ချန်းရီ၏ ခန္ဓာကိုယ်က မီးခိုးငွေ့စိမ်းများအဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ခေါင်မိုးပေါ်၌ မီးခိုးငွေ့များ ရစ်ဝဲလာကာ ချန်းရီ၏ လူပုံစံ ပြန်လည် ပေါ်လာသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခြံဝင်းထဲတွင် တင်ပလ္လင်ခွေ ထိုင်နေပြီး မီးနဂါးဓားကို သူမ၏ ဒူးနှစ်ဖက်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသည်။
ချန်းရီက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
တကယ်ပင် သူတို့ဘက်ကသာ ဤမျှ သတိထား စောင့်ကြပ်နေခြင်း မဟုတ်ပေ။
ဘေးဘက်ရှိ အခြားခြံဝင်းများ၏ ခေါင်မိုးများပေါ်တွင်လည်း အစွမ်းပိုင်ရှင် တစ်ဦးစီက သတိထား စောင့်ကြပ်နေကြသည်။
ဓားသွေးသမား လမ်းစဉ်မှ ယဲ့ နှင့် အားကစားသမား လမ်းစဉ်မှ ရွှီလင်းဟောင် တို့ကိုပင် ချန်းရီ လှမ်းမြင်လိုက်ရသည်။
ချန်းရီက သူတို့နှစ်ဦးကို ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လိုက်သည်။
သို့သော် ရလဒ်အနေဖြင့် သူတို့နှစ်ဦးက အေးစက်စက်ဖြင့် ခေါင်းလွှဲသွားကြပြီး "မင်းကို ငါ လုံးဝ မသိဘူး" ဟူသော ပုံစံမျိုး လုပ်ပြကြသည်။
ဤကိစ္စအတွက် ချန်းရီက လုံးဝ ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ခေါင်မိုးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်လေသည်။
ဤတစ်ကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲတွင် ပြင်းထန်သော တိုက်ပွဲများ မရှိခဲ့သော်လည်း။
သူ့အတွက် သတ်ဖြတ်မှတ် အချို့ကိုတော့ စုဆောင်းနိုင်ခဲ့လေသည်။
ဆက်ရန်...